ဒေါ်ခင်မျိုးချစ်က ပြောဖူးတယ်ဆိုတဲ့ စကားတခွန်းပါ။
တဆင့်ပြန်ရေးထားတာကို ဖတ်ခဲ့ရတာပါပဲ။
ဘယ်ထဲမှာ ဘယ်သူက ရေးထားတယ် ဆိုတာတော့ မမှတ်မိတော့ပါဘူး။
"လူတွေမှာ တုံးပိုင်ခွင့် ရှိပါတယ်ကွာ။ တုံးလို့ရပါတယ် တဲ့။
ဒါပေမဲ့လည်း တချို့တွေ တုံးတာတော့ ငါဖြင့် ဉာဏ်ကို မမီဘူး တဲ့။"
***
အဲဒါလေး ဖတ်ခဲ့ရတုန်းက တဟားဟားကို ရီခဲ့ရတာ။ သဘောကျလွန်းလို့။
ဒေါ်ခင်မျိုးချစ် ရေးတဲ့စာတွေ သိပ်များများ မဖတ်ဖူးပါဘူး။
"အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား" ရယ်၊
"ကောလိပ်ကျောင်းသူ" ရယ် ဒါလောက်ပါပဲ။
"Colourful Burma" အိမ်မှာ ရှိပေမဲ့ ဟိုလှန် ဒီလှန်လုပ်ပြီး ပစ်ထားပါတယ်။ တခါမှ မဖတ်ပါဘူး။
(အင်္ဂလိပ်စာ မတော်တာလည်း မပြောနဲ့၊ ပျင်းတာကိုး။)
နောက် ဆရာသော်တာဆွေ ရေးတဲ့ "ကျွန်တော့ဘ၀ဇာတ်ကြောင်း" မှာ ပါတဲ့ အကြောင်းတချို့ရယ် ဒါလောက်ပဲ သိပါတယ်။ ပြီးတော့ "ပုဂံသူရဲကောင်းများ" ဟာ ဆရာမကြီး အင်္ဂလိပ်ဘာသာနဲ့ ရေးတာကို ဆရာသော်တာဆွေက ဘာသာပြန်ရေးခဲ့တာပါ။
အဲဒီ "ကျွန်တော့ ဘ၀ဇာတ်ကြောင်း" ထဲမှာပဲ ဆရာကြီး ရွှေဥဒေါင်း ရန်ကုန်လာလည်တော့ စာရေးဆရာ၊ စာရေးဆရာမများက ထမင်းဖိတ်ကျွေး ဧည့်ခံကြတဲ့ အကြောင်းမှာ ဆရာမကြီးရဲ့ အချက်အပြုတ်အကြောင်းကို ထည့်ရေးထားပါသေးတယ်။
အသဲအမြစ် အစိမ်းကြော်က အထာမကျတော့ ဦးခင်မောင်လတ်က ပြောပါတယ်တဲ့။
"တွေ့ပြီမို့လား မင်းတို့အစ်မရဲ့ အရည်အချင်းကို... ဒါတွေကြောင့် ငါ သူ့ကို မီးဖိုချောင် မ၀င်ခိုင်းတာ" လို့။
(သြော် သူတို့များကျတော့လည်း ချစ်လိုက်ကြတာနော်။)
စာတွေလည်း အများကြီး မဖတ်ဖူး၊ တခြားအကြောင်းအရာတွေလည်း သိပ်မသိလှပေမယ့်လို့ ဒေါ်ခင်မျိုးချစ်ဟာ တော်တော်ကို ထူးချွန်ထက်မြက်ပြီး၊ ဟာသဉာဏ်၊ ဇ၀နဉာဏ်လည်း အတော်ကို ရှိပုံ ရပါတယ်။
Dr မတင်ဝင်းလဲ တခါ ရေးဖူးသေးတယ်။
ဘာပွဲလဲတော့ မသိတော့ပါဘူး။ ကျောင်းပွဲ တခုခု ထင်တာပါပဲ။ ဆရာမကြီး လာတက်ပါတယ် တဲ့။
အသက်လဲ တော်တော်ကြီးတဲ့ အရွယ်၊ သူ ဒူးလဲနာနေပါတယ်တဲ့။
လှေကားအဆင်းမှာ ၀ိုင်းတွဲပြီး ဆင်းကြရတယ်ပေါ့။
အဲဒီမှာ ဆရာကြီး တစ်ယောက်က လှေကားပေါ်အတက် ဆုံတော့... ဆရာမကြီးကို အားပေးချင်တဲ့ အနေနဲ့ "ဟုတ်တယ် ... မခင်မြရေ (ဆရာမကြီး နာမည်ရင်း)။ အသက်တွေကြီးလာတော့ ဒူးတွေလည်း မကောင်းချင်တော့ဘူး" လို့ပြောပါတယ်တဲ့။
အဲဒီမှာ ချက်ချင်းပဲ "အဲဒါကြောင့် ငါ အဖိုးကြီးတွေနဲ့ မတွဲချင်တာ" လို့ ပြန်ပြောပါသတဲ့။
ဟိုဆရာလည်း တဟားဟားရယ်ပြီး၊ အပေါ်တက်သွားပါတယ် ဆိုတယ်။
***
အပေါ်မှာ ပြောသွားတဲ့ စကားလုံးလေးပဲ ကြည့်ပါဦးတော့။
အဲ...မေ့လို့
ဘယ်သူ့မှ စောင်းပြောတာ မဟုတ်ပါ။
**
ဆရာမကြီး နာမည်ရင်းကို ပြောပြတဲ့ ကိုပေါ ကို ကျေးဇူးတင်ပါတယ်။
Showing posts with label Khin Myo Chit. Show all posts
Showing posts with label Khin Myo Chit. Show all posts
Monday, August 24, 2009
Subscribe to:
Posts (Atom)