Sunday, July 26, 2009

How I composed "She, falls into Love" ...



"အချစ်ရှိတဲ့သူ" ကို 2000 အစပိုင်းလောက်မှာ ရေးဖြစ်ပါတယ်။
လူတကိုယ်လုံး ပေါ့ပါး မြောက်ကြွပြီး လွင့်ပါးနေခဲ့တဲ့ တချိန်ပေါ့။


ပေါ့လွင့်တဲ့ ငှက်တောင်မွေးကလေးလို
လေညင်းလေး တချက် ဝှေ့လိုက်ရုံနဲ့တင်

မြင့်တက် မြောက်ကြွ သွားတော့မယ်...

အဲဒီ တပိုဒ်က အရင်ဆုံး ချရေးဖြစ်တာပါ။ အဲဒီ စာသားလေးတွေ ချမရေးခင် ကိုယ်အကြိမ်ကြိမ် ပြန်မြင် သတိရနေတဲ့ မြင်ကွင်းလေး တစ်ခုရှိတယ်။

Forrest Gump ကား အစမှာ Tom Hanks ရဲ့ ခြေထောက်နား ချာလည် ဝေ့၀ဲပြီး ကျလာတဲ့ ငှက်မွေးလေးရဲ့ပုံကိုပေါ့။ အဲဒီကားကို အစအဆုံး မကြည့်ဖူးပါဘူး။ 1994 လောက်မှာထင်တယ်။ ဖေဖေကြည့်တုန်း ခဏ ၀င်ကြည့်လိုက်မိတာပါပဲ။ ကဗျာမရေးခင် အဲဒီ scene လေး ပြန်မြင်လာရာက ပထမတစ်ပိုဒ် ဖြစ်လာတယ်။

ကိုယ်ဟာ လေတိုက်ရုံနဲ့ လွင့်ပါးတော့မယ့် ငှက်တောင်မွေးကလေးပါ။


*****
ဒီလိုနဲ့ အဲဒီ ပထမပိုဒ်ပြီး
တပတ်လောက်ကြာသွားတဲ့ထိ ဆက်မရေးဖြစ်တော့ဘူး။ ခေါင်းစဉ်ကိုတော့ ပေးလိုက်ပြီ။

ဆောင်းဦးရာသီရဲ့ ရော်ရွက်ဝါကလေးလို

လေပြည်လေး တချက် ထိခတ်လိုက်
ရုံနဲ့တင်
ကြွေကျ သက်ဆင်း သွားနိုင်တယ်...

ဒီတပိုဒ်နဲ့ ပတ်သတ်လို့ကတော့ ဘာမှ ပြောစရာ မရှိလှပါဘူး။
ပထမပိုဒ်နဲ့ လိုက်ဖက်အောင် ရေးဖြစ်လိုက်တာပါပဲ။

တကယ်ကို ကြွေကျတော့မယ်။

*****
ပြတင်းတံခါးက ဇာခန်းဆီးကလေးလို
လေအေးအေး တချက် ဖြတ်တိုက်လိုက်
ရုံနဲ့တင်
တလွင့်လွင့် လှုပ်ရှား သွားတော့မယ်...

ဒီတပိုဒ်ကို ရေးတော့ အာရုံထဲဝင်လာတာက ဂျူး ရဲ့ "ရေမျောသီး" ထဲက စာတကြောင်းပါ။
"ကျွန်မ၏ ဇာခန်းဆီးကလေးသည် အင်ဒရူးဝိုင်ယက်၏ ဇာခန်းဆီးလောက် မနူးညံ့သော်လည်း..." ဆိုတာလေး ခေါင်းထဲ ဖျတ်ခနဲ ရောက်လာတော့ တတိယ တစ်ပိုဒ် ဖြစ်လာတယ်။

တလွင့်လွင့် လှုပ်ရှားနေပါတယ်။

*****

အို......နောက်ဆုံးတော့ကွယ်...


သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းပေါက်ကလေးလို

နေရောင်ခြည်က ညင်သာသာ ရှိုက်နမ်းရုံနဲ့တင်
ရှက်အမ်းစွာ လွင့်ပါးပျောက်ကွယ်... ...

သူမရဲ့ ဖြစ်တည်မှုတွေ ရပ်စဲရလိမ့်မယ်...


အဲဒီ တပိုဒ်ကတော့ dedicated လုပ်ပြီး ရေးထားတာပါ။
အလိုက်ဖက်ဆုံး နိမိတ်ပုံလေး ယူပြီးတော့...

ကဗျာ နောက်ဆုံးပိုဒ်မှာ ကဗျာထဲက အရာတစ်ခုကို အဆုံးထိ ဆွဲခေါ်ပစ်လိုက်တဲ့ သဘောပါပဲ။

ကိုယ့်ရဲ့ ဖြစ်တည်မှုတွေတောင်မှ ပျောက်ဆုံး ကုန်တဲ့ထိ...

*****

ကဗျာပြီးသွားလို့ ပေးဖတ်တော့...
"ဘာအဓိပ္ပါယ်လဲ"
တဲ့။

တော်တော်နင်သွားပါတယ်။
ရင်ထုမနာ ဆိုတာ ဒါမျိုး နေမှာ...

*****

9 comments:

  1. သယ်ချင်းရေ...သူအဲလိုပြောလဲ ဘာဖြစ်လဲ ဆက်သာရေး.အားပေးသူတွေ တစ်ပြုံကြီး ရှိတယ် ဟုတ်စ လို့...........ပြောမယ် ပြောတယ်စ်

    ReplyDelete
  2. ရီတာရဲ့ ပရိတ်သတ်ဖြစ်ကြောင်း သက်သေလာပြတာပါ...

    (တကယ်တမ်းက ချမ်းက ရီတာ့လက်ခုပ်ထဲက ရေပဲလေ)

    ကဗျာဖတ်ပြီး နဲနဲတော့ သဘောပေါက်တယ် ထင်တယ်...

    အဲဒီတုန်းက အဖြေပေးပြီးသွားချိန်လား... မပေးရသေးခင်လား...

းဝ)

    ReplyDelete
  3. ရှိသေးတယ်..ကဗျာကို ပြန်ရှင်းခိုင်းတာတို့ ..
    ပန်းချီကားအဓိပ္ပါယ်ကို ရှင်းခိုင်းတာတို့..
း) .. ဒီပို့စ်လေးပေးဖတ်လိုက်ပေါ့ ..
    ဒါတောင်.."သြော်..." ဆိုတာလောက်ပဲထွက်ချင် ထွက်လာမှာ .. :D

    ReplyDelete
  4. အဲ့ဒီတချမ်းက ဘာလဲဟင်ခဏခဏတွေ့နေတယ်
    မောင် ကိုကိုနဲ့ မမရီတာ ကိုဖတ်မှဖြစ်တော့မယ် ထင်တယ် ခုထိကိုဖတ်မယ်ဖတ်မယ်နဲ့ မဖတ်ဖြစ်သေးတာ အချိန်မရလို့ပါလေ...
    တို့နဲ့တော့ မသက်ဆိုင်လောက်ဘူးထင်ပါတယ်နော်
    ကဗျာလေးကတော့ ပထမ တခါဖတ်ဘူးကတည်းက ကြိုက်တယ်
    ကိုယ်လဲ စိတ်ကူးယဉ်သူပေပဲမို့လေ

    ReplyDelete
  5. "ဘာအဓိပ္ပါယ်လဲ"

    ထပ်မေးလိုက်ဦးမယ်

    ဟီးဟီး
    အလကားစတာ
    ချိတ်ချိုးနဲ့
    ကောင်းတယ် ဆက်ရေး

    ReplyDelete
  6. ဟားဟား ...ပေးဖတ်ခံရတဲ့သူက ကဗျာခံစားမှုမရှိလို့နေမှာပေါ့ အမရဲ့း)

    ReplyDelete
  7. ကဗျာပေးရင် ၁၀ တန်းတုန်းကလို What do these lines mean? ကိုပါ ထည့်ရေးပေးလိုက်ပေါ့

    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  8. မြင့်လွန်းအားကြီးတယ်

    လူချင်းတွေ့ပြီးရှင်းပြမယ်ဆိုရင်တောင် အချိန်တော်တော်ယူရမယ်နဲ့တူတယ်

    ReplyDelete
  9. အဲ့ နောက်ဆုံးအပိုဒ်က.. အင်း.. .
း)

    ReplyDelete