Monday, February 27, 2012

နှစ်လိုစေသူ

'တစ်ယောက်သောသူ'

လွန်ခဲ့တဲ့ ၃/၄ လလောက်က မျက်ရှု မှာ​ ဝင်းဦး အမှတ်တရ ပို့စ်တွေ သွားဖတ်ရင်းနဲ့ မြယာ ရဲ့ တစ်ယောက်သောသူ ကို စဖတ်မိတယ်။

"နင်သိလား။ အရင်က ဘယ်တော့မှ မမေ့ဘူးထင်ထားတဲ့ အဖြစ်အပျက်တွေကို ခု မေ့နေပြီး အာရုံမှာ မစွဲငြိခဲ့တဲ့အရာတွေကို တသသ ဖြစ်နေရတာ တော်တော် ဆန်းပြားလှတယ်။"

အဲဒီနေရာရောက်တော့ ဘယ်လိုမှ ဆက်မဖတ်ဘဲ မနေနိုင်တော့ဘူး။ အပေါ်ယံ သညာသိတွေကို ခံစားမိတာနဲ့ အတွေ့အကြုံနဲ့ ယှဉ်လို့ ခံစားရတာ မတူဘူးမဟုတ်လား။ ကိုယ်တိုင်ဖြစ်ပျက်ခံစားနေရတဲ့ အကြောင်းအရာမျိုး ထပ်တူ တခြားသူက ရေးပြထားတာကို ဖတ်ရတဲ့အခါ...

အဲဒီလိုအနေအထားမှာ စာဖတ်နေရင်း ဖြစ်လာတဲ့ ခံစားမှုက စာနဲ့ရေးပြလို့ ရမယ်မထင်ဘူး။


တခါတလေ အရှိန်တခုနဲ့ လိမ့်နေခိုက်မှာ အမှုမဲ့ အမှတ်မဲ့ ဖြတ်ကျော်ခဲ့မိတဲ့ အခိုက်အတန့်လေးတွေ။ တနေရာရာမှာ ခဏအနားရတော့မှ အတွေးထဲ ပြန်ပေါ်လာတဲ့အခါ အတိတ်ဆိုတာ ဖြစ်သွားပြီ။ အတိတ်ကိုကျ ပြန်ရချင်လို့ မဖြစ်နိုင်တော့ပြန်ဘူး။

"ငါ့စိတ် ရင်းနှီးကျွမ်းဝင်မှုကို သူသိဖို့မပြောနဲ့ ငါတောင် အဲဒီအချိန်က ကောင်းကောင်း မသိခဲ့ဘူး။"

"အဝေးရောက်ယူတဲ့ စာရင်းထဲက သူ့နာမည်ကို အကြာကြီး ကြည့်နေမိတယ်။ အဲဒီနေ့ကလည်း ငါတို့ လျှောက်လည်နေကြတာနဲ့ အသေအချာတောင် ဖီးလ်မတက်လိုက်ရပါဘူး။"

"ငါ အမြဲလိုလို သတိတရရှိနေသူရဲ့ အသံလို့ မခံစားမိဘူး။"

သူ့စာအဆုံးမှာ အထုံးကလေးတစ်ခုပါတယ်။ ကြိုးစကလေးနဲ့။ အဲဒီ အစကလေးကို ဆွဲချလိုက်ရင်ရတယ် ဆိုတာပဲ ပြထားပြီး တကယ် ဆွဲဖြေမပြခဲ့ဘူး။ ဖတ်တဲ့သူဟာ သူ့ဇာတ်ကောင်အတိုင်းပဲ အထုံးကလေးကို တသသနဲ့ ကျန်ရစ်ရတော့တယ် လို့ မြင်မိတယ်။

ခံစားချက်ဆိုတာဟာလည်း နှိုင်းရသဘောဆောင်တယ် ထင်ပါရဲ့။

လူ့ဘဝမှာလည်း တချို့သောအာရုံတွေကို အထူးပြုပြီး သွားနေခိုက် မသိလိုက်မသိဘာသာ ကျော်ချလာခဲ့တဲ့ အာရုံတချို့ရှိတယ်။ အဲဒီအချိန်တွေတုန်းက ကိုယ့်ဘာသာတောင် မသိလိုက်ဘူး။

***
ရီစရာကောင်းတယ်ထင်တာတခုက ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့ တွတ်ပီကာတွန်းတွေကို မကြိုက်တော့ဘူး၊ စိတ်မဝင်စားတော့ဘူးလို့ ထင်ခဲ့မိတဲ့ အချိန်တွေရှိခဲ့တယ်။ ကျောင်းပြီးလို့ အကြောင်းတိုက်ဆိုင် ပြန်ဖတ်မိတဲ့အခါမှ ငါ ဒါတွေကို ခုထိ စိတ်ဝင်စားနေတုန်းပါလားလို့ ပြန်သိလိုက်ရတယ်။ တကယ်တော့ ကိုယ် ဘယ်တော့မှ အဲဒါတွေကို ရိုးသွားမှာ မဟုတ်ဘူး။ ရိုးသွားတယ်လို့ ကိုယ့်ဘာသာ ထင်နေခဲ့တာပဲ ရှိတယ်။

အဲဒါ ဇာတ်လမ်းတခုလုံးနဲ့တော့ ဘာမှ မဆိုင်ပါဘူး။ တခါတလေ ကိုယ့်ဘာသာကျော်ချခဲ့မိတဲ့ အာရုံတွေ ဆိုတဲ့ တချက်နဲ့ပဲ ဆိုင်တာလေးပါ။

"အရင်က ဘယ်တော့မှ မမေ့ဘူးထင်ထားတဲ့ အဖြစ်အပျက်တွေကို ခု မေ့နေပြီး အာရုံမှာ မစွဲငြိခဲ့တဲ့အရာတွေကို တသသ ဖြစ်နေရတာ..." ဆိုတဲ့ အချက်ကနေ ကိုယ့်ကို သတိရစေလိုက်တဲ့ အဖြစ်အပျက်တွေကိုသာ ဆွဲထုတ်ပြရရင်တော့ ဆုံးမယ် မဟုတ်ဘူး။

***
'လှနေဆဲ ညနေပုံပြင်'

ဟိုရက်က လှနေဆဲ ညနေပုံပြင် ကို ဖတ်မိတော့ 'တစ်ယောက်သော သူ' ကို ပြန်သတိရလာတယ်။ 'တစ်ယောက်သော သူ' ကို မြယာပဲ ရေးခဲ့တာလားလို့ ပြန်စဉ်းစားမိပြီး ရှာတော့ ဟုတ်နေတယ်။ ပထမဆုံးအကြိမ် ဖတ်မိတုန်းက တပုဒ်တလေသာ ထင်လို့ အမှတ်မထားခဲ့မိဘူး။

ဒီတပုဒ်ကိုလည်း အစအဆုံး နှစ်နှစ်သက်သက် ဖတ်မိတာပဲ။ ဒါပေမဲ့ ဒါမျိုးအဖြစ်အပျက်တွေကို မျက်မြင်ဒိဋ္ဌတော့ မကြုံဖူးခဲ့သေးတော့ ပထမတစ်ပုဒ်လောက် စိမ့်ဝင်မလာခဲ့ဘူး ထင်တယ်။ သူ့ရဲ့ မြှုပ်စရာရှိတာလေးတွေကို မြှုပ်ပစ်လိုက်ပြီး တို့ထိရုံ ရေးသွားတဲ့ အရေးအသားကို သိပ်သဘောကျမိတယ်။ ဘယ်လို ထူးတဲ့ ပါရမီပါလိမ့်။ တချို့စာရေးသူတွေ တော်မှန်း သိပေမယ့် ကိုယ့်အနေနဲ့ စိတ်အာရုံထဲ ရှောရှောရှူရှူဝင်လာဖို့ခက်၊ စွဲလမ်းငြိတွယ်ဖို့ ခက်တယ်။ မြယာကို ဖတ်မိတော့ တိုက်ရိုက်ဝင်လာသလို စိတ်ထဲလည်း စွဲပြီး ကျန်ခဲ့တယ်။

အဲဒီ ဝတ္ထုကနေ တစ်ယောက်ယောက်ကို မဖြစ်မနေ သတိရပြရမယ်ဆိုရင် ငယ်ငယ်တုန်းက (9 တန်း 10 တန်းလောက်က) ကိုယ်တို့ သူငယ်ချင်းတတွေ အတော်ကို စိတ်ဝင်တစား အကြိုက်ညီခဲ့တဲ့ (ခုထိလည်း သက်ရှိထင်ရှားရှိသေးတဲ့) မော်ဒန်စာရေးဆရာတစ်ယောက်ကိုပဲ။ တကယ်တော့ သူ့အကြောင်းကို အကျွမ်းတဝင် မသိပါဘူး။ နောက်ပိုင်းမှာ အပြောင်းလဲကြီးပြောင်းလဲ မမျှော်လင့်တာတွေ မကြိုက်နိုင်တာတွေ တော်တော်လုပ်ပြခဲ့တော့ တအံ့တသြ စိတ်ပျက်ခဲ့ကြတယ်။ ဒါပေမဲ့ ကြိုက်တာတချို့လည်း လုပ်ပြနိုင်တုန်းပဲ။

နောက်တစ်ယောက်ဆိုရင်တော့ ဒေါက်တာ မတင်ဝင်း ဆောင်းပါးထဲမှာ ဖတ်ဖူးတဲ့ 'နပိုလီယံ'။

'သူဟာ တော်လှန်ရေးက မွေးဖွားလိုက်တဲ့လူ ဖြစ်ပေမယ့် တော်လှန်ရေးရဲ့ အနှစ်သာရကိုရော လုပ်ထုံးလုပ်နည်းများကိုရော သူက သွေဖည်ခဲ့တာကိုး။ ဒေစီရေးလို ဘူဇွာမိသားစုထဲက မိန်းကလေးကို မယူနိုင်ဘဲ ဂျိုးဇက်ဖင်းလို မဟာနွယ် မိန်းမလည်ကိုယူတယ် ဆိုတည်းက သူဟာ တယ်ပြီး မဟာနွယ်များ အလယ်မှာ တွင်ကျယ်လိုသူဖြစ်တယ်ဆိုတာ ပြတာပါပဲ။ မာရီယာလူဝီဇာကို ထပ်ယူပြန်တော့ သူ့ မဟာဆန်ချင်တဲ့ စိတ်ထားနဲ့ မဟာဆီ မဟာသွေးများအလယ်မှာ တင့်တယ်ချင်တဲ့ စိတ်ထားဟာ ပိုပြီး ပေါ်လွင်လာခဲ့ပါတော့တယ်။'

(နပိုလီယံ)


(မှတ်ချက်။ ကိုယ်က သမိုင်းကို မသိ၊ စိတ်လည်းမဝင်စားတော့ ဖတ်ရင် အချက်အလက်တွေထက် ဒေါက်တာမတင်ဝင်းတို့လို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ် ရေးတတ်တဲ့သူတွေ ရေးတာကို ဖတ်မှ ဆုံးအောင် ဖတ်လို့ရတယ်။ သူ့စာတွေထဲမှာ အဂတိတွေပါတယ်လို့ ခံစားရသော်ငြားလည်း ဘာသာရပ်ဆိုင်ရာကို စိတ်မဝင်စားတဲ့သူအတွက်က အဂတိလေးနဲ့ စာရေးသူရဲ့သုံးသပ်ထင်မြင်ချက်လေးပါမှ စိတ်ဝင်စားနိုင်တော့သလိုပဲ။ သမိုင်းလိုကိစ္စမှာ အဂတိပါရင် ပညာရပ်ဆိုင်ရာတန်ဖိုးကျတာ အမှန်ပဲ။ ဒါပေမဲ့ မသင့်မှန်းသိပေမယ့် ကြိုက်တာတွေ လူ့သဘာဝမှာ အများသားမဟုတ်လား။ ဓညင်းသီးနဲ့ဆို ပို ထမင်းစားဝင်တဲ့လူမျိုးတွေလိုပေါ့။

အထက်က နပိုလီယံ အကြောင်းကိုလည်း ဘယ်စာအုပ်ကနေ ဖတ်မိမှန်း မသိတော့ဘူး။ အွန်လိုင်းကနေ ဖတ်မိတာ။ အဲဒီစာပိုဒ်ကိုတော့ ကူးထားလိုက်မိတယ်။)

***
'နှစ်လိုစေသူ'

လှနေဆဲ ညနေပုံပြင် ကို ဖတ်ပြီးတာနဲ့ မျက်ရှုက ဝတ္ထုတိုဆိုတဲ့ label မှာ မြယာ ဝတ္ထုတွေ လိုက်ရှာမိတယ်။ ဒီတပုဒ် နှစ်လိုစေသူ ကို ထပ်တွေ့တယ်။

သူ့စာတွေ ဖတ်ရတာ ဖတ်ပြီးရင်း ပြန်ဖတ်ချင်ရင်းမို့ အဲဒီဝတ္ထုကို တဆက်တည်း ၃ ခါတောင် သေသေချာချာ ပြန်ဖတ်လိုက်မိတယ်။ ပြီးတော့ သူ့နာမည်နဲ့ google ကြည့်တယ်။ စိတ်မကောင်းစရာ အဲဒီ ၃ ပုဒ်ပဲ တခြား ဆိုဒ်တခုနဲ့ ရတီ မဂ္ဂဇင်းဆိုဒ်မှာ တွေ့ရတယ်။

သူ့ထုံးစံအတိုင်း နောက်ဆုံးနားမှာ အထုံးကလေးနဲ့ပေါ့။
'အဓိကအချက်တစ်ခု ရှိပါသေးတယ်။ ... ' ဆိုတာရဲ့ နောက်က သူ့စိတ်ထဲမှာ ထုံးနေခဲ့တဲ့ အထုံးလေးပေါ့။

ဒီလို ရွေးချယ်မှုမျိုးကို ဘေးအမြင်နဲ့ မှန်တယ် မှားတယ်ဆုံးဖြတ်ဖို့ အကြောင်းမရှိဘူးလို့ ယူဆတယ်။ ကာယကံရှင်အနေနဲ့သာ ကိုယ့်အတိုင်းအဆကို အမှန်အတိုင်းသိနိုင်တဲ့ ဉာဏ်ရှိဖို့ (တနည်းအားဖြင့်) ကိုယ်နဲ့ ဘာက ကိုက်ညီတယ်၊ ဘာကို ရအောင်ယူရမယ်ဆိုတာကို ထင်ထင်ရှားရှား သိနိုင်စွမ်းဖို့သာ အဓိကပဲ။

မိန်းကလေးတွေ ဘာကြိုက်သလဲလို့ မေးလာရင် ဖြေစရာ အဖြေရှိလိမ့်မယ် မဟုတ်ဘူး။
ဘာဖြစ်လို့ဆိုတော့ မေးစရာမေးခွန်း မဟုတ်လို့။

ကိုယ်တသက်လုံး အတူနေသွားရမယ့်သူနဲ့ ပတ်သတ်သမျှက ကိုယ့် ကိုယ် စိတ် နှလုံးကို ချုပ်တည်း ကြပ်တည်းစေတာမျိုး မဖြစ်ဘဲ လှိုက်လှဲ နွေးထွေး သက်တောင့်သက်သာ ဖြစ်စေတဲ့ ခံစားမှုမျိုးကိုမှ အလေးထားတဲ့သူမျိုးဟာ အဲဒီဝတ္ထုထဲက ဇာတ်ကောင်မိန်းကလေးလို ရွေးချယ်တယ်ဆိုလည်း ဘာမှ အံ့သြစရာမရှိဘူးပဲ။

ကိုယ့် အမြင်မှာတော့ အဲဒီမိန်းကလေးမှာ ကိုယ့်အတိုင်းအဆနဲ့ ဆီလျော်ရာကို သိတဲ့ ဉာဏ်ရည်တမျိုးရှိတယ်။ အဲလိုဉာဏ်ရှိဖို့ဟာ မလွယ်ဘူး။ (မိန်းမတွေဟာ သိပ် စိတ်ကူးယဉ်တယ်လေ)။ နောက် အဲလို ဆုံးဖြတ်ချက်မျိုးကို ဉာဏ်ရှိတယ်လို့ အများစုက မသတ်မှတ်ဘူး (အဲဒါကြောင့် စာရေးဆရာကလည်း ဉာဏ်ရှိတယ်လို့ ဆိုလိုပုံမျိုးနဲ့ ရေးပြမထားဘူး သူ ဝှက်ထားတယ်)။

'အဓိကအချက်တစ်ခု ရှိပါသေးတယ်။ ... '
ကိုယ့်အတွက်တော့ ဝတ္ထုရဲ့ အသက်က အဲဒီ စာကြောင်းနောက်က ကပ်လိုက်လာတဲ့ စာပိုဒ်ကလေးပဲ။
ဒီတခါတော့ အထုံးကလေးကို ပြရုံမျှမကဘဲ ဇာတ်ကောင်ကိုယ်တိုင်က သူ့အထုံးကို သူ ပြန်ဖြေသွားခဲ့တယ်။ ဒါပေမဲ့ သူ့ဖြေပုံဖြေနည်းကြောင့်ပဲ တချို့သော စာဖတ်သူတွေရဲ့အာရုံမှာ အထုံးတစ်ခု ပြန်ထုံးသွားစေမယ် ထင်ပါရဲ့။ ကိုယ်ကတော့ ဖတ်ပြီး ဘဝင်ကျသွားတယ်။

ပြီးတော့ ဘာနာမည်မှ မတပ်၊ ဘယ်သူမှန်း မသိလည်း အဲဒါ အမျိုးသမီးစာရေးသူတစ်ယောက် ရေးထားတယ်ဆိုတာ သိသာနိုင်တဲ့ ရေးဟန်မျိုးကိုလည်း ကြိုက်တယ်။ အမျိုးသမီးစာရေးသူနဲ့ အမျိုးသားစာရေးသူတွေမှာ ဘယ်လိုမှ မတူနိုင်တဲ့ ခံစားမှု၊ ဖန်တီးမှု အာရုံတွေ ရှိကြတယ်လို့ ထင်တယ်။ တူစရာလည်း မလိုအပ်တဲ့ အာရုံတွေပေါ့။ ကွဲပြားနေမှသာ အရသာခံနိုင်မယ့် အာရုံတွေပေါ့။

၃ ပုဒ်လုံး ရတီမဂ္ဂဇင်းမှာ ပါတဲ့ ဝတ္ထုတိုတွေပါ။

 
***
သာဓုခေါ်တာ အမျှဝေတာတို့ဆိုတဲ့ မွေးကတည်းက အရိုးစွဲလာတဲ့ အလေ့အထတွေကို ခုမှ ပြည့်ပြည့်ဝဝ လိုလိုလားလား လုပ်ချင်စိတ်ဖြစ်လာမိတယ်။

ဖတ်လိုက်ရလို့ ဘဝင်ကျသွားတဲ့ စာမျိုးတွေ့ရင် ကိုယ့်မှာ သာဓုခေါ်ချင်လာတာ တကယ်။ 'တစ်ယောက်သောသူ' စဖတ်ကတည်းက "ကောင်းလိုက်တာ" ဆိုတဲ့ စကားလုံးကို ၃ ကြိမ် ၃ ခါရေးပြီး facebook မှာ တင်မိတယ်။ သာဓုရဲ့ အနက်ကလည်း "ကောင်းလေစွ" လို့ နှစ်ထောင်းအားရတာပဲ မဟုတ်လား။ နောက် ကိုယ် ဖတ်သလို သူများကိုပါ ဇွတ် ဖတ်စေချင်လာတဲ့အခါ facebook မှာတင် မက gtalk ကနေပါ တဘက်လူ အားလား မအားလား မစဉ်းစားနိုင်ဘဲ လင့်ခ် ပေးမိတယ်။ ဒါတင်အားမရလို့ စာရေးပြီးပါ တင်ရတယ်။ ဝေမျှတယ်ဆိုတာလည်း အမျှဝေခြင်းတမျိုးပေါ့။


ကိုယ် ကြိုက်တဲ့စာတွေ၊ စာရေးသူတွေ မနည်းဘူး ရှိပါတယ်။
ဒါပေမဲ့ သာဓုခေါ်ပြီး အမျှဝေချင်လောက်အောင် ဘဝင်ကျသွားတဲ့ထိ ဖြစ်ရတာတော့ သိပ်မများလှဘူး။ ဟိုအရင်နှစ်တွေဆီက မပါဘဲ၊ ဒီရောက်ပြီး နောက်ပိုင်းနှစ်တွေမှာဆိုရင်တော့ 'တေဇာ' နဲ့ 'မြယာ'။

***
မျက်ရှုဆိုဒ်က ခုလောလောဆယ် ဝင်မရဖြစ်နေတယ်။ အောက်ကလင့်ခ်တွေက တခြားဆိုဒ်တွေက လင့်ခ်တွေ။ 

'တစ်ယောက်သောသူ'
'လှနေဆဲ ညနေပုံပြင်'
'နှစ်လိုစေသူ'

***

Friday, February 24, 2012

120213 1857

မီးရောင်လင်းတဲ့ ညနေခင်းတစ်ခုမှာပေါ့
ညွှတ်ကွေးမိတဲ့ ကိုယ့်နှုတ်ခမ်းဖျားမှာ
အပြုံးတစ်စ ခို

လေပြည်ညင်းနဲ့ ပန်းခင်းလေးတွေနား
ဆည်းလည်းသံချိုချိုလည်း ကြားလိုက်တယ်

Sunday, February 19, 2012

All-Time Favourite



ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ဘယ်နားက ပြန်ဖတ်ဖတ် ဘယ်တော့မှ ရိုးမသွားဘဲ မပြီးမချင်း လက်က မချချင်ရတဲ့ စာအုပ်။

မမှာဘဲ ပို့ပေးလိုက်တဲ့သူကို ကျေးဇူးအထူး တင်ပါတယ်။

***
- ပထမအကြိမ် (ဝင်း စာပေ - ၁၉၉၇ ခုနှစ်)
- ဒုတိယအကြိမ် (
ဝင်း စာပေ - ၁၉၉၉ ခုနှစ်)
- တတိယအကြိမ် (ယုံကြည်ချက် စာပေ - ၂၀၀၇ ခုနှစ်)
- စတုတ္ထအကြိမ် (ရွှေသစ္စာ စာပေ - ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ)

Wednesday, February 15, 2012

စာသင်ခန်း အင်ဂြင်နယာရင်း အင်္ဂလိပ်စာ တိုက်တန်းနစ်

စာသင်ခန်း အင်ဂြင်နယာရင်း အင်္ဂလိပ်စာ တိုက်တန်းနစ်

ကိုယ်တွေနှစ်က ကျောင်းက အင်္ဂလိပ်စာမှာ အစောပိုင်းသင်ရတာတွေက အင်္ဂလိပ်စာလို့သာ ပြောတာ၊ တကယ်တော့ အင်ဂျင်နီယားရင်းဘာသာရပ်မျိုးစုံကို စုပြုံထည့်ထားတာ။ ပြောရရင်တော့ စိတ်ဝင်စားစရာ သိပ်ကောင်းတယ် မထင်ဘူး။ ကားတို့ အဝတ်လျှောက်စက်တို့ တယ်လီဖုန်းတို့ တွင်ခုံတို့ ပိုင်ရိုက်တာတို့ ဒိုင်နမိုတို့ အကြောင်းတွေ... ပြောရတာတောင် လေပါတယ်။ ကောင်းတာကတော့ ပညာရပ်ဆိုင်ရာ အကဲဒမစ်စာလုံးတွေတော့ သိနိုင်တာ။ နောက် resume နဲ့ application letter တွေ ဘာတွေ ရေးခဲ့ရတာ။ ပြီးတော့ မေဂျာဘာသာတွေက ကိုယ် အထူးပြုရာပဲ သင်တာပေမယ့် အင်္ဂလိပ်စာမှာတော့ ရှိ ရှိသမျှ အထူးပြုကဟာတွေ အကုန်စုပြုံထည့်ထားတော့ စိတ်ဝင်စားတဲ့သူအတွက်တော့ ကောင်းတာပေါ့။ စိတ်မဝင်စားတဲ့သူအတွက်လည်း ကောင်းတာပါပဲ (စိတ်ညစ်ဖို့)။

အဲဒီမှာ အံချော်နေတာ တစ်ခုရှိတယ်။ engineering maths ကို သင်္ချာက ဆရာ/မတွေသင်တာ ဘာမှ မဖြစ်ပေမယ့်၊ အင်္ဂလိပ်စာထဲက အင်ဂျင်နီယာဆိုင်ရာ အကြောင်းအရာတွေကို အင်္ဂလိပ်စာက ဆရာ/မတွေသင်တော့ တချို့ဟာတွေ သူတို့လည်း ခက်၊ ကိုယ်တွေလည်း ခက်။ (စိတ်ဝင်စားပြီး တော်တဲ့လူတွေအတွက်ကတော့ မခက်ဘူးပေါ့။ စကားမစပ် အင်ဂျင်နီယာပညာဟာ တကယ်တမ်းကျ သင်စရာ သိပ်မလိုတဲ့ ပညာပဲ။ စဉ်းစားကြည့်။ စိတ်ဝင်စားတဲ့လူတွေက စာဖတ်ရုံနဲ့ 75% လောက်ကို အလိုလို သဘောပေါက်ပြီးနေပြီ၊ မြင်ပြီးနေပြီ။ စိတ်မဝင်စားတဲ့လူတွေကျ ဘယ်လောက်သင်သင် ဘယ်လိုသင်သင် စာမေးပွဲပြီးတာနဲ့ အကုန် ကုန်ရော။ ဘာမှကို မကျန်ဘူး။ နှစ်မျိုးနှစ်စားလုံးအတွက်က ကျောင်းတက်ပြီး သင်ကြတယ်ဆိုတာ ဘွဲ့အတွက်မျှသာပဲ။)

တခါတလေ စီနီယာ့ စီနီယာ အင်ဂျင်နီယာများနဲ့ စကားပြောရရင် အတော်လေးကို ကိုယ့်အတိုင်းအတာ ကိုယ်ပြန်မြင်လာမိတယ်။ စာထဲက ခက်ခဲ ကျပ်တည်းလှတယ်လို့ ထင်တဲ့ အကြောင်းအရာတွေကို သူတို့က ခဏ ဖတ်ကြည့်လိုက်ရင်ပဲ အလုံးစုံ သိမြင်ကုန်ပြီ။ အလုပ်ထဲရောက်တော့ အထက်လူကြီးတွေနဲ့ စကားပြောရင်း အဲဒီဘာသာရပ်ဆိုင်ရာတွေ ရောက်လာရင် ဘယ်လို ထွက်ပြေးချင်မှန်း မသိဘူး။ သူတို့ကလည်း သူတို့ သန်ရာ သန်ရာဆိုတော့ နောက်ပေါက်တွေကို သိပ်ပြောပြချင်တာ။

သူတို့ မျက်လုံးထဲမှာ ကားတစ်စီးကွေ့လိုက်တာမှာလည်း အင်ဂျင်နီယာပညာ၊ ကွန်တိန်နာထဲက ဂျင်နရေတာတလုံးကို မ, ထားတဲ့ ကရိန်းကြိုးမှာလည်း အင်ဂျင်နီယာပညာ။ (applied mechanic ဆိုတာကို အဲဒီလို လက်တွေ့နဲ့ ယှဉ်တွေးလို့ ရပါလားလို့ အဲဒီတော့မှ သိခဲ့ရတာ။ သိရတဲ့အချိန်မှာ သိပ်ကို နောက်ကျသွားပြီ)။ ခန္ဓာကိုယ် အောက်ပိုင်းနဲ့ အပေါ်ပိုင်း ဘယ်အပိုင်းကို ရေ အရင် စ လောင်းသင့်တယ်ဆိုတာမှာလည်း အင်ဂျင်နီယာပညာ၊ သူတို့အတွက် မြင်မြင်သမျှ ကမ္ဘာလောကကြီး တခုလုံးက အင်ဂျင်နီယာပညာ (ပျင်းစရာကြီး)။

တကယ်ဆိုရင် ဘယ်စက်တွေ ဘယ်သူတွေကို ဘယ်ဈေးနဲ့ရောင်းထွက်တယ်၊ ဘယ်သူတွေဝယ်ထားတဲ့ ဘယ်စက်တွေရဲ့ ဘယ်စပယ်ရာပါ့တ်တွေ ဘယ်ချိန်လောက်ကြွလို့ ကိုယ်က ဘာတွေ ကြိုဝယ်လှောင်ပြီး ဘယ်ဈေးနဲ့ ရောင်းလို့ရတယ်ဆိုတာက ပိုစိတ်ဝင်စားစရာ မကောင်းပါလား။ (အမှန်တော့ ဒါတွေလည်း သူတို့ဆီကပဲ သင်လာခဲ့ရတာပါပဲ။ ကိုယ်သိတာ သူတို့သိတာရဲ့ အစိတ်အပိုင်းလေးပဲ ရှိတာပါ)

***
ဒီလိုနဲ့ နောက်ပိုင်း အင်္ဂလိပ်စာကျတော့ အင်ဂျင်နီယားရင်းတွေ မဟုတ်တော့ဘူး။ ဘယ်သန် ညာသန်အကြောင်းတို့၊ အရောင် (colors) တွေနဲ့ လူ့စိတ်သဘာဝ အကြောင်းတို့ နောက်တော့ ဘာတွေလဲ မသိ။ အဲလိုဆန်ဆန်အကြောင်းတွေဆိုတော့ နည်းနည်း အပျင်းပြေလာတယ်။ ငယ်တုန်းကတော့ အင်္ဂလိပ်စာဆိုတာ မေဂျာဘာသာကြီး မဟုတ်လား။ အရေးကြီးတဲ့အချိန် ဂရုတစိုက်နဲ့ သင်ရတဲ့ဘာသာ။ နောက်တော့ အင်္ဂလိပ်စာဆိုတာ မိုင်နာဘာသာ၊ မေဂျာတွေ သင်ပြီးလို့ ခေါင်းပူနေတဲ့အချိန် ပေါ့ပေါ့ပါးပါး သင်လို့ရတဲ့ ဘာသာ။ ဘယ်ကရောက်လာမှန်း မသိတဲ့ အီကွေးရှင်းတွေ လာသင်တဲ့ သင်္ချာထက်တောင် ပေါ့ပါးသေးတယ်။

ဒါနဲ့ ဘယ်သန် ညာသန်အကြောင်းဆို အရင်တုန်းက သေချာ မသိဘူး။ ဖတ်မိတဲ့စာတွေထဲ မပါသလား သတိပဲ မထားမိသလား မသိ။ ကိုယ့်စိတ်ထဲမှာ ဘယ်သန်၊ ညာသန်ဟာ မွေးရာပါ သဘာဝလို့ မထင်တာ။ ကိုယ် ညာသန်ခဲ့တာဟာ ငယ်တည်းက ညာဘက်နဲ့လုပ်လာတာ အကျင့်ပါနေလို့လို့ ထင်ခဲ့တယ်။ ဘယ်သန်တွေဟာလည်း ဒီလိုသဘောပဲလို့ ထင်ခဲ့တယ်။ ကျောင်းမှာ အဲဒီအကြောင်းအရာ မသင်ခင်ကလေးတင်မှ တိုက်တိုက်ဆိုင်ဆိုင် Knowledge Computer Journal ထဲက (အဲဒီစာစောင်အကြောင်း ဒီမှာ ရေးဖူးတယ်) မင်းခိုက်စိုးစန် ဆောင်းပါးတစ်ပုဒ်ကနေမှ ဘယ်သန် ညာသန်ဆိုတာ မွေးကတည်းက အလိုလိုသန်လာကြတယ်ဆိုတာ သိတော့တယ်။

သူက ဘယ်သန် ညာသန်တွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ထူးခြားမှုအကြောင်း စသဖြင့်ကနေ ကလေးတွေ ဘယ်နဲ့ရေးရင် ညာနဲ့ အတင်းပြောင်းခိုင်းတဲ့ လူကြီးတွေအကြောင်းမျိုးတွေ ရေးထားတယ်။ အဲဒါတွေ အတိအကျ မမှတ်မိတော့ပါဘူး။

မှတ်မိနေတာ နှစ်ခုပဲရှိတယ်။
တစ်ခုက သူသာ မိဘဖြစ်ခဲ့ရင် ကလေး ဘယ်သန်ဖြစ်တာ ညာသန်ဖြစ်တာထက် ကလေးရဲ့ စိတ်မှာ အနာတရဖြစ်မသွားဖို့ကိုပဲ ဂရုစိုက်ပါမယ်တဲ့။ နောက်တစ်ခုက လူတွေမှာ လက်နဲ့ ခြေထောက်တင် မကဘဲ ဦးနှောက် မျက်စေ့စတဲ့ အစိတ်အပိုင်းတွေမှာပါ ဘယ်သန် ညာသန်ရှိတယ် ဆိုတာ စမ်းသပ်ချက်တစ်ခုနဲ့ ပြသွားပြီး "တကယ်လို့များ နှလုံးသားမှာပါ ဘယ်သန် ညာသန် ရှိနေခဲ့မယ်ဆိုရင် အဲဒီအဖြစ်ကို မလိုလားပါဘူး။ ဘာဖြစ်လို့ဆိုတော့ သူ့အတွက် ကျွန်တော့်အချစ်တွေက နှလုံးသားရဲ့ အခြမ်းတစ်ခုခုမှာ လျော့နေတာမျိုး လက်မခံနိုင်လို့ပါ" ဆိုတာရယ်ပဲ။

အဲဒီနှစ်က အင်္ဂလိပ်စာထဲမှာ တိုက်တန်းနစ်အကြောင်းလည်း ပါတယ်။
အဲဒီနှစ်ကျမှ ကျောင်းကို ပြောင်းလာတဲ့ ဆရာက ဘာသာရပ်လည်း ကျွမ်းတယ်။ ဟာသဉာဏ်လည်းရှိတယ်။ သူ့အချိန်ဆို relax ဖြစ်တယ်။ (မိုင်နာဘာသာချင်းအတူတူ သင်္ချာတို့၊ အီးပီချိန်တို့ဆို ကိုယ်ကတော့ အတော်ပျင်း။ အီးပီတွေကလည်း သူတို့ မိုင်နာသင်ရတဲ့ ပရိုဂရမ်မင်းချိန်ဆို တွန့်လိန်နေတယ် ကြားဖူးတာပဲ။)

ဆရာက ပိန်ပိန် အရပ်မြင့်မြင့် တရုတ်သွေးပါတယ်လို့ ထင်ရတယ်။ မသပ်မရပ်လို့ ပြောမရပေမယ့် သပ်ရပ်ကျော့မော့လည်း မနေဘူး။ ဆရာနဲ့ ပတ်သတ်လို့ ထူးခြားတာက စရောက်တဲ့နှစ်မှာ မိန်းကလေးတွေ အုပ်စုလိုက် အတန်းပြင်ထွက်ပြီး ပြောဆို ရယ်မော စကားများနေရင် သေချာ (သတိထားမိလောက်အောင်ကို သေချာ) ကြည့်သွားလေ့ ရှိတယ်။ ဆရာ့ပုံကြည့်ရတာ ကွန်ဆာဗေးတစ်ဖြစ်တဲ့ပုံ တစ်စက်မှ မရှိဘဲ အဲဒီလိုကျောင်းမျိုးအနေနဲ့ ဘာမှ ထူးဆန်းပြောပလောက်ဖွယ်မရှိတဲ့ ကိစ္စကို ဘာလို့ မနှစ်မြို့တဲ့ပုံပြသလဲ ခုထိလည်း နားမလည်နိုင်ဘူး။ အဲဒါကို သတိထားမိတဲ့သူ အချင်းချင်း ဆရာက ဘာလဲ ဘာဖြစ်လို့ အဲလိုကြည့်တာလဲ၊ အေး ဟုတ်တယ် ဒီလိုနေတာ သူကြိုက်ပုံမရဘူး။ အဲဒါကြောင့် ကြည့်တာနေမှာ လို့ ပြောဖြစ်တယ်။

ဒါပေမဲ့ တသက်လုံးက အဲလိုပဲ အားရင် အတန်းပြင်ထွက် ရပ်ချင်ရပ် ထိုင်ချင်ထိုင် စကားများချင်များ လုပ်လာကြတာ ဘယ်ဆရာ ဆရာမနဲ့ ဘယ်ကျောင်းသားကမှ အထူးအဆန်းလုပ် ကြည့်တာမဟုတ်တော့ ဘယ်သကောင့်သမီးကမှလည်း အဲဒီအချိုးကို မပြင်ဘူး။ ထိုင်မြဲ ရပ်မြဲပဲ။ ကိုယ်တိုင် ဆရာနဲ့ အဲလိုကြုံတာ ၃/၄ ခါထက် မနည်းပဲ။ အတန်းထဲမှာ စာသင်ပြန်တော့လည်း အဲဒီအကြောင်း လုံးဝ မပြောဘူး။ ဗဟုသုတရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ ရယ်စရာလည်း ပြောတတ်တယ်။ တပည့်တွေကို ဟိုးအရင်တည်းက သင်လာခဲ့ပြီး အသားကျပြီးသားလို ပြောဆိုဆက်ဆံပြီး သင်နေတာပဲ။ ...ဆိုတော့ အတန်းပြင်ထွက်ထိုင်ပြီး ဟားနေရင် ရှုတည်တည်ကြည့်တယ် ဆိုတာလည်း ဆရာ့ပုံစံနဲ့ မလိုက်လို့ ပဟေဠိလို ဖြစ်နေပေမယ့် စိတ်ထဲမှာ အဖုအထစ်တော့ မဖြစ်ပါဘူး။

တရက် စာမသင်ခင် ဘာအကြောင်းပြောမှန်း မမှတ်မိတော့ဘူး။ "ငါကွာ... ဒီနေ့မနက် လျှောက်လာတာ မင်းတို့ တော်ဝင်လမ်းကလည်း ဆိုးလိုက်တာ ရွှံ့ဗွက်ချည်းပဲ" ဆိုတယ်။ ပြောရင်းနဲ့ "မင်းတို့ တော်ဝင်လမ်း မသိဘူးလား" လို့ မေးတယ်။ ဘယ်နေရာကို ပြောမှန်းမသိတော့ ဘယ်သူမှ ပြန်မဖြေဘူး။ ဆရာက "ဒီလမ်းလေ" လို့ ကျောင်းအလည်လမ်းကို လက်ဟန်ပြတယ်။ ကျောင်းအဝင်လမ်း ဘယ်တုန်းက တော်ဝင်လမ်း ဖြစ်သွားတာလဲတွေးနေတုန်း "ငါနာမည်ပေးထားတာ ကျောင်းထဲရောက်အောင် တော်တော်လေးဝင်ရလို့ တော်ဝင်လမ်း" တဲ့။

ကိုယ့်မှာ နောက်ပိုင်း Baldwin Library သွားတိုင်း အဲဒီ စကားလုံး သတိရနေတတ်တယ်။

တိုက်တန်းနစ်အကြောင်း သင်တုန်းက ပြောခဲ့ကြတာလည်း အမှတ်ရမိတယ်။
သင်ခန်းစာအပြီးမှာ ဆရာက မေးတယ်။

"သူတို့တွေ ဒီသင်္ဘော၊ ဒီခရီးစဉ်နဲ့ ပတ်သတ်လို့ အဲဒီလို ဘာမှ မဖြစ်နိုင်ပါဘူး၊ ဒီသင်္ဘောကြီးဟာ မနစ်နိုင်ပါဘူးလို့ တထစ်ချ ယုံကြည်ပြီးမှ ဖြစ်ရတာဟာ ကိုင်ရိုကို အားကိုးမိလို့လား၊ ခရစ်ရှနားမူတီးကို အားကိုးမိလို့လား"

အတန်းထဲက အကောင်တွေက ဒါမျိုးဆို မတိုင်ပင်ရဘဲ "စံ-ဇာဏီဘို" လို့ တညီတညာတည်း ထအော်တယ်။

ဆရာက ပြန်ပြောတယ်။

"မဟုတ်ဘူးဟေ့။ ရေငန်ထဲသွားတာ ဦးရှင်ကြီး တင်မသွားလို့"

အတော်ရွတ်တဲ့ ဆရာ။ အဲလို ပြောပြီးတော့ ဦးရှင်ကြီးပင့်တဲ့စာကို မြန်မာတဝက် အင်္ဂလိပ်တဝက်ဖျက်ဆိုထားတဲ့ စာသားပါ ရွတ်ပြသေးတယ်။ အကုန် မရတော့လို့၊ ပြီးတော့ သိတဲ့သူတွေ သိကြမှာမို့ ထည့်မရေးတော့ဘူး။ 'coming to the လေးတိုင်စင်' စာသားပါတဲ့ တစ်ခု။ ကိုယ်တော့ ဆရာ ရွတ်ပြမှ ကြားဖူးတာပါ။

အဲဒီနေ့က အတန်းထဲက ဟီးဟီးဟားဟားနေ့တွေထဲက တစ်ခုသောတစ်နေ့ပေါ့။


***
ကျောင်းအကြောင်းနဲ့ စာသင်ခန်းအကြောင်းက မရေးဖြစ်ပါဘူး။ ကိုယ်တွေ တက်ခဲ့ချိန်ကလည်း ခေတ်ပျက်နေပြီ။ ပျက်နေတာကိုပဲ သိခဲ့ရရင်တော့ အကြောင်းမဟုတ်ဘူး။ ခေတ်မပျက်ခင်က ဘယ်လိုဆိုတာကိုပါ သိဖူးနေခဲ့တော့ ယှဉ်စရာတွေ ယှဉ်တွေးမိပြီး စိတ်ပျက်မိတာ ပိုများခဲ့တယ် ထင်တယ်။ နောက်ပိုင်း ဦးနှောက်က သိပ်မေ့တတ်လာလို့ သတိရတုန်းလေး ရေးမှတ်ထားလိုက်တယ်။

***

Tuesday, February 14, 2012

Thursday, February 9, 2012