Wednesday, July 15, 2009

အဲဒီ အချိန်မှာ...


အလင်းရောင်တွေ တဖိတ်ဖိတ်လက်
ထိန်းချုပ်ခက်တဲ့ ခံစားချက်နဲ့
ပျော်ရွှင်မှုတွေ ခုန်ပေါက်
နှလုံးသားတောင် မြောက်ကြွနေတယ်…

အဲဒီအချိန်မှာ
နေရောင်ခြည်က မြူးကြွ
စူးရှတဲ့ ရင်ခုန်သံနဲ့
ပန်းပွင့်တွေက ကခုန်
လိုချင်တာတွေ အကုန်ရနေတယ်…

အဲဒီအချိန်မှာ
လျှပ်စီး တတွဲ
ရင်ထဲ ပြက်သွား
လက်ကနဲထင်
မတင်မကျ
ခဏလေးပဲ…

အဲဒီအချိန်မှာ
နာရီတွေ ရပ်တန့်
မိနစ်တွေပျက်စီး
ကာလ အမြီးရှည်ရိုက်ချိုး
အချိန်တွေ ရှေ့မတိုးကြနဲ့…

အဲဒီအချိန်မှာ
လမ်းစမ်းလျှောက်တဲ့ ခံစားချက်နဲ့
အင်မတန်နက်တဲ့ ကမ်းပါးစွန်းမှာ
မိုက်မဲစွာ ရှေ့ဆက်
ဘာအတွက်မှလဲ မဟုတ်ဘဲနဲ့…

အဲဒီအချိန်မှာ
တငွေ့ငွေ့ ကျွမ်းလောင်
အပူရောင်တွေ ဆူပွက်
တမင်သက်သက် ကြွေကျ
တခြား ဘာကိုမှလဲ မရချင်တော့…

အဲဒီအချိန်မှာ
တစုံတရာက ပြုစား
ခြေလှမ်းမှားတဲ့ ရင်ခုန်သံ
ပန်းနုရောင်နဲ့ ခြယ်မှုန်း
အလှဆုံးပါကွယ်…

အဲဒီအချိန်မှာ
သတိတရားတွေ မေ့ပစ်
ထစ်ချုန်းမိုးသံ ကြားယောင်
အမှောင်တွေနဲ့ မွန်းကြပ်
နားထောင်ရန် ခက်လှချည့်

ပါးစပ်ဖွင့်ထားတဲ့ ပင်လယ်ထဲ
အသိမဲ့ ပြေးဝင်
ဘာကိုမှလဲ မမြင်မိတော့…

+

+

မိုးကြိုး တစ်ချက် ပစ်ခတ်
ဆက်သွယ်ချက်တွေ ဆွံ့အ
မပွင့်ခင်က ကြွေကျ
နိုးထလာတဲ့ အိပ်မက်
ကျည်ဆံတွေက ထုတ်ချင်းဖောက်
ရင်ဝကို အရောက်မှာလေ…


မင်းရဲ့ အသံတွေပျက်သုဉ်း

ကိုယ်လဲ

(ခဏတော့)

သေဆုံးသွားပါတယ်…

*****
(1998 လောက်က ရေးထားမိတယ် ထင်ပါတယ်... ဘယ်အချိန်ကို ညွှန်းပြီး ရေးထားမှန်း ကိုယ်တိုင် မမှတ်မိတော့တဲ့ ကဗျာ)

13 comments:

  1. တို့ ပထမဆုံး မန့်ရပြီ...
    ရီတာ့ဘလော့ ဖတ်ရတာ တကယ့်စာရေးဆရာမရဲ့ စာတွေ ဖတ်နေရသလိုပဲ ။ တကယ် စာအုပ်ထုတ်မယ် ဆိုရင် သေချာတယ် ၀င်းဝင်းလတ်လို ပဲ လူကြိုက်များဦးမယ်။ ဒါပေမယ့် မောင်နဲ့ အကြောင်းကို ဒါ့ထက်နည်းနည်းပိုချဲ့ရေးသင့်သေးတယ် ထင်တာပဲ ဟိ ဆရာလာလုပ်သွားတာမို့ ခွင့်လွှတ်နော် အကျင့်ပါနေလို့ပါ ။

    ReplyDelete
  2. ရီတာရေ

    စာလုံးတွေ သုံးထားတာ ခံစားချက် ပေါ်လွင်လိုက်တာ


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  3. နေဒေးသစ်July 16, 2009 at 2:52 AM

    တစ်ခုခုပြောချင်ပေမယ့် ဘာပြောရမှန်း မသိဘူး ..
    ကဗျာရဲ့ အဆုံးမှာ တခဏလောက် သေဆုံးသွားခဲ့တယ် ထင်တာပဲ ...

    နေဒေးသစ်။

    ReplyDelete
  4. ရီတာ့ကဗျာတွေကို ဖတ်ရတာ ညက်ညက်ညောညောရှိလို့ ကြိုက်တယ်...

    ၉၈ လောက်ကဆိုပေမယ့် တော်တော်လေး ရင့်ကျက်နေပြီးပြီပဲ...

    ReplyDelete
  5. ပါးစပ်ဖွင့်ထားတဲ့ ပင်လယ်ထဲ
    အသိမဲ့ ပြေးဝင်
    ဘာကိုမှလဲ မမြင်မိတော့…...

    အဲဒါလေးကိုကြိုက်တယ်.. အများကြီးတွေးလို့ရတယ်.. လွန်ခဲ့သော ၁၀ နှစ်လောက်မှာရေးထားတာဆိုတော့.. talent ပါတာဘဲဖြစ်ရမယ်..

    ReplyDelete
  6. ဘာမှမပြောချင်တော့ဘူး။ ကြိုက်တယ် ။ ဒါပဲ ။ (ကိုယ်တော့ ဒီနေ့တစ်နေ့လုံး အခေါက်ခေါက် အခါခါပြန်ဖတ်နေဖြစ်တော့မှာ )

    ReplyDelete
  7. ဟိဟိ ဘယ်အချိန် ကို ညွန်းမှန်း မသိပေမယ့် ဖတ်ကောင်းတာတော့ အမှန်။ မောင် ကိုကို နဲ့ ရီတာ...10 ကိုလဲ မျှော်နေတယ်နော်..

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ရီတာရေ ပို့စ်က စာလုံးတွေက ပြောင်မြောက်နေတော့ ကော်မန့်တောင် ဘယ်လိုစာလုံးတွေနဲ့ ရေးရမှန်းမသိတော့လို့ ...
    ရေးလက်စ အခန်းဆက်ကိုလည်း ဒီအတိုင်းပဲ အခုပဲမန့်ရတော့မလား.. နောက်မှ မန့်ရမလားနဲ့ ..
    တကယ်ကြီးကို အားပေးနေတာနော်

    ReplyDelete
  10. ကဗျာရော ဓာတ်ပုံရောချောတ်ခြားစရာ

    ReplyDelete
  11. ကျတော်လဲ ကဗျာဖက်ပီ ခနသေဆုံးသွားလို့ ကွန်မန်တောင် ခုမှပေးလိုက်တယ်ဗျာ။ ဂွတ်တယ် စကားလုံးလေးတွေ သုံးတာကြိုက်တယ်

    ReplyDelete
  12. ၀န်ခံချက်။ ။ တို့လဲ အဲဒီလိုမျိုး သေခဲ့ဖူးပါတယ်။

    ReplyDelete
  13. လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတယ်ဆိုတော့ ၁၀ ကျော်သက်က ရေးထားတဲ့ ကဗျာပေါ့နော့်။ အစ်မလည်း ဘလော့ဂ်မှာ ၁၀ ကျော်သက်က အတွေ့အကြုံတွေကို တင်ထားတယ်ဆိုတော့ အတိတ်ကို ပြန်သတိရနေတာချင်း တူနေကြပြီ ထင်တယ်။

    ReplyDelete