Showing posts with label Aung Sun. Show all posts
Showing posts with label Aung Sun. Show all posts

Monday, July 19, 2010

Hero

လွတ်လပ်ရေးမရခင်က လွတ်လပ်ရေးရပြီးရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းကြဖို့အကြောင်းကိုပြောတော့ သူက ပြောသည် တဲ့။

"တိုက်တုန်းက အတူတူတိုက်လာခဲ့ကြပြီး လွတ်လပ်ရေးရမှ ကျွန်တော်တို့က ဒီလို လုပ်ရင် ကျွန်တော်တို့ ခွေးဖြစ်သွားမှာပေါ့။ ဒီကိစ္စ ဆရာတို့ဘာသာ (သခင်မြတို့ကို ပြောတာလို့ ထင်သည်) လုပ်ရင်လုပ်၊ ကျွန်တော်မပါဘူး"

***
မှတ်ချက်။ ကိုယ်ကတော့ ဒီအချက်ကို နံပြားထက် စွဲပါသည်။

ဘာလို့ဆို အထက်က စကားက သူ ဘယ်လိုလူ ဆိုတဲ့ အရာများစွာကို အဲဒီတစ်ခွန်းနဲ့ ပြလိုက်နိုင်သည် ဟု ယူဆမိ၍ ဖြစ်သည်။ ဘာဖြစ်လို့များ သူများတကာ နံပြား၊ နံပြား ဖြစ်နေတဲ့ အချိန်မှာ ကိုယ်က အဲဒီနံပြားကို စွဲလို့ မရတာလဲလို့တော့ စဉ်းစားမိဖူးသည်။ အလကားနေရင်း ကန့်လန့်တွေးချင်နေများလား ဘာလားနှင့်။

တကယ်တော့ မဟုတ်။
ကိုယ့်ဇနီးကို ဘာလေးတော့ဖြင့် စားချင်သည် လို့ ပူဆာပုံမျိုးကတော့ လူတိုင်းလိုလို ရိုးသားနိုင်သည် ဟု ခံစားမိသောကြောင့်ဖြစ်နိုင်သည်။ ဟိုလူကြီးလည်း ပူဆာနိုင်သည်။ ဒီလူကြီးလည်း ပူဆာနိုင်သည်။ ထို့ထက်ပို၍ ကိုယ်ရေးကိုယ်တာ ဆန်လွန်းသည်။

***
တကယ်တော့ နိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုမို့ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလို့ ပြဋ္ဌာန်းရပါသည် ဟု ဆိုလိုက်လျှင်လည်း ကျန်သည့် ဘာသာဝင်အနည်းစုတို့က ကြီးကြီးကျယ်ကျယ် ကန့်ကွက်စရာ အကြောင်းရှိလာလိမ့်မည် မထင်ပါ။ သို့သော် မလုပ်ဘူး ဟု ပြတ်ပြတ်သားသား ဆိုခဲ့သည်။

ထိုစကားတွင် အရာအားလုံး ပါသည်။

အဲဒါကို ကိုယ် သိပ်ကြိုက်သည်။ အလွန်ကြိုက်သည်။ သေလုမျောပါး ကြိုက်သည်။
(ထပ်ဆင့်မှတ်ချက်။ မကြိုက်တာတွေလည်း ရှိချင်ရှိဦးမည်)

နံပြားကိစ္စတော့ ခေါင်းထဲ သိပ်မရှိ။

***
တက္ကသိုလ်နေဝင်း - အောင်ဆန်းဦးတို့ အဖေ စာအုပ်မှ အချက်တစ်ခုကို ပြန်ရေးသည်။

***
ဖြည့်စွက်။ (12:58 PM)
ဒီစာဖတ်ပြီး စကတည်းက နံပြားကြိုက်သူများ မကြိုက်ဘဲ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ပါ။
:D

***
ပြင်ဆင်ချက်

ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အဆိုတင်သွင်းခဲ့တာ ဆရာကြီး သခင်မြ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချိုပါ။

သခင်မြလို ၀ါရင့် နိုင်ငံရေးခေါင်းဆောင်တစ်ယောက်က အဲလို စကားမျိုး လုံးဝ မပြောပါဘူး၊ သခင်မြဟာ အသက်ရှင်နေထိုင်ခဲ့တဲ့ သူ့သက်တမ်းတလျှောက် အမှားအကင်းဆုံး နိုင်ငံရေး ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ပြောလက်စနဲ့ ဆက်ပြောပါရစေ၊ ဆရာကြီးဒီးဒုတ် ဦးဘချို ဘာကြောင့် ဒီအဆိုကို တင်သွင်းခဲ့သလဲ ဆိုတာနဲ့ ပက်သက်ပြီး ဆရာကြီးကြေးမုံဦးသောင်းရဲ့ မှတ်တမ်းတွေထဲမှာ ရှာမတွေ့ပါဘူး။ ဆရာကြီး ဒီးဒုတ်ဦးဘချိုရဲ့ ဒီအဆိုနဲ့ ပက်သက်ပြီး လက်လှမ်းမှီရာ အဲဒီခေတ်က အနေအထားတွေကို ဖတ်ကြည့်တော့ ... ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် ရန်ကုန်နဲ့ မြို့ကြီးတော်တော်များများက မြန်မာနဲ့ တိုင်းရင်းသားတွေ ကျေးရွာတွေမှာ ရွေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ စစ်မပြီးခင် ဗုံးကြဲမှု ရပ်တန့်ခဲ့ပါတယ်၊ အဲလိုလည်း ရပ်တန့်သွားရော ပိုင်ရှင်မဲ့နေတဲ့ အခန်းတွေ လူနေအိမ်တွေကို မြန်မာနိုင်ငံသား မဟုတ်တဲ့ တရုတ် ကုလားတွေ တက်နေကြပါတယ်၊ ပြဿနာဟာ ဖြေရှင်းဖို့ ခက်တော့ စစ်အပြီးပြန်ဝင်လာတဲ့ အဂ်လိပ်အစိုးရ ကိုယ်လက်ရှိရောက်နေတဲ့နေရာ ကိုယ်ပိုင်တယ်လို့ အမိန့်ထုတ်ခဲ့ပါတယ်။ တချို့ဆိုရင် နေရာစရာမဲ့ပြီး လမ်းဘေးရောက်ခဲ့ကြပါတယ်။ ဒါလို အဖြစ် တွေကို သနားတတ်တဲ့ ဆရာကြီး ဒီးဒုတ်ဦးဘချိုက ကရုဏာဒေါဒေါ အဆို တင်သွင်းခဲ့တာပါ၊ ဗုဒ္ဓဘာသာ မဟုတ်တဲ့ တခြား ဘာသာဝင်တွေအပေါ် မုန်းလို့ လုံးဝ မဟုတ်ပါဘူး၊ ဆရာကြီး ဒီးဒုတ်ဦးဘချို သက်ရှိထင်ရှား နေထိုင်ခဲ့တဲ့ ခေတ်တွေမှာ သူဟာ လူချစ်လူခင် အပေါများဆုံး ပုဂ္ဂိုလ်တစ်ဦးပါ။

(ကိုအောင် ပျူနိုင်ငံ)