Saturday, August 22, 2009

ချည်တိုင်



စပါးကြီးမြွေ တစ်ကောင်ရဲ့ရှေ့မှာ
လမ်းပျောက်ရသလိုပါပဲ

ဒီနေရာကိုပဲ
တ၀ဲဝဲလည်ပြီး ရောက်နေခဲ့တာပေါ့

***
အရာရာကို ဇာတ်သိမ်းပစ်လိုက်နိုင်ပြီလို့
သူရဲကောင်းဆန်စွာ ထင်နေမိပေမယ့်
လမ်းဆက်လျှောက်ရင်းကပဲ

သူ့ရှေ့မှောက်ကိုသာ ပြန် ပြန်ရောက်လာခဲ့

***
ချိုး

ဖျက်

ကွေ့

ရှောင်

လွတ်အောင်ရယ်လို့ ပြေးထွက်ခဲ့ပေမယ့်
လမ်းဆုံးမှာ တည့်တည့်ဝင်တိုး

သူ့ရဲ့နှောင်ကြိုး ပိုက်ကွန်ထဲ...

***
နောက်မှာချန်ရစ်
ကျောခိုင်းပစ်ခဲ့ပေမယ့်
ဝေးဝေးသွားဖို့ ခွန်အားမရှိသေးခင်
တင်းရင်း ရစ်နှောင်

ပြန်လည်ခေါ်ဆောင်ရာဆီ ပါသွား

('အချစ် ' ဆိုတာ)
ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုလားကွယ်…

***
ရုန်းလို့လဲ မလွတ်နိုင်တော့ပါဘူး

ရုန်းလို့လဲ မထွက်ချင်တော့ပါဘူး

***

ဒီကြိုးမျှင်တွေကြားထဲ တိုးဝင်ရင်း

သူ့ရဲ့ ချည်နှောင်ခြင်းတွေမှာပဲ

ကျေနပ်စွာနဲ့ နှောင်ဖွဲ့ခံတော့...

***
2001 လောက်က နောက်ဆုံး ရေးဖြစ်ခဲ့တဲ့ ကဗျာ။
အဲဒီနောက်ပိုင်း ခုထိကို ကဗျာကို အဆင်ပြေပြေ ပြန်ရေးလို့ မရတော့ဘူး။
ကဗျာတွေနဲ့ ပတ်သတ်လို့ စိတ်ဝင်စားမှု နည်းခဲ့တာလည်း ပါပါတယ်။
အဲလိုပြောရင် ယုံချင်မှ ယုံကြမယ် ထင်တယ်နော်။
အနုပညာမှာတော့ စာဖတ်ရတာကိုသာ အကြိုက်ဆုံးပဲ။

အဲဒီကဗျာက အစောကြီးတည်းက တင်ပြီးသားပါ။ ခုပြန်တင်လိုက်တာ။
ရေးတုန်းကလဲ သိပ်မကြိုက် ခုလဲသိပ်မကြိုက်တော့ဘူး။
ဘာမှန်းလဲ မသိဘူး အူကြောင်ကြောင်ကဗျာလို့ ခံစားနေရတယ်။

***

6 comments:

  1. ကဗျာနဲ့ ပက်သက်လို့ စိတ်ဝင်စားမှု နည်းပါးတဲ့ အစ်မရီတာရေ..

    ကျွန်တော်ကတော့ အနုပညာမှာဆိုရင် သီချင်းဆိုတာ အကြိုက်ဆုံးပဲ။ စိတ်ဆိုးနေရင် အသားကုန်အော်လိုက်ပြီး ဖွင့်ထုတ်လိုက်တာပဲ..အဟီး။

    yu ya

    ReplyDelete
  2. ၈ နှစ်တာအတွင် ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံက ရင့်ကျက်မှုကို ပေးစွမ်းခဲ့သလို ကိုယ့်ရဲ့ အတွေးအခေါ်တွေကလဲ တစစ ပြောင်းလဲသွားတတ်တယ်လေ...

    ဒါပေမယ့် ချည်တိုင်ကို ပြန်လာတတ်ကြတဲ့ လူ့သဘာဝကတော့ အမြဲတမ်း အတူတူပါပဲ...

းဝ)

    ReplyDelete
  3. ကဗျာလေးက အချစ်အတွက် ရေးထားပေမယ့် တိုးတက်မလိုလိုနဲ့ ဒုံရင်းဒုံရင်း ပြန်ရောက်လာတဲ့ သူတွေအတွက်လည်း ဒီကဗျာလေးက အကျုံးဝင်နေသလိုပဲ။

    ReplyDelete
  4. 22 Aug 09, 20:59
    thetpaingthu: မမရီတာရေ.. ရောက်တယ်.. စပါးကြီးမြွေလိုပဲ... အညှို့ခံထားရလို့

    ReplyDelete
  5. မမရေ....နောင့် ကတော့ တော်တော်လေး ကြိုက်တယ်ကွယ်.... ချည်တိုင် တဲ့....။

    ReplyDelete
  6. နေဒေးသစ်August 23, 2009 at 4:31 PM

    စာသားရယ်
    သီဖွဲ့မှုရယ်
    ခေါင်းစဉ်ရယ်
ှဓာတ်ပုံရယ်
    ဆိုလိုရင်းရယ် ..
    အားလုံးပေါင်းစပ်တော့
    အနူးညံ့ဆုံး ကဗျာ တစ်ပုဒ် ရတယ် ..

    နေဒေးသစ်။

    ReplyDelete