Sunday, November 22, 2009

Reading Vs Watching Movie



အခွေ (၃) ခွေတော့ ကြည့်ပြီးသွားပြီ။
God Father, Taxi Driver နဲ့ Dr. Zhivago

ဘယ်တော့မဆို စာဖတ်ရတာသာ အကောင်းဆုံးပဲလို့ ထင်တယ်။
ဒါပေမဲ့ စာတောင် ဖတ်မရတာ ၂ နှစ်လောက် ရှိပါပြီ။

စာဖတ်ပြီး ရုပ်ရှင်ကြည့်ရင် အတော် အကုသိုလ်များပါတယ်။
ကြိုက်တဲ့ ဝတ္ထုဆို ပိုဆိုးရော...
ဂျူး ရဲ့ ဝတ္ထုတွေ ဒါရိုက်တာ အောင်မြင့်မြတ် ပြန်ရိုက်တော့ ဘာတွေ ဖြစ်ကုန်လို့ ဘယ်လို ခံစားရမှန်းတောင် မသိတော့ဘူး။ ကာယကံရှင် စာရေးဆရာတော့ မသိပါ။ ကြည့်ရတဲ့လူကတော့ လျော်ကြေးသာ ပြန်တောင်းချင်တော့တယ်။
ကြည့်မိတဲ့ အချိန် နဲ့ ပိုက်ဆံ အတွက် မဟုတ်ဘူး။ ဝတ္ထုအတွက်...

နိုင်ငံခြားကားတွေ ကြည့်တဲ့အခါကျတော့ စာဖတ်ထားရတာ ပို အဆင်ပြေတယ်။
ဒါပေမဲ့ ဒီမှာလည်း အထက်က အတိုင်းပါပဲ။ စာဖတ်သလို ခံစားမှု အပြည့်အဝ မရဘဲ တခုခု လိုနေသလို ထင်မိတယ်။ ကိုယ့် အနေအထားကို ပြောတာပါ။ ရုပ်ရှင်ကြိုက်တဲ့ လူတွေအတွက်ကတော့ ဒီလို ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။

ကိုယ့်အတွက်ကျတော့ စာဖတ်တဲ့ အခါမှာ ဇာတ်လမ်း ဇာတ်ကွက် ဇာတ်ကောင်တွေနဲ့ ပတ်သတ်လို့ ခံစားမှုဟာ အကန့်အသတ်မရှိဘူး။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပုံဖော်လို့ စိတ်ကြိုက် ခံစားလို့ ရတယ်။ ရုပ်ရှင်ကျတော့ အကန့်အသတ် အတွင်းမှာ ဖြစ်သွားပြီ။ သူတို့ ပြသလောက်ပဲ။ အဲဒီအခါ ကိုယ်က စာဖတ်တုန်းက တရှည်တလျား ခံစားထားတဲ့ အဖြစ်အပျက် အကြောင်းအရာတစ်ခုက သူတို့ တင်ပြတဲ့ ဘောင်အတွင်းမှာ ပိတ်မိသွားသလိုပဲ ခံစားရတယ်။

ဒါပေမဲ့ စာ မဖတ်ထားဘဲ ကြည့်တဲ့ အခါကျတော့ ဘာဖြစ်ပြန်လဲ ဆိုတော့ တော်တော်များများ နားမလည်တော့ဘူး။ ဒါလဲ ကိုယ့်အတွက် ပြောတာပါ။ ရုပ်ရှင်ကြည့်ရမှာ ပျင်းတာရယ်၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုကြောင့်ရယ် ဖြစ်လိမ့်မယ်။ ရုပ်ရှင် ကြည့်ဖို့ ပျင်းတော့ စိတ်မဝင်စား၊ မဝင်စားတော့ နားမလည်၊ နားမလည်တော့ ပျင်း နဲ့ မုန့်လုံး စက္ကူကပ် ဖြစ်တော့တာပဲ။

စာဖတ်ထားပြီး ကွန့်မြူးနေတဲ့ အတွေးကို
ရုပ်ရှင်က ဘောင်ခတ်ပစ်တယ် လို့ ဘယ်လိုပဲ ပြောပြော...
နိုင်ငံတကာက ကားတွေ ကြည့်မယ်ဆိုရင်တော့ ဇာတ်ကျောရိုးတော့ အကြမ်းဖျဉ်း သိနေမှ ကိုယ့်အတွက် အဆင်ပြေတယ်။ စာဖတ်ပြီး ကြည့်ရင် ခံစားမှုက တဝက်လျော့တယ် ဆိုပေမဲ့ မဖတ်ဘဲကြည့်တော့ တစ်ခုလုံးလျော့တယ်။
... ဆိုတော့ တဝက်တော့ ပေးနေရမှာပဲ။

ကြုံလို့ပြောရရင်... သူ့ကျွန်မခံပြီ ကြည့်တဲ့ အတွေ့အကြုံလေး ပြောချင်ပါတယ်။
အဲဒီကား လူများပြီး ပွဲမစည်တဲ့ ကား။ ထားပါတော့လေ။
ကိုယ် ကိုယ်တိုင်က အဆိုးမြင်တတ်တာ ဖြစ်နိုင်ပါတယ်။
တကယ်တော့ မူရင်းဝတ္ထုကိုလဲ မကြိုက်လှပါဘူး။

အဲဒီထဲက ပါတော်မူခန်း မှာ မြတောင်ကျောင်းကို ရထားလုံး ဖြတ်အသွား ကျောင်းပေါ်က ကျောင်းသားလေးတွေ လှမ်းကြည့်ကြတာကို ရိုက်ပြထားတယ်။

အဲဒီထဲက ကျောင်းသားလေး တစ်ယောက်ကိုတော့ အထူးသဖြင့် ရိုက်ပြတယ်။
စာဖတ်မထားရင် အဲဒါ ဘယ်သူလဲ မသိဘူး ဆရာ။ ဒါတောင် မြန်မာကားနော်။
အထူး ရိုက်ပြထားတာ ဆိုတော့ ဒါ တစ်စုံတစ်ယောက်ပဲ ဆိုတာတော့ ရိပ်မိနိုင်တယ်။
ဝတ္ထု ဖတ်မထားဘဲ အတူကြည့်တဲ့ တစ်ယောက်က မေးတယ် "အဲဒီ ကလေးလေးက ဘာလဲ" တဲ့။
အဲဒါ "သခင် ကိုယ်တော်မှိုင်း" အလောင်းအလျာလေးကို ပြတာ။

ကြုံလို့ ဆက်ပြောချင်ပါသေးတယ်။
(
ကြုံလို့ ပြောချင်တာတွေ အတော် များလာတာဟာ အသက်ကြီးလာတဲ့ လက္ခဏာလားတော့ မသိဘူး။
မသိဘူး လို့ပဲ ထားလိုက်ပါတော့။)
အောင်ဝေး က ပြောဖူးတယ်။ ကဗျာကို ရုပ်ရှင်ရိုက်မယ် တဲ့။

အဲဒီမှာ ထူးအိမ်သင် ပြောတဲ့ စကားတစ်ခွန်းကို အတော် သဘောတူမိတယ်။

"ကဗျာကို ရုပ်ရှင်ရိုက်လို့ မရဘူး မပြောပါဘူး။ ရပါတယ်။
ဒါပေမဲ့ ဥပမာ တစ်ခုပြောရရင် ကဗျာဟာ ညနေခင်းတစ်ခုအကြောင်း ဖွဲ့ထားတယ် ဆိုပါစို့။ ကဗျာဖတ်နေချိန်မှာ အဲဒီ ညနေခင်းကို ကျွန်တော်လည်း ကျွန်တော်ကြိုက်သလို၊ ခင်ဗျားလည်း ခင်ဗျားကြိုက်သလို ခံစားလို့ ရတယ်။ ရန်ကုန်မြို့ရဲ့ ညနေခင်း ဖြစ်ချင်ဖြစ်မယ်။ ကျေးလက်တစ်နေရာက ညနေခင်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီ ညနေခင်းဟာ ခံစားသူပိုင်တဲ့ ညနေခင်းပဲ။


ဒါပေမဲ့ ဒါကို ရုပ်ရှင်ရိုက်ပြလိုက်ရင်တော့ ခင်ဗျား ညနေခင်းလဲ မဟုတ်တော့ဘူး။
ကျွန်တော့ ညနေခင်းလဲ မဟုတ်တော့ဘူး။ သူတို့ ပြတဲ့ ညနေခင်းကြီး ဖြစ်သွားပြီ။
သူတို့ ကန့်သတ်လိုက်တဲ့ ညနေခင်းပဲ။"

(စကားလုံး အတိအကျ မဟုတ်ပါ။)

Intro နဲ့တင် ရှည်သွားပြီ။ ခုလည်း ဝတ္ထုဖတ်ပြီး ကြည့်တဲ့ God Father နဲ့ ရုပ်ရှင်သာ တန်းကြည့်ဖြစ်တဲ့ Dr. Zhivago ကို ရေးချင်မိတာ။

နောက်တပိုင်းမှ ရေးတော့မယ်။

***
picture from here

16 comments:

  1. ရုပ်ရှင်တော့ အင်ဂလိပ်ကားပဲ အကြည့်များတာ
    နောက် အင်ဂလိပ်ကားဆိုရင် မင်းသား မင်းသမီး မသိတဲ့လူဆို ပိုသဘောကျတယ်
    လက်ရှိတော်တော်ကြိုက်တာကတော့
    500 days of summer.
    မင်းသားကော မင်းသမီးကော မသိတော့ ဒီမင်းသားက ဒါသရုပ်ဆောင်တာလို့ မမြင်တော့ဘူး။

    သူ့ကျွန်မခံမှီကို ၃ ၄ ကြိမ် ကြည့်ဖူးတယ် ခက်တာက စ ဆုံး မဟုတ်တာပါ။ အဲ ကလေး လေးရိုက်ပြတဲ့ အခန်းလည်း ကြည့်ဖူးတယ် မားသား ပြောလို့ ဘယ်သူဆိုတာတော့ သိလိုက်တယ် အဲအချိန်တုန်းက
    မားသားပြောတာက သခင် ကိုယ်တော်မှိုင်းလို့ တော့ မဟုတ်ပါဘူး ဘယ်ဒါရိုက်တာ သားလေး ဆိုပြီး ပြောတာပါ =D

    ရုပ်ရှင်ဆိုလို့ ဝင်ပြောတာ များသွားပြီ။

    ReplyDelete
  2. ပို့စ်နဲ့ ပတ်သက်တာ မန့်မလို့ပါပဲ။ ပီအမ်ပြောတဲ့ ဘယ်ဒါရိုက်တာရဲ့ သားလေးဆိုတာ ဖတ်မိလိုက်တာ သီးနေအောင်ကို ရယ်နေရတယ်...။

    ReplyDelete
  3. သတိရသွားပြီ။ တစ်ချို့ကားတွေက ဝတ္ထုဖတ်ထားမှ နားလည်တာ ရှိတယ်။ Angels & Demons ဆို ဒီအတိုင်းဆို သိပ်နားလည်နိုင်တာ မဟုတ်ဘူး။ စာဖတ်ထားခါမှ တော်ကာကျမှာ...။

    သူ့ကျွန်မခံ ထုတ်လုပ်သူကလဲ သူရိုက်တဲ့ ကားသည် သာမာန် အနွတ္တညာတ (စာလုံးပေါင်း မှားနိုင်သည်) မဟုတ်တော့ စာကျေတဲ့ ပိတ်သတ်တွေမှ နားလည်နိုင်တဲ့ ကားမျိုး သတ်မှတ်လိုက်တာ နေမှာ...။ သမိုင်းနဲ့ချီတာဆိုတော့ စာမဖတ်ရင်လဲ နားမလည်နိုင်တဲ့ အမျိုးကို....။

    (ဟိုကောင်လေးက ကမ္ဘာကျော်ငွေလှိုင်သားလေး မဟုတ်လား.. ဒါရိုက်တာ သားတော့ မဟုတ်လောက်ဘူး ထင်ပါ့။ မေ့ကုန်ပြီ။)

    ReplyDelete
  4. Thank you, ကိုဘ နဲ့ pm

    ကိုယ်ရောပဲ ဖြိုးမော် comment ဖတ်ပြီး ရီလိုက်ရတာ ဆိုတာ... သဘောကျလွန်းလို့။

    ReplyDelete
  5. ကိုယ့်စိတ်ကူးနဲ့ ကိုယ် ပုံဖော်လို့ စိတ်ကြိုက် ခံစားလို့ ရတယ်။ ရုပ်ရှင်ကျတော့ အကန့်အသတ် အတွင်းမှာ ဖြစ်သွားပြီ။ သူတို့ ပြသလောက်ပဲ။ အဲဒီအခါ ကိုယ်က စာဖတ်တုန်းက တရှည်တလျား ခံစားထားတဲ့ အဖြစ်အပျက် အကြောင်းအရာတစ်ခုက သူတို့ တင်ပြတဲ့ ဘောင်အတွင်းမှာ ပိတ်မိသွားသလိုပဲ ခံစားရတယ်။

    It is exactly same as my objection.
    When I watched a movie, I never seen from one side. I mean I observed it overall different point of view.

    Normally,I do not watch Myanmar movies coz of XXXXXXXXXXXXX

    Anyhow...

    Reading is better than watch.

    BINO

    ReplyDelete
  6. ဟုတ်တယ်။ အဲဒါ လူတိုင်းပဲထင်တယ်။ အစ်မလည်း သူ့ကျွန်မခံပြီ အပါအ၀င် မြန်မာရုပ်ရှင်ကားတချို့ကို စာအုပ်ဖတ်ပြီးမှ ကြည့်ဖူးတယ်။ စာအုပ်သာ မဖတ်ထားရင် သူတို့ပြတဲ့အခန်းတွေရဲ့ အနှစ်သာရကို သိပ်သိလိုက်မှာမဟုတ်ဘူး။ စာအုပ်ကျတော့ စာရေးသူတွေရဲ့ ဥာဏ်ကွန့်မြူးသလောက် အမျိုးမျိုးတင်စားပြီး စာဖတ်သူစိတ်ကူးထဲ ရုပ်လုံးပေါ်အောင် ပုံပေါ်လို့ ရပေမယ့် ရုပ်ရှင်မှာက စိတ်ကူးတွေကို ချန်လှပ်ပြီး Action တွေ ပိုထည့်ရတော့ ရသမှာကွာသွားတာ ဖြစ်နိုင်တယ်။

    ReplyDelete
  7. မှန်တယ် The Far Pavilions ကို စာအုပ်ဖတ်ပြီး ရုပ်ရှင်ကြည့်တာ ပျက်ကရော ..
    Dr. Zhivago ကတော့သိပ်မဆိုးပါဘူး
    ဒါတောင် ဖေဖေ့ကိုမေးသေးတယ် ..
    ဖေ ဟိုအခန်းမပါဘူးနော် ဒီအပိုင်းမပါဘူးနော်နဲ့ 
    ဖေဖေက အကုန်ပါရင်ဒီရူပ်ရှင် ၁ရက်တောင်ဘယ်ပြီးမလဲအငယ်လေးရယ်တဲ့ ဟိဟိ

    ReplyDelete
  8. ဟုတ်တယ်...မြစ်တို့မာယာ မှာလား... ၀တ္တုထဲတုန်းက..အထွတ်အထိပ် အခန်းကို.. ရဲအောင် မျက်နှာ..မျက်လုံးအကြည့် နဲ့..ဒါရိုက်တာခမျာ..ကြိုးစားပမ်းစား...ရိုက်ပြ ထားတာ။ နောက်က..လကလေး တောင် ပါသေး။ ခက်တာက..၀တ္တုတုန်းက.. ရန်ခုန်သံ တွေ အကုန် ပြုတ်ကျ ကုန်တာပဲ။း))

    တခါတလေ လည်း..ရုပ်ရှင်က..ပိုပြီး..အသက်ဝင်..ကြည့်ကောင်းတာလဲ ရှိတတ်မှာပါ။ သေချာတာတော့..၀တ္တုတပုဒ်ကို ရုပ်ရှုင်ဖြစ်အောင် ထပ်လုပ်ပြီ ဆိုကတည်းက.. added value အနုပညာ တန်ဖိုးတွေ..အများကြီး.. ဖြစ်လာ တော့.. အားထုတ်မူကိုတော့.. တန်ဖိုးထား ပြီး ကြည့်ဖြစ်တယ်။

    ReplyDelete
  9. အလွန်အင်မတန် နှမျောမိတာ ရှိပါသေး.. “ပင်လယ်နှင့်တူသော မိန်းမများ”လေ..

    ဟယ်ရီပေါ်တာကျပြန်တော့ ရုပ်ရှင်ကြည့်တော့လည်း တမျိုးကောင်း. စာဖတ်တော့လည်း ပိုပြီးကောင်းနေတာပဲဗျ..

    ReplyDelete
  10. မြန်မာကားတွေရဲ့ နောက်ခံဂီတက စိတ်ညစ်ဖို့အကောင်းဆုံးပဲ... မြန်မာမင်းသမီးတွေငိုတာနဲ့ မြန်မာမင်းသားတွေ ဒေါသပေါက်ကွဲတာ ရီဖို့အကောင်းဆုံး ...
    အဖြူအမဲခေတ်ပြီး ရောင်စုံတွေထဲမှာ အရိပ်တစ်ကားပဲ ကြည့်မိတယ်
    ဟိုဆင်ဆာ၊ ဒီဆင်ဆာတွေက ကျော်လွန်လာရတော့ သူတို့လည်း ကောင်းနိုင်သလောက် ဘယ်ကောင်းပါတော့မလဲလေ

    ReplyDelete
  11. ရုပ်ရှင်တွေ ဘာတွေကြည့်လို့ ကောင်းလေစွ ကောင်းလေစွ ပုလုတောင် ရုပ်ရှင်မကြည်တာ ကြာပေါ့ မနေက new moon ကြည့်နေရင် အိပ်ပျော်သွားသဗျ...

    ဂျူးဝတ္ထုတွေ ကို ရုပ်ရှင်ရိုက်လို့ ပျက်စီးသွားတာတွေကို နှမျောာသဗျ..

    ဒါနဲ့စကားမစပ် ကျမ၏ သစ်ပင်ကို ဘယ်သူတွေ နဲ့ ရိုက်ရင် အဆင်ပြေမလဲဗျ ဘယ်မင်းသား ဘယ်ဒါရိုက်တာ..

    ReplyDelete
  12. စာရေးဆရာရဲ့ အနုပညာကို လေးစားရင် မြန်မာပြည်က ဘယ်သူကောင့်သား သူကောင့်သမီးနဲ့မှ မရိုက်တာ အကောင်းဆုံးပဲ။

    =)

    ReplyDelete
  13. အစ်မတော့ မြန်မာကားတွေမကြည့်ဖြစ်ခဲ့တာ ကြာပြီလေ။ အချိန်ကုန်ပြီး မကျေမနပ်ဖြစ်ရတာ မတန်ဘူးလားလို့ ။ ပြောသာပြောရတယ်၊ရုပ်ရှင်ရယ်လို့ လည်းမယ်မယ်ရရမကြည့်နိုင်တာကြာလှပါပြီ။ ရီတာပြောတာလည်းဟုတ်ပါ့။ ရုပ်ရှင်တွေက စာရေးသူဆိုလိုတာကို ပေါ်အောင်ရိုက်နိုင်တာရှားတယ်(အခုခေတ်မြန်မာကားတွေမှာ)။

    ReplyDelete
  14. ဟုတ်ပါ့ဗျာ။ ထူးအိမ်သင်ပြောတဲ့ စကားလေးကို သဘောကျတယ်။

    ReplyDelete
  15. အခုနောက်ပိုင်း ၀တ္ထုတပုဒ်ပြီးအောင်ဖတ်ဖို့ အချိန်မပေးနိုင်ကြတော့ ၂ နာရီပဲကြာတဲ့ ရုပ်ရှင်ကို ကြည့်ဖြစ်လာကြတာလည်း ပါတယ်။ ဟိုအရင်က ဘာသာပြန်ဝတ္ထုတွေ တပုဒ်ပြီးတပုဒ် ဆိုင်က ငှားဖတ်ခဲ့တာကို ပြန်တွေးကြည့်တော့ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်အံ့သြနေမိတာ.. အခုဆို ရုပ်ရှင်တကားပြီးအောင် ကြည့်ဖြစ်ပေမယ့် ၀တ္ထုတပုဒ်ပြီးအောင် မဖတ်ဖြစ်တော့တာတောင် အတော်ကြာခဲ့ပြီပဲ။

    ReplyDelete
  16. ၀တ္ထုတွေကို ရုပ်ရှင်ရိုက်ရင် ဘယ်တော့မှ မမီဘူးလို့ ထင်တာပဲ Girl with a pearl earring သွားကြည့်တုန်းက ရုပ်ရှင် ပြီးသွားမှန်းတောင် မသိလိုက်ဘူး... အားလပ်ချိန် ပေးတယ်ထင်လို့ ရေခဲမုန့် ၀ယ်စားဖို့ ထွက်မယ်လုပ်တာ အားလုံး ထတော့မှ ပြီးပြီဆိုတာ သိလိုက်တယ်

    ReplyDelete