skip to main |
skip to sidebar

(ဖြူး အမျိုးသားကျောင်းဆောင်)
အမျိုးသားကျောင်းရဲ့ ပထမဆုံး ကျောင်းအုပ်ကြီးက ဦးအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်း အစ်ကို) ပေါ့။
ဖြူးကို ရောက်ကာစ ညှိယူခဲ့ရတဲ့ အချိန်တွေကို သတိရမိစေတယ်။
ဒီကျောင်းဆောင်ရဲ့ လက်ဝဲဘက်အခြမ်းက ကိုယ်တက်ခဲ့ရတဲ့ စတုတ္ထတန်း အေ။ လက်ယာဘက်ခြမ်းက ဘီ။ စုစုပေါင်း နှစ်ခန်းနဲ့။ ဆရာတစ်ယောက်၊ ဆရာမတစ်ယောက်ပဲ ရှိတယ်။ ဆရာမက ကိုယ်နေရတဲ့ အေခန်း အတန်းပိုင်၊ မြန်မာစာ၊ ပထဝီ၊ သမိုင်း သင်တယ်။ ဆရာကတော့ ဘီခန်းပေါ့၊ သင်္ချာနဲ့ အင်္ဂလိပ်စာ သင်တယ်။ ဖြူးအကြောင်းနဲ့ ကျောင်းအကြောင်းကို ပြောမယ်ဆိုရင် ဆရာ့ကို ချန်ခဲ့လို့ မဖြစ်ဘူး။
နောင်တက်ရမယ့် အတန်းတွေအတွက် အခြေခံနဲ့ အတွေးအခေါ်တချို့ကို ဆရာက လွှမ်းမိုးတယ်။ အဲဒီတုန်းက ဆရာ့အသက် ၂၈ နှစ်ကို တော်တော် အသက်ကြီးပြီ ထင်ခဲ့တာ။ ခုတော့လည်း ၂၈ နှစ် ဆိုတာ ငယ်ငယ်လေးပါလား ထင်မိပြန်တယ်။ (အော် ဒုက္ခ)
ဆရာက ၁ဝ တန်းအောင်တော့ ကျောင်းကနေ ဂုဏ်ထူး ၅ ဘာသာ ပါတယ်။
ဒါပေမဲ့ သူတို့ခေတ်က regional ခေတ်။
ဒါတွေက ဆရာပြောလို့ မဟုတ်ဘဲ နောက် တော်တော်ကိုကြာမှ ကိုယ့်ဘာသာ ပြန်သိခဲ့ရတဲ့ အကြောင်းတွေ။
တချို့ တချို့သော လူတွေရဲ့ ဘဝလမ်းကြောင်းတွေကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်လိုက်နိုင်တဲ့ ဒေသကောလိပ်ခေတ်ပေါ့။ တချို့ပါလေ။ တကယ်ပြောကြကြေး ဆိုရင်တော့လည်း ကိုယ့်ကိုယ်ကိုယ်သာ အဓိကရပါပဲ။
စတုတ္ထတန်းကလေးတွေကို ဆရာ တခါ ပြောတယ်။
"ဘဝမှာ စာကြိုးစားဖို့ အဓိကပဲနော်။ တက္ကသိုလ်ရောက်ရင်လည်း သတိထားရမယ်။ သူများ အဓိပတိလမ်း လျှောက်တယ်ဆို လျှောက်လိုက်ချင်တာပဲ။ သူများ သစ်ပုတ်ပင်အောက် ထိုင်တယ်ဆို ထိုင်လိုက်ချင်တာပဲ။ တကယ်တော့ အဲဒါတွေက အလကားပဲ။ နားလည်လား။ စာပဲ အဓိက"
(အဲဒီအချိန်လောက်ကတော့ စာတော်ရင် ပြီးတဲ့ ခေတ် ကိုး)
ဘုရားစူး။ ကိုယ်တို့ လုံးဝ နားမလည်ခဲ့ဘူး။ အဲဒါ ဆရာ ဘာကိုဆိုလိုချင်တာမှန်း။
ဘယ်သိမှာလဲ။ အသက်က ၁ဝ နှစ်။ ကာတွန်းလောက် ဖတ်ချင်တဲ့ အချိန်။
မိဘတွေပြောပြလည်း ဒါတွေ စိတ်ထဲ ရောက်ခဲ့မှာ မဟုတ်ဘူး။
ကိုယ်မိဘတွေကတော့ အဓိပတိလမ်းနဲ့ သစ်ပုတ်ပင်ရှိတဲ့ နေရာက မဟုတ်တော့ မပြောဘူးပေါ့။ (မေမေက မကွေးနဲ့ မန္တလေး တက္ကသိုလ်ပဲ တက်ခဲ့တယ်)
ပြောသည့်တိုင်အောင် ဆရာ့ဆိုလိုရင်းကို ဘယ် ၁ဝ နှစ်ကလေးမှ နားလည်မယ် မထင်ဘူး။ ဒါပေမဲ့ ဒါတွေကစ ဆရာ ပြောခဲ့တယ်။
ရီစရာကောင်းတာ တစ်ခုက သစ်ပုတ်ပင်ကိုတောင် ကိုယ်က သင်္ဘောပင်လို့ နားကြားလွဲလာသေးတယ်။ :D
ဒါပေမဲ့ ကိုယ်က absorption ကောင်းတယ် ပြောရမလား။ နောက်တခုက စိတ်ထဲမှာ ဆရာ့ကို သိပ် အလေးအနက်ထားတယ်။ ဆရာပြောတာတွေကိုဆို သိပ် စိတ်ဝင်စားတယ်။
ဆရာက စာအကြောင်းကနေ အမှတ်တမဲ့ ညှပ်ပြောလိုက်တာပေမယ့် ကိုယ်ကတော့ မှတ်မှတ်ထင်ထင်ပဲ။ မေမေ့ကို ဆရာပြောတဲ့ စကားလုံးတွေ ပြန်မေးကြည့်တော့ မေမေက "ဟယ် သစ်ပုတ်ပင် ပြောတာ နေမှာပါ။ ဘယ်နှယ့် သင်္ဘောပင်ဖြစ်ရမှာလဲ" တဲ့။ (ထင်တော့ ထင်သားပဲ။ သင်္ဘောပင်အောက် ဘယ်လိုလုပ် ဝင်ထိုင်မှာလဲလို့။)
ပြီးတော့ မေမေက ပြုံးပြီးတော့ "ဒါ လူကြီးတွေက လူငယ်တွေကို ပြောနေကျ စကားပါ" လို့ ပြန်ပြောတယ်။ အဲလို အရှင်းကောင်းတော့ ကိုယ်လည်း နားကို မလည်တော့ဘူး။ ဘာဖြစ်လို့များ လူကြီးတွေက အဲဒီလမ်းတွေနဲ့ အဲဒီအပင်အောက် မသွားစေချင်တာလဲ မသိဘူးပဲ တွေးခဲ့တယ်။ အဲလိုတွေ လျှောက်သွားပြီး စာမကျက်မှာစိုးလို့ နေမှာပေါ့လေ လို့။
သိပ်မကြာပါဘူး။ ၆ တန်းလောက်ရောက်တော့ ဆရာ့စကားက ဘာ ဆိုတာ နားလည်သွားတယ်။
အသက် ၁ဝ နှစ် အရွယ်ကတော့ ဆရာကို လေးစားဖို့ နဲ့ ကြောက်ဖို့ကလွဲလို့ သိပ်မသိပါဘူး။ နောက် အသက်ကြီးလာတော့ စာဖတ်ဖြစ်လာ၊ လူတွေကိုလည်း စိတ်ဝင်တစားနဲ့ စူးစမ်းတတ်လာတဲ့ နောက် ဆရာ့အကြောင်းတွေ စဉ်းစားမိပါတယ်။ ဆရာ ငယ်ငယ်က အတော် ရည်မှန်းချက် ကြီးခဲ့ပါလိမ့်မယ်။ သူ့တပည့်တွေကို မြင်းကောင်းခွာလိပ် မဖြစ်စေချင်တဲ့ စိတ်စေတနာက ပြောခဲ့ဖူးတဲ့ စကားတွေတိုင်းမှာ ပါခဲ့တယ်။
အဲဒီတုန်းက မနက်ပိုင်း အချိန်ဆို အတန်းပိုင်တွေက ကိုယ့်အတန်းကိုယ်သင်။
ညနေကျမှ အတန်းလဲ သင်တယ်။ ဆရာက ကိုယ်တို့ အတန်းပိုင် မဟုတ်တော့ ညနေပိုင်းကို သင်ရတာပေါ့။ ၄ တန်းနှစ် တလျှောက်လုံး ညနေ ၃ နာရီခွဲ ဒေါင် ဆိုတာနဲ့ ကျောင်းဆင်းရတယ် ဆိုတာ အတော့်ကို ရှားရှားပါးပါးပဲ။ ကိုယ်တို့တွေ ဆရာ့ကို စိတ်ထဲမှာ သိပ် အလေးအနက်ရှိကြတာ ဘယ်သူမှ ငြင်းမရနိုင်ဘူး။
December ကျောင်းရက်ရှည် ပိတ်တော့ ဆရာက အချိန်ပိုတွေ ခေါ်သင်တယ်။ စာမေးပွဲလည်း နီးနေပြီကိုး။ ဆရာက စာပဲ စိတ်ထဲရှိတဲ့သူ၊ ပြီးတော့ ယောက်ျားလည်း ယောက်ျားဆိုတော့ အတန်း သန့်ရှင်းရေးတို့ ဘာတို့ ဘာမှ မလုပ်ခိုင်းဘူး။ ကိုယ်တွေကလည်း ဘယ်သူမှ ထ မလုပ်ဘူးလေ။ တပတ် ဆယ်ရက်လောက် စာသင်လိုက်ကြတာမှာ အတန်းအောက် အမှိုက်တွေကို ပွစာတက်လို့ပဲ။ ကျောင်းပြန်ဖွင့်တော့ ဆရာမ ခမျာ ရင်ထုလို့ နေတယ်။ "အမလေး နင်တို့ ဒီရက်တွေ ဘယ်လိုများ နေကြတာလဲ။ အတန်းထဲ မြွေဝင်အောင်းတော့ မှာပဲ" နဲ့။ :D
စာ အသင်အပြ ကောင်းသလောက်၊ ထက်မြက်တဲ့၊ လမ်းပြနိုင်တဲ့ ဆရာ။
ကျောင်းဆရာ အလုပ်ကို ဆရာ ဝါသနာ မပါပါဘူးလို့ ပြောခဲ့ဖူးတယ်။
ဒါပေမဲ့ အဲဒီအလုပ်ကိုပဲ အကောင်းဆုံး ဖြစ်အောင် လုပ်သွားနိုင်ခဲ့တယ်။
ဘယ်လိုပဲ စာက အဓိက မဟုတ်တဲ့ ခေတ်ကို ရောက်ရောက်၊ ဆရာ့ စေတနာကိုတော့ ပြန်တွေးမိရင် ခံစားလို့ ရနေတုန်းပဲ။ ဆရာ ပြောသွားတဲ့ စကားတစ်ခွန်းဟာ ဆရာ့ ဘဝ တစိတ်တပိုင်းကိုလည်း ထင်ဟပ်နေလိမ့်မယ် လို့လည်း ထင်မိတယ်။
ခုစာရေးရင်း ဆရာတောင် အသက် ၅ဝ နားနီးပြီလို့ တွေးမိတော့ လန့်ဖျတ်သွားမိတယ်။
အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ အသက် ၃ဝ အရွယ် ဆရာ့ကိုတော့ ကိုယ်ပြန်တွေ့ရမယ် မဟုတ်တော့ဘူး။ ဒီလိုပဲ ဆရာလည်း ခေါင်းမာတဲ့၊ ဉာဏ်ကောင်းပေမယ့် (လို့ ဆရာ ထင်ပေမယ့်) စာမကြိုးစားချင်တဲ့ ၁ဝ နှစ်ရွယ် ကလေးမလေးကို ပြန် မတွေ့နိုင်တော့ဘူး။
အနှစ် (၂ဝ) ... ဖျတ်ခနဲ လိုပဲ။
***
တကယ်တော့ ကျောင်းအကြောင်းနဲ့ အလယ်တန်းကျောင်းသူ ဘဝအကြောင်း ရေးဖို့ပါ။
ရေးရင်းနဲ့ ဆရာ့ အကြောင်း ဖြစ်သွားတယ်။
ဟိုတခါ တင်တဲ့ ဖြူး အကြောင်း post ကို ဖတ်ပြီး email ပို့ ဆက်သွယ်ခဲ့တဲ့၊ ဖြူး ဓါတ်ပုံတွေကို ပို့ပေးခဲ့တဲ့ ဒေါက်တာ အောင်သန်းလင်း ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
နောက် ကျန်တဲ့ ဓါတ်ပုံအချို့နဲ့ ဆက်ပြီး တင်ဖြစ်ပါဦးမယ်။
***
ဖြူး
ဒီလို မိုးတစွတ်စွတ် ရွာတဲ့ အချိန်ဆို ရန်ကုန်ကိုလည်း သတိမရ၊ ဇာတိမြို့ကိုလည်း သတိမရဘဲ အလယ်တန်းတလျှောက်လုံး နေဖူးခဲ့တဲ့ ဖြူး ကို ပို သတိရမိတယ်။
မွေးကတည်းက အသက် ၁ဝ နှစ်လောက်ထိ နေလာခဲ့တဲ့ ဇာတိကနေ ခွာပြီး၊
အောက်ပြည်အောက်ရွာက မြို့တစ်မြို့ကို ကာလ အတော်ကြာကြာ နေဖို့ ရောက်လာခဲ့တယ်။
အဲဒီ အချိန်ဟာ ဘဝမှာ အရေးပါတဲ့ အချိုး အကွေ့လို့ ပြောမယ် ဆိုလည်းရ၊
သူများတကာလဲ ကြုံနေကျ ဖြစ်ရိုးဖြစ်စဉ် အပြောင်းအလဲလေးပါပဲ လို့ သတ်မှတ်မယ် ဆိုလည်းရ...တကယ်တော့ ကျောင်းစတက်တဲ့ အရွယ်ကတည်းက ဖေဖေ့ဘက်က အဘိုး အဘွားတွေနဲ့ (ဝေမျှတယ် ဆိုတာကို မသိဘဲ) တယောက်တည်း နေလာခဲ့တဲ့ ကိုယ့်အတွက် မိသားစုနဲ့ ပထမဆုံး ပြန်နေခွင့်ရတဲ့ အပြောင်းအလဲ ကာလပါပဲ။
ရာသီဥတု၊ အစားအသောက်၊ ပတ်ဝန်းကျင်၊ လူတွေ၊ စာသင်ခန်းတွေ...
အားလုံးဟာ အသစ်။
တလျှောက်လုံး ကြုံရတော့မယ့် အပြောင်းအလဲတွေရဲ့ အစ ဖြစ်ချင်ဖြစ်လိမ့်မယ်။
အစကတော့ စိတ်ညစ်တယ်။ ကျောင်းအသစ်မှာ အပေါင်းအသင်း အသစ်တွေ၊ စာသင်ပုံ အသစ်တွေ၊ ဓလေ့ထုံးစံ အသစ်တွေ၊ အဲဒီထက် အဓိက ကျတဲ့ အသစ်ကတော့ ရာသီဥတု အသစ်ပါပဲ။
ရာသီဥတု အနေအထား ဆိုတာကလည်း အဲဒီအချိန်က ကိုယ့်အတွက်တော့ စိတ်အခြေအနေကို အတော်လွှမ်းမိုးနိုင်တဲ့ factor တစ်ခုပေါ့။ ခြောက်ခြောက်သွေ့သွေ့နေရောင်ခြည်နဲ့ ကျင့်သားရလာခဲ့တဲ့ နေရာကနေ၊ မိုးရေတွေ၊ မိုးစက်တွေ စိုစိုစွတ်စွတ်နဲ့ အစကတော့ အတော် စိတ်ပျက်သားပဲ။
နေရာဟောင်းက ခွဲထွက်လာရတဲ့ feeling ရယ်၊ အသစ်တွေနဲ့ ကျင့်သားရအောင် ပြန်ကြိုးစားနေရတဲ့ အခိုက်အတန့်ရယ်... စတုတ္ထတန်း ကျောင်းသူတစ်ယောက် အတွက်တော့ မလွယ်ခဲ့ဘူး ဆိုရမယ်။ ပင်ကိုကတော့ သိပ် adept ဖြစ်လွယ်တဲ့သူလည်း မဟုတ်ခဲ့ဘူး။
ခုချိန်ထိ မိုးတွေရွာရင် အဲဒီချိန်က feeling ဟာ မသိမသာ ဝင်လာတုန်းလို့ ကိုယ့်ဘာသာ ထင်မိတယ်။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံတွင်းမှာတင် ဖြစ်ရက်နဲ့၊ ပြီးတော့ မိသားစုနဲ့ ဖြစ်ရက်နဲ့ ဒီ feeling မျိုး ဖြစ်သလား ဆိုရင် ဖြစ်တယ် လို့ပဲ ပြောရမယ်။ အသက် ၁ဝ နှစ်၊ ၁၁ နှစ် မှာ ကြုံရတဲ့ အပြောင်းအလဲ ဖြစ်တယ်။
ပြီးတော့ ကိုယ့်အတွေ့အကြုံအရ အညာနဲ့ အောက် ဟာ အတော် ကွာပါတယ်။
အဲလို ကြုံခဲ့ဖူးလို့ ဂျူးရဲ့ "မြ ရဲ့ လ" ကို ဖတ်တော့ ချက်ချင်း နားလည် ခံစားလို့ ရတာ။
နောက် ဂျူး ကိုယ်တိုင်လည်း အညာသူဖြစ်လို့ ဒီဝတ္ထု ကို ဒီလို presentation နဲ့ ရေးဖို့ ဖြစ်လာတာလို့ ပြောလို့ရတယ်။
နောက်တော့ ဝင်းဝင်းလတ် ရဲ့ နောက်ဆုံး ဝတ္ထုရှည်။
"အချစ်၊ အလုပ် နှင့် ဘဝ ကို တည်ဆောက်ခြင်း" လား မသိ။
(ခေါင်းစဉ် သေချာ မသိတော့ဘူး။ ဆရာမ ရုတ်တရက် ဆုံးသွားတာမို့ အဲဒီ ဝတ္ထု ပြီးလည်း ပြီးမသွားဘူး။)
တခန်းလောက် ဖတ်မိတော့ ဘဝ တလျှောက်လုံး အပြောင်းအလဲတွေနဲ့ ကြုံလာခဲ့ရတယ် ဆိုတဲ့ ဇာတ်ကောင် ဆရာဝန် အမျိုးသမီးလေးရဲ့ feeling ကို ရေးထားတာ အတော် ကောင်းတယ်။
ပါးပါးကလေးပါပဲ။ ဒါပေမဲ့ ဆရာမရဲ့ ထုံးစံအတိုင်း အတော်ထိတယ်။
စာရေးသူရဲ့ ငယ်ဘဝ တစိတ်တပိုင်းလဲ ဖြစ်နိုင်တယ်။
အဲဒါ ဖတ်မိတော့လည်း ကိုယ့်ဟာကိုယ် ထင်မိသေးတယ်။ ငါနဲ့ တူပါလား ဆိုပြီး
(နာမည်ကြီး ဇာတ်ကောင်တွေ ကိုယ်နဲ့ တူတယ် ထင်နေတာ စိတ်ကြီးဝင်နေတာလားတော့ မသိ)...
ဒါပေမဲ့ နောက်ဆုံးတော့ ဖြူးမှာ ပျော်ခဲ့ပါတယ်။ 2nd native လို ဖြစ်ခဲ့တယ်။ ၅ နှစ်ကျော်တောင်လေ။
ဖြူးရဲ့ မိုးရာသီထက် ဖြူးရဲ့ ဆောင်းတွင်းနဲ့ နွေရာသီတွေကို ပိုပျော်တယ်။ အဲဒါတော့ သေချာတယ်။
ထ (၁) ကျောင်းရယ်၊ ကျောင်းရှေ့က အုတ်နီနီ ဆေးရုံဝင်းရယ်၊
အဲဒီကနေ ရှေ့ဆက်လျှောက်ရင် စစ်တပ်၊ လမ်းထိပ်ရောက်ရင် ညာဘက်ထိပ်မှာ ကျောင်းနေဖက် သူငယ်ချင်းရဲ့ စားသောက်ဆိုင်ရှိတယ်။ ကပ်ရပ်က စာတိုက်၊ အဲဒီမှာလည်း သူငယ်ချင်း၊ တဘက်ထိပ်က ရဲစခန်း၊ အဲဒီမှာလည်း သူငယ်ချင်း။ အဲဒီ သူငယ်ချင်း ခုတော့ ဆရာဝန် ဖြစ်သွားပြီ။
အပေအတေကောင်။ ဆရာဝန် ဖြစ်တာများ အံ့သြမဆုံးဘူး။
အေးလေ သူကလည်း ကိုယ့်ကို အဲလို တွေးချင်တွေးနေမှာ။
အပေအတေမ၊ ဘယ်လိုလုပ် ဘွဲ့ရသွားတာလဲ ဆိုပြီး။ မထင်ရတာတော့ မဟုတ်ပါဘူး။ သူ ဦးနှောက် အင်မတန် ကောင်းပါတယ်။ ဒါပေမဲ့ ထင်ရတဲ့၊ ကြိုးစားတဲ့၊ ဖြစ်ချင်ကြတဲ့သူတွေ ကျန်ခဲ့ကြတယ်။
ဆက်လာရင် ရုပ်ရှင်ရုံနဲ့ ကပ်လျက် အအေးဆိုင် တစ်ခုရှိတယ်။
သူငယ်ချင်း အဒေါ်ရဲ့ ဆိုင်။ နောက်တော့ ဈေး။ အဲဒီထဲမှာလည်း သူငယ်ချင်းတချို့ရှိတယ်။
ဆက်လာပြီး တံတားနဲ့ မနီးမဝေး ရောက်လို့ ညာဘက်ကို ကွေ့၊ ရထားလမ်းကို ကျော်လိုက်ရင်တော့ အမြဲ တတွဲတွဲ နေခဲ့တဲ့ သူငယ်ချင်း နေတဲ့ ရပ်ကွက်ထဲကို ရောက်မယ်။
(အဲဒီ သူငယ်ချင်း ခုတော့ မြို့က စာတိုက်မှာပဲ အလုပ်ဝင်နေတယ်။)
သူ့မိဘတွေက ကျောင်းက ဆရာနဲ့ ဆရာမတွေ။ ၉ တန်းမှာ ဆရာမ နဲ့ သင်လိုက်ရသေးတယ်။ ဆရာကြီးကတော့ ကိုယ်တို့ ၈ တန်းလောက်မှာ ပင်စင်ယူတော့ ကျောင်းမှာတော့ မဆုံရဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာ ကျူရှင်ကို ဆရာကြီးဆီမှာ ယူတယ်။ အဲဒီအိမ်ကိုလည်း လွမ်းတယ်။
မနေ့က Dr. Zhivago ကြည့်တော့ Lara နဲ့ ပြန်ငြိကြတဲ့ အခန်းမှာ Lara နေတဲ့ သစ်သားအိမ်ကလေးကို ကြည့်ပြီး၊ ကျူရှင်တက်ခဲ့တဲ့၊ ကိုယ့်အိမ်လို နေခဲ့ဖူးတဲ့ အဲဒီ အိမ် နဲ့ ရပ်ကွက်ကလေးကို သတိရမိတယ်။
ဆောင်းဝင်တာနဲ့ ရေနည်းသွားတဲ့ ဖြူးချောင်းရယ်၊ တံတားရယ်၊ ချောင်းဘေးက သာသနာ့ ဗိမာန်ရယ်၊ အဲဒီကနေ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် မြင်ရတဲ့ ပဲခူးရိုးမရယ်။ နေဝင်ချိန်ဆို အတော်လှတယ်။ ကိုယ်တို့ ၈ တန်းနှစ်မှာ အဲဒီချောင်းထဲ ကျောင်းက အငယ်တန်း ကလေးတစ်ယောက် ရေနစ်ဖူးတယ်။
အဝေးပြေးလမ်းမကြီး ဘေးက ဝဲဒေါင့် ဆိုတဲ့ ရှမ်းရွာကလေးက အကြော်ဆိုင်တွေရယ်။
ကျောင်းဆင်းချိန်၊ ကျူရှင် ဆင်းချိန်တွေရယ်။
ဖတ်ခဲ့တဲ့ စာအုပ်တွေရယ်၊
ကျယ်ကျယ်လွင့်လွင့် စက်ရုံဝန်း တစ်ခုရယ်၊
ညဘက်တွေမှာ ကြားရတဲ့ မီးရထားသံနဲ့ ဥသြသံရယ်။
တကယ်ပဲ ပိုင်ပိုင်နိုင်နိုင် ပျော်ခဲ့ဖူးပါတယ်။
၉ တန်း နှစ်တဝက် ရောက်တော့ အဲဒီကနေ ပြောင်းရပြန်တယ်။
ဒီတခါ မြန်မာပြည် ပြန်ရင် ကိုယ် အဲဒီကို တခေါက်လောက် ပြန်ချင်တယ်။
ဒါပေမဲ့ အရာရာ ပြောင်းကုန်မှာပဲနော်။
သူငယ်ချင်း တချို့လည်း အဲဒီမှာ မရှိတော့ဘူး။
နယ်ထုံးစံ တော်တော်များများတော့ ကျန်ပါသေးတယ်။
ပြန်သွားလို့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါ...
ဖြူးချောင်းတံတားပေါ် စက်ဘီးစီးတဲ့ အခါ...
အကြော်ဆိုင်မှာ ထိုင်တဲ့ အခါ...
ကျောင်းကြီးကို ပြန်ကြည့်မိတဲ့ အခါ...
နေခဲ့ဖူးတဲ့ အိမ်ရှိရာကို ပြန်ကြည့်မိတဲ့ အခါ...
ပျော်တယ် ဆိုရင်တောင် အရင်နဲ့ မတူမှာ သေချာသလောက်ပါပဲလေ။
***
ဒီနေ့ညနေ ရုံး အပြန် စိုစိုစွတ်စွတ် မိုးရေတွေထဲ ဖြတ်လာပြီး၊ ရေဝပ်နေတဲ့ မြက်ခင်းစပ်တွေနဲ့ ကွန်ကရစ် လမ်းလေးတွေ ကြည့်ရင်း ကိုယ့် ငယ်ဘဝကို သတိရတယ်။
***