12 Jan 10, 21:17 ၁) akm: မရီတာရေ (ကံ)ဘယ်နှစ်မျိုးရှိပါသလဲ။ ကောင်တာလုပ်ရင်ကောင်းတာဖြစ်ပါသလား၊
မကောင်းတာလုပ်ရင်မကောင်တာဖြစ်ပါသလား၊
ကောင်းတာလဲမလုပ်ဘူးမကောင်းတာလဲမလုပ်ဘူးအဲ့ဒိလူကိုဘာအကြိုးပေမယ်ထင်ပါသလဲ။
12 Jan 10, 21:20၂) akm: လူတစ်ရောက်ဟာဘယ်အချိန်မှာဗုဒ္ဓဘာသာစဖြစ်တာပါလဲ။
12 Jan 10, 21:23 ၃) akm: ဘုရားအလောင်းဥဒေါင်းမင်းဟာ အဘယ်ကဲ့သိုသောကြောင့် နေကိုယ်ရှစ်ခိုးကန်တော့ရပါသလဲ။
12 Jan 10, 21:30 ၄) akm: ၀တ်ကြွေးရှိရင်ဘယ်လိုမှလွှဲရှောင်လိုမရတောဘူးလား။
***
ဒါ ပိတ်ထားတဲ့ cbox မှာ လာရေးသွားတဲ့ akm ရဲ့ မေးခွန်းတွေပါ။
akm ဆိုတဲ့ nick ကို မမကွမ် ဆီမှာလဲ တွေ့ဖူးတယ်လို့ ထင်ပါတယ်။ တူ မတူ မသိပါ။
cbox ကို blog က ဖြုတ်လိုက်ပြီး၊ သွားမကြည့်ဖြစ်လို့ ခုမှ တင်လိုက်ပါတယ်။
ကိုယ်သိသလောက် ဖြေပါမယ်။ reader တွေထဲကလည်း သိရင် ဖြေချင်စိတ်ရှိရင် ဖြေပေးသွားပါ။
ကိုယ့်အနေနဲ့တော့ ဘာစာအုပ်ကို ကိုင်လို့မှ ဖြေတာ မဟုတ်ပါဘူး ဆိုတာ အရင် ပြောပါမယ်။
ကိုင်စရာ ဘာစာအုပ်မှ အနားမှာ မရှိပါ။
ရှိသည့်တိုင်အောင် စာအုပ်ကို ဖတ်ချင်စိတ် မရှိတာ တော်တော်ကြာနေပြီ ဖြစ်လို့ ဖတ်မှာ မဟုတ်ပါဘူး။ ဗေဒင် ယတြာ post ရဲ့ နောက်ပိုင်း အန်ကယ် Bino ပို့ပေးထားတဲ့ ဘာသာရေးနဲ့ ဆိုင်တဲ့ ebook တချို့တောင် ခုထိ မဖတ်ဖြစ်သေးပါဘူး။
ဒီတော့ ခု ဖြေလိုက်တဲ့ အဖြေတွေက ကိုယ်လေ့လာဖူးသမျှ နဲ့ ကိုယ်လက်ခံထားတဲ့ အယူအဆတွေသာ ဖြစ်ပါမယ်။ တူ မတူ တိုက်ကြည့်ကြတာပေါ့။ မသိတဲ့ အပိုင်းတွေ ရှိရင် မသိဘူး လို့ ပြောပါမယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲဒီမေးခွန်းတွေဟာ မေးလောက်စရာတွေလို့ မထင်ပါဘူး။
တိတိကျကျ ပြောရရင် ဟိုတခါ ကို zt မေးသွားတဲ့ ဝဋ်ကြွေးကိစ္စမျိုးလို မေးသင့်မေးထိုက်တဲ့ စိတ်ဝင်စားစရာ မေးခွန်းမျိုးလို့ မထင်ပါဘူး။ တချို့ဟာတွေက မသိလည်းရတဲ့ ကိစ္စမျိုးတွေပါ။
***
၁) ကံ ဆိုတာ အလုပ်လို့ ဖွင့်တဲ့ အဓိပ္ပါယ်ကို ကိုယ်က ဘဝင်ကျစွာ လက်ခံပါတယ်။
ဘာမှ အသေးစိတ်နေစရာမလိုဘဲ နှစ်မျိုး ခွဲရင် ကောင်းတဲ့ကံနဲ့၊ မကောင်းတဲ့ကံ .. ဆိုတော့ (၂) မျိုးပေါ့။
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး၊ မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်တယ်လို့ လိုလိုလားလား လက်ခံပါတယ်။ ဘာလို့ လိုလိုလားလားလက်ခံရသလဲ ဆိုတော့ လွတ်လပ်တဲ့ အတွေးအခေါ်ဖြစ်လို့ပါ။ အဲဒီလို လက်ခံလိုက်ခြင်းအားဖြင့် စိတ်လွတ်လပ် ကျေနပ်မိလို့ပါ။
ဒါပေမဲ့ ခုကောင်းတာလုပ်နေရဲ့သားနဲ့ ဘာလို့ မကောင်းတာတွေ ဖြစ်နေရတာလဲ ဆိုတဲ့ ဗုဒ္ဓဘာသာဝင် မပီသတဲ့ မေးခွန်းမျိုးကို ဗုဒ္ဓဘာသာဝင်များကိုယ်တိုင် ထုတ်တတ်ကြပါတယ်။ တချို့တွေက ကံဆိုတာ မမြင်ရတဲ့ အကြောင်းတရားတခုခု၊ တန်ခိုးရှင်တယောက်ယောက်က ဖန်တီးတဲ့ အရာလို့ ထင်မြင်ယူဆ တတ်တာလည်း တွေ့ရပါတယ်။
ကိုယ်ခံယူတဲ့ အယူအဆကို ပြောပါမယ်။
ဗုဒ္ဓဘာသာမှာ သံသရာကို ထည့်မပြောလို့ မရပါဘူး။
ကျင်လည်ခဲ့ဖူးတဲ့ ဘဝတွေကို ထည့်မတွက်လို့ မရပါဘူး။
ဒီတော့ ခုကောင်းတာလုပ် ခုကောင်းတာဖြစ်ဆိုတဲ့ ခုရေတွင်းတူး ခုရေကြည်သောက် အယူအဆနဲ့ ချိန်ထိုး တွေးခေါ် တန်ဖိုးဖြတ်လို့ မရပါဘူး။ ခုကောင်းတာလုပ်ပေမယ့် အဲဒီ ကံအကောင်းက အကျိုးမပေးသေးဘဲ၊ အရင်ဘဝအဆက်ဆက်က မကောင်းတဲ့ကံက လာအကျိုးပေးရင် တရားနာပြီး ဘာဝနာတွေပွား ပီတိဖြစ်ပြီးလာပေမယ့် ကားတိုက်ခံရချင်လည်း ခံရမှာပဲ။
ဒီလိုပဲ မဟုတ်တာမမှန်တာတွေလုပ်ပြီး လောကီစည်းစိမ်အပြည့်နဲ့ စံစားနေရတဲ့လူတွေလည်း ရှာစရာမလိုဘဲတောင် တွေ့နိုင်ပါတယ်။ ဘုရားရှင် ပါရမီဖြည့်စဉ် ဘဝတွေမှာ ဒေဝဒတ်အလောင်းဟာ ဘုရားလောင်းထက် လောကီစည်းစိမ်အားဖြင့် သာလွန်တဲ့ နေရာတွေမှာ ရှိနေတတ်ပါတယ်။
နောက်တခုက ကောင်းတာလည်း မလုပ်ဘူး။ မကောင်းတာလည်း မလုပ်ဘူး။ ဆိုတာ...
တခုပြန်မေးချင်ပါတယ်။ အဲဒီလူ ကိုမာ ဝင်နေတာလား???
အဲဒါဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ (ဖြစ်ကောင်းဖြစ်နိုင်တယ်လို့သာ ပြောနိုင်သေးတယ်နော်။ သူ့စိတ်(နာမ်)ဟာ သေမနေတော့ ကောင်းခြင်း ဆိုးခြင်းက အဲဒီ စိတ်မှာ ဖြစ်နေနိုင်သေးတာ။)
ကိုယ့်အယူအဆအရကတော့ အဲဒါ out of the question ပဲ။
ကောင်းတာလဲ မလုပ် မကောင်းတာလဲ မလုပ်ဆိုတာ လူ့ဘုံမှာတော့ မဖြစ်နိုင်ဘူး။
နာမ်ပဲရှိတဲ့ဘုံ၊ ရုပ်ပဲရှိတဲ့ဘုံတွေမှာတော့ ကိုယ်မသိဘူး။
သိတဲ့လူ ရှိရင် ဒီမှာ လာဖြေပေးပါလိမ့်မယ်။ အဲဒါကို စောင့်လိုက်ပါ။
(နောက်တခု ဖြစ်နိုင်ချေက မေးသူ အနေနဲ့ မေးခွန်းကို သေသေချာချာ ရှင်းအောင်ရေးမထားပေမယ့် မေးချင်တာက ကံ မဟုတ်ဘဲ အဲဒီကံ ရဲ့ အကျိုးပေးပုံ ဖြစ်နေနိုင်ပါသေးတယ်။
ပါဠိလိုတွေတော့ ကိုယ်စိတ်မပါလို့ ပြန်မရှာတော့ပါဘူး။
မှတ်မိသလောက် ဖြေပေးပါမယ်။
၁) ချက်ချင်း အကျိုးပေးတဲ့ကံ
၂) နောက်တဘဝမှာ ပေးတဲ့ကံ
၃) ဘဝပေါင်းများစွာ ခြားပြီးမှ ပေးတဲ့ကံ
၎) လုံးဝကို အလဟဿ ဖြစ်သွားတဲ့ကံ (အဟောသိကံ ခေါ်တာပေါ့) လို့ ရှိပါတယ်တဲ့။ (လိုရင်လည်း လိုနေလိမ့်ဦးမယ်။ မသေချာသေးဘူး။ သေချာအောင် လုပ်ဖို့လည်း ရှာရမှာပျင်းတာနဲ့။ အွန်လိုင်း လွယ်လွယ် သုံးနိုင်တဲ့ ဆီက ဆိုရင်တော့ ရှာကြည့်ပါ။ တွေ့မှာပါ)
ကိုယ့် အယူအဆအရတော့ အဲဒါဟာ စိတ်ဝင်စားစရာ တယ်ကောင်းတယ် မထင်ဘူး။
ဘယ်ကံက ဘယ်ဘဝမှာ ပြုခဲ့လို့ ဘယ်အကျိုးဟာ ဘယ်ကလာတယ်ဆိုတာ သိနိုင်တာလည်း မဟုတ်တဲ့ အတူတူတော့ ကိုယ်လုပ်စရာ ရှိတာကိုသာ လုပ်နေရုံပါပဲ။
ကိုယ့်တာဝန်ဟာ ကောင်းတာပြုဖို့လို့ ယုံကြည်ရင် ကောင်းတာပဲ အတတ်နိုင်ဆုံး ပြုနေရုံပဲပေါ့။
သို့သော် ရေးနေရင်းနဲ့ ဂျူလီ post ကို သတိရမိပြန်သေးတယ်။
အိမ်ထောင်ရေး ဖောက်ပြန်တဲ့ မိန်းမကို ကံငါးပါးထဲက တပါး မထိန်းနိုင်လို့ အပြစ်ဝိုင်းတင်ရမယ်။ ခွင့်လွှတ်စရာ မလိုဘူးလို့ ဆုံးဖြတ်ကြမယ် ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေ။
အဲဒီမိန်းမဟာ ဘုရား မကြိုက်၊ လူ့အသိုင်းအဝိုင်းက မကြိုက်တာ လုပ်တာ မှန်တယ်။
သို့သော် သူ့အပြစ်နဲ့သူ သူ့ဘာသာခံရလေမယ့် လူတစ်ယောက်ကို အပြစ်သာတင်မယ် ဆိုတာကရော ဘုရားကြိုက်မယ့် ကိစ္စလားလို့ စောကြောချင်မိပါသေးတယ်။
ဘဝ အဆက်ဆက်ကို လက်ခံတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘယ်ဘဝက ဝဋ်ကြွေးကို ဘယ်လိုပုံစံနဲ့ ဆပ်ရမယ်ဆိုတာ မသေချာဘဲ ဒီဘဝမှာ ကိုယ်ဒါမျိုး မလုပ်မိရုံနဲ့ မာန်တက်နေဖို့တော့ မကောင်းဘူး ထင်မိတယ်။ သံသရာဟာ ရှေ့မှာ အများကြီး ကျန်သေးတယ်။ သံသရာထိ မလိုက်နဲ့ဦး။ မသေမချင်းတောင်မှ ဘာဖြစ်ဦးမလဲ မကျိန်းသေသေးဘူး။)
***
၂) ဘယ်လို ဗုဒ္ဓဘာသာမျိုးကို ပြောတာပါလဲ။ မိရိုးဖလာ လား။ စစ်စစ်လား။ မိရိုးဖလာ ဆိုရင်တော့ ဗုဒ္ဓဘာသာ မိဘက မွေးလိုက်ပြီ ဆိုတာနဲ့ ဖြစ်မှာပဲပေါ့။ စစ်စစ် ဆိုရင်ကော... ဒီမှာတော့ ဘယ်အထိ စစ်တာကို ပြောမှာလဲ ဆိုတာ လိုလာပါပြီ။
ကိုယ့်ကို တိုင်းတာခိုင်းရင်တော့ အဲဒီကိစ္စအတွက် မဂ္ဂင် ၈ ပါးနဲ့ တိုင်းပါမယ်။ကိုယ်နားလည်ထားတာကတော့ မဂ္ဂင် ၈ ပါးဟာ လောကုတ္တရာအတွက်တင် မဟုတ်ဘဲ လောကီအတွက်ပါ ကိစ္စပြီးစေတယ် ဆိုတယ်။ ဒါတောင်မှ ယုံမှားသံသယ ကိစ္စကို တိုင်းတာလို့ ရမယ် မထင်သေးဘူး။ ဒါပေမဲ့ ဒါနဲ့တင် လုံလောက်ပါပြီ။ ကျွဲကူးရင် ရေပါလာမှာပါပဲ။
ယုံမှားသံသယ ဆိုတာဟာလဲ အနိမ့်ဆုံး သောတပန် (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ကင်းပြီးသူ) ဖြစ်မှ ပယ်ပြီးတယ် ဆိုပါတယ်။
(Update: ဒီအချက်တစ်ခုတည်းနဲ့တင် ကိုယ်သည် ယုံမှားသံသယ ကင်းပြီးသူ မဟုတ်တာ အထင်အရှား တွေ့နိုင်ပါတယ်)
ဒီမေးခွန်းဟာ ဖြေဖို့တန်လောက်အောင် တိတိကျကျ မေးထားတယ်လို့ ကိုယ် မထင်မိဘူး။
***
၃) ဒါကိုတော့ ကိုယ်ဖတ်ဖူးခဲ့သလား၊ မဖတ်ဖူးခဲ့သလား ဆိုတာတောင် မမှတ်မိတော့ပါဘူး။
ဥဒေါင်းမင်းဟာ နေကိုရှိခိုးတယ်လို့သာ ဖတ်ခဲ့ရတာ ဖြစ်နိုင်ပြီး အကြောင်းပြချက် ပါ မပါ မသေချာတော့ပါဘူး။ ခု ပြန်စဉ်းစားမိတော့ ဥဒေါင်းမင်း မို့လို့ ဖြစ်မှာပေါ့လို့ တွေးနေမိပါတယ်။ အလောင်းတော် ဘဝ ဖြစ်ပါတယ်။ ရင့်ကျက်တဲ့ အလောင်းတော် ဘဝလို့တောင် မထင်မိပါဘူး။
နောက်တခုက ဒါက မသိလည်း ဘာမှ မဖြစ်လောက်ဘူးလို့ ယူဆပါတယ်။
သိလည်း ဘာမှ ထူး မထင်ဘူး။ မြတ်စွာဘုရားသာ ရှိရင်လည်း သက်မဲ့တွေကို ရှိခိုးဖို့ တိုက်တွန်းလိမ့်မယ် ကိုယ်မထင်ပါဘူး။ ဒီတော့ ဒီမေးခွန်းကိုလည်း သိသူရှိရင် ဖြေပေးသွားနိုင်ပါတယ်။
Update: “ဥဒေါင်းမင်း မို့လို့ ဖြစ်မှာပေါ့... ” ဆိုတဲ့ အဖြေက မဆိုးပါဘူး။ ဥဒေါင်းမင်းက နေကိုရှိခိုးတယ်ဆိုပေမယ့် ... မောရသုတ်ပရိတ်ကို ဆက်ဖတ်ရင် ... “နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ နမော ၀ိမုတ္တာနံ ... ” စသဖြင့် ဗုဒ္ဓ, ဗောဓိဉာဏ်, တွေကို ရှိခိုးထားတာ တွေ့နိုင်ပါတယ်။ ဒီဇာတ်ထဲက Symbolism တွေအနေနဲ့ “နေမင်း နဲ့ ဗုဒ္ဓ”, ကျော့ကွင်းမှ လွတ်ခြင်းနဲ့ ကိလေသာမှ လွတ်မြောက်ခြင်းတွေကို နိုင်းယှဉ် ကြည့်နိုင်ပါတယ်။
(ကိုဧရာ)
***
ဝဋ်ကြွေးရှိရင် ဘယ်လိုမှ ရှောင်လွဲလို့ မရတော့ဘူးလား။
အဲဒီ မေးခွန်းမျိုးကိုတော့ ကြိုဆိုပါတယ် I do appreciate ပါ။
အဂ္ဂသာဝကထဲမှာ ရှင်သာရိပုတ္တရာက ပညာအရာမှာ ဧတဒဂ် ဖြစ်ပြီး၊ ရှင်မဟာမောဂ္ဂလန်ဟာ တန်ခိုးအရာမှာ ဧတဒဂ် ဖြစ်ပါတယ် ဆိုတာတော့ ဗုဒ္ဓဘာသာဝင်တွေ အားလုံး သိပြီးနိုင်ကောင်းပါတယ်။ ဧတဒဂ်ဘွဲ့ခံတယ် ဆိုတာ ဘုရားပြီးရင် အဲဒီသက်ဆိုင်ရာ ဧတဒဂ်နဲ့ ပတ်သတ်လို့ သူအသာလွန်ဆုံး ဆိုတယ်။ ဒါပေမဲ့ ရှင်မဟာမောဂ္ဂလန်ကိုယ်တော်တိုင် ဘဝဟောင်းက ဝဋ်ကြွေးကို ခိုးသား ၅ဝဝ ဆီမှာ ဆပ်ခဲ့ရတယ် ဆိုတယ်။ ဘဝဟောင်းတုန်းက မိအိုဖအိုတွေကို တောထဲကို စွန့်ပစ်ဖို့ ခေါ်သွားပြီး၊ ခိုးသားတွေလာပြီဆိုပြီး လှည့်စားလို့ ရိုက်နှက်ခဲ့တဲ့ ဝဋ်ကြွေးလို့ ဆိုတယ်။ ဒါပါပဲ။
ဒါဖြင့် လူ ၁ဝဝဝ ကို သတ် လက်ညှိုးဖြတ်ခဲ့တဲ့ အင်္ဂုလိမာလကျတော့ရော လို့ အစွန်းထွက်လို့ မေးစရာ ရှိပါတယ်။ အဲဒါက ရိုးရိုးပါဏာတိပါတာကံသာ ဖြစ်လို့ သူရဟန္တာဖြစ်ပြီးတော့ အဟောသိကံ ဖြစ်သွားတာလို့ ယူဆရပါတယ်။ ဒါတောင် ကိုယ့်အယူကတော့ လုံးလုံးလျားလျား အဟောသိကံတယ် မထင်ပါဘူး။
ကိုယ်ဝန်ဆောင် အမျိုးသမီးကို သစ္စာဆိုလို့ မချမ်းသာစေမချင်း လူအများရဲ့ ကြည်ညိုမှုကို သူ မရခဲ့ဘူး။ ဆိုးသွမ်းသတ်ဖြတ်ခဲ့တဲ့သူ အဖြစ် လူအများ ငြိုငြင်တာကို ခံခဲ့ရသေးတာပါပဲ။
လူသတ်နေတဲ့ အချိန်မှာတော့ ဆိုဖွယ်ရာ မရှိပြီ။ ပြည့်ရှင်မင်းကတောင် ဝရမ်းထုတ်တယ် မဟုတ်လား။ ကိုယ့်အယူအဆကတော့ ဆုကြီးပန်ပင်ဖြစ်သော်ညားလဲ အကုသိုလ်အလုပ် လုပ်နေချိန်မှာ လူဆိုးလို့ သတ်မှတ်ပြီး၊ လူအများရဲ့ အသက်စည်းစိမ်အလို့ငှာ ဖမ်းမိန့်ပေးတဲ့ ဘုရင်မှာ အကုသိုလ် မကျနိုင်ဘူး။ (ဤကား စကားချပ်)
ထို့အတူပါပဲ။ အဇာတသတ်မှာလဲ ဖခင်ကိုသတ်တဲ့ကံကြောင့် သူဘာတွေပဲ လုပ်လုပ်၊ သာသနာကို ဘယ်လောက်တောင် ကြည်ညိုလဲ မဂ်ရ ဖိုလ်ရမယ့် လမ်းကြောင်းကို ဘယ်လိုမှ မရောက်တော့ပါဘူး။ တကယ်တော့ သူဟာ အဲဒီ ကံကိုသာ မကျူးလွန်ခဲ့ရင် အဲဒီ ဘဝမှာတင် ကျွတ်တမ်းဝင်နိုင်တဲ့သူ လို့ ဆိုပါတယ်။ ကံဟာ ကိုယ်တိုင် ရွေးချယ်နိုင်တဲ့ ကိုယ်ပိုင်တဲ့ ဥစ္စာလို့ ထင်ရှားစေတဲ့ အချက်ဖြစ်ပါတယ်။
***
မေးခွန်းတွေ အတွက် ကျေးဇူးတင်ပါတယ်။