ငယ်ငယ်တုန်းကပေါ့။ ၃/ ၄ နှစ်မှာ...
အိမ်နောက်ကျောဘက် လမ်းမပေါ်မှာ အထက်တန်းကျောင်းရှိတယ်။
အိမ်ကနေဆိုရင် ၁ဝ မိနစ်လောက်ပဲ လျှောက်ရင် ရောက်ပြီ။
အိမ်ကနေ ဘယ်ဘက်ကိုထွက်၊ ပြီး ဘယ်ပြန် ထောင့်မှန်ချိုး၊ လမ်းမကိုကူး၊ ညာပြန်ထောင့်မှန်လျှောက် zip zag ပုံ သွားရင် ရောက်ရော။
အဲဒီကျောင်းထဲမှာ အားကစားပွဲ လုပ်တော့ အိမ်ကနေ အသံတွေ ကြားရတယ်။
ကိုယ်က သွားကြည့်ချင်တယ် လိုက်ပို့ပေး ပူဆာတော့ ဖေဖေက စက်ဘီးနဲ့ လိုက်ပို့တယ်။
ကျောင်းထဲ ရောက်လို့ ၅ မိနစ် မပြည့်ခင်မှာပဲ မကြည့်ချင်တော့ဘူး။ ပြန်မယ် လုပ်ပြန်ရော... ကလေးအတွက် စိတ်ဝင်စားစရာလဲ မကောင်း၊ ကောင်းကောင်းလဲ မမြင်ရလို့ နေမယ်။
အဲဒါ ဖေဖေက "ခုပဲ လာချင်တယ်။ ခုပဲ ပြန်ချင်တယ် လုပ်ပြန်ပြီ။ ပြန်ချင်ရင် ကိုယ့်ဘာသာကိုယ် ပြန်။ ဖေဖေက နေခဲ့ဦးမယ်။" လို့ ပြောတယ်။ အဲဒါနဲ့ ဂျီကျမယ် ထင်လား။ မကျဘူး။ "အင်း ပြန်မယ်။" လို့ ပြောပြီး ထွက်လာခဲ့တယ်။
ဖေဖေက စက်ဘီးတွန်းပြီး နောက်ကနေ အသာ လိုက်ကြည့်ခဲ့တယ်။
ကိုယ်က နောက်တောင် လှည့်မကြည့်ဘူး ဆိုတယ်။
အိမ်နားရောက်တော့ တောဘက်က လာရောင်းတဲ့ ဈေးသည်တချို့နဲ့ ဆုံတော့ "ဟဲ့ ကလေးလေး တယောက်တည်းလား" ကိုယ့်ကို ကြည့်မေးတော့ ကိုယ်က လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး သူတို့ကို လှမ်းထိနှုတ်ဆက်တယ် ပြောတယ်။ လမ်းမှာ ရပ်ထားတဲ့ ကားတို့ ဆိုင်ကယ်တို့ သစ်ပင်တို့ တွေ့ရင် ကလေးတွေ လမ်းလျှောက်ရင်း လက်ဘေးဆန့်ပြီး ထိသွားကြတယ် မဟုတ်လား။
ပြီးတော့ အိမ်ထဲ ဝင်ချသွားရော...
***
အဲဒီအရွယ်လောက်မှာပဲ ၁၅ မိနစ်၊ မိနစ် ၂ဝ စာဝေးတဲ့ ဖေဖေ့ဘက် အဘိုးအဘွားအိမ်ကနေ၊ မေမေ့ဘက်အဘိုးအဘွားအိမ်ကို ဘယ်သူ့မှ မပြောဘဲ တစ်ယောက်တည်း ထွက်သွားဖူးတယ်။
အဲဒါကိုတော့ ကိုယ့်ဘာသာ မှတ်မိတယ်။
တမင် မသိအောင် ထွက်တာတော့ မဟုတ်ဘူး။
ဒီအိမ်နဲ့ ဒီအိမ်သွားတာ ဘယ်သူ့မှ လေကုန်ခံပြောစရာ မလိုဘူးများ ထင်နေခဲ့လား မသိဘူး။
ဟိုဘက်အိမ်ရောက်တော့မှ "ဟင် တစ်ယောက်တည်း လာတာလား။ ဘယ်သူပါသေးလဲ။ ဘယ်သူမှ မပါဘူးလား" နဲ့ ပျာယာတွေခတ်ပြီး... ဟိုအိမ်ကို တစ်ယောက်သွားပြော။ မပြောခင်မှာပဲ ဟိုအိမ်က လိုက်လာပြီ။ လမ်းမှာလည်း ကိုယ့်ကို တစ်ယောက်တည်း ထွက်သွားတာ မြင်လိုက်တဲ့ အသိ ဦးလေးကြီးတစ်ယောက်က နောက်က လိုက်လာကြည့်ပေးတယ် ပြောတယ်။ (အညာမှာတော့ ဒီလိုပါပဲ။)
***
အဲဒါနဲ့ ဖေဖေ့ဆီမှာ ပုံပြင်တစ်ပုဒ် ထွက်လာတယ်။
"ရွှေလိပ်ပြာလေး မရှပ်တေး" တဲ့။
သူ့မေမေ မသိအောင် တိတ်တိတ်လေး အပြင်ခိုးထွက်လို့ စုန်းမကြီးဆီ ရောက်သွားတဲ့ အကြောင်း။ စုန်းမကြီး မသိခင် လွတ်အောင် ပျံပြေးလာရလို့ အိမ်ရောက်တော့ အတောင်တွေတောင် ညောင်းကုန်တဲ့ အကြောင်း။
ဇာတ်ကြောင်းအကုန်တော့ မမှတ်မိတော့ပါဘူး။ မေ့ကုန်ပြီ။
***
အဲဒီ "ရွှေလိပ်ပြာလေး မရှပ်တေး" က သမီးလား ဖေဖေ လို့ ဖေဖေ့ကို မမေးလိုက်ရဘူး။
***
Thursday, March 11, 2010
Monday, March 8, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၆)
ကြိုးကြာငှက်တွေဟာ ကမ္ဘာ့တဘက်ခြမ်းကနေ နောက်တဘက်ခြမ်းကို ပျံသန်းပြီး ဥ ဥကြတယ်။ အကောင်ပေါက်လာတဲ့ ငှက်ကလေးတွေက အချိန်ကျတော့ သူတို့မူရင်းနေရာကို ပြန်ကြတယ်။
***
ငှက်ကလေးတွေဟာ တခါမှ မရောက်ဖူးသေးတဲ့ သူတို့ရဲ့ မူရင်းဇာတိကို မိုင်ထောင်ချီပြီး ပျံသန်းလာနိုင်တာဟာ ဘာကြောင့်များလဲ။
ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ သူတို့ရဲ့ အသွေးအသားထဲမှာရှိနေတဲ့ ဇာတိမြေရဲ့ ရနံ့ကို မှတ်မိသိရှိနိုင်လို့ပေါ့။
***

ဘယ်တော့မှ ဆန်းသစ်မလာတဲ့ နေရာ...
တနည်း... ဘယ်တော့မှ ရိုးမသွားတဲ့ နေရာ...
ဒီထက်ပိုလို့... ကိုယ်ဘယ်နေရာမှာပဲရှိနေပစေ၊ မျက်စေ့မှိတ်လိုက်ရုံနဲ့ ကိုယ့်အသိအာရုံတွေထဲကတဆင့် အချိန်မရွေး ပြန်ရောက်နိုင်စွမ်းတဲ့ နေရာ...
ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြေရဲ့ ရနံ့က ကိုယ့်အသွေးအသားတွေထဲမှာ ရှိနေတာမို့လို့ပေါ့။
***
ရာသီတပေါင်း၊ ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း။

ပညာပြပြီး ရိုက်ထားတာတော့ မဟုတ်ဘူး။
ကားမောင်းနေတုန်းမို့ ဖုန်းကင်မရာနဲ့ လက်ကလဲ တုန်သွားလို့ ဒီပုံဖြစ်သွားတာ။
***

နိုင်ငံခြားမထွက်ခင် April 2007 မှာ နောက်ဆုံး ပြန်ဖြစ်တယ်။
ခု ပြန်ရောက်တဲ့ရက်က 10th February 2010 ဆိုတော့ ၃ နှစ်နီးပါး ပြန်မရောက်ဖြစ်တာပေါ့။
ဘာမှမပြောင်းလဲနိုင်သေးတဲ့ နေရာတွေ...
ပြောင်းလဲတာ ဆိုလို့ 88 မတိုင်ခင်က မှန်မှန်ရတဲ့ မီးနဲ့ သတင်းစာ မှန်မှန် မရတော့တာပဲ ရှိမယ်ထင်တယ်။
သြော် ကျန်သေးတယ်။ 88 မတိုင်ခင်က လေယာဉ်ဆင်းတဲ့ ပခုက္ကူက ကွင်းထဲ ခုတော့ ပုစဉ်းတောင် ဆင်းသေးရဲ့လားမသိဘူး။
***

ထနောင်းပင် (သို့) သနပ်ခါးလိမ်းထားတဲ့ သစ်ပင်
(ထနောင်းပင်ရဲ့ အခေါက်က အဝါရောင်မို့လို့။ ဖုန်းကင်မရာက မကောင်းတာရယ်၊ ကားမောင်းနေတုန်း၊ ဆိုင်ကယ်မောင်းနေတုန်း ရိုက်ခဲ့တဲ့ ပုံတွေဖြစ်တာရယ်နဲ့ သေချာ မမြင်ရတော့ဘူး။ တောင်းပန်ပါတယ်။)
ထနောင်းပင်က သနပ်ခါးလိမ်းထားတဲ့ သစ်ပင်ဆိုရင်၊ ယူကလစ်ပင်က ပေါင်ဒါရိုက်ထားတဲ့ သစ်ပင်ပေါ့။
ဒါတွေကို နှစ်သက်ကြည်မွေ့ပေမယ့်၊ ဘဝမှာ ဒါတွေနဲ့ မလုံလောက်နိုင်တဲ့အခါ ဒါတွေထက်မကတဲ့ အရာတွေနောက်ကို လိုက်မိတယ်။ ဒါပါပဲ...
***
အိမ် (သို့) မေမေ ရှိတဲ့နေရာ...

July လည်း ကြည့်ချင်တယ် ဆိုတာနဲ့ အိမ်ပုံ တင်မလို့ပါပဲ။
ဒါပေမဲ့ မတင်ဖြစ်တော့ပါဘူး။
***
ဂျပန်ပြည်မှ နပန်းသမားလေး :)

second cousin မောင်လေး။ အဒေါ်ဝမ်းကွဲက မွေးတာ။
သူ့မေမေအကြောင်း ဒီဘလော့မှာ နည်းနည်း ရေးဖူးတယ်။
သူ့မေမေနဲ့ ကိုယ်နဲ့ ၁၈ နှစ် ကွာပြီး တူဝရီး၊ သူနဲ့ကိုယ် ၁၇ နှစ်ကွာပြီး မောင်နှမ။ ဒီနှစ် ၇ တန်း။
ငယ်ငယ်တုန်းက အဲဒီကောင်လေးဟာ ကလေးလေး ပေါ့ လို့ ပြောရင် ရယ်စရာကြီး ဖြစ်နေမလား။ တွေ့တွေ့ချင်း ကိုယ်ထိုင်နေတဲ့နေရာလာတော့ သူ့ခါးကို ဖက်ပြီး "အမလေး ဆူမိုနပန်းသမားကြီး ကျနေတာပဲ" လို့ ပြောမိတယ်။ ကိုယ်က သူ့တစိတ်လောက်ပဲ ရှိတယ်။
ကိုယ်သွားတဲ့အချိန်က ကျောင်းပိတ်ချိန် မဟုတ်တော့ မောင်နှမဝမ်းကွဲတွေ ရန်ကုန်မှာ၊ မန္တလေးမှာ ကျောင်းတက်နေကြတယ်။ သူရယ် သူ့အထက်က ညီမတယောက်ရယ်ပဲ တွေ့ခဲ့ရတယ်။ ဝမ်းကွဲတွေထဲမှာတော့ သူတို့ အငယ်ဆုံးပဲ။
အညာမှာတော့ တဝမ်းကွဲ၊ နှစ်ဝမ်းကွဲရယ် မရှိပါဘူး။ အနေနီးရင် အရင်းလိုပါပဲ။
သူ့ကို ကြည့်ရင်း သူငယ်ငယ်တုန်းက ကလေးလေးပေါ့ ဆိုတဲ့ အတွေးကို ခဏခဏ ပြန်တွေးမိတယ်။ သူ ၃/၄ နှစ်အရွယ်တုန်းက ကိုယ့်ဆီ မလိုက်ချင်တဲ့ ကလေးသေးသေးကို ချော့မော့ပြီး ချီခဲ့ရတာ သတိရမိတယ်။
ကိုယ် အလယ်တန်း၊ အထက်တန်းအရွယ်တုန်းက တနှစ်တခါ ပြန်လာလို့ လူကြီးတွေက "ကြီးသွားလိုက်တာနော်။ ကြီးသွားကြပြီနော်" လို့ ပြောရင် ဘာမှ အလေးအနက် မရှိမိပါဘူး။ စိတ်ထဲ "လူပဲ။ ကြီးလာတာ ဘာဆန်းလို့လဲ" လို့များ တွေးခဲ့မိသေးလား မသိ။
ခုမှ ပြန်သတိထားမိပါတယ်။
အဲဒီ စကားသံတွေထဲမှာ နှမျောတသတဲ့ ခံစားမှုတစ်ခု ပါနေသေးတယ်ဆိုတာ...
ကိုယ့်မောင်လေး လူကြီးဖြစ်သွားတာ ကိုယ်တော့ သိပ်နှမျောတာပဲ။
***
ပထမဆုံးစာပိုဒ်က တရုတ်ရုပ်ရှင်ကားတစ်ကား အကြောင်းရေးထားတဲ့ ဒေါက်တာမတင်ဝင်း ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာပါ။ ကြိုးကြာငှက်လို့ မှတ်မိနေလို့ အဲဒီတိုင်းရေးမလို့ ပါပဲ။ ဒါပေမဲ့ အင်တာနက်မှာ ကြိုးကြာတွေ အကြောင်းရှာတော့ လိုချင်တဲ့ အချက်တွေကို မတွေ့ဘူး။ ဘယ်ချိန်မှာ ဥ တယ်။ ကမ္ဘာ့ဘယ်ဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းကို ပျံကြတယ် ဆိုတာ ရှာမတွေ့ဘူး။ ကိုယ်စိတ်မရှည်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ပဲ အဆင်ပြေသလို ရေးထားပါတယ်။
သိတဲ့သူ ပြောသွားနိုင်ပါတယ်။ စိတ်မဆိုးပါ။ :)
***
ဒီ post ရေးရင်း ဘာဖြစ်လို့မှန်းမသိ ဝမ်းနည်းတယ်။
***
Labels:
Myanmar,
remembrance,
Trip
Sunday, March 7, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၅)
နောက်ဆက်တွဲ ဖြည့်စွက်
ဖုန်းပြန်ရပြီး ၁ဝ မိနစ်လောက်နေတော့မှ ဖုန်းဝင်လာတယ်။ လက်မတင်ခင်ကလေးပဲ။
ဒါပေမဲ့ ကိုယ့်ဘာသာ ဇာတ်ကြောင်းစုံ အကုန် ခင်းပြလိုက်တယ်။
ကိုယ်တိုင်ကိုက အပြောအဆိုမခံရရင် မနေတတ်တော့ဘူး။

စိတ်မှာလဲ အင်နားရှားရှိတယ်။ ;)
***
ရန်ကုန်မှာ ၁ဝ ရက်လောက် နေပြီးတော့ 9th Feb မှာ အိမ်ကို ပြန်ခဲ့တယ်။
ကိုယ်ပြန်လာပြီ...

လှည်းကူး လမ်းခွဲနားမှာ...

ခေတ်မီဖွံ့ဖြိုးတိုးတက် (မနောက်ဘူးနော် အတည်)
***
နော်ပြည်ဒေ

ညဘက်ကြီး ကားမောင်းနေတုန်း ဖုန်းကင်မရာနဲ့ ရိုက်လိုက်မိတာ
***
နောက်တနေ့မနက်
အညာမှာတော့ ကောင်းကောင်းအေးနေတုန်းပဲ။
တစ်နှစ်တစ်ခေါက် မှန်မှန်နီးပါး ပြန်ခဲ့ပေမယ့် အမြဲ နွေရာသီပဲ ဖြစ်ခဲ့တော့ ဒီနှစ်တော့ ဆောင်းတွင်းကို တမင်ရွေးခဲ့တယ်။ ဆောင်းတွင်းစစ်စစ်ကိုလည်း မရွေးရဲဘူး။
ဒါကြောင့် ဖေဖော်ဝါရီ ပြန်တာ...
ဒါတောင်မှ အအေးဒဏ်ကို တော်တော် ခံရတယ်။

အညာဆောင်းတွင်းကို မမြင်ဖူးတာ ကြာလှပြီ။ အနှစ် ၂ဝ လောက်...

ဧရာဝတီ တံတား (ရတနာပုံ)

ဇေယျာကမ်း
စစ်ကိုင်းတောင်

ဒီမြင်ကွင်းမျိုးတွေ မမြင်ရတာ ကြာလှပြီ။
***
ကောင်းမှုတော်

ရှင်းရှင်းလင်းလင်း မြင်ရတဲ့ မြင်ကွင်းကနေ ကင်မရာကို ချိန်ခဲ့တာပါပဲ။
ကားမောင်းနေတုန်းဆိုတော့ ရိုက်မိတဲ့အချိန်မှာ ဒီလို ဖြစ်သွားတယ်။
***
မြင်းမူ

ကျော်စွာထက် ရဲ့ မြို့။
နောက်ပိုင်းတော့ သူ စာ သိပ်မရေးတော့ဘူး။
ဂျူးတို့နဲ့ ခေတ်ပြိုင်၊ မန္တလေး ဆေးတက္ကသိုလ်ဆင်း စာရေးဆရာ။
စာပေနယ်မှာတော့ သူတို့နှစ်ယောက်ကို မြန်မာပြည်ရဲ့ Sartre နဲ့ Beauvoir လို့ သတ်မှတ်ကြတယ် ကြားဖူးတယ်။ :)
ထီးပေါင်းကား စာအုပ်တိုက်က ထုတ်တဲ့ သူ့ ဝတ္ထုတို ပေါင်းချုပ် ၁, ၂, ၃ ကို ဟိုးတုန်းက ဖတ်ခဲ့ဖူးတယ်။ နောက်တော့ ဂျူးက ဆရာဝန် ပီပီပြင်ပြင် မလုပ်ဘဲ၊ စာရေးဆရာပဲ လုပ်ပြီး၊ သူကတော့ စာသိပ်မရေးတော့ဘဲ မန္တလေးမှာ ဆရာဝန်ပဲ ပီပီပြင်ပြင် လုပ်ခဲ့တယ်။
နောက်ပိုင်း သူ့ဝတ္ထုရှည် တစ်ပုဒ် ကလျာမှာ ဖတ်ခဲ့ရသေးတယ်။
အရင်လို မဟုတ်တော့ဘူး။ ကိုယ် မကြိုက်တော့ဘူး။
သူ့ကို သတိရတာနဲ့ သူ့မြို့ကို ကားရပ်တုန်း ရိုက်လာတာ။
Update: http://www.yamc.info/forum/thread-434.html
***
ချောင်းဦး

RIT ဆင်း minister တစ်ယောက်ရဲ့ RIT ဆင်း မစ္စစ္စ ငယ်ငယ်က နေခဲ့ဖူးတဲ့ မြို့လို့ ဆိုတယ်။
(native ဟုတ် မဟုတ်တော့ မသိပါ)
***

မုံရွာ အထွက်လို့ ထင်တယ်။ သိပ် မသေချာတော့ဘူး ဦးနှောက်က...။
သေချာတာကတော့ အညာပဲ...
***
ဆင်ဖြူရှင် တံတား

***

လမ်းတနေရာ...
***
မုံရွာထိ GSM ရတယ်။ ကိုယ့်ဆီကိုရောက်တော့ CDMA ပဲ ရတော့တယ်။
ကားပေါ်မှာ အေသင်ချိုဆွေ ဖွင့်လိုက်၊ ဗွီဒီယိုတွေ ပြလိုက်နဲ့ နည်းနည်းတော့ ကသိကအောက် ဖြစ်မိတယ်။ နားထဲ နားကြပ်ထည့်ပြီး သီချင်းနားထောင်ရတာကို entertain ဖြစ်တယ် မထင်တော့ ကိုယ့်ဘာသာလည်း နားထောင်ချင်တဲ့သီချင်း သယ်မလာခဲ့မိ။
တကယ်တော့ အညာကို ခရီးထွက်တဲ့အခါ "ကိုယ်ပြန်လာပြီ" တို့ ဘာတို့ပဲ နားထောင်ချင်မိတယ်။
ဒါမှမဟုတ်လည်း မြန်မာသံတခုခုပေါ့။ စောင်းလှိုင်ဝင်းမောင် ရဲ့ ကျူးဧငြိမ့်ငြိမ့် လိုမျိုး။
လက်ရည်တပြင်တည်း တို့ ဘာတို့ဆိုလည်း ကောင်းမှာပဲ။
ယူလာခဲ့ပြီး နားထောင်ရရင် ကောင်းမှာလို့ တွေးမိတယ်။

Saturday, March 6, 2010
ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၄)
နေရာဟောင်း
နေရာဟောင်းကို ပြန်သွားခဲ့တယ်။
စီနီယာ အစ်မတွေနဲ့... သူတို့ အလုပ်လုပ်နေတုန်း ဝင်ရှုပ်လာတာ...
တွေ့တွေ့ချင်း "ဝလာတယ်" ဝိုင်းပြောကြတယ်။ တကယ္က အက်ႌေၾကာင့္ပါ။
body weight က ဘယ်တော့မှ အတက်အကျ မရှိပါဘူး။ အမြဲတမ်း ကိန်းသေ။
အဲဒီမှာ လုပ်တုန်းက skirt တောင် မဝတ်ခဲ့ဘူး။ Jeans ဆိုလည်း ကြိုက်ပေမယ့် ကိုယ်ပေါ်ကို မတင်တာ။ အဲဒါ ကိုယ့် 10 တန်းတုန်းက guide တွေရဲ့ influence တွေ။ (စင်ကာပူမှာတော့ တပတ်လုံး Jeans နဲ့ပဲ ရုံးတက်ရင် တက်နေမိတယ်။)
ရန်ကုန်မှာ အတူနေတဲ့ အဒေါ်က ဇာတိမြို့နဲ့ နီးတဲ့နေရာကို ကိုယ် မပြန်ခင်လကတင် ရွှေ့ရတယ်။ ကိုယ့် ကျန်ခဲ့တဲ့ အဝတ်အစားတွေ အားလုံးပါ သယ်သွားတော့ ရန်ကုန်မှာ ထမီကို ဝတ်စရာမရှိတော့ဘူး။ (အစစ်တွေတော့ မဟုတ်ဘူး။ ချိတ်နဲ့ချုပ်ထားတဲ့ ထမီ အတုတွေချည်းပဲ)။
အဲဒီနေ့ကတော့ အဲဒီအင်္ကျီနဲ့ အောက်ကတော့ skirt နဲ့...
ကိုယ့် ဒါရိုက်တာတစ်ယောက်က တွေ့တွေ့ချင်း "ဒါဘယ်သူလဲ။ ဒီမှာတုန်းက ဒီပုံစံ မဟုတ်ပါဘူး" လို့ ပြောတယ်။ ရုံးမှာလုပ်တုန်းက ကိုယ် အငယ်ဆုံးပဲ။ ဒါပေမဲ့ ကလေးပုံဖမ်းနေလို့တော့ မရဘူး။ အားတဲ့အချိန်မှာ ဟီးဟီးဟားဟား လုပ်တာက တပိုင်းပဲ။
အတူ အလုပ်လုပ်တုန်းက အချင်းချင်းတင် မကဘဲ အချင်းချင်းနဲ့ သိတဲ့ လူတွေကိုပါ လိုက်သိရင်းနှီးခဲ့ကြတယ်။ ဘယ်ချိန်ပြန်တွေ့လိုက်လဲပဲ စိတ်ထဲမှာ ရင်းနှီးကျွမ်းဝင်ရှိနေတုန်းပဲ။
ဒီထဲက အစ်မတစ်ယောက်က မကြာခင် သူ့အမျိုးသားရှိတဲ့ US ကို လိုက်သွားတော့မယ်။ နောက်တစ်ခေါက်ဆိုရင် သူ့ကို တွေ့ရတော့မှာ မဟုတ်ဘူး။
နောက်အစ်မနှစ်ယောက်က မကြာသေးခင်က Bangkok ကို သွားလည်တာ ကိုယ့်ကို လှမ်းတော့မခေါ်ဘူး။ ဘာဘူးနဲ့ လျှောက်ပြောခဲ့သေးတယ်။ ခေါ်လည်း သွားနိုင်မှာ မဟုတ်ဘဲနဲ့။
ဒါနဲ့ "ဒါကြောင့် အဲဒီရက်ပိုင်းက ဘန်ကောက်က ပင်လယ်ရေမျက်နှာပြင် ၃ လက်မလောက် မြင့်တက်လာတယ် ကြားတာကိုး" လို့ ပြောပြီး ဟားဟားဟား လုပ်နေကြသေးတယ်။ ပြန်ဆုံဆည်းခြင်း ဆိုတာ ဘာမဟုတ်တဲ့ တိမ်တဲ့ ပျက်လုံးတွေကိုတောင် လှိုက်လှိုက်လှဲလှဲ ရယ်မောမိစေတယ်။
skirt ဝတ်လာမိလို့ ဦးကြီး(MD) ဆီ သွားတွေ့ရမှာ ရှက်လိုက်တာ လို့ အစ်မတွေကို ပြောမိတော့ "ဘယ်သူက ဘာပြောမှာလဲ။ သွားသာသွား" လို့ ဝိုင်းပြောကြတယ်။
ဦးကြီးကို ခဏ နှုတ်ဆက်စကားပြောပြီး၊ ကန်တော့တော့ "ဘုရား တရား မမေ့နဲ့။ မိဘကို မမေ့နဲ့။ ဒါတွေကပဲ ကယ်သွားမှာ။" လို့ ပြောတယ်။ တရားစာအုပ်တစ်အုပ် ပေးလိုက်သေးတယ်။
ကိုယ့်ကို တိုက်ရိုက် အလုပ်ခန့်ခဲ့တဲ့ ဒါရိုက်တာ ဆရာတစ်ယောက်နဲ့ မတွေ့ခဲ့ရ၊ မကန်တော့ခဲ့ရဘူး။ အဲဒီအခေါက်က နယ်ခရီးထွက်နေလို့။ နောက်တစ်ခေါက်ကျ site ထဲ ရောက်နေလို့။
ကိုယ့်တွေ့ကြုံ ပတ်သတ်လာရသမျှတွေကို ပြန်စဉ်းစားကြည့်ရင် "လူ(ကိုယ်တိုင်)ထက် ကံက ပိုကောင်းတယ်" လို့ အမြဲ ကောက်ချက်ချမိပါတယ်။
***
ကိုယ် အလုပ်မထွက်ခင် တလအလို (နိုင်ငံခြားထွက်ဖို့ တလအလို) မှာတော့ Junior လေး နှစ်ယောက် ထပ်ခန့်တယ်။ ဒီတခေါက်ပြန်တော့ တစ်ယောက် အလုပ်ထွက်သွားပြီ။
ကိုယ်က စနေနေ့ ရုံးဆင်းခါနီးအချိန်ကြီး ရောက်သွားတယ်။ ရုံးဆင်းတာနဲ့ အပြင်မှာ သွားစားကြဖို့ပါ။ အငယ်တွေကတော့ အားနာလို့ ထင်တယ်။ ပြန်နှင့်ကြတယ်။
ကိုယ်ထွက်သွားပြီးမှ ဝင်တဲ့ Junior လေး တစ်ယောက်က ပြန်ခါနီး ကိုယ့်နာမည်ခေါ်ပြီး နှုတ်ဆက်သွားတော့ အံ့သြနေတုန်း အစ်မ တစ်ယောက်က ဝင်ပြောတယ်။
"ငါတို့ ပြောထားလို့ သူတို့က နင့်ကို အကုန်အလွတ်ရနေတာ" တဲ့။

သူ့ကိုလည်း အချိန်တွေ အကြာကြီး ရင်းနှီးခဲ့ဖူးတယ်။

ဘဝမှာ ဈေးသည်လုပ်ရတာ အပျော်ဆုံးပဲ (လို့ထင်တယ်)။
***
Happy!

အင်းလျားလမ်း၊ Happy မှာ... ဟိုသွားမယ် ဒီသွားမယ်နဲ့ ဘရုတ်သုတ်ခ အမျိုးမျိုးဖြစ်ပြီးမှ အဲဒီကို ရောက်တယ်။ နိုင်ဂျံဂါးပျံကြီး ဆိုတော့လည်း လမ်းဘေးဆိုင်တော့ ခေါ်မသွားကြဘူးပေါ့ :(
(အဲဒီတခေါက်ကတော့ ကိုယ်ကျွေးတာပါ။)

အစ်မ တစ်ယောက်က ရှာရှာဖွေဖွေ ကောက်ဝယ်လာတဲ့ လမ်းဘေး အကြော်။
အားမနာပါးမနာ ဆိုင်မှာတင် ချစားကြသေးတယ်။

ဖုန်းပျောက်ခြင်း
အဲဒီလို ဟိုဟာလေး ဓါတ်ပုံရိုက် ဒီဟာလေး ဓါတ်ပုံရိုက်၊ ဟိုအတင်းလေးပြော၊ ဒီသတင်းလေးပြောနဲ့ လုပ်ပြီး ထလည်း ပြန်လာရော ဖုန်းပါမလာတော့ဘူး။
အိမ်ပြန်ရောက်တော့ ညဉ့်နက်နေပြီ။ အိပ်ခါနီး သတိရလို့ ရှိသမျှ အိတ်တွေ အကုန်သွန်မှောက်ရှာလည်းပဲ ဘာဖုန်းမှ မတွေ့တော့ဘူး။ ဖုန်းပျောက်လို့ စိတ်ညစ်တာထက် အပြောခံရမှာကို ပိုစိတ်ညစ်တာ...
ဖုန်းကတော့ အဲဒီဆိုင်မှာ ကျန်ခဲ့တာပဲလို့ သေချာနေတော့ ပြန်ရမှာလို့ မျှော်လင့်မိသေးတယ်။ သန်းခေါင်ကျော်မှ သိတော့ ဖုန်းဆက်မနေတော့ဘဲ အိပ်ရာဝင်လိုက်တယ်။
ဖြစ်ချင်တော့ ဖုန်းအိတ်ထဲမှာ ရတနာပုံက ညီမလေးရဲ့ ဖုန်းနံပါတ် ရေးမှတ်ထားတဲ့ စာရွက်ပါသွားတယ်။ ဆိုင်ရှင်က မနက်စောစော ညီမလေးဆီ ဖုန်းလှမ်းဆက်။ ညီမလေးက မေမေ့ဆီ လှမ်းဆက်တယ်၊ မေမေက ကိုယ်မနိုးခင် ကိုယ့်ဆီပြန်ဆက်... ပတ်ချာကိုလည်လို့။
ဒါနဲ့ပဲ မနက်ဘက်ကြီး အဲဒီဆိုင်ကို ဒုတိယအကြိမ် ပြန်ရောက်ရပြန်တယ်။
မှတ်မိနေတဲ့ ဆိုင်ကတစ်ယောက်က ပြောတယ်။ "အဲဒီဖုန်းကို အစ်မတို့နောက်မှ လာထိုင်တဲ့ နောက်တစ်ဝိုင်းပြီးမှ ကျွန်တော်ကောက်ခဲ့တာ" တဲ့။ သူက ကိုယ့်ဖုန်းလို့တောင် မထင်ဘူး။ နောက်တဝိုင်းကလူ ကျန်ခဲ့တယ် ထင်လို့။ ကံ ကောင်း လို့ !
(ဖုန်းပြန်ရခဲ့တာ အတွက် အင်းလျားလမ်းက Happy စားသောက်ဆိုင်ကို ကျေးဇူးတင် မှတ်တမ်းတင်မိပါတယ်။)
ကိုယ့်ပစ္စည်းပြန်ရပြီးတော့ အစ်မတွေကို ပြန်ပြောပြီး ဟား စရာကြီး ဖြစ်သွားပြန်ရော။
တကယ်ပဲ အဲဒီမှာ အလုပ်လုပ်ခဲ့တဲ့ အချိန်တွေကို သတိရမိတယ်။
အလုပ်ဟာ ကိုယ့်အတွက်တော့ နောက်ထပ် အိမ်တအိမ်လိုပါပဲ။
***
လျှောက်လာခဲ့တဲ့ လမ်းကြောင်းတွေကို နောက်ပြန်ကြည့်မိတော့ သံယောဇဉ်တွေကို တွေ့ရတယ်။ ရှေ့ဆက်လျှောက်မယ့် ခြေလှမ်းတွေကို မေးခွန်းထုတ်မိတယ်။
"ဘာအတွက် ဆက်သွားနေတာလဲ။ ရှေ့မှာရော ဘာတွေရှိသလဲ။ နောက်မှာချန်ထားခဲ့ရတဲ့ အရာတွေနဲ့ ရှေ့မှာ ရမယ် မရမယ် မကျိန်းသေတဲ့ အရာတွေကို လဲပစ်ဖို့ တန်လို့လား"
"ဘဝမှာ နှစ်သက်ကြည်မွေ့မိတဲ့ အရာတွေနဲ့ တန်ဖိုးထားပြီး နောက်ကလိုက်မိတဲ့ အရာတွေဟာ ဘာကြောင့် မတူညီနိုင်ရတာလဲ"
ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ အတူတကွ အမြဲရှိဖို့ ဘာဖြစ်လို့များ မဖြစ်နိုင်ရတာလဲ။
***
Generation

၉ မိုင်က အဘိုးလေးနဲ့ အဘွားလေး နေတဲ့ဆီကို သွားလည်ဖြစ်တယ်။
သူတို့မှာ ကလေးမရှိဘူး။ အသက် ၆ဝ ကျော်ကြပြီ။
အိမ်ထောင်ပြုပြီး ကလေးမရနိုင်ဘူး ဆိုတာ သိတော့ အဘွားက ငိုတယ် လို့ ကြားဖူးတယ်။
သူတို့ဘဝကို သူတို့ ကျေနပ်နေမှာ ဖြစ်ကောင်း ဖြစ်ပေမယ့် လူကြီးနှစ်ယောက်ကို ကြည့်ရတာ ကိုယ် စိတ်မကောင်းဘူး။
ငယ်တုန်းမှာ မသိသာပေမယ့် အသက်ကြီးလာရင်တော့ ကိုယ့်မျိုးဆက် တစ်ယောက်ယောက်လောက်ရှိနေမှ မျှော်လင့်ချက်နဲ့ အားနဲ့ မာန်နဲ့ နေပျော်နိုင်လိမ့်မယ် ဆိုတဲ့ အတွေးကို ပထမဆုံး တွေးမိတယ်။
***
အဲဒီအတွေးကိုတော့ ပြောမပြဖြစ်ခဲ့ပါဘူး။

Subscribe to:
Posts (Atom)