Sunday, December 12, 2010
ယောက်မ
(ရေး - မြို့မငြိမ်း၊ ဆို - လေဘာတီ မမြရင်၊ မာမာအေး၊ ဖြူသီ)
ခြေဆင်း
(မကောင်းမြစ်တာ ကောင်းရာညွှန်ပါတဲ့ မိခင်
နားဝင်ငြိမ့်ညောင်း သံချိုလောင်းရင်
သံပြားကျောက်စောင်း ကျိုပျော့ပျောင်းသတဲ့ရှင်
ကိုယ့်သမီး ဆင်စီးမြင်းရံ ရွှေဘုံပေါ်စံစေချင်)
မျက်စေ့အောက်တွင် အမြဲမြင်ချင် အရိပ်တကြည့်ကြည့်နှင့် သမီးကိုပင်
မိခင်တိုင်းတွင် အရွယ်ကလေး ငယ်သေးတယ်ထင်
မောင့်အပေါ် ခင်မင်တွယ်တာ သနားမညှာ
မေတ္တာဧကန် သွေလှန်ဖေါက်ပြား ယောက်ျားတစ်ပါးမမြင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်
အမေကတော့ သဘောတူပါတယ်ရှင်
ဒါပေမဲ့လည်း သူငယ်နှပ်စား ကလေးထင်
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်
တကယ်ပင် မပယ်ချင် ယုံပါရှင်
သီးချိန် ပွင့်ချိန် မောင်ကပြောတော့
မိဘ သဘောတူတာ မတူတာနှင့်စာရင် ပေါင်းဖို့ရန် ထင်သလောက်မလွယ်ပေဘူးရှင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်
စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို
ကားနှင့်ခိုးဖို့ လိုမယ် ပျိုမထင်
အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်
ဂျာမဏီတွင် အရွယ်မနှောင်းစေချင်
အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်
သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်
ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့
သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်
ပုဆိုး နှစ်ပတ်လောက်ရှိတဲ့အပြင်
ရုက္ခစိုးလည်း ငိုက်လျက်ပင်
သူ့တစ်ကိုယ်လုံး ပင့်ကူမြှေးဖုံး မြူလုံးဖုံတွေတင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်
download လုပ်ရန်။
***
မြို့မငြိမ်း သီချင်းတွေ နားထောင်မိရင် ပြုံးမနေဘဲကို မနေနိုင်ဘူး။
ဒီသီချင်း ငယ်ငယ်တည်းက ဟိုက ဒီက အိမ်က နားထောင်ဖူးပါတယ်။
ဒါပေမဲ့ စာသားတွေ သေချာ မသိခဲ့ဘူး။
"အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်" ဆိုတာကလွဲရင် ဘာမှသေချာမသိဘူး။
ခုမှပဲ post အဟောင်းတွေလာဖတ်မိတဲ့ တစ်ယောက် email ကနေ link ရော mp3 file ပါ ပို့ပေးတာမို့ တင်လိုက်ပါတယ်။
စာသားတွေ ပြန်မရိုက်ဖြစ်ပါဘူး။ သူပေးတဲ့ ဒီနေရာက ပဲ ယူပါတယ်။
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်
ဆိုတာလေးတွေ သူဘယ်လိုများ တွေးပြီး ရေးနိုင်ပါလိမ့်နော်။
အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်
ကိုဇက်တီတို့လိုပဲ။ သူလည်း လတ်တလောအဖြစ်အပျက်တွေ ဆွဲထည့်တတ်ပုံရတယ်။ ဒါပေမဲ့ တကယ့်ကို အံဝင်ခွင်ကျပါပဲ။
သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်
ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့
သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်
ဒါမျိုးလေးတွေ ကြားမိရင် အဲဒါ မြို့မငြိမ်းလို့ ပြောစရာမလိုတဲ့ သင်္ကေတ တစ်ခုလိုပဲ။
"သူ (အမေ) ပြောတာလည်း ဟုတ်မှာပဲရှင်" ဆိုတာရဲ့ နောက်မှာ အမေပြောစကားကို ထောက်ခံသလိုလိုနဲ့ နောက်က ထည့်လိုက်တဲ့ "ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်" ငေါ့လုံးကလေးကို နားထောင်ရတော့ တကယ်လို့များ သီချင်းရေးစားဖို့ စိတ်ကူးမိပြီး၊ ဒီစာသားတွေ နားထောင်မိရင် ရှေ့ဆက်ဖို့ တွန့်သွားတော့မှာပဲလို့ တွေးမိပြန်တယ်။
"ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင် " ဆိုတာ... ချစ်သူကလည်း ပူဆာနေပြီ၊ သူကလည်း ပါနေပြီမှာ အမေက ငယ်သေးတယ်ဆိုလို့ စောင့်ပါဦးပြောနေတဲ့ မိန်းကလေးရဲ့ အတွင်းက မကျေနပ်စိတ်ကလေးများလား တွေးမိတယ်။
အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်
***
သီချင်း နဲ့ စာသားအတွက် link ပို့ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်။
***
Thursday, December 9, 2010
ရေအိုး
***
နည်းနည်းဝင်ပြီး လျှာရှည်ပါရစေ။ =D
နေ့လည်က စီဘောက်မှာ တယောက်ပြောသွားသလိုပဲ။ ရေလောင်းအိမ်သာထဲမှာ ထည့်တာလည်း ဒီလိုအိုးမျိုးပါပဲ။ အရင်ကဆို နယ်တွေမှာ ထမင်းရည်ငှဲ့ချက်တော့... အဲလိုအိုးဟောင်းထဲမှာ ထမင်းရည်ကို ထည့်၊ ဝက်မွေးတဲ့လူတွေက လာသယ်တတ်တယ်။
နိုင်ငံခြားသားကတော့ ဘာမှ တွေးမယ်မထင်ပါဘူး။ ယေဘုယျ အသုံးအဆောင်ပစ္စည်းတစ်ခုကို အမွန်အမြတ်ဆိုတဲ့ စကားလုံးနဲ့ တွဲပြောမှသာ နားရှုပ်သွားရင်သွားမှာ။
ဒီလိုပါပဲ။ သစ်သားကနေ တံတားခင်းတော့ နင်းလျှောက်၊ ဆင်းတုတော်ထုတော့ ထိုင်ရှိခိုး။
အိုးထဲ သောက်ရေထည့်တော့ ခပ်သောက်၊ ထမင်းရည်ထည့်တော့ ဝက်စာ၊ အိမ်သာရေထည့်တော့ အိမ်သာရေအိုးပါပဲ။ တက်ထိုင်တော့ ထိုင်ခုံဖြစ်ရော။
အဲဒီပုံကို ကြည့်တာ ဘာဖီလင်ရလဲဆို တစ်ခုပဲ။
အောက်က အိုးများ မတော်လို့ ကွဲသွားရင် ဒုက္ခ။ =D
Ref: http://www.facebook.com/photo.php?fbid=472462599554&set=a.472458389554.261028.780329554
***
Friday, December 3, 2010
ထိခိုက်လာသော စကားလုံးများ

"... တစ်ယောက်ကို တစ်ယောက် အကဲခတ်ရင်း ကြည့်နေကြသည်။ အကြည့်ချင်းဆုံနေကြသည့် မျက်လုံးတွေကို နှစ်ယောက်စလုံးက မခွာနိုင်ဘဲ ရှိကြလေသည်။ သည်တဒင်္ဂသည်ပင် မအိမ်ကံ၏ ဘဝတွင် အရိပ်များစွာ ထိုးခဲ့ပါ၏။ ဘဝ ဘဝက ပြုခဲ့ဖူးကြသော မေတ္တာပါရမီသည် ထိုခဏအတွင်း၌ပင် ဝင်းကနဲ ပြက်လိုက်သော လျှပ်စီးကဲ့သို့ ရှိလေပြီ။... ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသကဲ့သို့ မျက်လွှာမချစတမ်း ရှိခဲ့ကြ၏။"
(ခင်ခင်ထူး ရဲ့ မအိမ်ကံ)
Bishan မှာနေတုန်း blog တောင် စမရေးခင်မှာ ရွှေအမြုတေ ဖတ်ဖြစ်တုန်းကပေါ့။
အစကတည်းက မီပေမယ့် အခန်းဆက်ကို မျှော်တလင့်လင့် မလုပ်ချင်တာနဲ့ စ မဖတ်ဖြစ်ဘူး။ ဒါပေမဲ့ တစ်လပြီး တစ်လ ဝယ်မိရင်းနဲ့ လနည်းနည်းကျော်ပြီးမှ အမြည်းဖတ်မိတယ်။ နောက်ထပ် ၃ ပိုင်းလောက်ထိ ဖတ်ပြီး စာအုပ်လည်း ဆက်မဝယ်ဖြစ်တော့ပါဘူး။
အထက်က စာပိုဒ်က မအိမ်ကံ နဲ့ ကျောင်းဆရာလေး ကိုပြေသိမ်း စတွေ့တဲ့ အခန်းကို ဖွဲ့ထားတဲ့ အဖွဲ့ပေါ့။ 2001 လောက်က စလို့ ခံစားချက်နဲ့ ယှဉ်ပြီး၊ စာရော ကဗျာရော မရေးဖြစ်တော့တာဆိုတော့ ၇ နှစ်လောက်တောင် အဆက်ပြတ်နေပြီ ပြောလို့ရတယ်။ စိတ်ထဲမှာလည်း ကိုယ့်ဘာသာ ဒါမျိုးတွေ ပြန်ရေးဖို့ စိတ်မဝင်စားတော့ဘူးလို့ ထင်နေမိတယ်။
အဲဒီအခန်းလေးကို ဖတ်ရတော့ စိတ်ထဲကို ထိထိခိုက်ခိုက်ရောက်သွားပြီး စာပြန်ရေးချင်စိတ်နဲ့ ရင်တောင်ခုန်လာသလို။
"ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသလို" ဆိုတာကို မကြာခဏ သတိရမိတယ်။
နောက် အခန်းဆက်ရေးဖြစ်တော့ အဲဒီစာသားလေး ဖတ်ရတုန်းက emotion ကို ပြန်သတိရပြီး အခန်းတခန်း ထည့်ရေးမိတယ်။ ဇာတ်ကောင်နှစ်ယောက် စတွေ့တဲ့ အခန်းမှာ။
***
တခါတခါ ဘာမှဟုတ်တဲ့ အကွက်လေးတွေက မိမိရရ ထိခိုက်လာတာ ရှိတယ်။ အဲဒီအခါ အချိန်တွေ အကြာကြီး မေ့မသွားဘဲ ပြန်ပြန်သတိရပြီး၊ စိတ်ထဲစွဲနေတော့တယ်။
"ဘာဖြစ်မှန်းတစ်ကယ်ကိုယ်မသိခဲ့ပါဘူး. ကြာလာတော့စိတ်ထိခိုက်လာတယ်။ ဘာဖြစ်တာလဲ။ ဘာသဘောလဲ .တစ်ကယ်နားမလည်နိုင်ပါဘူး. မှတ်မှတ်ရရ..ကျောင်းစာသင်ခန်း theater ထဲက စားပွဲခုံတစ်ခုမှ မှောက်ပြီး တော်တော်ကြာအောင်ငြိမ်သက်ဝမ်းနည်းဘူးခဲ့တယ်။ နားမလည်နိုင်လွန်းလို့။"
အဲဒီ အကွက်ကလေးကိုလည်း ဖတ်ပြီးကတည်းက ခဏခဏ သတိရမိအောင် စွဲနေတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ဘာမှ မတတ်သာဘဲ လက်လျော့လိုက်ရတဲ့ အားမလိုအားမရ ခံစားမှုကို အဲဒီ တကွက်တည်းကနေ ဖောက်ထွင်းပြီး မြင်ယောင်လိုက်မိလို့။
***
နောက် ခုလောလောဆယ် Boku No Imoto ဆိုတဲ့ ဂျပန်ကားတစ်ကားကြည့်မိတော့ (ကား သိပ်မကောင်း) ပြကွက်ကလေးတချို့က လာထိတယ်။
အစ်ကိုဖြစ်သူ surgeon ကို ညီမကလေးက "ငယ်ငယ်တုန်းကပေါ့..." "ဟိုးတုန်းကပေါ့..." "အဲဒီတုန်းကဆိုရင်လေ..." ဆိုပြီး အကြောင်းအရာတခုခုကို ပြန်ပြန်ပြောတဲ့ အခန်းတချို့ပါတယ်။
အဝေးမှာရောက်နေတုန်း (ကိုယ်တိုင်လည်း အဝေးမှာ၊ ကိုယ်နဲ့ သိကျွမ်းပတ်သတ်ခဲ့သူတွေလည်း သိကျွမ်းခဲ့ကြတဲ့ နေရာဌာနတွေနဲ့ အဝေးမှာ) ဆိုတော့ ဟိုးတုန်းကလို့ အစချီပြီး လွမ်းလို့ကောင်း၊ ပြောလို့ကောင်းနေချိန်မှာ ကြည့်မိတော့ အဲဒီလိုပုံစံမျိုးနဲ့ စာပြန်ရေးချင်လိုက်တာလို့ ဖြစ်မိတယ်။
***
တခါတခါ စွဲမိတာတွေက ဘယ်ကဆိုတာ မှတ်မိပြီး သိနေရင်တော့ ကောင်းပါရဲ့။
တခါတခါကျ စိတ်ထဲမှာ စွဲနေတာတွေကို ကိုယ့်ဟာလို အထင်ရောက်ပြီး ထည့်သုံးမိတာ ရှိသေးတယ်။
ခုပဲ ဝိုင်ဝိုင်းသီချင်း နားထောင်ရင်းနဲ့ ဖျတ်ခနဲ ကြားမိတယ်။
***
အဲလိုပဲ ပြီးခဲ့တဲ့ အပိုင်းဟောင်းတွေထဲမှာ ဝင်းဝင်းလတ် "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" ထဲက စကားတလုံး ပါသွားဖူးသေးတယ်။
"လတ်တလောရထားသော ဘဝပေး အသိဖြင့် ကိုယ့် နားထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာခဲ့၏။" ဆိုတာ...
အကုန်လုံး မတူပေမယ့် အဲဒီသဘောမျိုးပါပဲ။
***
emotion တွေ ထိခိုက် ကူးစက်ပြီး စာရေးဖြစ်ရတာမှာ အရသာတမျိုးရှိတယ်။
***
photo from here
Sunday, November 28, 2010
ဘလက်ခ်ကော်ဖီ
အဲဒီလို နေ့တိုင်းနီးပါး ကျွန်တော်ကော်ဖီသောက်တိုင်း ပြောလေ့ရှိပါတယ်။ အမေဟာ သေသာသွားတယ်။ ကျွန်တော် ဘလက်ကော်ဖီရဲ့အရသာကိုကြိုက်လို့ သကြား၊ နို့ မထည့်ဘဲသောက်တယ် ဆိုတာကို ယုံကြည်မသွားဘူး။ အနောက်တိုင်းဆန်တယ်လို့ အထင်ခံချင်လို့ ဘလက်ပဲ သောက်တယ်လို့ ထင်သွားရှာပါတယ်။
(ဒေါက်တာ ခင်မောင်ဝင်း - အသည်း/ "နိုင်ငံခြားဆိုတာ ဆောင်းပါးစုမှ")
***
Wednesday, November 24, 2010
ခုတ်ရာ နဲ့ ရှရာ
အနောက်နိုင်ငံတစ်ခုက အားလပ်ရက် ခရီးထွက် အပန်းဖြေကြတဲ့ နေရာတစ်ခုမှာလို့ ဆိုပါတယ်။
နှစ်တိုင်း အဲဒီအချိန်ဆိုရင် အဲဒီနေရာမှာ လူစည်ကားပြီး လူငယ် လူရွယ်တွေ ခိုက်ရန်ဖြစ်ပွားနှုန်းကလည်း မြင့်တယ်။ ဒေသခံ ရဲစခန်းမှာ အဲဒီကိစ္စနဲ့ ပတ်သတ်လို့ ခေါင်းကျိန်းနေရတယ် ဆိုတယ်။ အမှုဖြစ်လို့ ဖမ်းချုပ်ရတဲ့ လူငယ်လူရွယ်ဆိုတာလည်း အချုပ်နဲ့ အပြည့်။ ဒီတော့ အမှုဖြစ်နှုန်းကျအောင် ဆိုပြီး အပြစ်ပေးတဲ့နည်းတွေကို ပြောင်းကြည့်တယ်။ ပြင်းထန်ကြည့်တယ်။ အဲဒါလည်း မရဘူးဆိုတယ်။ (လူငယ်ချင်း ရန်ဖြစ်တာမျိုး၊ တားမြစ်စည်းကမ်း ဖောက်ဖျက်တာမျိုးဆိုတော့ လိုတာထက် ပို ပြင်းထန်လို့တော့လည်း ရမှာ မဟုတ်ဘူးပေါ့လေ)
နောက်ဆုံးတော့ ရဲအရာရှိတစ်ယောက်က ဖြေရှင်းနည်း တွေ့သွားတယ်။
ပြဿနာရဲ့ အရင်းအမြစ်ကို စဉ်းစားရင်းနဲ့ အပန်းဖြေလာကြတဲ့ လူငယ်တွေ အချင်းချင်းကြားမှာ အမှုဖြစ်လို့ အချုပ်ထဲ ဝင်ရတဲ့ ကိစ္စဟာ ဂုဏ်ယူစရာလိုလုပ်နေကြတယ် လို့ သူက နားလည်သွားလို့တဲ့။ အဲဒီနေရာကို အပန်းဖြေသွားလို့မှ အချုပ်ထဲ မဝင်ခဲ့ရရင် ခေတ်မမီဘူးဆိုတာမျိုး လူငယ်တွေကြားမှာ ဖြစ်နေတာ။ ဒီတော့ သူက အချုပ်ထဲမှာ အပြစ်ပေးပုံ ပေးနည်းကို ပြောင်းလိုက်တယ်။ အချုပ်ထဲရောက်လာတဲ့ လူငယ်တွေကို အရွယ်မရောက်သေးတဲ့ ကလေးတွေ ဆက်ဆံသလိုမျိုး ဆက်ဆံပြီး အရှက်ရစေမယ့် မာန်ချပစ်နိုင်တဲ့ နည်းတွေသုံးတယ်။ ဒီတော့မှ အဲဒီဒေသမှာ အချုပ်ထဲထည့်ရလောက်တဲ့ အမှု မဖြစ်သလောက် နည်းသွားတယ်။
***
အသိ အင်ဂျင်နီယာအန်တီ တစ်ယောက် ပြောဖူးတာ။
သူက '84 ဆင်း(ep က ပါ)။ သူတို့ဆရာက ဗုဒ္ဓဘာသာအသင်းပွဲတခုမှာ ပြောဖူးတယ်တဲ့။
"ခြင် လာကိုက်ရင် မရိုက်ကြပါနဲ့။ ဒီခြင်ကို ကိုယ်က ရိုက်လိုက်ပေမဲ့ နောက်ခြင်တွေက လာကိုက်ဦးမှာပဲ"
အဲဒီ အန်တီက အဲဒီနောက်ပိုင်း ခြင် မရိုက်ဖြစ်တော့ဘူး လို့ ပြောတယ်။
ကိုယ့်လာပြောရင်တော့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ ဘာလို့ဆိုတော့ ကိုယ့်လာကိုက်တဲ့ ခြင်ကို ရိုက်မိတာ ကိုက်ရကောင်းလားရယ်လို့ ဒေါသနဲ့ ရိုက်မိတာ။ နောက်ထပ် ခြင်တွေက လာမကိုက်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်တာ မဟုတ်လို့။ (တကယ်တော့ အဲဒီစကားပြောတဲ့ ဆရာရဲ့ ရည်ရွယ်ချက်ဟာ ကောင်းပါတယ်။ တပည့်တွေကို အကုသိုလ်မလုပ်ဖို့ တားတာ ဆရာလုပ်ရမယ့် အလုပ်ပါပဲ)
တွေးမိတာက လုပ်ရပ်တစ်ခုကို တားနိုင်ဖို့ဆိုရင် လုပ်တဲ့လူရဲ့ ရည်ရွယ်ချက် အရင်းအမြစ်ကို အရင် မိ ဖို့လိုတယ်။
(အသက် တဖြည်းဖြည်း ကြီးလာတော့ ခြင်လာကိုက်ရင်လည်း မရိုက်မိတော့ဘူး။
ဘာကြောင့်မှ မဟုတ်ဘူး။ သတိထားပြီး ကြည့်မိလို့။)
***
ခပ်ငယ်ငယ်တုန်းကဆို သူငယ်ချင်းတစု မချက်တတ် မပြုတ်တတ်တာ ဂုဏ်ယူစရာလို့ ထင်တယ်။
အဲဒီအခါ ကိုယ့်ထက်အကြီးတွေက ဒီမချက်တတ်တဲ့ကိစ္စ ဝေဖန်ရင် (သူတို့ကတော့ မိန်းကလေးတွေတန်မဲ့ မချက်တတ်တာ ကိုယ်တွေ ရှက်ပါစေတော့လို့ ရည်ရွယ်တာ) စူဠလိပ် ရေထဲလွှတ်သလိုပဲလို့ အနီးစပ်ဆုံးပြောရမယ်ထင်တယ် (သိပ်မဆီလျော်မှန်း သိပေမဲ့ ဒီထက် ဆီလျော်တာ မသိတော့လို့)။ မချက်တတ်ဘူး မပြုတ်တတ်ဘူး စိတ်မဝင်စားဘူးဆိုတာကို ဂုဏ်လုပ်ချင်တာကိုး။ "မတတ်ဘူး မတတ်ဘူး" ဆိုတာကိုပဲ ခေါင်းတခါခါနဲ့ ပြောချင်ကြတာ။ ဆိုတော့... သူတို့အပြောတွေက အဲဒါတွေ လှည့်မကြည့်ချင်အောင် "ဆွ" ပေးတာနဲ့ ပိုတူတယ်။
သူငယ်ချင်းတစ်ယောက် ပြောဖူးတဲ့ အတန်းကြီး အစ်မတယောက်ဆို လက်ဖက်သုပ်ထဲ ထည့်စားဖို့ ကြက်သွန်ဖြူ အခွံနွှာတာ အခွံတခုလုံး ပါသွားအောင် ပြောင်အောင် မခွာရဘူး။ အပေါ်ယံ အမှေးပါးလေး ကျန်နေရမယ်လို့ လက်ချာပေးဖူးတယ် ဆိုပဲ။ သူငယ်ချင်းတွေကြားမှာ အဲဒီစကားက တမင်လုပ်ပြောရတဲ့ ပေါ်ပျူလာစကား ဖြစ်သွားရုံကလွဲပြီး တခြား ဘာသက်ရောက်မှုမှတော့ မရှိပါဘူး။
***
ဒီလိုပဲ ဝိဇ္ဇာဘာသာရပ်တွေနဲ့ ပတ်သတ်ရင်လည်း သဘောထားက အဲလိုဆန်ဆန်တွေ ရှိကြတယ်။
(သိပ်မကြာသေးခင်က အင်တာနက်မှာပဲ ဖတ်မိတယ်ထင်တယ်။ မြန်မာဆိုဒ်တခုမှာပဲလို့ ထင်ပါတယ်။
အမေရိကားမှာလည်း လူငယ်တွေ သမိုင်းကို ဆိုးဆိုးရွားရွားမသိကြတော့ဘူး ဆိုတဲ့အကြောင်း...
အမေရိကန်လူငယ်တချို့ကို ပြည်တွင်းစစ်အကြောင်းမေးတာ တော်တော်များများက ပြည်တွင်းစစ် ဖြစ်ခဲ့လို့ဖြစ်ခဲ့မှန်းတောင် မသိဘူးတဲ့။ တချို့ကဆို အမေရိကန်နိုင်ငံမှာ ဘယ်တုန်းကမှ ပြည်တွင်းစစ် မဖြစ်ခဲ့ဖူးပါဘူးလို့တောင် လာမေးတဲ့လူကို ပြန်ပြောလွှတ်တယ် ဆိုတယ်)
အမေရိကန်ပညာရေးစနစ်တော့ ဘယ်လိုဆိုတာ မသိဘူး။
ကိုယ်တွေတုန်းကလည်း ဝိဇ္ဇာဘာသာရပ်တွေ ညံ့တာ ဂုဏ်လုပ်စရာလိုလို ထင်ခဲ့တာပဲ။
မြန်မာပြည် ပညာရေးစနစ်အရ သမိုင်း ပထဝီဆိုတာ ခုကြည့် ခုရတာပဲ။ ကြက်တူရွေးနှုတ်တိုက်စွမ်းရည်ရှိရင် အမှတ်ကောင်းလို့ ရတဲ့ ဘာသာတွေပဲ။ ဘာခက်လဲ။ ဘာဦးနှောက်သုံးရလို့လဲ။ အဲဒီလိုအတွေးမျိုးဆိုတာ ငယ်တုန်းကတော့ မသိဘူး။ ခု ဒီအရွယ်ရောက်တော့ ထင်ထင်ရှားရှား မြင်လာတယ်။
နောက် ဂျူး "မိန်းမတစ်ယောက်..." ထဲမှာ ယုမော်နဲ့ နှင်း မော်လမြိုင်က ဟိုတယ်တခုမှာ တည်းနေတုန်း ယုမော်က သူ့စာတမ်းအကြောင်း ပြောရင်းနဲ့ "နှင်း ငယ်ငယ်က ပထဝီတော်သလား" လို့ မေးတယ်။ နှင်းက ခေါင်းယမ်းပြီး "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" တဲ့။ (ဒီအကြောင်းထည့်ရေးရတာ "အို... ဘုရားရေ ကျွန်မ ရင်တွေ ခုန်လိုက်တာ") <<< ယောက်ပြားနှာသံဖြင့် ဖတ်ရန်။
အဲဒီစာအုပ်ဖတ်တော့ ငယ်သေးတယ်။ ၈ တန်းထက် မပိုဘူး။ နားလည်း မလည်ဘူး။ ဖတ်ရင်းနဲ့ ပျင်းလည်းပျင်းတယ်။ အဲဒီစာအုပ်ထက် စောထွက်တဲ့ "နံရံ၏ အခြားတဘက်" ဖတ်တုန်းက နားလည်ပေမယ့် "မိန်းမတစ်ယောက်..." ကျတော့ သဘောတရားရေးရာတွေက ပိုမြင့်တယ်လေ။ ပြောရရင်တော့ နှစ်အုပ်လုံး သိပ်ကြိုက်တဲ့ စာအုပ်စာရင်းထဲမှာ မပါဘူး။ ထားပါတော့။
ပြောချင်တာက "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" လို့ သူများအပြောကို ဖတ်လိုက်ရတာကိုပဲ အရသာရှိလိုက်တာ။ ကိုယ်တိုင်လည်း ပြောချင်လိုက်တာ။ ဒါတောင်မှ တကယ်တမ်း ကိုယ်က ဘယ်ဘာသာရပ်ရယ်လို့မှ အထူးတလည် အထင်ကြီးတာ အထင်သေးတာ မရှိဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ မသိစိတ်ထဲမှာတော့ ရှိပုံရတယ်။
နောက် ကျောင်းအပြီးမှာ ၆ တန်းနဲ့ ၄ တန်းကလေးကို လပိုင်းလေး စာသင်ဖြစ်တာရယ်၊ တခြားကလေးတွေကို စပ်စုမိသလောက်ရယ်နဲ့ ကြုံသလောက်ကတော့ ဝိဇ္ဇာဘာသာရပ်တွေကို အလေးမထားစိတ် ရှိတယ်။ အဲဒါလည်း ကိုယ်တွေတုန်းကလိုပဲ၊ သူ့တို့ဘာသာ သိသိကြီးနဲ့ ရှိနေတာ မဟုတ်ဘူး။ မသိလိုက်ဘဲ ရှိနေတာ။ အတန်းငယ်တွေမှာ မသိသာဘူး။ အလယ်တန်းလောက်က စလို့ သိသာတာ။ နောက်ပိုင်း အဲဒီလူတွေ သိပ္ပံလိုင်းသပ်သပ် (ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာလို) ရောက်သွားရင်တော့ ပြီးရော။ (အားလုံးတော့ မဆိုလိုပါဘူး။ ချွင်းချက်တော့ ရှိမှာပါ)
ကလေးတို့/ လူငယ်တို့ မပြောနဲ့ ကိုယ်တွေမှာတောင် အဲလိုစိတ် ရှိနိုင်တယ်။ ကိုယ်က ဘယ်ပညာရပ်ကို အဓိကထား သင်ထားပါစေ၊ တခြား ကိုယ်နဲ့ မတူတဲ့ ပညာရပ်ကို အလေးမထားစိတ်ရှိတယ်ဆိုတာတော့ မကောင်းဘူး။ မကောင်းဘူးလို့ သိတဲ့ အသိက တခြား၊ "ဟင့်အင်း ကိုယ်က ဝိဇ္ဇာဘာသာရပ်တွေ သိပ်ညံ့တယ်" လို့ ပြောပြီး ဂုဏ်လုပ်ချင်တာက တပိုင်းပေါ့။
အဲဒီအခါ ညံ့ရပါ့မလားလို့ သွားအပြစ်တင်ရင် ပိုဆိုးသွားမယ်ထင်တယ်။ သူတို့က ညံ့တာကိုပဲ ဂုဏ်လုပ်ချင်နေတာလေ။ နောက် နိုင်ငံရဲ့ အနေအထားကလည်း အကြောင်းတချက်ပေါ့။ ဘယ်ဟာက solution ပါလို့ ပြောနေတာတော့ မဟုတ်ဘူး။ ဘယ်ဟာက solution မဟုတ်နိုင်ဘူး ဆိုတာကိုပဲ ပြောတာပါ။ တစုံတရာကို တန်ဖိုးထားစေချင်ရင်တော့ တန်ဖိုးသိအောင် လုပ်မှပဲ၊ အပြစ်ဆိုတဲ့နည်းနဲ့ မရဘူး။
(သိပ္ပံလိုင်းကလူ (အထူးသဖြင့် ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ) ကို ဝိဇ္ဇာပိုင်းနဲ့ ပတ်သတ်လို့ မသိရကောင်းလားတော့ သွားမပြောမိစေနဲ့။ "ကြက်သွန်ဖြူ အခွံကို အကုန်ပြောင်အောင် မနွှာရဘူးနော်" ဆိုတာထက် ပိုဆိုးသွားလိမ့်မယ်)
***
ဘာရယ်မဟုတ်ဘူး ပျင်းလို့။
***
Thursday, November 18, 2010
လက်ရှိ အတွေးများ
အဆာခံပြီးမှ ဈေးဝယ်တာကောင်းတယ်။
၂) ခုတလော သတင်းပလင်းတွေ ဖတ်မိတယ်။ တချို့တွေ ကိုယ်ဘာလုပ်လို့ လုပ်နေတာလဲဆိုတာ မသိကြဘူးထင်တယ်။ သူတို့ကိုယ်တိုင် ဆန့်ကျင်နေပါတယ်ဆိုတဲ့ အမူအကျင့် စနစ်အတိုင်းပဲ လုပ်ပြ ကိုင်ပြ ဆက်ဆံပြ သရုပ်ပြနေကြသလိုပဲ။ အဲဒီစနစ်ကို ဆန့်ကျင်ပါတယ် ဆန့်ကျင်ပါတယ် ဘယ်လိုမကောင်းတာပါလို့ အတိအလင်းအော်နေတဲ့ အများစုက ပိုပြီး အဲဒီစနစ်က အချိုးအတိုင်း ချိုးပြတတ်တယ်။ ကြာလာတော့ 'ဆန့်ကျင်တယ်' ဆိုတဲ့ ဗမာစကားက 'ပုံတူကူးတယ်' လို့တောင် အဓိပ္ပါယ်ပေါက်နေသလား ထင်မိတော့တယ်။ ပါးစပ်ဖျားမှာ တင်ထားတဲ့ စံက တစ်မျိုး၊ စိတ်ရင်းမှာ စွဲပြီး လိုက်လုပ်မိနေတဲ့ စံက တစ်မျိုးထင်တယ်။
ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်တယ် ဆိုတာ နွားတွေအတွက်ပဲ မှန်သလားမသိ။ လူတွေကျ ရှေ့ဆောင်လမ်းပြက ဖြောင့်နေအောင် သွားပြလည်း နောက်ကနေ ကွေ့ကောက်ပြီး လိုက်ချင်လိုက်တာပဲ။
ရှေ့ဆောင်သူအနေနဲ့ သူ့အဝေးကလူတွေထက် သူ့လက်တကမ်းက လူတွေကို သူနဲ့ တထပ်တည်းကျနေအောင် (သူ့ခြေရာနင်းနိုင်အောင်) အရင်လုပ်ဖို့ ပိုလိုလိမ့်မလား တွေးမိတယ်။
၃) 'လေးစားတယ်' ဆိုတာ နောက်ကျောဘက်မှာ ကွယ်ပုန်းဖို့ အားကိုးရှာတာကို ခေါ်တာမဟုတ်ဘူး။ ကိုယ့်ရှေ့ကနေ ခံပေးလို့ ခံတပ်ကြီးလို သဘောထားတာကို ခေါ်တာမဟုတ်ဘူး။ ကိုယ်လေးစားတဲ့ လူရဲ့ (သတ္တိကို လိုက်မမီတောင်) စိတ်နေသဘောထား၊ အမူအကျင့်ကို ခြေရာနင်းနိုင်မှပဲ 'လေးစားတယ်' လို့ပြောတာ အဓိပ္ပါယ်ရှိတယ်ထင်တယ်။ ခု ခက်နေတာက ခြေရာနင်းဖို့ထားလို့ အဲဒီလူ သွားနေတဲ့ လမ်းကို အနီးကပ်နေတဲ့တချို့တွေ နားတောင်လည်ကြရဲ့လား မသိဘူးလို့ တွေးမိတယ်။
တကယ်နားမလည်တာက ကိုယ်တိုင်ပဲလားတော့ မသိ။
၎) ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး စိတ်အခန့်မသင့်စရာနဲ့ ကြုံရပြီဆိုရင် ကိုယ့်မှာ ဆုံးရှုံးသွားတဲ့ နှမြောစရာကောင်းတဲ့အရာ တစ်ခုရှိတယ်။ အဲဒါ 'ပိုက်ဆံ' မဟုတ်ဘူး။ လွယ်လင့်တကူ ထွက်လာတဲ့ 'ကူညီချင်တဲ့ စိတ်စေတနာ'။ ငွေရေးကြေးရေးအကူအညီဆိုတာ လိုအပ်နေတာ၊ အခက်အခဲဖြစ်နေတာကို မြင်တွေ့ကြားသိလို့ ပေးတာ။ ဘယ်သူမှ မတိုက်တွန်းဘဲ ကိုယ့်ဘာသာ လုပ်ချင်လို့လုပ်တဲ့ ပရဟိတလုပ်ငန်း မဟုတ်ဘူး။
နိုင်ငံခြားရောက်ပြီး ငွေကြေးနဲ့ ပညာအတွက် ရုန်းကန်နေကြတဲ့ လူချင်းအတူတူ ဘယ်သူကမှ ပိုပြီး သနားစရာ မကောင်းဘူး။ ပြီးပြီးရော ပစ်စလက်ခတ်သဘောထားရအောင် ဘယ်သူ့ပိုင်ဆိုင်မှုကမှလည်း ပိုပြီး တန်ဖိုးမနိမ့်ဘူး။
၅) မနှစ်ကရောက်လာတဲ့ 'လေရူးသုန်သုန်' ကို ဒီနှစ်မှ ဖတ်ဖြစ်ပြီး စစ်ပွဲတွေအကြောင်း စိတ်ထဲမှာ တွေးမိတယ်။ လူတွေ အများကြီးရဲ့ အသက်အိုးအိမ်စည်းစိမ် စိတ်ဓါတ်၊ ဘဝတွေ အပျက်ခံ စစ်ဖြစ်ပြီးမှသာ တခုခု ဖန်တီးနိုင်စွမ်းရှိတယ် ဆိုသရွေ့ (တနည်း စစ်ကိုရှောင်ပြီး လိုချင်တဲ့အနေအထားကို မဖန်တီးနိုင်သရွေ့) လူ့အဖြစ်ဟာ ဂုဏ်ယူစရာမကောင်းသေးဘူး။
ဒါပေမဲ့ အေးရာအေးကြောင်းလမ်းကို တဖက်တည်းက ရွေးလို့မရပေမယ့်၊ စစ်ဖြစ်ဖို့တော့ တဖက်တည်းက ရွေးလိုက်လို့ရတယ်။ ဒီတော့လည်း ခက်သားပဲ။
၆) အရင်က ရုပ်ရှင်ထဲမှာ actor တွေ ဆေးလိပ်သောက်ပြတာဟာ ကြည့်တဲ့ပရိသတ်ကို လိုက်သောက်ဖို့ ဆွဲဆောင်ရာရောက်တယ်တို့ ဘာတို့ သိပ်လက်ခံလို့ မရဘူး။ ကိုယ့်မှ မဆွဲဆောင်နိုင်တာ။ ခုတော့ တမျိုးတွေးမိတယ်။ ကြည့်တဲ့လူက အဲဒီဘက်ကို ကိုင်းညွှတ်နေရင် ကိစ္စရှိတယ်။ အလကားနေရင်း သောက်ပြတာထက် အကြောင်းတခုခုနဲ့ သောက်ပြရင် ပိုတောင်မှ ကိစ္စရှိသေးတယ်။ Long Vacation ဆိုတဲ့ ဂျပန်ဇာတ်လမ်းတွဲကို ကြည့်ပြီး အတွေးပေါက်လာတာ။
***
Friday, November 12, 2010
ကာတွန်း

facebook က တွေ့တာ။
လတ်တလောအတွက် ဟာသတွေ ကာတွန်းတွေ ဖတ်ရင် ရီတော့ ရီရပါရဲ့။ အောင့်သက်သက်နဲ့။
ဒါပေမဲ့ ဒီတခုတော့ အရမ်းဟားရလို့ share ချင်စိတ်ပေါက်လာတာ။
ပိုင်ရှင် ကန့်ကွက်ရင်တော့ ပြန်ဖြုတ်ပေးပါမယ်။
***