Saturday, March 20, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၁ဝ)



မီး

ဒီပုံကို ရိုက်တော့ ညနေတစောင်း မီးမလာဘူး။

ဒီမီး (လာလိုက် ပျက်လိုက်) နဲ့ ရေခဲသေတ္တာတွေရော ကောင်းကြသေးရဲ့လား လို့ ကိုယ်မေးမိတော့... "ကောင်းပါတယ်။ မီးမှ မလာတာ ရေခဲသေတ္တာက ဒီတိုင်း တင်ထားရုံပဲ" လို့ပဲ ပြောပြီး ဟားနေကြတယ်။

လူတွေ အရမ်းကို ပြည့်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် ဟား နေကြတော့တာပဲ။
<<< TZA style


အဲဒီနေ့ကတော့ ၆ ယောက် ဆုံဖြစ်တယ်။ အိမ်က အရင် post တွေမှာ ဆိုင်ကယ်စီးနေတုန်းပုံတင်ထားတဲ့ သူငယ်ချင်းရဲ့ အိမ်မှာ...။ ဟိုဟာထွက်ဝယ်လိုက် ဒီဟာထွက်ဝယ်လိုက် လုပ်ကြတာရော... မီးပျက်နေတာရောနဲ့ လူစုံပုံကို မရိုက်မိခဲ့ဘူး။

***
2010

"2010 က နောက်နှစ်ရွှေ့တယ်ဆို"
"ဟမ် ရွှေ့တာ မဟုတ်ဘူး။ လုပ်ကို လုပ်မှာ မဟုတ်ဘူး။ ထင်မနေနဲ့။"
"ဟဲ့ကောင်ရဲ့ ယောက်ျားကတိကွ"

အဲဒီအချိန် အိမ်ကို အလည်ရောက်လာတဲ့ အန်တီတစ်ယောက်က နားစွန်နားဖျားနဲ့...

"ဟင် ရွှေ့တယ်တဲ့လား။ ကောင်းတယ် ကောင်းတယ်။ ငါ့မှာ ကလေးတွေ ကျောင်းတိုးလို့တန်းလန်း ဖြစ်မှာ ရင်မောလွန်းလို့။ ရွှေ့တယ်ဆို လွတ်လွတ်ကျွတ်ကျွတ်ပဲ။"

သူ့ကလေးက နောက်နှစ် ၁ဝတန်းမို့။ :D

"ဘာမှ ယောက်ျားကတိမနေနဲ့။ ငါတော့ မထင်ဘူး။"
"အစ်မ အစ်မ ခဏလောက်လိုက်ခဲ့ပါ။ စခန်းကို"

ဟီးဟီးဟီး ဟားဟားဟား
လူတွေ အရမ်းကို ပြည့်သွားကြပြီ။ ဘာပဲဖြစ်ဖြစ် ဟား နေကြတော့တာပဲ။ (နောက်တခေါက်)

"အာလူးစိမ်းသုတ်က အရမ်းကောင်းတယ်နော်။ မထင်ရဘူး။"
ကိုယ်အဲဒီရောက်မှ စားဖူးခဲ့တာ။ ကောင်းတယ်။ အစကတော့ အာလူးစိမ်းသုတ်ဆိုတော့ ဘာကြီးလဲလို့။ လျှာတွေ ယားမလားမှတ်တာ။ ဘာမှ မဖြစ်ဘူး။

***
ဗြဟ္မာ့ပြည်က အပ် နဲ့ လူ့ပြည်က အပ်

ဒါနဲ့ မီးကိစ္စ ဆက်ပြောပါရစေဦး။ နေ့ခင်း မီးကို မမြင်ရတာ ကြာလှပြီလို့ ပြောတယ်။ ဒီကြားထဲမှာ ထူးဆန်းတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဘယ်တော့မှ နေ့ဘက်မလာတဲ့ မီးက တစ်ရက်မှာ ၇ စက္ကန့်လောက် လာသွားတယ်တဲ့။ အဲဒီမှာ ရေစိုနဲ့ မီးခလုတ်သွားကိုင်မိတဲ့ လူတစ်ယောက် ဓါတ်လိုက်ပြီး ဆုံးတယ်။

နေ့ဘက် ဘယ်တော့မှ မလာတဲ့ မီး
၇ စက္ကန့်
ရေစို
လူတစ်ယောက်
မီးခလုတ်သွားကိုင်
ဓါတ်လိုက်

ဘာဖြစ်လို့များ အကြောင်းတွေက ဒီလောက်တိုက်ဆိုင်ရပါသလဲ။
ကိုယ်သိတဲ့လူ မဟုတ်လို့ ဝမ်းတော့ မနည်းပါဘူး။

***
ပုံမှန်၊ နေသားတကျ၊ ကျင့်သားရ

တချို့တွေ သူတို့ကတော့ ဘယ်မှ မသွားဘူး။ ဒါပေမဲ့ သူတို့ မောင်၊ အစ်ကို၊ ဦးလေး စသဖြင့် မိသားစုဝင်တွေထဲက အရွယ်ကောင်း အနည်းဆုံး တယောက်ယောက်လောက်ကတော့ နိုင်ငံခြားမှာ ရှိတတ်ကြပါရဲ့။ ဒါပေမဲ့ မီးကိစ္စနဲ့ ပတ်သတ်ရင် "စင်ကာပူမှာ မီးတော့မှန်တယ်ပေါ့" ဆိုတဲ့ စကားကို ၃/ ၄ ယောက်ထက်မနည်း မေးတာခံရတယ်။

အဲဒီနေရာမှာ အဲဒီလိုဖြစ်နေတာကို ပုံမှန်လို့ ထင်နေရုံမကဘူး။ ကျန်တဲ့နေရာတွေမှာပါ ဒီအတိုင်း ဖြစ်နေတယ် လို့ ထင်နေကြတော့တာ။ တကယ်က သူတို့ သိပါတယ်။ မသိလို့မေးတဲ့ မေးခွန်း မဟုတ်ဘူး။ မသိစိတ်ထဲမှာ စွဲနေလို့ လွှတ်ခနဲ မေးထွက်မိတဲ့ မေးခွန်းမျိုး။

လူတွေ အင်မတန် ကျင့်သားရကုန်ကြပြီ။ ဒါတင်မကသေးဘူး။
သူများတွေမှာပါ သူတို့လို ဒုက္ခမျိုးရှိတယ်လို့ (အနည်းဆုံးတော့ မသိစိတ်ထဲမှာ) ထင်ကုန်ကြပြီ။

***

ပေးစာများ


အမှတ်ရမိသေးတယ်။

စတုတ္ထတန်းအရောက်မှာ အဲဒီက ပြောင်းတော့ သူငယ်ချင်းတတွေ စာတွေ အပြန်ပြန် အလှန်လှန် ရေးခဲ့ကြတာ။ ၆ တန်း၊ ၇ တန်းလောက်ရောက်တဲ့ထိပဲ။ ၈ တန်း၊ ၉ တန်းကျတော့ အတော် စာရေးကျဲသွားပြီ။

၉ တန်းရောက်တော့ ဖြူးက ပြောင်းရပြန်ရော။ အဲဒီတော့ ဖြူးက သူငယ်ချင်းတွေနဲ့ ဆက်ရေးကြပြန်ရော။ ၁ဝ တန်းထိ။
အဲဒီမြို့နှစ်မြို့က သူငယ်ချင်းတွေနဲ့ ရေးခဲ့ပြန်ခဲ့ကြတဲ့ စာတွေဟာ ကိုယ့် စာအုပ်ဗီရိုထဲမှာ ခုထိ အထုတ်လိုက် ရှိနေတုန်းပဲ။ ခုတော့လည်း email မရှိတဲ့သူတွေနဲ့ စာ အဆက်အသွယ် ပြတ်ကုန်တာပါပဲ။ ဖုန်းတော့ အခါအားလျော်စွာ ဆက်ဖြစ်တယ်။ သတင်းတွေ နားထောင်ဖြစ်တယ်။

ဘယ်အကြောင်းအရာကို ဘယ်လိုပုံစံနဲ့ ပြောရမယ်၊
ဘယ်စကားကို ဘယ်လိုရေးပြီး ပြောရတယ်၊
ဘယ်မြင်ကွင်းကို ဘယ်ဝါကျနဲ့ တန်ဆာဆင်ရမယ် ဆိုတာတွေကို လေ့ကျင့်ခဲ့ရတဲ့ ကွင်းကြီးဟာ ကိုယ့် ငယ်သူငယ်ချင်းတွေ အားလုံးပဲပေါ့။

***
ငယ်ပေါင်းကြီးဖော် (သို့) အလျော်အစားများ

သူတို့နဲ့ ပြောရင် အရင်က အကြောင်းတွေ ပြောတယ်။ personal affair တွေ သူတို့ပြောတာ နားထောင်တယ်။ ဒီကအကြောင်း သူတို့မေးရင် ပြောပြတယ်။ များသောအားဖြင့်ကတော့ ဘာမှ မဟုတ်လဲ ဟာသလုပ်ပြီး ဟားနေမိတာပါပဲ။

တကယ်တမ်း သူတို့လက်ရှိဘဝ ကိုယ့်လက်ရှိဘဝကို သတင်းစကားဖြစ်ရုံလောက်ပဲ ပြောလို့ရတာကတော့ အမှန်ပဲ။ သူတို့လျှောက်နေတဲ့လမ်းကြောင်းရဲ့ အကျိုးအကြောင်း အဆိုးအကောင်းကို ကိုယ်မသိသလို၊ ကိုယ့်လမ်းကြောင်းက အကျိုးအကြောင်း အဆိုးအကောင်းကိုလည်း သူတို့ မသိဘူး။

ငယ်ငယ်က သူငယ်ချင်းတွေမှာ အမှတ်ရစရာတွေနဲ့ သံယောဇဉ်တွေ ပိုများကောင်းများမယ်။ ဒါပေမဲ့ ကြီးမှတွေ့ဖြစ်ပြီး လမ်းကြောင်းတူတူ လျှောက်ဖြစ်နေတဲ့ သူငယ်ချင်းတွေကတော့ နားလည်မှုတွေ ပိုများတယ်။

ကိုယ်ပြောချင်တာတစ်ခုကို နိဒါန်းမပျိုးဘဲ၊ မဆိုင်တဲ့ အကြောင်းအရာတစ်ခုကနေ ဖျတ်ခနဲ ပြောချလိုက်လဲ ဒက်ခနဲ နားလည်နိုင်တာမျိုးကတော့ နောက်ပိုင်း တွဲဖြစ်ကြတဲ့ သူငယ်ချင်းချင်းမှာပဲ တွေ့ရမယ်။

ဘာပဲဖြစ်ဖြစ် ကိုယ့်စည်းဝိုင်းထဲက မများလှတဲ့ ငယ်ပေါင်းကြီးဖော်တွေကို ကိုယ် တကယ်ပဲ ချစ်ခင်ပါတယ်။ သူတို့နဲ့ ခုချိန်ထိ ခင်မင်မပျက် ရှိနိုင်ခဲ့တာကိုလည်း ကိုယ့်ဘာသာ ကျေနပ်မိပါတယ်။

***
18th
Feb 2010 (Thur)

အဲဒီနေ့က ဘုရားပေါ်တက်ပြီး မြစ်ကို ဓါတ်ပုံရိုက်ခဲ့တဲ့နေ့။ ရန်ကုန်ကို မပြန်ခင်တရက်။

ဒီနေရာတွေ ဒီလူတွေနဲ့ တစ်နှစ်တစ်ခါ ပြန်လာလိုက်၊ ပြန်သွားလိုက်၊
တွေ့လိုက် ကြုံလိုက်၊ ဆုံလိုက် ခွဲလိုက်၊ ဝမ်းနည်းလိုက် ဝမ်းသာလိုက်။
ဘဝမှာ တွေ့ဆုံ ကြုံကွဲတွေ အများကြီးကို ခဏခဏ ကြုံခဲ့ရတယ်။ ကြာတော့လည်း ကိုယ် ဘာကိုမှ အသစ်အဆန်း မဖြစ်တော့ဘူး။

နေရာဟောင်းတခုကို စွန့်ရတယ်။ နေရာသစ်တစ်ခုကို ရောက်မယ်၊ အဲဒီမှာ အသားတကျဖြစ်ပြီးရင် နောက်အသစ်တခုနဲ့ တွေ့ဖို့ ဒါတွေကို ချန်ထားခဲ့ဖို့ ပြင်ဆင်ရဦးမယ်။ ခွဲလာခဲ့ရတဲ့ နေရာကို ပြန်သွားရတယ်၊ နောက် ပြန်ခွဲလာရပြန်တယ်။ ဘဝမှာ ဒါတွေနဲ့ပဲ အသားကျခဲ့ရတယ်။

ဒီအချိန်မှာတော့ ချန်ခဲ့ရတာတွေနဲ့ ပြန်တွေ့ရင် စိတ်ကို သိပ်လွှတ်ပြီး ပျော်ရွှင်လိုက်မိတာမျိုး မဖြစ်တော့ဘူး။ ကိုယ့်ဘာသာ သတိမထားလိုက်မိခင်မှာပဲ အလိုလို သတိရှိသွားပြီ။ အဲဒီလိုဖြစ်လာတော့ သိပ်မကြာခင် ချန်ရစ်ခဲ့ရပြန်ရင် ပြင်းပြင်းထန်ထန် မခံစားမိတော့ဘူး။ ဟုန် သွားတာလည်းပါမှာပေါ့။ ကလေးဘဝကတော့ ဒါတွေ နားမလည်ဘူး။

ပြီးတော့ ကိုယ်ကြုံခဲ့ရသမျှမှာ ကိုယ် ဘယ်လောက်တောင် လောဘကြီးလည်းပဲ အရာရာတိုင်းဟာ ကိုယ့်အတွက် အလျော်အစားပုံစံနဲ့ပဲလာတယ်။ အသစ် အသစ်တွေကို ပိုင်ဆိုင်ဖို့ဆို ဆုပ်ကိုင်မိပြီးသား အရာတွေကို အမြဲ လက်လွှတ်ရတယ်။ အဲဒီထဲမှာ သံယောဇဉ်တွေက အများဆုံးပဲ။

မြန်မာပြည်ကို ပြန်ရတာ၊ ဇာတိမြို့ကို ပြန်လာရတာ ပျော်သလား လို့ မေးရင် ဒီလိုပါပဲ လို့ ကိုယ် ဖြေမိမယ်။ ဒါပေမဲ့ အချိန်စေ့လို့ အဲဒီက ပြန်သွားရတော့မယ် ဆိုတော့ ဝမ်းနည်းတယ်။

ပိုပြီး ဝမ်းနည်းစရာကောင်းတာက အဲဒီမှာ ကိုယ့်ဘဝ မရှိဘူး လို့ ခံယူမိတာပဲ။

***
ဝတ္တရားမကျေတဲ့သူ

သူတို့ကပြောတယ်။ ဖုန်းတော့ မကြာခဏ လှမ်းဆက်ပါဟာ တဲ့။ အေးပါ လို့ ကိုယ်ပြောခဲ့တယ်။ မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းရဲ့ အဖေကို စကားနဲ့ပဲ နှုတ်ဆက်စကားပါးရတယ်။

အဲဒီညက ညဉ့်နက်မှ ထမင်းထပ်စားသေးတယ်။ ညနေပိုင်း အပြင်မထွက်ခင်ကတည်းက ရန်ကုန်ကို ဘယ်နေ့ပြန်လာမယ် ဖုန်းဆက်ထားတော့ အဲဒီညမှာတော့ ခါတိုင်းညတွေလို အောက်ထပ်ဆင်းပြီး အမှောင်ထဲမှာ ဖုန်းထိုင်မပြောဖြစ်တော့ဘူး။

အိမ်မှာနေတဲ့အချိန် မေမေနဲ့ပဲ တူတူအိပ်တော့ မအိပ်ခင်ထိ စကားပြောမိနေသေးတယ်။ အိမ်မှာနေခဲ့တဲ့အချိန် ၁ဝ ရက်ပဲ ရှိတယ်။ မေမေနဲ့ ဆက်နေချင်သေးတယ် လို့ ကိုယ်တွေးမိတယ်။

***
19th Feb 2010 (Friday)

အဲဒီနေ့ မနက်စောစော ရန်ကုန် ပြန်လာခဲ့တယ်။ 24th ကျရင် သူ ခရီးထွက်ရမယ်။

***

Thursday, March 18, 2010

ဥဒ္ဓိစ္စများ

မမချစ်ကြည် tag လို့ပါ။ တွေးမိတာတွေဆိုလို့ စိတ်ထဲ ရောက်နေတာတွေ ချရေးလိုက်မိတယ်။

***
၁) လွမ်းနေတုန်း အိပ်မက်



အဲဒီသီချင်းကို ထပ်ကာထပ်ကာ နားထောင်နေမိတယ်။

သီချင်းထက် ရိုက်ထားတဲ့ ပုံစံလေးက ပိုထိပါတယ်။

အနုပညာကို အတုံးလိုက် အတစ်လိုက် ပြတာပဲဖြစ်ဖြစ်၊ သိပ်ကို ဖုံးကွယ် လျှို့ဝှက် သွယ်ဝိုက်နေတာပဲဖြစ်ဖြစ် မကြိုက်တတ်ပါလား လို့ တွေးနေမိတယ်။ အဲဒီ သီချင်းလေးလို ခပ်ပါးပါးလေးနဲ့ ခံစားသူတောင် မရိပ်မိလောက်အောင် လှစ်ခနဲ ရင်ထဲထည့်သွားတာမျိုး ကြိုက်နေမိတယ်။


ပရိသတ်ကို ဘယ်တော့မှ အပြည့်မပေးရဘူး ဆိုတာကို သဘောတူမိတယ်။

ရဲလေး သီချင်းတစ်ပုဒ်မှာ မြန်မာဗွီဒီယို ဇာတ်လမ်းကြီးလို သူက သွေးကင်ဆာဖြစ်ပြ ကောင်မလေးကို စိတ်နာအောင် တမင်လုပ်၊ ပြီးမှ သေလုမျောပါးဖြစ် ဆိုတာမျိုးတွေ ကြည့်တောင် မကြည့်ချင်တော့ဘူး။

လွမ်းနေတုန်းအိပ်မက် ကလေးကတော့ မိုက်နေတာပဲ။
အဲဒီထဲက သရုပ်ဆောင် ကောင်လေးကိုလည်း သဘောကျမိတယ်။
သူ့ရုပ်ကလေးနဲ့ အမူအယာလေးတွေလည်း ကြိုက်မိပါတယ်။
အရမ်းကြီး မချောပေမယ့် ရယ်လိုက်ရင် ချစ်စရာကောင်းတယ်။

အသက်ကြီးလာလို့လား မသိ။ ငယ်တဲ့လူတွေပဲ ကြည့်ချင်နေတော့တယ်။
ဒါပေမဲ့ cbox မှာတော့ မလွှဲမရှောင်သာ အသက် ၄ဝ တန်းတွေနဲ့ပဲ စကားပြောနေရတာပေါ့။
ကောင်ကောင်မို တို့၊ ပလုံ တို့၊ ကိုဘ တို့၊ Simon တို့။ :(


***
လွမ်းနေတုန်းမို့ ခဏခဏ အိပ်မက်တယ်။

"ဟို အရင်လို ကိုယ့်အနား တိုးလို့ စကားလေး ပြောတဲ့အခါ..."

***

၂) စာရေးသူများ

အပေါ်က အကြောင်းအရာနဲ့ ဆက်စပ်ပြီး စိတ်ထဲပေါ်လာတာ...
ဟိုးအရင်ကတည်းကလည်း တွေးခဲ့မိဖူးတာက...

အမျိုးသား စာရေးဆရာတွေနဲ့ အမျိုးသမီး စာရေးဆရာတွေအပေါ် ကိုယ်မျှော်လင့်တတ်တဲ့ သဘောထား...

အမျိုးသားစာရေးဆရာတွေဆီက ကိုယ်မျှော်လင့်တတ်တာ ဖွဲ့နွဲ့ထားတဲ့ အချစ်ဇာတ်လမ်းတွေ၊ အရေးအသားတွေ မဟုတ်ဘူး။ မိန်းမတွေဆီက မျှော်လင့်လို့ မရနိုင်တဲ့၊ မိန်းမတွေ လက်လှမ်းမီဖို့ ခဲယဉ်းတဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကိုပဲ မျှော်လင့်မိတတ်တယ်။

အမျိုးသမီးစာရေးသူတွေ ဖွဲ့နွဲ့ရင် အပိုမလိုမရှိ ကွက်တိ ခံစားလို့ ရတတ်ပေမယ့်၊ အမျိုးသားတွေ ဖွဲ့နွဲ့နေရင် ဖွဲ့တာများလေ ဖတ်ရတာ အူကြောင်ကြောင်နိုင်လာလေပဲ လို့ ခံစားရတတ်တယ်။

အဲဒါကြောင့် အမျိုးသားတွေ ရေးတဲ့ အချစ်ဝတ္ထုတွေ သိပ်မဖတ်ချင်တတ်ဘူး။
ချွင်းချက်တော့ ရှိတယ်။ နေနော် အစပိုင်း ရေးတဲ့ အရေးအသားတွေ (အကြောင်းအရာ မပါ) တော့ မဆိုးလှဘူး။ ကြိုက်လို့ရပါတယ်။ နောက် ဟိုးအရင် မြားနတ်မောင် မှာ နည်းနည်းပဲ ဖတ်ခဲ့ရဖူးတဲ့ ဧကံဖြိုး ရဲ့ ဝတ္ထုတို/ ရှည်လေးတွေ...

အဲဒီ စိတ်အခြေခံနဲ့ ဖတ်တဲ့အခါ တက္ကသိုလ်ဘုန်းနိုင် နဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) တို့ရဲ့ အရေးအသားမျိုးတွေကို ခံစားလို့ မရတော့ဘူး။ (ဒီလိုပြောလို့ အမျိုးသားစာရေးဆရာတွေ အချစ်ဇာတ်လမ်းရေးရင် ဘာရေးရေး မကြိုက်ဘူး ပြောချင်တာ မဟုတ်ဘူး။ အချစ်ဝတ္ထုရေးတဲ့အခါမှာ အမျိုးသားစာရေးဆရာတွေရဲ့ သိပ်ဖွဲ့နွဲ့တဲ့ စာသားတွေကို ခံစားလို့မရတာ။)

ခင်နှင်းယု အရေးအသားလေး အမှတ်ရမိတယ်။
"ပြုံးဖို့မေ့နေတာ ကြာပါပြီ" လို့ မိန်းကလေးက ပြောတော့..."ကိုယ့်ကို မြင်ရင်ရော မပြုံးချင်ဘူးလားဟင်" ဆိုတာ... ပြီးတော့ ခင့်ကို ပြုံးအောင် လုပ်နိုင်တဲ့သူ ဖြစ်ချင်ပါတယ် ဆိုလား... အဲဒီစာအုပ်ပျောက်သွားလို့ စကားလုံးတွေ မမှတ်မိတော့ဘူး။ အဲဒီ သဘောလေးပေမယ့် အဲဒီလို ရိုးစင်းစင်း ရေးသွားတာ မဟုတ်ဘူး။

ခင်နှင်းယု စာတွေ ကြိုက်လွန်းတယ်လည်း မဟုတ်ပါဘူး။ ကြိုက်တာလည်းရှိ မကြိုက်တာလည်းရှိတယ်။ ကြိုက်တယ် ဆိုတဲ့ထဲမှာကို မကြိုက်တာတွေ ပါနေတတ်ပြီး၊ မကြိုက်ဘူး ဆိုတဲ့ထဲမှာလည်း ကြိုက်တာတွေ ပါနေတတ်တယ်။

ဒါပေမဲ့ သူ့စာထဲက မိန်းကလေးတွေရဲ့ character အဖွဲ့လေးတွေကိုတော့ သဘောကျမိတယ်။ character ကိုတော့ သဘောကျချင်မှ ကျမှာ ဖြစ်ပေမယ့် ပုံဖော်ထားတဲ့ အရေးအသားကတော့ တို့ထိရုံနဲ့ ပြည့်စုံသွားတယ် လို့ ခံစားမိပါတယ်။ မိန်းမ စာရေးသူတွေမှာ အဲဒီအရည်အချင်း ရှိကြတယ်။

ကိုယ်တိုင်က စာရေးဖြစ်နေလို့ ဖြစ်လိမ့်မယ်။

စာဖတ်တဲ့အခါမှာ ရေးတဲ့ အကြောင်းအရာသက်သက်ကို ခံစားတာထက် ဘယ်နေရာမှာ ဘယ်လိုရေးတယ် ဆိုတဲ့ ရေးပုံရေးနည်းကိုပါ တပါတည်း ကြည့်မြင်မိသွားတာ။ ဆိုတော့ ကြိုက် မကြိုက် ပြောတော့မယ် ဆိုရင် ဇာတ်လမ်းဇာတ်ကွက် အကြောင်းအရာအပေါ်မှာချည်း တန်းခနဲ ပြောလို့မရတော့ဘဲ ဘယ်အပိုင်းက ဘယ်လို ဆိုတာတွေ ပါလာတော့တယ်။

ရုပ်ရှင် ကြည့်ဖြစ်ရင်လည်း အဲဒီလိုပဲ။ တင်ပြတဲ့သူ (ဒါရိုက်တာ) နေရာက ဝင်ကြည့်နေမိတတ်တယ်။
"အမျှင်" ဇာတ်ကားကို ရေးတော့လည်း အဲဒီ သဘောတွေပါသွားတယ်လို့ ထင်မိတယ်။

***
၃) Feminist


ကိုယ့်ကို Feminist လို့ စွပ်စွဲတဲ့ လူတွေရှိတယ်။
အဲဒါ လုံးဝမှားတယ် ဆိုတာ စာရေးဆရာ နဲ့ စာရေးဆရာမတွေဆီက မတူညီတဲ့ ကိုယ့်မျှော်လင့်ချက်ကို ကြည့်ရုံနဲ့ သိနိုင်တယ်။ တကယ်တော့ ကိုယ်က Feminist ဆိုတဲ့ အဓိပ္ပါယ်တောင် သေချာဂဏ သိတဲ့လူ မဟုတ်ဘူး။ ဘာဖြစ်လို့ မသိလဲ ဆိုတော့ စိတ်မဝင်စားလို့။

ယောက်ျားနဲ့ မိန်းမမှာ မတူတာတွေ ရှိကို ရှိတယ်၊ အဲဒီ မတူတာတွေဟာ မတူတဲ့အတိုင်း ရှိကို ရှိနေရမယ် လို့ လက်ခံတဲ့သူသာ ဖြစ်တယ်။ တချို့သော မိန်းမ အခွင့်အရေးတွေ ကိုယ် လုံးဝ စိတ်မဝင်စားဘူး။

ဘယ်သူတွေဘာပြောပြော ကိုယ် Feminist မဟုတ်ဘူး ဆိုတာကို အနည်းဆုံး တစ်ယောက်တော့ သိပါတယ်။

***
၎) စစ်သားနှင့် သင်္ဘောသား

ကိုယ်သိတတ်စ အရွယ်ကတည်းက လူများစု မလုပ်နိုင်တဲ့ အလုပ်ကို လုပ်ကြတဲ့လူတွေကို စိတ်ဝင်စားတယ်။

အထူးသဖြင့် သင်္ဘောသားတွေနဲ့ စစ်သားတွေရဲ့ life ကို စိတ်ဝင်စားမိတယ်။
သူ့တို့ရဲ့ စွန့်စားခန်းသက်သက်တင် ဆိုလိုတာ မဟုတ်ဘူး။
သူတို့ဖြတ်သန်းလာတဲ့ သူမတူတဲ့ အဖြစ်အပျက် အတွေ့အကြုံနဲ့ အဲဒီအပေါ်က ထွက်လာမယ့် အတွေးအမြင်တွေ...


[စကားချပ်။ ။ စိတ်ဝင်စားတာနဲ့ နှစ်သက်တာ မတူ။
ကျန်တာတွေ ဖယ်ထားလိုက်ဦး။ ကိုယ့် မောင်တွေထဲက အဲဒီလိုင်းတွေ လိုက်မယ်ဆိုရင်တောင် ကိုယ် ဘယ်တော့မှ သဘောမတူတတ်ဘူး။ အဲဒါ နိုင်ငံရေးနဲ့လည်း မဆိုင်ဘူး။ ကိုယ့်နိုင်ငံ ဒီလိုဖြစ်နေလို့ စစ်ဆိုရင် ဘာဖြစ်တယ် ဆိုတဲ့... သတင်းစာကနေ အနောက်မယ်တော်လို့ လှမ်းရိတာမျိုးနဲ့ တူတဲ့ အထာနဲ့လည်း မဟုတ်ဘူး။

ဘယ်ခေတ် ဘယ်အခြေအနေ ဘယ်နိုင်ငံမှာဖြစ်ဖြစ်၊ ကိုယ်နဲ့ နီးစပ် ပတ်သတ်သူတွေကို အဲဒီအလုပ်တွေ မလုပ်စေချင်ဘူး။ လုပ်တဲ့သူတွေရဲ့ life ကို စိတ်ဝင်စားတာက တပိုင်းပဲ။

ဘာဖြစ်လို့ မလုပ်စေချင်ရသလဲ ဆိုတဲ့ အကြောင်းကတော့ သိပ်ရှင်းပါတယ်။ ကိုယ့်ဘာသာ ချစ်လို့ပါ။ သူတို့ကို ချစ်တဲ့ ကိုယ့်မှာ သူတို့အတွက် တွေးပြီး စိတ်ပူစိုးရိမ် မနေချင်တဲ့ ကိုယ့်ဘာသာ ချစ်တဲ့ ငဲ့ညှာတဲ့ စိတ်ကြောင့်ပါပဲ။] မောထှာ။ ရှင်းရတာ။

ဒါပေမဲ့ ကိုယ့်မောင်တွေထဲမှာ စစ်သားသာ မရှိတာ၊ အားနေ ရေကြောင်းပဲ သွားနေကြတယ်။

ဝင်းဝင်းလတ် ရဲ့ ဝတ္ထုရှည်တစ်ပုဒ်မှာ ဖတ်ခဲ့ရဖူးတယ်။
"မိန်းမတွေ လိုက်မလုပ်နိုင်တဲ့ အလုပ်မျိုးကို လုပ်တဲ့ ယောက်ျားမျိုးပဲ အထင်ကြီးတယ်။ ဥပမာ - စစ်သားတို့ သင်္ဘောသားတို့" ဆိုတာ။ "ကျောင်းသွားဖော် သူငယ်ချင်း" ဆိုတဲ့ ဝတ္ထုမှာ ထင်တယ်။ ကိုယ်ကတော့ ဒါမျိုးပဲ အထင်ကြီးတယ် ဆိုတာလောက် မဟုတ်ပါဘူး။ ပိုစိတ်ဝင်စား သိချင်ရုံလောက်ပါပဲ။

ဆရာဝန်၊ အင်ဂျင်နီယာ ယောက်ျားတွေရဲ့ life ကိုတော့ ထူးပြီး စိတ်မဝင်စားမိဘူး။
(သူတို့မှာ စိတ်ဝင်စားစရာ မရှိဘူး လို့ ပြောချင်တာ မဟုတ်ပါဘူး။ ဆရာဝန်မို့လို့ အင်ဂျင်နီယာမို့လို့ ဆိုပြီးတော့တော့ စိတ်မဝင်စားဘူး။ ဒီအလုပ်တွေ မိန်းမလဲ လုပ်လို့ရတာပဲ။)

စီးပွားရေးသမား လည်း စိတ်ဝင်စားတယ်။

(ဒီလိုရေးလိုက်ရင် ကိုကိုအင်ဂျင်နီယာတို့ ကိုကိုဒေါက်တာတို့များ စိတ်ခုစရာ ဖြစ်ကုန်မလား မသိ။ ဘလော့ဂါတွေထဲ အင်ဂျင်နီယာက များပါဘိသနဲ့။ တချို့ စိတ်ဆိုးလို့ comment ပိတ်ပစ်တတ်တဲ့ ဘလော့ဂါ အင်ဂျင်နီယာကိုကိုတို့ဆို ကိုယ့်တောင် gmail မှာ block ပစ်ချင်ပစ်နိုင်တယ်။)

***
၅) ကြိုးကြာများ

Cyber English Center
မှာ တက်တော့ ဆရာတွေက အင်္ဂလန်ပြန်၊ အသက် ၃ဝ ပတ်ဝန်းကျင်တွေ။ ဦးဖြိုးပိုင်ဦးတို့ပေါ့။
(ဦးမျိုးမင်းဦးရဲ့ Mart II ကို ခုထိ မျက်စေ့ထဲ မြင်တုန်းပဲ။ ဦးဖြိုးပိုင်ဦးက '96 မတိုင်ခင်တုန်းက Archi မှာ တက်နေဆဲလို့ ပြောတယ်။)

ကိုယ့်မှာ တွေးမိတယ်။
ဆရာတို့နှယ် ဟိုမှာ ဘာလို့များ ဆက်မနေကြလဲ။
ဘာလို့များ ပြန်လာပြီး၊ ဒီကျောင်းမှာ စာတွေသင်နေရလဲ...
တွေးရုံနဲ့တင် မပြီးဘူး။ နီးစပ်ရာကိုပါ လိုက်ပြောနေသေးတယ်။

ခုတော့လည်း ငါ့နှယ် ဘာဖြစ်လို့ ပြန်လာကြတာလဲ ဆိုတဲ့အတွေးမျိုးကို ဘာဖြစ်လို့များ တွေးခဲ့မိပါလိမ့် လို့ ပြန်စဉ်းစားမိပြန်တယ်။

ရုံးက စီနီယာအစ်မက ဒီနှစ်ထဲ သူ့အမျိုးသားရှိရာ လိုက်တော့မှာ ဆိုတော့ ကိုယ်ပြောမိတယ်။ "အစ်မ လွမ်းနေရမှာနော်" လို့။ သူကလည်း ကိုယ့်လို ပေယျာလကံသမား၊ ရွက်ကျပင်ပေါက်လို လူမျိုး၊ ဒါ့အပြင် ခုလောလောဆယ် အချိန်က ထွက်ရဖို့ကို ထက်ထက်သန်သန် ကြိုးစားနေတဲ့အချိန်ဆိုတော့ "ငါတော့ သိပ်လွမ်းမယ် မထင်ပါဘူး။ မလွမ်းတတ်ဘူး။" လို့ ပြောတယ်။

ကိုယ် သူ့ကို ပြုံးကြည့်နေမိတယ်။ ပြီးတော့ "အစ်မ မသွားရသေးလို့ ဒီစကားမျိုး ပြောတာပါ" လို့။

လူဆိုတာ ကိုယ် မွေးဖွားကြီးပြင်းခဲ့တဲ့နေရာ၊
ကိုယ်ကျင်လည် ဝင်ဆန့်တဲ့ အသိုက်အဝန်းရှိတဲ့နေရာ၊
ကိုယ့်ကိုချစ်တဲ့ ကိုယ်ကချစ်တဲ့ ချစ်သူတွေ ရှိတဲ့နေရာကို စွဲလမ်းဖက်တွယ်ချင်တာပဲ။
(အဲဒါကို အတင်းရော ဇွတ်ရော ကိုယ်သာလျှင် ချစ်တတ်တဲ့ အာဝေနိက ဂုဏ်တရပ်လို လုပ်ပြောနေရင်တော့ မေတ္တာတုံးတယ်။ ပြီးတော့ အယုံအကြည်မရှိဘူး။ အဲဒါ ဠင်းတလောက်တော့ ငှက်တိုင်းလှတဲ့ အတ္တပဲ။)

***
၆) သူများယောင်လို့ယောင် အမောင် တောင်မှန်း မြောက်မှန်းမသိ


ဆန့်ကျင်ပါတယ်

ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်
ဆန့်ကျင်ပါတယ်

(ဘာမှ မဟုတ်ဘူး။ အော်ကြည့်တာ။ တခုခုများ ဖြစ်သွားမလားလို့။
)

***

Tuesday, March 16, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၉)


နောက်တရက်ကျတော့ ခရီးလွန်နေတဲ့ သူငယ်ချင်းတစ်ယောက် ပြန်ရောက်လာခဲ့တယ်။


ငွေကို ဘယ်လိုရှာ၊ ဘယ်လိုသုံး၊ ဘယ်လိုဖြုန်းရင် ဘယ်လိုမွဲ၊ တွေးပူပြီး ကပ်စေးန
ည်း... :D
(ဗျူဟာ - Black Hole)

ပြန်ရောက်တဲ့ အချိန်မှာ လူကြီးတွေထဲက ကိုယ်မသိလိုက်ဘဲ လျော့သွားတာတွေ အများကြီးပဲ။
ဆိုင်ကယ်မှီထားတဲ့ သူငယ်ချင်းရဲ့ မေမေ ဆုံးတယ်။
မသိလိုက်ဘူး။ လွန်ခဲ့တဲ့ ၈ လလောက်က...

အဲဒီသူငယ်ချင်းရဲ့ အမေက ဆရာဝန်မို့ မပြန်ခင် မေးစရာရှိတာတွေ မေးဖို့ data တွေ စုသွားတာ...
ပြန်ရောက်ရောက်ချင်း သတင်းကြားရတော့ တုန်လှုပ်မိပါတယ်။
အဲဒီ သူငယ်ချင်းနဲ့ကို ပြန်ခါနီးမှ အဲဒီ တရက်ပဲ တွေ့ခဲ့ရတာ။

ဒီကြားထဲကမှ နောက်သူငယ်ချင်းတစ်ယောက်ရဲ့ အဖေဆီကို သွားမယ် လုပ်ရင်းက မရောက်ဖြစ်ခဲ့ဘူး။
ကိုယ့်ကို ဘာဖြစ်လို့ ခေါ်မလာသလဲ လို့ သူငယ်ချင်းကို မေးတယ် ဆိုတယ်။
၁ဝ ရက်လောက် နေခဲ့တာမှာ ဝတ္တရားတောင် မကျေခဲ့ပါဘူး။
လူကြီးတွေ စုံအောင် မတွေ့နိုင်ခဲ့ဘူး။ အဲဒါလည်း နှစ်တိုင်း ပြန်တိုင်းပဲ။
ဟိုလူကျန်လိုက် ဒီလူကျန်လိုက်နဲ့...

တကယ်တော့ ကိုယ်ဟာ နှမ်းဖြူးတတ်သူ မျှသာပဲ။


သူငယ်ချင်းတစ်ယောက်ရဲ့ လုပ်ငန်း လုပ်တဲ့ ခြံ။ နေတာကတော့ တခြားမှာပါ။
ဒါပေမဲ့ သူ့အစ်ကိုကြီး အိမ်ထောင်ကျပြီးတော့ အဲဒီအိမ်မှာနေတယ်။
ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲ ဖိတ် ဆိုပြီး အုပ်စုထဲက သူငယ်ချင်းနဲ့ ဝိုင်းလှော်ကြပေမယ့် ကာယကံရှင်တွေက တုတ်တုတ်မှ မလှုပ်တော့ ခုတော့ သူများအိတ်ထဲ ကလေးလေးတစ်ယောက်တောင် ဖိတ်သွားပြီ။

ပြန်တွေးရင် ပျော်ရွှင်ရယ်မောစရာ အတိတ်တွေရှိလို့ ကျေနပ်မိပါတယ်။


ဘုရားပေါ်မှာ...

(ဒီဓါတ်ပုံထဲမပါတဲ့ သူငယ်ချင်း ၂ ယောက် အသင့်စောင့်နေမယ့် အိမ်ဆီအသွား၊
ကိုယ်က မြစ်ကို ဓါတ်ပုံရိုက်ချင်တယ် ဆိုတာနဲ့ ဝင်ကြတာ။)


သူတို့တွေနဲ့ မူကြိုကတည်းက အတူတူ။ စတုတ္ထတန်းမှာ အဲဒီက ပြောင်းရတယ်။
ကိုယ် နှစ်တိုင်းလိုလို ပြန်လာတယ်။ ပြန်တိုင်း တွေ့တယ်။

"ဒေါက်တာ ခင်မောင်ဝင်း" ရဲ့ "အမေ နဲ့ ကျွန်တော်" စာအုပ်မှာ အမေနဲ့ သူတို့တတွေရဲ့ နွေရာသီကျောင်းပိတ်ရက် အညာပြန်ခရီးစဉ်အကြောင်း ဖတ်ရတဲ့အခါ... ခေတ်ကာလ အခြေအနေနဲ့ သွားလာရတဲ့ ခရီးစဉ်တွေ မတူပေမယ့် သူရေးသွားတဲ့ စကားလုံးတိုင်းကို ကိုယ် လှိုက်လှိုက်လှဲလှဲ ခံစားလို့ ရပါတယ်။ အဲဒီစာအုပ်ထဲမှာပါတဲ့ သူ့ အတွေးအခေါ်တွေကိုလည်း ကိုယ် နက်နက်နဲနဲ နားလည်မိတယ်လို့ ထင်ပါတယ်။

သွားရေးလာရေး ခက်တဲ့ကြားက ဒေါက်တာ့အမေဟာ သားသမီးတွေကို သူ့ဇာတိ၊ သူ့ဆွေမျိုးတွေရှိတဲ့ အညာကို နှစ်တိုင်း မရောက်ရောက်အောင် ပြန်ပို့ပေးခဲ့တယ်။ အဲဒီအတွက် ဒေါက်တာဟာ သူ့အမေကို သိပ် ကျေးဇူးတင်မိပါတယ် လို့ ဆိုတယ်။

ကိုယ်လည်းပဲ...

"ဒါ ကိုယ့်ရဲ့ မူကြိုတုန်းကတည်းက သူငယ်ချင်းတွေ" လို့
ဒီအသက်အရွယ် ရောက်တဲ့ထိ ဆွဲထုတ်ပြစရာ ရှိခဲ့တာအတွက် အညာကို နှစ်တိုင်း ပြန်ပို့ပေးခဲ့တဲ့ မိဘတွေကို သိပ် ကျေးဇူးတင်ပါတယ်။

***
မအူပင် GTC မှာ သွားတက်ရတဲ့ သူငယ်ချင်းတယောက်ပြောတာ သတိရမိတယ်။
သူက Mechanical, သူတက်နေတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကလည်း Mechanical,
သူတို့ကျောင်းက ကျောင်းစောင့်ကလည်း ကျောင်းစောင့်သာ လုပ်နေတာ ဘွဲ့ရပြီးသား ဆိုတယ်။ (သူလဲ ခသမဟ ပေါ့)။ Evening သင်တန်းတွေ ပေါ်တော့ အဲဒီကျောင်းစောင့်က ကျောင်းဆက်တက်တယ်။ ယူတဲ့မေဂျာက Mechanical

မေဂျာတွေ အချင်းချင်း သူသာတယ်။ ကိုယ်သာတယ် စကားနိုင် လုကြတော့...
အဲဒီ သူငယ်ချင်းက သူ့မေဂျာဘက်က တခွန်းပဲ ဝင်ပြောလိုက်တယ် တဲ့။

"ဟေ့ ဘာမှ ပြောမနေနဲ့။ ဒီကျောင်းမှာ ကျောင်းအုပ်က စလို့ ကျောင်းစောင့်ထိ Mechanical တွေချည်းပဲ" လို့...

(မြန်မာပြည်မှာလည်း ကောင်းတာရော မကောင်းတာရော ထိပ်ဆုံးရောက်နေတဲ့လူတွေ မကြည့်လိုက်နဲ့။ ကြည့်လိုက်မှဖြင့် အညာကချည်းပဲ။)

***

Sunday, March 14, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၈)


အမြစ်ဖြတ်မရဘဲ အသည်းထဲ စွဲကာပင်...
(အဖြေက အသည်းကင်ဆာ မဟုတ်ဘူး)


ထန်းမြစ်


ကိုယ့် နိုင်ငံလေးမှာ ထန်းမြစ်လေးတွေကစ ချစ်တယ်။ (စားကောင်းတာကိုး)
အကြိမ်ပေါင်းတစ်ထောင် စားရရင်လည်း ကိုယ့်နိုင်ငံက အမြစ်တွေပဲ ပြန်စားမယ်။


ကိုယ်ပြန်တဲ့ အချိန်မှာ သိပ်မပေါတော့ဘူး။
ရအောင် မှာပေးတဲ့ မေမေ့ကို ကျေးဇူးတင်ပါတယ်။
Korea ဂျင်ဆင်း လောက်တော့ ပျင်းတာပေါ့။
(ခေါင်းစဉ်က မေရှင် သီချင်း နားထောင်နေရင်း ရေးတာမို့)

***

သလ္လာဝတီ









ရေချိုးဆိပ်






ဘဝတွေဟာ မတိုးတက်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အတိုင်းပဲ။
ဒါကြောင့် သူတို့ သနားစရာကောင်းတယ် လို့...
ကိုယ် (လုံးဝ) လုံးဝ မထင်မိဘူး။
သနားရအောင် ကိုယ်က ဘာမှ မဟုတ်ဘူးလေ။ ပြောလို့ရမလား။
ဘဝကို ကျေနပ်နိုင်တာခြင်း၊ လွတ်လပ် ပျော်ရွှင်တာခြင်း ယှဉ်ရင် ကိုယ်က သူတို့ထက် သာပါမယ် လို့...







အလောင်းစည်သူမင်းကြီး တည်ခဲ့ (တယ်လို့ ထင်ရ) တဲ့ မြစ်ကမ်းနဖူးက ဘုရား။
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ထင်တယ်။
ရှေးဟောင်းဆင်းတုတော်တွေ အခိုးခံရတော့ တော်တော် နာမည်ကြီးသွားသေးတယ်။

***

ကျိန်စာမိနေသူများ (သို့မဟုတ်)
အညာက ဘူဇွာကြီးများ :D


အညာသူတွေဟာ ဆိုင်ကယ်ကို ဖိနပ်လို စီးတယ်။ :)




အဲဒီနေ့ကတော့ ၄ ယောက်ပဲ ဆုံဖြစ်တယ်။
အပြာရောင်တစ်ယောက်ပဲ အိမ်ထောင်ကျသေးတယ်။

ကိုယ့်ရဲ့ 3rd cousin တစ်ယောက်နဲ့။

ကျန်တဲ့လူတွေကို "နင်တို့ ကျိန်စာမိနေတာ ဖြစ်မယ်" လို့ ပြောမိတော့ "ဘယ်သူ့ကိုပြောတာလဲ။ သူလား ကျိန်စာမိတာ" လို့ အိမ်ထောင်ကျပြီးသား တစ်ယောက်ကို လက်ညှိုးညွှန်ပြီး ပြန်မေးတယ်။
"ခသမဟ" တွေချည်းပါလား။ :D


(ဖြတ်ပြောရရင် သူငယ်ချင်းတစ်ယောက် အိမ်ထောင်ကျလို့ သားကလေး တစ်ယောက်ရနေတာတွေ့တော့လည်း လုံးဝ အားမကျမိပြန်ဘူး။
အဲဒါကျတော့လည်း ကလေးတွဲလောင်းနဲ့ ရှုပ်လိုက်တာလို့ပဲ တွေးမိပြန်တယ်။ ဒုက္ခ)


***

Saturday, March 13, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၇)




ရွာသားလေး ရဲ့ ရွာ။

(အရင် post တွေတည်းက တင်ရမှာ။ ကျန်သွားလို့။)


တနည်းအားဖြင့် မုံရွာကို ရောက်ခဲ့ကြောင်း သက်သေပြတာပေါ့။
တကယ့်မြို့အဝင်က "မုံရွာမြို့မှ ကြိုဆိုပါ၏" မုခ်ဦးကို ရိုက်ဖို့ ကြံတာ အသွားရော အပြန်ရော လက်နှေးနေလို့ မရလိုက်ဘူး။ ဒါနဲ့ တွေ့တာပဲ ကောက်ရိုက်လာခဲ့တယ်။

အိမ်ပြန်ချင်နေတဲ့ ရွာသား ကိုတော့ တခု ပြောချင်ပါတယ်။
ဓါတ်ပုံကြည့်ပြီး "လွမ်းလို့ ကျန်ရစ်ခဲ့မှာ အားနာပါတယ်လေ"။ :)

***
အလွမ်းများ

မေမေတို့ ငယ်သူငယ်ချင်း တစ်ယောက်က ဂျာမနီရောက် နတ်မောက်သား မြန်မာဆရာဝန်တစ်ယောက်နဲ့ လက်ထပ်ပြီး ဟိုမှာပဲ နေတယ်။ ကြာလှပြီ။ ကိုယ် ၄ နှစ် လောက်တည်းက ထွက်သွားတာ။


ဟိုရောက်ကတည်းက သူ အလုပ်မလုပ်ပါဘူး။
အဖေဗမာ၊ အမေဗမာက မွေးထားတဲ့ ဂျာမနီသူ တစ်ဦးတည်းသော သမီးကလေးတစ်ယောက် ရှိတယ်။
(အရင် post မှာ ရေးထားတဲ့ ကြိုးကြာကလေးတွေ
လိုတော့ အဲဒီ သမီးလေးက မိုင်ထောင်ချီပြီး ပြန်လာမယ် မထင်မိဘူး။ ဘာဖြစ်လို့ဆိုတော့ သူက ငှက်ကလေး မဟုတ်လို့ပေါ့။)

အဲဒီ အန်တီကတော့ ၄/ ၅ နှစ် တခါလောက်တော့ ပြန်လာတတ်တယ်။
အညာထိကို ရောက်အောင် ပြန်လာပါတယ်။
ငယ်ငယ်တုန်းကတော့ သမီးလေး ပါလာတတ်တယ်။
နောက်ပိုင်းတော့ သူတစ်ယောက်တည်းပါပဲ။ သူ့အမျိုးသားကတော့ တခါမှ ပြန်မလာဘူး။

နောက်ဆုံးတစ်ခေါက်ကတော့ ကိုယ် နောက်ဆုံးနှစ်လောက်မှာ ထင်တယ်။
အိမ်မှာ လူစုံကြတုန်း သူ့ကို ဟိုပြန်ရောက်ရင် အမှတ်တရ ပြန်ကြည့်ဖို့ မြန်မာပြည်ခရီးစဉ်ကို video ရိုက်ယူသွားပါလား အကြံပေးကြတော့ သူက ပြောတယ်။

"ဟိုပြန်ရောက်တာနဲ့ ပစ္စုပ္ပန်ကို တည့်တည့်ရှုပြီး နေရတာ။ ဒါတွေကြည့်ပြီး ပြန်လွမ်းမနေနိုင်ဘူး" တဲ့။

အဲဒီကတည်းက သူ့ feeling ကို ကိုယ် နားလည်မိတယ် ထင်ပါတယ်။
သူ ပြန် မလွမ်းချင်ရှာဘူး...

***
ကိုယ်လည်းပဲ...


























ပြန် မလွမ်းချင်လို့ ဘာမှ မရိုက်ဘဲ အတတ်နိုင်ဆုံး နေခဲ့တယ်။
အိမ်ကို မရိုက်ခဲ့ဘူး။ မြို့တွင်းကို မရိုက်ခဲ့ဘူး။ အိမ်က အစားအသောက်တွေ မရိုက်ခဲ့ဘူး။
လွမ်းရတာ... တမ်းတရတာ... ဘယ်ဟာမှ မကောင်းဘူး။

ဓါတ်ပုံတွေဆိုတာ အတိတ်ရဲ့ အရိပ်တွေပဲ။
အတိတ်နဲ့ ပစ္စုပ္ပန်က အဟပ်ကွာနေတဲ့အခါ အရိပ်ဆိုတာ ဝေဒနာတွေသာ ပေးတယ်။

***
အညာဆောင်း

ရောက်တဲ့ ညနေက ရေချိုးခန်းထဲကို အမှတ်တမဲ့ ဝင်လိုက်တယ်။
ရေကတော့ ရေနွေးစပ်ပြီးသား အသင့်။
စီးထားတဲ့ ဖိနပ်ချွတ်ပြီး နင်းလိုက်တာနဲ့ ခုန်ဆွ ခုန်ဆွ ဖြစ်သွားတယ်။

အားးးးးးးးးးးးးး
အေးလိုက်တာ။

ဒါတောင်မှ ဖေဖော်ဝါရီ လလယ်။

***
Starving Queen

မနက်တိုင်းလိုလို မုန့်တီသုတ် စားတယ်။ ကြိုက်လို့။
ထန်းသီးမုန့်က ကိုယ် သိပ်ကြိုက်တဲ့ အစားအစာ မဟုတ်ဘူး။
မစားရတာ ကြာရင်တော့ စားချင်မိတယ်။ အဲဒီမှာ တခါပဲ စားခဲ့တယ်။
ဓါတ်ပုံ မရိုက်ဖြစ်ဘူး။ ရန်ကုန်အိမ်မှာ အဒေါ်ဝမ်းကွဲ နှစ်ယောက် အုန်းနို့ခေါက်ဆွဲ ချက်ကျွေးတာလည်း မရိုက်ဖြစ်ဘူး။

အစားအသောက်နဲ့ ပတ်သတ်ရင် ကိုယ့်ကို အမျိုးမျိုး မှတ်ချက်ပေးတာ ခံရမယ်။
ရန်ကုန်မှာ အတူနေတဲ့ အဒေါ်ကတော့ "သိပ်ဂျီးများတာပဲ" လို့ ပြောလိမ့်မယ်။
မေမေနဲ့ အဒေါ်ဝမ်းကွဲတွေကတော့ "သူက ဘာမှ ဂျီးမများဘူး။ ကောင်းရင် အကုန်စားတယ်" လို့ ပြောလိမ့်မယ်။

တကယ်က နှစ်ခုလုံး မှန်တယ်။ ကိုယ့် တဦးတည်းသော အဒေါ်က ဟင်းချက်မကောင်းဘူး။
ဒါတောင် ကိုယ်နဲ့ တူတူနေတဲ့ အချိန်တွေများလို့ လက်ရည်တက်လာသေးတယ်။
ဟင်းချက်မကောင်းတဲ့သူ ချက်တာ စားနေတုန်းကတော့ ဘာမှ စိတ်တိုင်းမကျဘူး။
အချက်ကောင်းတဲ့လူတွေ ချက်ကျွေးတော့ ဘယ်တုန်းကမှ မကြိုက်တဲ့ ငါးဟင်းတောင် စားကောင်းနေတတ်တယ်။

ကိုယ့်ဆောင်ပုဒ်က "ကောင်းရင်ကောင်းပစေနော်၊ များများလေး"။
(တကယ်က များများ မစားနိုင်ပါဘူး။ အသင့်ပြင်ဆင် ကျွေးမယ့်သူ မရှိတဲ့ အချိန်မှာ စားဖို့သောက်ဖို့ တကူးတက လုပ်နေရတာ သိပ် အလုပ်ပိုတယ် လို့ ထင်မိတယ်။)


စာအုပ်ဖတ်ပြီး အိမ်မှာ အေးအေးဆေးဆေး နေချင်မိပေမယ့် ဟိုသွား ဒီသွား မသွားမဖြစ်တွေလည်း သွားရသေးတယ်။ နေ့ခင်းဖက်တွေဆို ဆိုင်ကယ် မစီးချင်တတ်ဘူး။ နေပူပူမှာ လေတိုးတာ မခံချင်လို့။
ဒါပေမဲ့ ဖေဖော်ဝါရီက နေ သိပ်မပြင်းတာမို့ တော်သေးတယ်။

အိမ်ပြန်သွားတဲ့ အချိန်မှာ ဟိုထွက် ဒီထွက် ထွက်လိုက်၊ စာအုပ်လေး ဖတ်လိုက်၊ အသင့်ပြင်ပြီး စားစရာရှိတာ စား၊ ပြီးတော့ ပန်းကန်မဆေးဘဲ ထသွားလိုက်နဲ့ ဘုရင်မကြီး တပါးလို စံမြန်းပြီး နေလာခဲ့တယ်။

(အီသီယိုပီးယားက ဘုရင်မကြီး)

***
ဘိုးဘွားရိပ်သာ

ဧည့်သည် ၁ဝ ယောက်ပဲ ဖိတ်ခဲ့တယ်။
အဘိုး အဘွား အယောက် (၃ဝ) လောက်ပဲ ရှိတယ်။









အဲဒီလို မြေသားမာမာမှာ ဖိနပ်မပါဘဲ ခြေဖဝါးချည်း သက်သက် လမ်းလျှောက်ချင်မိတယ်။
ဘာဖြစ်လို့များ အဲဒီရောက်တုန်းက လျှောက်မကြည့်ခဲ့မိပါလိမ့်။
ငယ်ငယ်ကတော့ မြေကြီးပေါ် ဖိနပ်မပါဘဲ ဆင်းရင် မေမေဆူမယ်။ လူကြီးတွေ ဆူမယ်။
ဖိနပ်ပြန်စီးခိုင်းမယ်။

ခုနေ ကိုယ် ဆင်းလျှောက်ရင် ဘယ်သူမှ ဘာမှ ပြောတော့မယ် မထင်ဘူး။
ဒါပေမဲ့ အသက်ကြီးလာတော့ တားမယ့်သူ မရှိလဲပဲ လုပ်ချင်တာတွေကို စိတ်ရှိတိုင်း မလုပ်ဖြစ်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ် ကိုယ်မျက်စေ့မှိတ်လိုက်ရုံနဲ့ အဲဒီ မြေကြီးရဲ့ အေးစက်ရှတ အထိအတွေ့ကို ကိုယ့်ခြေဖဝါးတွေဆီက ခံစားလို့ရတယ် ပြောရင် ယုံသလား။







အညာလိုနေရာမှာ ဘိုးဘွားရိပ်သာ လိုအပ်နေရတာကို ကိုယ် စိတ်မကောင်းဘူး။
အရေအတွက် နည်းနည်းပဲ ရှိတာမို့ စိတ်သက်သာရာ ရမိပါတယ်။







နေ့လည်စာ မစားခင် ဆုတောင်းပေးကြတာ ကြည့်ပြီး ဘာကိုမှန်းမသိ ဝမ်းနည်းနေမိပြန်တယ်။

မပြန်ခင် ဖတ်လာခဲ့တဲ့ စိုးမြတ်သူဇာ "Feeling 35" ထဲက "မကလျာက feeling သမား" ဆိုတဲ့ စကားလုံးကို သတိရနေသေးတယ်။





ဘယ်လိုပဲ စားဖို့အသင့်၊ နေဖို့အသင့် နဲ့ နေရတယ်ပြောလည်း လူကြီးတွေအဖို့ ပြည့်စုံမှာ မဟုတ်ဘူးလို့ တွေးမိတယ်။ အဲဒီမှာ စည်းကမ်း သိပ်မတင်းကျပ်ဘဲ သူတို့ ဆွေမျိုးသားချင်းတွေ ရှိရာကို လွတ်လွတ်လပ်လပ် လည်ခွင့်ပေးတယ် ကြားရတော့လည်း စိတ်သက်သာမိပါတယ်။

***
ဘိုးဘွားရိပ်သာတွေ ရှိတာ ကောင်းပါတယ်။
ရှိဖို့ မလိုအပ်ရင်တော့ အကောင်းဆုံးပဲ။


***

ဘာရယ်မဟုတ် ဝယ်ဖြစ်လိုက်မယ့်၊ စားဖြစ်လိုက်မယ့်
မများလှတဲ့ ပမာဏနဲ့ ပိုက်ဆံဆိုတာဟာ အသက်အရွယ်ကြီးနေတဲ့ ခိုကိုးစရာမရှိတဲ့ လူကြီး အယောက် (၃ဝ) လောက်ရဲ့ တစ်ရက်စာ စားစရိတ် ဖြစ်တယ် ဆိုတာကို ဒီမှာ အနှမျောမရှိ သုံးဖြစ်လိုက်မယ့် အချိန်မှာ ကိုယ် သတိရမိကောင်းပါရဲ့။

***

Thursday, March 11, 2010

ရွှေလိပ်ပြာလေး မရှပ်တေး

ငယ်ငယ်တုန်းကပေါ့။ ၃/ ၄ နှစ်မှာ...
အိမ်နောက်ကျောဘက် လမ်းမပေါ်မှာ အထက်တန်းကျောင်းရှိတယ်။
အိမ်ကနေဆိုရင် ၁ဝ မိနစ်လောက်ပဲ လျှောက်ရင် ရောက်ပြီ။
အိမ်ကနေ ဘယ်ဘက်ကိုထွက်၊ ပြီး ဘယ်ပြန် ထောင့်မှန်ချိုး၊ လမ်းမကိုကူး၊ ညာပြန်ထောင့်မှန်လျှောက် zip zag ပုံ သွားရင် ရောက်ရော။

အဲဒီကျောင်းထဲမှာ အားကစားပွဲ လုပ်တော့ အိမ်ကနေ အသံတွေ ကြားရတယ်။
ကိုယ်က သွားကြည့်ချင်တယ် လိုက်ပို့ပေး ပူဆာတော့ ဖေဖေက စက်ဘီးနဲ့ လိုက်ပို့တယ်။
ကျောင်းထဲ ရောက်လို့ ၅ မိနစ် မပြည့်ခင်မှာပဲ မကြည့်ချင်တော့ဘူး။
ပြန်မယ် လုပ်ပြန်ရော... ကလေးအတွက် စိတ်ဝင်စားစရာလဲ မကောင်း၊ ကောင်းကောင်းလဲ မမြင်ရလို့ နေမယ်။

အဲဒါ ဖေဖေက "ခုပဲ လာချင်တယ်။ ခုပဲ ပြန်ချင်တယ် လုပ်ပြန်ပြီ။ ပြန်ချင်ရင် ကိုယ့်ဘာသာကိုယ် ပြန်။ ဖေဖေက နေခဲ့ဦးမယ်။" လို့ ပြောတယ်။ အဲဒါနဲ့ ဂျီကျမယ် ထင်လား။ မကျဘူး။ "အင်း ပြန်မယ်။" လို့ ပြောပြီး ထွက်လာခဲ့တယ်။

ဖေဖေက စက်ဘီးတွန်းပြီး နောက်ကနေ အသာ လိုက်ကြည့်ခဲ့တယ်။
ကိုယ်က နောက်တောင် လှည့်မကြည့်ဘူး ဆိုတယ်။

အိမ်နားရောက်တော့ တောဘက်က လာရောင်းတဲ့ ဈေးသည်တချို့နဲ့ ဆုံတော့ "ဟဲ့ ကလေးလေး တယောက်တည်းလား" ကိုယ့်ကို ကြည့်မေးတော့ ကိုယ်က လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး သူတို့ကို လှမ်းထိနှုတ်ဆက်တယ် ပြောတယ်။ လမ်းမှာ ရပ်ထားတဲ့ ကားတို့ ဆိုင်ကယ်တို့ သစ်ပင်တို့ တွေ့ရင် ကလေးတွေ လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး ထိသွားကြတယ် မဟုတ်လား။

ပြီးတော့ အိမ်ထဲ ဝင်ချသွားရော...

***
အဲဒီအရွယ်လောက်မှာပဲ ၁၅ မိနစ်၊ မိနစ် ၂ဝ စာဝေးတဲ့ ဖေဖေ့ဘက် အဘိုးအဘွားအိမ်ကနေ၊ မေမေ့ဘက်အဘိုးအဘွားအိမ်ကို ဘယ်သူ့မှ မပြောဘဲ တစ်ယောက်တည်း ထွက်သွားဖူးတယ်။
အဲဒါကိုတော့ ကိုယ့်ဘာသာ မှတ်မိတယ်။

တမင် မသိအောင် ထွက်တာတော့ မဟုတ်ဘူး။
ဒီအိမ်နဲ့ ဒီအိမ်သွားတာ ဘယ်သူ့မှ လေကုန်ခံပြောစရာ မလိုဘူးများ ထင်နေခဲ့လား မသိဘူး။

ဟိုဘက်အိမ်ရောက်တော့မှ "ဟင် တစ်ယောက်တည်း လာတာလား။ ဘယ်သူပါသေးလဲ။ ဘယ်သူမှ မပါဘူးလား" နဲ့ ပျာယာတွေခတ်ပြီး... ဟိုအိမ်ကို တစ်ယောက်သွားပြော။ မပြောခင်မှာပဲ ဟိုအိမ်က လိုက်လာပြီ။ လမ်းမှာလည်း ကိုယ့်ကို တစ်ယောက်တည်း ထွက်သွားတာ မြင်လိုက်တဲ့ အသိ ဦးလေးကြီးတစ်ယောက်က နောက်က လိုက်လာကြည့်ပေးတယ် ပြောတယ်။ (အညာမှာတော့ ဒီလိုပါပဲ။)

***
အဲဒါနဲ့ ဖေဖေ့ဆီမှာ ပုံပြင်တစ်ပုဒ် ထွက်လာတယ်။
"ရွှေလိပ်ပြာလေး မရှပ်တေး" တဲ့။
သူ့မေမေ မသိအောင် တိတ်တိတ်လေး အပြင်ခိုးထွက်လို့ စုန်းမကြီးဆီ ရောက်သွားတဲ့ အကြောင်း။ စုန်းမကြီး မသိခင် လွတ်အောင် ပျံပြေးလာရလို့ အိမ်ရောက်တော့ အတောင်တွေတောင် ညောင်းကုန်တဲ့ အကြောင်း။

ဇာတ်ကြောင်းအကုန်တော့ မမှတ်မိတော့ပါဘူး။ မေ့ကုန်ပြီ။

***
အဲဒီ "ရွှေလိပ်ပြာလေး မရှပ်တေး" က သမီးလား ဖေဖေ လို့ ဖေဖေ့ကို မမေးလိုက်ရဘူး။

***

Monday, March 8, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၆)


ကြိုးကြာငှက်တွေဟာ ကမ္ဘာ့တဘက်ခြမ်းကနေ နောက်တဘက်ခြမ်းကို ပျံသန်းပြီး ဥ ဥကြတယ်။
အကောင်ပေါက်လာတဲ့ ငှက်ကလေးတွေက အချိန်ကျတော့ သူတို့မူရင်းနေရာကို ပြန်ကြတယ်။

***

ငှက်ကလေးတွေဟာ တခါမှ မရောက်ဖူးသေးတဲ့ သူတို့ရဲ့ မူရင်းဇာတိကို
မိုင်ထောင်ချီပြီး ပျံသန်းလာနိုင်တာဟာ ဘာကြောင့်များလဲ။

ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ သူတို့ရဲ့ အသွေးအသားထဲမှာရှိနေတဲ့ ဇာတိမြေရဲ့ ရနံ့ကို မှတ်မိသိရှိနိုင်လို့ပေါ့။


***





ဘယ်တော့မှ ဆန်းသစ်မလာတဲ့ နေရာ...
တနည်း... ဘယ်တော့မှ ရိုးမသွားတဲ့ နေရာ...


ဒီထက်ပိုလို့... ကိုယ်ဘယ်နေရာမှာပဲရှိနေပစေ၊ မျက်စေ့မှိတ်လိုက်ရုံနဲ့ ကိုယ့်အသိအာရုံတွေထဲကတဆင့် အချိန်မရွေး ပြန်ရောက်နိုင်စွမ်းတဲ့ နေရာ...


ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြေရဲ့ ရနံ့က ကိုယ့်အသွေးအသားတွေထဲမှာ ရှိနေတာမို့လို့ပေါ့။

***

ရာသီတပေါင်း၊ ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း။



















ပညာပြပြီး ရိုက်ထားတာတော့ မဟုတ်ဘူး။
ကားမောင်းနေတုန်းမို့ ဖုန်းကင်မရာနဲ့ လက်ကလဲ တုန်သွားလို့ ဒီပုံဖြစ်သွားတာ။


***















နိုင်ငံခြားမထွက်ခင် April 2007 မှာ နောက်ဆုံး ပြန်ဖြစ်တယ်။
ခု ပြန်ရောက်တဲ့ရက်က 10th February 2010 ဆိုတော့ ၃ နှစ်နီးပါး ပြန်မရောက်ဖြစ်တာပေါ့။
ဘာမှမပြောင်းလဲနိုင်သေးတဲ့ နေရာတွေ...

ပြောင်းလဲတာ ဆိုလို့ 88 မတိုင်ခင်က
မှန်မှန်ရတဲ့ မီးနဲ့ သတင်းစာ မှန်မှန် မရတော့တာပဲ ရှိမယ်ထင်တယ်။

သြော် ကျန်သေးတယ်။ 88 မတိုင်ခင်က လေယာဉ်ဆင်းတဲ့ ပခုက္ကူက ကွင်းထဲ ခုတော့ ပုစဉ်းတောင် ဆင်းသေးရဲ့လားမသိဘူး။

***

ထနောင်းပင် (သို့) သနပ်ခါးလိမ်းထားတဲ့ သစ်ပင်
(ထနောင်းပင်ရဲ့ အခေါက်က အဝါရောင်မို့လို့။ ဖုန်းကင်မရာက မကောင်းတာရယ်၊ ကားမောင်းနေတုန်း၊ ဆိုင်ကယ်မောင်းနေတုန်း ရိုက်ခဲ့တဲ့ ပုံတွေဖြစ်တာရယ်နဲ့ သေချာ မမြင်ရတော့ဘူး။ တောင်းပန်ပါတယ်။)


ထနောင်းပင်က သနပ်ခါးလိမ်းထားတဲ့ သစ်ပင်ဆိုရင်၊ ယူကလစ်ပင်က ပေါင်ဒါရိုက်ထားတဲ့ သစ်ပင်ပေါ့။




ဒါတွေကို နှစ်သက်ကြည်မွေ့ပေမယ့်၊ ဘဝမှာ ဒါတွေနဲ့ မလုံလောက်နိုင်တဲ့အခါ ဒါတွေထက်မကတဲ့ အရာတွေနောက်ကို လိုက်မိတယ်။
ဒါပါပဲ...

***
အိမ် (သို့) မေမေ ရှိတဲ့နေရာ...









July လည်း ကြည့်ချင်တယ် ဆိုတာနဲ့ အိမ်ပုံ တင်မလို့ပါပဲ။
ဒါပေမဲ့ မတင်ဖြစ်တော့ပါဘူး။

***

ဂျပန်ပြည်မှ နပန်းသမားလေး :)



second cousin မောင်လေး။ အဒေါ်ဝမ်းကွဲက မွေးတာ။
သူ့မေမေအကြောင်း ဒီဘလော့မှာ နည်းနည်း ရေးဖူးတယ်။
သူ့မေမေနဲ့ ကိုယ်နဲ့ ၁၈ နှစ် ကွာပြီး တူဝရီး၊ သူနဲ့ကိုယ် ၁၇ နှစ်ကွာပြီး မောင်နှမ။ ဒီနှစ် ၇ တန်း။

ငယ်ငယ်တုန်းက အဲဒီကောင်လေးဟာ ကလေးလေး ပေါ့ လို့ ပြောရင် ရယ်စရာကြီး ဖြစ်နေမလား။ တွေ့တွေ့ချင်း ကိုယ်ထိုင်နေတဲ့နေရာလာတော့ သူ့ခါးကို ဖက်ပြီး "အမလေး ဆူမိုနပန်းသမားကြီး ကျနေတာပဲ" လို့ ပြောမိတယ်။ ကိုယ်က သူ့တစိတ်လောက်ပဲ ရှိတယ်။

ကိုယ်သွားတဲ့အချိန်က ကျောင်းပိတ်ချိန် မဟုတ်တော့ မောင်နှမဝမ်းကွဲတွေ ရန်ကုန်မှာ၊ မန္တလေးမှာ ကျောင်းတက်နေကြတယ်။ သူရယ် သူ့အထက်က ညီမတယောက်ရယ်ပဲ တွေ့ခဲ့ရတယ်။ ဝမ်းကွဲတွေထဲမှာတော့ သူတို့ အငယ်ဆုံးပဲ။

အညာမှာတော့ တဝမ်းကွဲ၊ နှစ်ဝမ်းကွဲရယ် မရှိပါဘူး။ အနေနီးရင် အရင်းလိုပါပဲ။

သူ့ကို ကြည့်ရင်း သူငယ်ငယ်တုန်းက ကလေးလေးပေါ့ ဆိုတဲ့ အတွေးကို ခဏခဏ ပြန်တွေးမိတယ်။ သူ ၃/၄ နှစ်အရွယ်တုန်းက ကိုယ့်ဆီ မလိုက်ချင်တဲ့ ကလေးသေးသေးကို ချော့မော့ပြီး ချီခဲ့ရတာ သတိရမိတယ်။

ကိုယ် အလယ်တန်း၊ အထက်တန်းအရွယ်တုန်းက တနှစ်တခါ ပြန်လာလို့ လူကြီးတွေက "ကြီးသွားလိုက်တာနော်။ ကြီးသွားကြပြီနော်" လို့ ပြောရင် ဘာမှ အလေးအနက် မရှိမိပါဘူး။ စိတ်ထဲ "လူပဲ။ ကြီးလာတာ ဘာဆန်းလို့လဲ" လို့များ တွေးခဲ့မိသေးလား မသိ။

ခုမှ ပြန်သတိထားမိပါတယ်။
အဲဒီ စကားသံတွေထဲမှာ နှမျောတသတဲ့ ခံစားမှုတစ်ခု ပါနေသေးတယ်ဆိုတာ...

ကိုယ့်မောင်လေး လူကြီးဖြစ်သွားတာ ကိုယ်တော့ သိပ်နှမျောတာပဲ။

***
ပထမဆုံးစာပိုဒ်က တရုတ်ရုပ်ရှင်ကားတစ်ကား အကြောင်းရေးထားတဲ့ ဒေါက်တာမတင်ဝင်း ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာပါ။ ကြိုးကြာငှက်လို့ မှတ်မိနေလို့ အဲဒီတိုင်းရေးမလို့ ပါပဲ။ ဒါပေမဲ့ အင်တာနက်မှာ ကြိုးကြာတွေ အကြောင်းရှာတော့ လိုချင်တဲ့ အချက်တွေကို မတွေ့ဘူး။ ဘယ်ချိန်မှာ ဥ တယ်။ ကမ္ဘာ့ဘယ်ဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းကို ပျံကြတယ် ဆိုတာ ရှာမတွေ့ဘူး။ ကိုယ်စိတ်မရှည်တာလဲ ဖြစ်နိုင်ပါတယ်။
ဒါနဲ့ပဲ အဆင်ပြေသလို ရေးထားပါတယ်။

သိတဲ့သူ ပြောသွားနိုင်ပါတယ်။ စိတ်မဆိုးပါ။ :)

***
ဒီ post ရေးရင်း ဘာဖြစ်လို့မှန်းမသိ ဝမ်းနည်းတယ်။

***