လေယာဉ်ထွက်တာ ၁ နာရီခွဲ နောက်ကျတော့ ဟိုကို ညနေ ၅ နာရီကျော်မှရောက်တယ်။
လေယာဉ်ထဲက ထွက်လိုက်တာနဲ့ သိသာတဲ့ အနံ့က ကြိုနေတယ်။
ဖုန်နံ့... မြန်မာပြည်က ဖုန်နံ့။
မှန်အလုံ နဲ့ အဲယားကွန်းတပ်ထားတဲ့ အခန်းထဲကို ကျူးကျူးကျော်ကျော် ဝင်နေတဲ့ ဖုန်နံ့။
***
ပျော်ရွှင်မှု
မြန်မာပြည် ပြန်ရတာ ပျော်သလား မေးလာရင် "ဒီလိုပါပဲ" လို့ ဖြေမိမယ်။
သတိထားမိသလောက် အသက် ၂၄ လောက်က စပြီး ပျော်လိုက်တာ ဆိုတဲ့ ခံစားမှုမျိုးကို သိသိမှတ်မှတ် မရတော့ဘူး။ ဘဝမှာ ထိထိရောက်ရောက် အောင်အောင်မြင်မြင် လုပ်ကိုင်နေနိုင်တယ်လို့ ကိုယ့်ဘာသာ ယူဆမိတဲ့ အခိုက်အတန့်မျိုးမှာ ကျေနပ်နေမိရုံလောက်ပါပဲ။
***
ဖြတ်ရကျော်ရတဲ့ နေရာတွေကို ရောက်တော့ ခပ်တင်းတင်းပဲ။
2010 ဇန်နဝါရီ ထိ အခွန်ဆောင်ပြီးသွားပြီ။
ဟင်းဟင်းဟင်း...
***
ချိုမြိန်မှု
ရောက်ပြီး နောက်တစ်ရက်ပဲ Beauty Saloon ကို သွားတယ်။
ကိုယ့်ထက် ၄ နှစ်ငယ်တဲ့ ညီမတစ်ယောက်နဲ့ အတူသွားတာ ဆိုင်က "ဘယ်သူက အကြီးလဲ" မေးလိုက်လို့။ ကိုယ့်ဘာသာ ပြန်သတိပေးရသေးတယ်။
ဘယ် အသက်ငယ်တဲ့သူမှ ငယ်တယ် အထင်ခံရတာကို မချိုမြိန်ဘူးဟဲ့။
***
မြန်မာဒေါ်လာ

အတော်ကို ကြည့်ပျော် ရှုပျော် အခြေအနေကောင်းမွန်နေသေးသော ပိုက်ဆံများ။
ရိုက်ဖို့ သတိရတဲ့ အချိန်မှာ ဒီ့ထက်စုတ်တာ လက်ထဲရှိမနေဘူး။
***
လေးလုံး

ကိုယ့်နိုင်ငံလေးမှာ "မေတ္တာဦး" လေးကစ ချစ်တယ်။ (ဈေးပေါတာကိုး)
အကြိမ်ပေါင်းတစ်ထောင် မျက်စေ့စမ်းရရင်လည်း အဲဒီမှာပဲ စမ်းမယ်။ (ဈေးပေါလို့)
(ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ နောက်တာနော်)
တသက်လုံးက (ကျောင်းစာမပါ) စာအုပ်နဲ့ မျက်နှာ အပ်လာခဲ့တာပေမယ့် စင်ကာပူရောက်မှ တပ်ရတော့တဲ့ မျက်မှန် !
ကိုယ့်မျက်စေ့က စာအုပ်နဲ့ တည့်ပြီး၊ ကွန်ပျူတာနဲ့ တည့်ပုံမပေါ်ဘူး။
***

(GMP, ဂမုန်းပွင့်)

(ဝေဒီ @ Junction 8)

(DC, Dagon Centre)
DC မှာ လျှောက်ကြည့်တုန်း တရုတ်စကားပြောသံတွေ ကြားရလို့ ကိုယ့်ဘာသာ ထင်ယောင်ထင်မှား ဖြစ်ရသေးတယ်။

(ပလုံ @ DC)
(တကယ်ပဲ အဲဒီဆိုင်ကို ဓါတ်ပုံရိုက်တော့ "ပလုံ" ကို သတိရမိသေးတယ်)
လျှောက်သာကြည့်တာ ဘာတစ်ခုမှ မဝယ်ခဲ့ဘူး။
ဘာမှသာ မဝယ်တာ။ ပိုက်ဆံတွေဆိုတာ ဖလူး ဖလူးနဲ့ ပျံထွက်နေသလား ထင်ရတယ်။
ပထမတပတ် အတွင်းမှာပဲ "သွားပြီ။ ငါလွှဲထားမိတဲ့ amount တော့ အတော်နည်းသွားပြီ" လို့ တွေးမိတယ်။
မပြန်ခင်က တင်ဖြစ်တဲ့ written records ထဲက စာသားကို သတိရမိတယ်။
"လိုအပ်မယ်လို့ ထင်တာထက် ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်းထား၊ ဆည်းပူးထားပါ။" ဆိုတာ...
မြန်မာပြည်ပြန်မယ့်သူများ "လိုအပ်မယ်လို့ ထင်တာထက် ငွေကို ပိုလွှဲထားပါ။
လွှဲထားတာထက် ပိုသုံးမိမှာ သေချာသည်။"
ဘယ် shopping mall ကို သွားသွား... တူနေတာ တစ်ခုက ခြောက်တိခြောက်ကပ် ဖြစ်နေတာပဲ။ ကိုယ်တို့ ကျောင်းတက်တုန်းက အချိန်နဲ့ သိသိသာသာကို ကွာသွားပြီ။
***
လမ်းဘေးဆိုင်

(Mr Brown)
အမှန်ပြောရရင် အစားအသောက်ပေါ်မှာ အာရုံ သိပ်မရှိလှပါဘူး။
တချို့ဟာတွေ စားသာစားတာ ဘာမှန်းမသိတာတွေ အများကြီး ရှိတယ်။
စားဖို့သောက်ဖို့ ကိုယ့်ဘာသာ လုပ်နေရတာကိုတော့ လုံးဝ မကြိုက်ဘူး။
(သူများအတွက်ဆိုရင်တော့ ပြောမနေနဲ့တော့)
ဒါပေမဲ့ နှစ်နဲ့ချီလို့ ရုံးတက်ရက်တိုင်း နေ့စဉ်နဲ့အမျှ နေ့လည်စာကို food court မှာပဲ စားနေရတာကိုတော့ စိတ်ညစ်မိတယ်။ အဲဒီအခါ မြန်မာပြည်က အစားအသောက်တွေ (အထူးသဖြင့် အိမ်မှာလုပ်တဲ့ဟာ) ကို တမ်းတမိတယ်။ ဘာကိုမှ စားချင်တယ်ရယ်လို့တော့ မရှိပါဘူး။ အသင့်ပြင်ပြီးသား ထိုင်စား၊ စားပြီး ပန်းကန်မဆေးဘဲ ထသွားရရင် ပြီးတာပဲ။
ဟိုးအရင် မြန်မာပြည်မှာတည်းက လမ်းဘေးစာ စားရင် ၅ ခါမှာ ၃ ခါလောက်တော့ တစ်ခုခု ဖြစ်တတ်တယ်။
တူတာတွေရှိတယ်။
အငန် မကြိုက်တာ၊
ရွေးစရာ မရှိတဲ့ အခြေအနေမှာ ဘာမှ ဂျီးမများဘဲ အဆင်ပြေမယ့်ဟာ ဝင်စားပစ်လိုက်တာ၊
ရှမ်းစာဆို အထူးသဖြင့် ကြိုက်တာ၊
ရှောင်လို့ရရင် ချိုချဉ်ငန်စပ်တွေ သိပ်များတာမျိုးကို ရှောင်တာ၊
အရသာ ပေါ့ပေါ့နဲ့ သူများတွေအတွက် ဘာမှ မထူးခြားတဲ့ဟာမျိုးကိုမှ ကြိုက်ချင်ကြိုက်နေတတ်တာ...
အဲဒီနေ့ကတော့ ဦးထွန်းလင်း လမ်းထဲက လမ်းဘေး သင်္ဘောသီးထောင်းကို ကြက်ဥကင်နဲ့ တွဲစားချင်တာ Mr Brown ရောက်သွားရတာကိုတော့ အတော်တင်းမိတယ်။
အဲဒီက မုန့်တွေကို မစားချင်ဘူး။ ဆိုင်ထဲမှာ မီးကပျက်လို့။ ဘာထူးလဲ လမ်းဘေးဆိုင်နဲ့...
လမ်းဘေးဆိုင်က သင်္ဘောသီးထောင်းကမှ အရသာရှိဦးမယ်။
I hate you!

***
အင်တာနက်...

ရောက်ရောက်ချင်း အင်တာနက်လည်း မသုံးဖြစ်၊ နန်းညီ ရဲ့ ဖုန်းနံပါတ်လဲ မေးမထားမိတော့ သူ့အတွက်ပါလာတဲ့ လူကြုံပစ္စည်းပေးဖို့ကို မဆက်နိုင်ဖြစ်နေတော့တယ်။
လိပ်နှုန်းနဲ့ အင်တာနက်ကို နောက်က ကျားလိုက်လာသလို သုံးရင်း kkmg က နန်းညီရဲ့ ဖုန်းနံပါတ်ကို ပေးသော်လည်း၊ ကမန်းကတန်းနဲ့ အဲဒီ နံပါတ်ကို ဖုန်းထဲ ထည့်မမှတ်လိုက်မိဘူး။
ဒါနဲ့ ဆက်မယ်လုပ်တော့ ဖုန်းနံပါတ်က မရှိ။ နောက်ရက်တွေလည်း အွန်လိုင်းပေါ်မရောက်ရပြန်။
ပြန်ရောက်ပြီး ၃/ ၄ ရက်နေမှ အင်တာနက် သုံးဖြစ်တယ်။
မြန်မာပြည်က ကိုယ့်အတွက်တော့ တားမြစ်ချက် နှစ်ထပ်ကွမ်းနဲ့ နေရာ...
ဘုရားစူး! 10 မိနစ်လောက် ကြာအောင် ကွန်ပျူတာရှေ့ ထိုင်မိရင်ပဲ ပြောချင်ဆိုချင်နေတာ။
ဒီနေရာမှာလဲ တူတယ်။
စကားပြောရင် တဆုံးတချက်နဲ့ တိကနဲ ပြတ်သွားတော့မလောက်၊ တဖက်လူပါးစပ်ပိတ်သွားအောင် ပြောတဲ့နေရာ...
ဒါပေမဲ့ တူတဲ့ထဲမှာကိုပဲ လုံးဝကွာခြားတာရှိတယ်။
အဲလိုစကားမျိုးကို ကိုယ်က တလောကလုံးနဲ့ ယှဉ်ပြောနိုင်တယ်။ သူ့ကိုတော့ ဘယ်တော့မှ မပြောဘူး။
သူကတော့ အဲလိုစကားမျိုးကို ကိုယ့်တစ်ယောက်တည်းကိုပဲ ပြောတယ်။ ကျန်တဲ့ တလောကလုံးကို မပြောဘူး။
ဘာအကြောင်း ရေးနေမိတာပါလိမ့် !!!
***
ဟိုရောက်တုန်းက post ပြန်တင်မယ် သေချာ စိတ်မကူးမိတော့ ဓါတ်ပုံလည်း ကြုံသလိုပဲ သတိရမှ ရိုက်လာမိတယ်။
***






