Monday, January 11, 2010

အမျှင်

ခုတလော အကြည်ဓါတ်တွေ လျော့ပါးစရာက တောက်လျောက်ဆိုသလို တွေ့ရပါတယ်။
ကိုယ် ကိုယ်တိုင်ကိုက စကတည်းက အကြည်ဓါတ် နည်းပါးတာလဲ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကိုယ်နဲ့ ဘာမှ မပတ်သတ်တဲ့၊ တနည်း ကိုယ်စေတနာ မထားဖူးတဲ့ သာမန်လူတွေနဲ့ ပတ်သတ်လို့တော့ ဘာမှ စိတ်ထဲ သိပ်မရှိပေမဲ့ (ရှိတယ်ဆိုလည်း အဲဒါဟာ အေးအေးလူလူ စာဖတ်မလို့လုပ်တုန်း စက်ဘီးနဲ့ လာရောင်းတဲ့ ထီသည်က သီချင်းအကျယ်ကြီးဖွင့်တာ ကြုံရသလောက်ပါပဲ)...

ကိုယ်က စေတနာထားခဲ့ဖူးသူ ဖြစ်နေရင်တော့ စိတ်ထဲ သိပ်ရောက်မလာအောင် ဖယ်ထုတ်ဖို့ ကြိုးစားရပါတယ်။

***
အမျှင် ဇာတ်ကားကိုတော့ ကြည့်ပြီး ကတည်းက ရေးချင်ခဲ့မိပါတယ်။
November လထဲမှာ ကြည့်ဖြစ်ခဲ့ပါတယ်။ ကိုယ် သိပ် ရုပ်ရှင် ကြည့်ခဲပါတယ်။ အထူးသဖြင့် ဗမာကား။

လွန်ခဲ့တဲ့ ၄/ ၅ လလောက်က နေမျိုးဆေး နဲ့ မင်းထင်ကိုကိုကြီး တို့ရဲ့ ကဗျာ တင်တော့ ဖြူတုတ်လေး က မင်းထင်ကိုကိုကြီး ကားတွေ ကြည့်ဖို့ ညွှန်းသွားပါတယ်။ အဲဒီထိ မကြည့်ဖြစ်သေးပါဘူး။ နောက်တော်တော်ကြာမှ သူ့ blog မှာ စာသွားဖတ်ရင်း side bar မှာ တင်ထားတဲ့ ကားတွေထဲက အမျှင်ကို ကြည့်မိတယ်။

***
"စင်အောက်ကလူ" ကဗျာနဲ့ သတိပြုမိခဲ့တဲ့ မင်းထင်ကိုကိုကြီး ကို အမျှင် ဇာတ်ကားနဲ့ အသိအမှတ်ပြုကို ပြုခဲ့ရပါတယ်။

ဇာတ်ကျောရိုးက ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ဇာတ်တစ်ခုလုံးကို ထိန်းသွားတာ presentation ပါပဲ။ အဲဒါ အဲဒီ ဇာတ်ကားရဲ့ အသက်လို ဖြစ်နေပါတယ်။ အဲဒီလို ဇာတ်ကျောရိုးက ဘာမှ မထူးဆန်းပေမယ့် presentation ကြောင့် ပြည့်စုံတဲ့ ဇာတ်ကားဆို လောလောဆယ် ခေါင်းထဲ ပေါ်လာသလောက်က
"သင်္ကြန်မိုး"၊ "ဒဏ္ဍာရီ"၊ "ဘယ်သူပြိုင်လို့ လှပါတော့နိုင်"

သင်္ကြန်မိုး အကြောင်းပြောမယ်ဆိုရင် ဂီတသမား စန္ဒရားဆရာလေး တစ်ယောက်နဲ့ သူဌေးသမီးတစ်ယောက်တို့ရဲ့ ဂုဏ်ရည်မတူတဲ့ ဇာတ်လမ်းပါပဲ။ ဒီထက် ပိုပြောစရာ မရှိ။
ဒါပေမဲ့ သူ့ presentation ကိုတော့ သိပ်သဘောကျမိပါတယ်။ မန္တလေးသူ မေသန်းနုက "ကျွန်တော် ကျွန်တော်" ပြောထားတဲ့နေရာမှာ ဆင်ဆာကြောင့် အသံပြန်သွင်းထားတဲ့ "နွယ် နွယ်" ဆိုတာကြီးက ကန့်လန့်ခံနေတာက လွဲလို့ပေါ့။

TV မှာ ပြတိုင်းတော့ မကြည့်ဖြစ်ပါဘူး။

"သင်္ကြန်မိုး" ကို ရိုက်တော့ producer က မန္တလေးသင်္ကြန်ကို အမှတ်တရ မှတ်တမ်းဖြစ်စေဖို့ အဓိက ထားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီခေတ်က သိန်း ၂ဝ လောက်ကုန်ပြီး၊ ရုပ်ရှင်နဲ့ သီချင်းတွေကပဲ ပြန်ရတဲ့ အမြတ်ချည်း အဲဒီပမာဏ အတိုင်း ပြန်မြတ်ခဲ့တယ် ဆိုတယ်။ (ပါးစပ်သတင်း ဖြစ်ပါသည်။ အမြတ်ခွန်ကိစ္စ ပါလာပါက ကိုယ်မသိပါ)။ သင်္ကြန်မိုး ရဲ့ producer မန္တလေး ရီမြင့် ရုပ်ရှင်က ဦးဇော်မြင့် ဟာ RIT ဆင်း တစ်ယောက်လည်း ဖြစ်တယ် ဆိုပါတယ်။ (ဤကား စကားချပ်)

ဒါရိုက်တာ မောင်တင်ဦး ဟာ presentation ကောင်းတဲ့ ဒါရိုက်တာလို့ ယူဆမိပါတယ်။
ဒဏ္ဍာရီ မှာလည်း ဒီလိုပဲ။ ဇာတ်ကျောရိုးထက်
လိုက်ဖက်တဲ့ ဇာတ်ကောင် ရွေးချယ်မှုရယ်၊ presentation ရယ်နဲ့ ပဲ အသက်သွင်းသွားတယ်လို့ ခံစားမိပါတယ်။

အထူးခြားဆုံး ခံစားရတာတော့ ဦးသုခ ရဲ့
"ဘယ်သူပြိုင်လို့ လှပါတော့နိုင်" ပါပဲ။
အဲဒီကားကို အညာမှာ ရိုက်တယ်လို့ တလျှောက်လုံး ထင်ခဲ့ပေမယ့် တောင်ငူဘက်မှာ ရိုက်ခဲ့တာလို့ အခိုင်အမာ ပြောတဲ့သူက ပြောပါတယ်။ သေချာတော့ မသိပါ။ ဒါပေမဲ့ အညာသူတစ်ယောက်ကိုတောင် အညာမှာ ရိုက်တယ်လို့ ထင်စေခဲ့တယ် ဆိုတော့ အမှတ်ပြည့်ကို ပေးရမှာပါပဲ။ ဘယ်နှစ်ခါ ကြည့်ကြည့် မရိုးတဲ့ကား ဖြစ်ပြီး၊ ဇာတ်ကောင်တွေ အားလုံးကို သဘောကျမိတယ်။ အထူးကတော့ လမ်းသရဲဘဝကနေ စုတေစိတ်ကျသွားတဲ့ ဇော်ဝမ်း ကိုပေါ့။

***
ဒါနဲ့ပဲ အမျှင် အကြောင်းက မရောက်တော့ဘူး။ (ဘလော့ရေးရင်းလည်း သိလာတယ်။ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာမှန်း။ လိုရင်းကို မရောက်နိုင်လို့)

အမျှင် ကားမှာလည်း ဒီလိုပါပဲ။ နယ်မြို့ကလေးက စာအုပ်ဆိုင်ဖွင့်ပြီး ကိုယ့်ဘဝကိုယ်ကျောင်းရတဲ့
အညတရ ကောင်လေးနဲ့ မြို့မျက်နှာဖုံး ရဲ့ သမီး ဆေးကျောင်းသူ မိန်းကလေးတို့ သံယောဇဉ်တွယ်သွားတဲ့ ဇာတ်လမ်းပါပဲ။ မိဘတွေ သဘောမတူလို့ ခွဲတာခံရရင်း မိန်းကလေးက accident နဲ့ ဆုံးသွားတယ်။ နောက်တဘဝမှာ ပြန်တွေ့ကြတယ်။ ဒါပေမဲ့ ပြန်ကွဲပြန်တယ်။ လူမင်း၊ မိုးဟေကို နဲ့ တင့်တင့်ထွန်းပါ။

ဒါကိုပဲ ဆွတ်ဆွတ်ပျံ့ပျံ့ဖြစ်အောင် ရိုက်ပြသွားနိုင်တာကတော့ ဒါရိုက်တာရဲ့ ပညာပါပဲ။
ဟာကွက်လေးတွေ တချို့ရှိတာကို သတိပြုမိရင်းကတောင် ပြီးပြည့်စုံတယ်လို့ ခံစားရတဲ့ ကားဖြစ်ပါတယ်။ ဗမာကားတွေမှာ တွေ့ရတဲ့ စိတ်ပျက်စရာ နောက်ခံတေး ဆူဆူတွေ မကြားရတာကိုက ဇာတ်ကားကို ပို အသက်​ဝင်စေတဲ့ အချက်ဖြစ်ပါတယ်။

သူတို့ ဆုံဆည်းတာ၊ သူတို့ တွယ်တာသွားကြတာ၊
သူတို့ ဆုံနေကျ ရထားလမ်းဘေးက လယ်ကွင်းပြင်နဲ့ တူတူလက်တွဲ လမ်းလျှောက်ကြတဲ့ ရထားလမ်းတလျှောက်ကို တကယ်ပဲ ဆွတ်ပျံ့လာအောင် ပြသွားနိုင်ပါတယ်။
(စင်ကာပူကို ရောက်မှ တောက်လျှောက် မရပ်မနား ကြည့်ဖြစ်တဲ့ ဇာတ်ကားပါပဲ။)

သူတို့ ပြောကြတဲ့ စကား၊ သူတို့ ချစ်ကြတဲ့ အချစ် နဲ့ သူတို့ ရွတ်ကြတဲ့ ကဗျာ... အရာရာကို တင်ပြပုံက ကောင်းပါတယ်။ အဲဒီနေရာထိ ဘာမှ ထူးခြားဆန်းပြားတဲ့ လှည့်ကွက်မပါဘဲ ဆွဲယူသွားနိုင်တယ်။

နောက် လူမင်း၊
လူမင်းကို မကြိုက်ပါဘူး။ သရုပ်ဆောင်တာရော၊ ဖတ်မိတဲ့ အင်တာဗျူးတချို့မှာရော impressive ဖြစ်မိတယ် ဆိုတာ မရှိသလောက်ပါပဲ။ "ကျန်စစ်မင်း" ကတော့ ညီလင်းဆက် ရေးတာ ဖတ်မိတာနဲ့တင် လုံးဝကို ကြည့်ချင်စိတ် မရှိလောက်အောင်ပါပဲ။ ကြည့်မိလည်း အဲလိုပဲ ဖြစ်မှာပဲ။

ဒီကားမှာတော့ သူ သရုပ်ဆောင်တာကို တော်တော် သဘောတွေ့မိပါတယ်။
နယ်မြို့ကလေးက ကိုယ်ထူးကိုယ်ချွန် ရိုးသားတဲ့၊ စာအုပ်တွေကို ချစ်တဲ့ သာမန် ယောက်ျားလေး တစ်ယောက်မျှသာ ဆိုတာကို အပိုအလိုမရှိဘဲ သရုပ်ဖော်နိုင်ပါတယ်။

Update: သာမန်မျှသာ ဆိုတဲ့ ဇာတ်ကောင်စရိုက်ကို ဗမာသရုပ်ဆောင်တွေ လုပ်လေ့ရှိသလို သာမန်ကလေး ပေါ့ပေါ့ဆဆ လုပ်သွားတာ မဟုတ်ဘဲ၊ ထူးထူးခြားခြား လုပ်ပြသွားနိုင်တာကို သူတို့ ချစ်သူ နှစ်ယောက် ဆုံတဲ့ အခန်းတွေမှာ attention ပေးကြည့်မိရင် ခံစားလို့ ရပါလိမ့်မယ်။ အဲဒါဟာ လူမင်းရဲ့ အတွေ့အကြုံများလာတဲ့ သရုပ်ဆောင်သက်ကြောင့် ဖြစ်နိုင်သလို၊ ဒါရိုက်တာက ညွှန်ကြားနိုင်တာလည်း ပါမှာပါပဲ။

အဲဒီဇာတ်ကောင် စရိုက်ကို သူ့ချစ်သူ မိန်းကလေးရဲ့ (စကားပြောနေတာ၊ ကဗျာရွတ်နေတာစတဲ့) အမူအရာလေးတွေကို ကြည့်တဲ့ အကြည့်တွေမှာ အပေါ်လွင်ဆုံး ဖြစ်အောင် ထည့်သွားနိုင်ပါတယ်။
ဒီကားမှာ လူမင်း သရုပ်ဆောင်တာ ကောင်းပါတယ်။


မိုးဟေကို ကတော့ သာမန်မျှသာလို့ပဲ မြင်ပါတယ်။ ဇာတ်ကိုတော့ အထောက်အပံ့ဖြစ်အောင် သရုပ်ဆောင်နိုင်တယ် ပြောရမှာပါပဲ။ တည်ထားတဲ့ ဇာတ်ရုပ်ကိုက သူက သာမန်နဲ့ နည်းနည်းလေး ကွဲတော့ တချို့နေရာတွေမှာ နည်းနည်းတော့ သဘာဝနဲ့ လွတ်နေသလိုလိုပါပဲ။ ဒါပေမဲ့ မဆိုးပါဘူး။

တင့်တင့်ထွန်း အတွက်ကတော့ ဘာအကွက်မှ သိပ်မရှိပါဘူး။ တကယ်ဆို မပါတောင် ရတဲ့ အနေအထားပါပဲ။

ကိုယ် နှစ်ခြိုက်မိတဲ့ ဇာတ်ကွက်ကတော့ မိုး ဆုံးပြီ ဆိုပြီး၊ ဆေးရုံမှာ လူမင်း လာကြည့်တဲ့ အခန်း။
နောက်ခံအသံတွေ
လုံးဝ ...
တိတ် ဆိတ် လို့...

အသက်မရှိတော့တဲ့ ချစ်သူရှေ့မှာ၊ ယူကျုံးမရ ကျန်ရစ်ခဲ့တဲ့ လူတစ်ယောက်...
မချိတင်ကဲ အငိုကို လူမင်း သရုပ်ဆောင်သွားတာ တကယ် touch ဖြစ်တဲ့ အကွက်ပါပဲ။
မယုံနိုင်တာ၊ လက်မလွတ်ချင်တာ၊ ကြေကွဲခံစားရတာ အားလုံးပဲ ပါသွားပါတယ်။

ချစ်သူလက်မှာ ဆုတ်ထားတဲ့ ဆွဲကြိုးလေးကို ဖြေယူတာကို ပြတာလည်း လှပါတယ်။

***
(မောင်မျိုးမင်း ခေတ်ဦးက "တိမ်ပြိုမိုး" ကို သတိရမိစေပါတယ်။ မောင်မျိုးမင်းဆိုရင် "နှင်းဆီဝိုင်" ကိုပဲ လူပိုသိကြပေမယ့် ကိုယ်ကတော့ တိမ်ပြိုမိုး ကို ပို ကြိုက်ခဲ့တယ်။ အဲဒီတုန်းက အလယ်တန်းလောက်ပေါ့။

သုဘရာဇာရဲ့ သားဖြစ်ကြောင်း အမှန်တိုင်း အသိမခံခဲ့လို့ ကွဲသွားပြီးတဲ့နောက်၊ သူ တိုးတက်ထွန်းကားလာအောင် နောက်ကွယ်ကနေ ပံ့ပိုးခဲ့တာ သူတချိန်လုံး နာကျည်းခဲ့မိတဲ့ သူ့ချစ်သူ မမပဲလို့ ဆုံးပါးပြီး နောက်မှ သိလိုက်ရတဲ့ အခါ... ချစ်သူ အတွက် ဘာလုပ်ပေးနိုင်မလဲ လို့ စဉ်းစားတဲ့ အခန်း၊ သူ့လက်ထဲမှာ ငွေကြေးအပြည့်အစုံလည်း ရှိနေပြီ။

နောက်ခံအသံတွေ တိတ်လို့ ယူကျူံးမရ ဖြစ်နေတဲ့ အခန်းလယ်က လူတစ်ယောက်ကို ထက်အောက် ဘယ်ညာ ရှုထောင့်တွေကနေ ရိုက်ပြထားတာဟာ အင်မတန် မမေ့နိုင်စရာ ပြကွက်ပါပဲ။

နောက်တကဒ်ကို ချိန်းတော့... ရွေဘော်ထိုးသံ သဲ့သဲ့နဲ့ အတူ သူ့ချစ်သူရဲ့ နောက်ဆုံး ခရီးအတွက် "ခေါင်းတလား" တစ်ခု ကိုယ်တိုင် လုပ်နေတဲ့ လွင်မိုးကို သူ ရွေဘော်ထိုးနေတဲ့ ပျဉ်ချပ်ပေါ် တစ်စက်ချင်း ကျလာတဲ့ မျက်ရည်စက်တွေနဲ့ ရောပြီး
ပြတဲ့ အခန်းကို အမျှင် ဇာတ်ကား ကြည့်ရင်း သတိရနေမိပါတယ်။)

***
အဲဒီထဲက "အမျှင်" ဆိုတဲ့ ကဗျာရွတ်သံကို ခံစားပြီး...
"ဆက်ထုံး" ကဗျာကို ချက်ချင်းဆိုသလို ရေးဖြစ်တယ်။

***
"ညှို့မယ့် ညှို့တော့လည်း
ကိုယ့်ကိုယ်ကိုယ် ပြန်မသိတော့တဲ့ အထိ
ကိုယ်ကလွဲရင် ကိုယ်ပါပဲ ထင်ပြီး
...

...

အချိန်မရှိတော့ဘူး၊

နေရာမရှိတော့ဘူး၊
ဒီနေရာမှာ
အသက်ကို အပ်ခဲ့မယ်"

(အမျှင်)

***
ကြည့်စေချင်လို့ တင်ပြီးမှ အဲဒီ link ကို ပြန်သွားကြည့်တာ movie file မရှိတော့ဘူးလို့ ပြနေတယ်။

***
Update :
(ကြုံလို့ ပြောရရင် သတ္တမတန်း စတက်တော့ ရောဂါထလာတဲ့ စာရေးဆရာ ဖြစ်ချင်တယ် ဆိုတဲ့ ကိစ္စဟာ နှစ်ဝက်လောက်အရောက်မှာ ပျောက်သွားပြီး၊ နောက်ပိုင်းနှစ်ဝက်မှာတော့ ရုပ်ရှင်တချို့ ကြည့်မိပြီး ရုပ်ရှင် ဒါရိုက်တာ ဖြစ်ချင်ခဲ့သေးတယ်။ နောက်ပိုင်းတော့ ရုပ်ရှင်နဲ့ ဝေးသွားပြီး၊ စာအုပ်ကသာ အခရာ ပြန်ဖြစ်သွားတာပါပဲ။)

34 comments:

  1. သြော်... ဒီမှာ ဆက်ပြီး အမျှင်တန်းနေတာကိုး...

    ဘယ်သူပြိုင်လို့ လှပါတော့နိုင်မှာ အံ့ကျော်ကြီးကို အကြိုက်ဆုံးပဲ။ အဲဒီကားကို ကြည့်မိလို့ ကျေးလက် တောရွာဓလေ့ကို မြင်တွေ့ရတာ အတော်ကို ကျေနပ်မိတယ်။

    ဒဏ္ဍာရီကို စွဲစွဲလန်းလန်း ကြိုက်ခဲ့တယ်။ ဘ၀မှာ အရေးပါတဲ့ ကဏ္ဍတစ်ခုအနေနဲ့ အဲဒီကားထဲက ဇာတ်ဝင်သီချင်းထဲက စာသားလေး ပန်းချစ်သူဆိုတာ ရှိခဲ့တယ်။ သနပ်ခါးပါးကွက်ကြားနဲ့ မေသန်းနု အပင် ရေဖျန်းနေတဲ့ အခန်းက အခုထိ မျက်စိထဲက မထွက်သေးဘူး။ ပုဂံသွားတဲ့ ခရီးစဉ်ကို မြင်မိပြီး ကျောင်းသားဘ၀မှာ အဲဒီလိုမျိုး ခရီးသွားချင်ခဲ့တယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။

    သင်္ကြန်မိုးကို စ ကြည့်တုန်းက ကလေးဘ၀။ အိမ်မှာ တီဗွီတောင် မရှိသေးဘူး။ သူများအိမ်မှာ သွားကြည့်ခဲ့တာ။ နောက်ပိုင်း ခဏ ခဏ ကြည့်ဖြစ်တယ်။ အဲဒီတော့မှ ဇာတ်ကားရဲ့ အနှစ်ကို ခံစား နားလည်မိတယ်။ အဲဒီကားထဲက သီချင်းတွေက အခုချိန် အခုခေတ်အထိ ကျော်ကြား ထင်ရှားနေတုန်းပဲ။ သင်္ကြန်မိုးသီချင်းတွေက သင်္ကြန်ရဲ့ ပြယုဂ်တစ်ခုအနေနဲ့ ခိုင်မြဲတည်ရှိဆဲပါ။

    တိမ်ပြိုမိုးတော့ မကြည့်ဖူးဘူး။ နှင်းဆီဝိုင်ကိုတော့ အတော်ကြိုက်ခဲ့တယ်။

    အင်း ရေးလိုက်တာ အတော်ကို အမျှင်တန်းသွားပြီ။ ရပ်အုံးမှပဲ။ =)

    ReplyDelete
  2. အမျှင်ဆိုလို့ ကိုယ်လည်း လိုက်လာဖတ်လိုက်တယ်.. သဘောကျတဲ့ ကားလေးပါပဲ။ ဇာတ်သိမ်းပိုင်းလေး ဟာတာကလွဲလို့ပေါ့။ အရီးတားပြောသလိုပဲ.. နောက်ခံတီးလုံးတွေကို အရမ်းသဘောကျတယ်။ မိုးဟေကိုသာ သရုပ်ဆောင်အတော်ကောင်းရင် ဒီဇာတ်ကားနံပါတ်၁ ဖြစ်မှာ သေချာတယ်။

    အရီးတား ကြိုက်တဲ့ လူမင်းငိုတဲ့အခန်းကို ဟောင်ကောင်က Lan Yu ဇာတ်လမ်းမှာ ကြည့်ဖူးတော့ အဲဒီလောက်ကြီး မခံစားရဘူး။ ဒါပေမယ့် မင်းထင်ကိုကိုကြီး တော်ပါတယ်။

    ReplyDelete
  3. လုပ်ပြီ။
    ဗမာကားတွေ ကြည့်လေ့ မရှိဘူးဆို..
    ခုတော့ ဘယ်လိုလုပ်ပြီး သူတို့အမူအရာတွေ ချိန်ထိုးကြည့်နိုင်တာဒုန်း...။
    (ရှားရှားပါးပါး ရုပ်ရှင်ရီဗျူးဆိုတော့ လာဖျက်တယ်ကွာ.. ဘာဖြစ်လဲကွာ...:mt: smile )

    ReplyDelete
  4. "ဘယ်သူပြိုင်လို့ လှပါတော့နိုင်"
    that is Okay.
    It is a beautiful picture.

    I like Ant Kyaw's action in that movie.

    BINO

    ReplyDelete
  5. ကိုယ်မကြည့်ရသေးဘူး
    ရီတာ ကောင်းတယ်ဆိုတော့ နည်းနည်းစိတ်ဝင်စားလာပြီ
    ကြည့်အုံးမှ ....ကြည့်ဖို့ တိုက်ဆိုင်လာရင်ပေါ့

    ReplyDelete
  6. အမလည်း မင်းထင်ကိုကိုကြီးကားတွေ အကုန်ကြည့်မယ်လို့ စိတ်ကူးနေတာ
    (နောက်ဆုံးကဗျာနဲ့ အိပ်မက်အလွန် ကြည့်ပြီး)

    ReplyDelete
  7. ပုလုကွေးလည်း အမျှင် ကိုကြိုက်တယ် တင်ပြပုံ သမရိုးကျ မဟုတ် လို့

    ReplyDelete
  8. ညီမရေ… အမကလဲ မင်းထင်ကိုကိုကြီး ပရိသတ်ပါ… ထွက်သမျှသူ့ ကားတိုင်းလိုလို ကြည့်ဖြစ်ပါတယ်… အမှန်ပါပဲ… တင်ပြပုံထူးခြားကောင်းမွန်တာကြောင့် သူ့ ဇာတ်တွေ ပိုအသက်ဝင်ပါတယ်… မင်းထင်ကိုကိုကြီးဇာတ်တွေရဲ့ ထူးခြားမှုက ကြည့်နေရင်း ရုပ်ရှင်ကြည့်နေတယ်ဆိုတဲ့ စိတ်ပျောက်သွားပြီး ဇာတ်လမ်းထဲက သူတွေဘေး ကိုယ်တကယ်ရောက်သွားသလိုပါပဲ… မိုးဟေကို၊ ရဲတိုက်၊ အေးမြတ်သူ စတဲ့ သရုပ်ဆောင်အသစ်လေးတွေက သူ့ ဇာတ်ထဲရောက်ရင် သိပ်ကို သဘာဝကျသွားတတ်တာ အံ့သြစရာပါ… လရောင်ဆိုနားတား ကြည့်ပြီးပြီလား… ညွှန်းပါရစေ…

    ReplyDelete
  9. Rita,

    I also like this movie especially diretor and ye taike .
    Why you didn't make any comments on 'ye taike'.? I think he has a great talent . anyway, i love your way of writing. ..

    ReplyDelete
  10. Why Myanmar movies still less quality.

    the following factors shall be among those taken into account...

    The restriction of society,
    The restriction of Government
    The limitation of Films ( reduce supply)
    Inadequate Equipments
    So regarding to customer
    Less responsibility
    Lack Systematic observation and survey after production

    It is not be limited to..

    BINO

    ReplyDelete
  11. (ဘလော့ရေးရင်းလည်း သိလာတယ်။ ကိုယ့်ကိုယ်ကိုယ် အသက်ကြီးလာမှန်း။ လိုရင်းကို မရောက်နိုင်လို့)..
    အဲဒါလေးကိုဖတ်ပြီး သဘောကျမိတယ်။
း)

    ReplyDelete
  12. တို့လည်း ဗမာကားသိပ်မကြည့်ဖြစ်ဘူး။ ရောက်ပြီးမှ တစ်ကားလားပဲ ကြည့်ဖြစ်တယ်။ ရီတာရေးတာဖတ်ပြီး အမျှင်ကားကိုတောင် စိတ်ဝင်စားသွားပြီ။
    ”ဆက်ထုံး” ကဗျာခေါင်းစဉ်လေးလှတယ်။ အပေါ် ၃ ကြောင်းလည်း ကြိုက်တယ်။ အဲဒါ ကဗျာအစအဆုံးပဲလား။

    ReplyDelete
  13. လူမင်းဇာတ်ကားက ကိုရီးယား တစ်ကားကို ကျောရိုးမှီသယောင်ပဲ
    ကောင်မလေးသေသွားတယ် တပည့်အဖြစ်ပြန်ဝင်စားတယ်
    ကောင်လေး ကျောင်းဆရာဖြစ်သွားတယ်
    ကောင်လေးက သူချစ်သူဆိုပြီးကပ်တော့ အခြောက်လို့အထင်ခံရတယ်

    ကျန်စစ်မင်း...
    အင်း သိပ်ပီပြင်တယ်လေ မသိတဲ့လူက ကြည့်ရင်
    မြန်မာမင်းတွေဆိုတာ ကြုံရာနေရာ မိန်းမယူဖို့လိုလို
    ထင်စေလောက်အောင်ကောင်းတာ။

    ကျန်တဲ့ ရုပ်ရှင်တွေတော့ မသိဘူး။
    မြန်မာရုပ်ရှင် မကြည့်လို့။

    ReplyDelete
  14. comment ကို မော်ဒရိတ် ပြန်ထည့်ပြီး အောက်မှာ အီးမေးလ် address ကို မထည့်လိုက်မိပါသဖြင့်၊ ခုတလော ရေးလာသော comment များ ပျောက်ကုန်ပါသည်။

    အားလုံးကို တောင်းပန်ပါသည်။
    (ခုမှ ကိုဘွိုင်းဇ်နဲ့ စကားစပ်မိလို့ သိတာ။)

    ReplyDelete
  15.ွှအမျှင် ကိုတော်တော်ကောင်းတယ်
    လို့ ပြောတာကြားဖူးတယ်
    အခုရီတာကပါ ညွှန်းတယ်ဆိုတော့ ကြည့်အုံးမယ်။
    တိမ်ပြိုမိုးလည်း ကြည့်ပါအုံးမယ်။ (မကြည့်ရသေးတော့မပြောတတ်ဘူး ၊မြန်မာကားတော်တော်များများကို မကြည့်တာ စိတ်ကုန်လို့ ..တစ်ချို့ တော့တော်တော်ကောင်းပါတယ် )
    ဒါနဲ့ ဆက်ထုံး ကို သတ်သတ်တင်ပါလား
    ဒီပိုစ်နဲ့ ရောနေပြီးတော့ မပေါ်လွင်တော့ဘူး ။
    ကဗျာလေးကောင်းကကောင်းနဲ့ ။

    ReplyDelete
  16. သင့်ခ်ယူ ဆိုးမတ်ခ်ျ ဗစ်။
    ဆက်ထုံးက တင်ပြီးသားပါ။ ဆက်ထုံး လင့်ခ် ကိုနှိပ်လိုက်ရရင်ရပြီ။ ဒီ post မှာ ပါတာက အမျှင် ကဗျာ။ မှတ်မိသလောက်တင်ထားတာ။ အစနဲ့ အဆုံးပိုင်းလေးပဲ မှတ်မိတော့တယ်။

    ReplyDelete
  17. ကဗျာရေးတတ်တဲ့ လူတွေ လေးစားပါတယ် ..

    ReplyDelete
  18. အော်...
    ခုန ရေးခဲ့သမျှ အလကား ဖြစ်သွားတာပေါ့။
    အမျှင်က ကိုရီးယားဇာတ်လမ်း တစ်ခုကို
    ကျောရိုးယူထားတာလို့ ထင်ရဲ့
    ကောင်မလေးသေ
    ကောင်လေးဆရာဖြစ်
    ကောင်လေးတပည့်က ကောင်မလေးဝင်စား
    ကောင်လေးခြောက်ထင်ခံရ
    အာ..
    ပြန်ရေးရတာ လက်ညောင်းတယ်

    ReplyDelete
  19. ဒီလိုလား PM
    ကိုယ့်မှာတော့ ဟုတ်လှချည်ရဲ့ ထင်နေမိတာ။
    နောက်ကို ချီးမကျူးရဲအောင်ပါပဲလား။

    PM ကြည့်ထားတဲ့ကား link ရှိရင် ကိုယ့်ကို ပေးပါ။ ဒါမှမဟုတ် ကားနာမည် ဖြစ်ဖြစ်။

    ReplyDelete
  20. ဟုတ်တယ် ဂျူနီယာ
    မပျင်းရင် ပြန်ရေးပေးပါ။
    :(

    ReplyDelete
  21. အသစ်ပြန်ရေးပေးမယ်နော်။
    ဒါက မြန်မာ လင့်ခ် ..
    http://shweo.com/node/1337
    ရီတာညွှန်းလို့ အားလည်း အားတာနဲ့ မနေ့ကညက ကြည့်ဖြစ်တယ်။
    မြန်မာကားမကြည့်ဖြစ်တာ တော်တော်ကြာပြီ။
    သရုပ်ဆောင်အကြောင်းပြောရင်တော့ ရီတာပြောသလိုပဲ လူမင်း ကောင်းပြီး မိုးဟေကို က အိုဗာတွေဖြစ်နေတယ်။
    ကဗျာလေးကြိုက်တယ်။
    နောက်ဆုံးနားလေးက ..
    "ဒီနေရာမှာ အသက်ကို အပ်ခဲ့မယ် (အသက်ကို ဒီနေရာမှာ မဟုတ်ဘူး)
    ကိုယ့်တွန်သံကြားရင်
    လှည့်မကြည့်နဲ့တော့"
    ဇာတ်လမ်းကိုတော့ မကြိုက်ဘူး။ တင်ပြပုံကောင်းတယ်။ နောက် ကင်မရာ အယူအဆတွေ ကောင်းတယ်။ ပြီးပြီးရော မရိုက်ထားဘူး။

    ReplyDelete
  22. ကျေးဇူးတင်တယ် ဂျူနီယာ။
    ကဗျာကိုလည်း ပြင်လိုက်ပါပြီ။

    ReplyDelete
  23. shewo မှာ တင်ထားတာ အတော် အသံတိုးနေတယ်။ resolution လဲ နည်းနေတယ်။ အရင် link ကလည်း မရှိတော့ဘူး။

    ReplyDelete
  24. 14 Jan 10, 12:13 PM
    JD: အမျှင် မှာ အမျှင် အရှည်ကြီး တန်းမိတဲ့ အခါမှပဲ ကွန့်မန့်က ပျက်ရတယ်လို့ကွယ်။ ပြန်ရေးဖို့တောင် အားမပါတော့ဘူး။ ဘာတွေ ရေးခဲ့မှန်းတောင် အကုန်မမှတ်မိတော့ဘူး။

    14 Jan 10, 12:14 PM
    RITA: ပြန်ရေးပါ ဂျေဒီ (zm ပင်ဂွင်းငှက်လေး ငိုတဲ့ပုံ)

    14 Jan 10, 12:17 PM
    JD: မမှတ်မိတော့ဘူးကွယ်။ အဲဒီညက မနက်အထိ အလုပ် လုပ်ရလို့ အိပ်ချင်ပြေ ရုပ်ရှင်အကြောင်းတွေ အမျှင်တန်းအောင် ထိုင်ရေးလိုက်တာ။ မနက် ၃ နာရီခွဲလောက် ရေးလိုက်တာ။

    14 Jan 10, 12:20 PM
    RITA: ngo ချင်လာပြီ။ ဒီနေ့ နောက်တခေါက်လောက် မနက်ထိ အလုပ်လုပ်လိုက်ပါလား။

    ReplyDelete
  25. 13 Jan 10, 03:16 PM
    RITA: ကိုဘနှယ် သူဝေဖန်လို့ ကိုယ်က သူ့ comment ကို publish မလုပ်ဘူးလို့ ထင်မှ ထင်ရက်ပလေ။

    13 Jan 10, 03:17 PM
    RITA: သူ့ထက် မက မကတဲ့ comment တွေတောင် တင်ထားပြီးကာမှကို။

    13 Jan 10, 03:18 PM
    RITA: ဖြေကြည့်သူများမှာ၊ ဗေဒင် ယတြာမှာ သူများမန့်တဲ့ comment မျိုး သူမီအောင် ရေးနိုင်လို့လား (:mt: မာနတလူလူ ဖြစ်နေတဲ့ပုံ)

    13 Jan 10, 03:32 PM
    Boyz: တောက်ညင်ကပ်လိုက်တာ မယ်ရီတာကို.. အဲလို ထောင့်မကျိုးတာတွေကြောင့် လေးထောင့်ကွက်တွေထဲ ဝင်လို့မရထှာ။ အေအန်အာ... (တုတ်နဲ့ ထိပ်ကို ရိုက်)

    13 Jan 10, 03:34 PM
    RITA: ကိုဘလောက်များ ကြောက်တယ်ထင်နေလား (မာနတလူလူပုံ)

    13 Jan 10, 03:35 PM
    Boyz: ထမင်းသိုး ဟင်းသိုး မယ်ရီတာ

    13 Jan 10, 04:58 PM
    RITA: ဝေဖန်တာကို မတင်ရဲလို့ လို့ အပြောခံရတာလောက် ခံရခက်တာ မရှိဘူး။ ကတောက်

    13 Jan 10, 04:58 PM
    Boyz: ချက်ကောင်း ထိသွားပုံရတယ်။ မယ်ရီတာ တစ်ယောက်.. ကတောက်တွေ ဘာတွေ ဖြစ်လို့....။

    (အစပိုင်းပြောတာတွေ မရှိတော့လို့ နောက်ပိုင်းတွေပဲ တင်လိုက်နိုင်တယ်)

    ReplyDelete
  26. နွေးနေခြည်January 14, 2010 at 3:10 PM

    ဖြိုးမော်ပြောတဲ့ကားတော့ ကြည့်ဖူးတယ် မမရီတာ...
    http://en.wikipedia.org/wiki/Bungee_Jumping_of_Their_Own

    အမျှင်တော့ ပိတ်ရက်မှာ ကြည့်လိုက်ဦးမယ်း)

    ReplyDelete
  27. အမ ကော်မန့်လည်း ပျက်တဲ့ထဲပါသွားတယ်။
    ပို့စ်ထဲမှာ ပါတဲ့ အမျှင်အကြောင်းကို ကျော်ဖတ်သွားပြီး
    ဇတ်ကားကို ရှာကြည့်လိုက်ပါတယ်။ သဘောကျပါတယ်။

    ReplyDelete
  28. သြော်.. တို့ comment လဲ ပျက်တဲ့အထဲ ပါသွားတာကိုး။ မြန်မာကားမကြည့်ဖြစ်တာ တော်တော်ကြာပြီ။ ရီတာရေးတာဖတ်ပြီး စိတ်ဝင်စားကြောင်း ပြောခဲ့တာ။ ခုလောလောဆယ်တော့ အချိန်မရလို့ မကြည့်ဖြစ်သေးဘူး။ နောက်အဆင်ပြေရင် ကြည့်လိုက်အုံးမယ်။

    ReplyDelete
  29. moderation page ကို ဖွင့်မိလို့ comment တွေ အားလုံး ပြန်တွေ့ပါတယ်။ ဒါကြောင့် (မိကောင်းဖခင်သားသမီး ပီပီသသ ရေးထားတဲ့) comment အားလုံး ပြန်တင်ပေးလိုက်ပါတယ်။

    ReplyDelete
  30. တခုခုပြောချင်တယ်။
    မပြောဖြစ်ဘူး။

    ReplyDelete
  31. အမရေ အမျှင် ကတော်ောတ်ကောင်းပါတယ်
    ဒါပေမဲ့ အိမ်မက်အလွန်ကပိုကောင်းတယ်
    ကျွန်တော်ပြန်ကြည့်ချင်လို့ ရှာတာ ဘယ်လိုမှမတွေ့တော့ ဘူး
    ဖြစ်နိုင်ရင်ရှာပြီးကြည့်စေချင်တယ် .. အဲရှာတွေ့ခဲ့ ရင်လည်းလင့်လေးရှယ်ပေးပါအုံးနော်

    ReplyDelete