Saturday, October 15, 2011

ကိုယ် နှင့် အသံများ

ငယ်တုန်းက လူကြီးတွေ မာမာအေး အဆိုကို ဘာလို့ ဒီလောက်ကြိုက်ကြတယ်ဆိုတာ နားကို မလည်နိုင်ဘူး။ ကိုယ်တွေအတွက်တော့ ပျင်းစရာကြီး ငိုက်ချင်စရာကြီး ဖြစ်နေတာကိုး။ နောက် စာတွေဘာတွေ ဖတ်လို့ မာမာအေးကို အဆိုဘုရင်မ ဘာညာ စသဖြင့် ညွှန်းကြပြန်ရင်လည်း လိုက်မမီပြန်ဘူး။ ကိုယ်မှ ခံစားမရတာကိုး။ ပြောသလောက်ကြီးလည်း မဟုတ်ပါဘူးလို့ ထင်မိတယ်။ ဟေမာတို့ ပိုးဒါလီတို့ ကော်နီတို့ ခင်ရတနာသိန်းတို့ အသံသာ သာယာသံလို့ ထင်မိတာ။

နောက် ဆိုတတ်တယ် မဆိုတတ်ဘူးဆိုတာကိုလည်း ခွဲခြားမသိဘူး။ tv မှာ လာသရွေ့နဲ့ အခွေတွေ နားထောင်သရွေ့ ကိုယ့်နားထဲတော့ သီချင်းကိုသာ ကြိုက်တယ် မကြိုက်ဘူးရှိမယ်။ အသံကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ လူ (အဆိုတော်) ကိုသာ ကြိုက်တယ် မကြိုက်ဘူး ရှိမယ်။ အဆိုပညာကတော့ အတူတူလောက်တွေပါပဲ ထင်မိတယ်။ ဒီလိုတက်ဆိုမှတော့ ဆိုတတ်တာတွေချည်းပေါ့လို့ ထင်မိတယ်။

မှတ်မှတ်ရရ tv မှာ စန္ဒီချစ်စု သီချင်းတွေလာရင် မေမေက ဒီတစ်ယောက်ဟာ အသံလည်း မရ၊ ဆိုလည်း မဆိုတတ်ဘဲနဲ့ ဆိုတဲ့သဘောမျိုး ပြောလေ့ရှိတယ်။ အဲဒီအခါ မေမေက ဘယ်လိုလုပ်ပြီး အဲလိုပြောနိုင်တာလဲ၊ ဘယ်တုန်းက ဒါတွေသိပြီး ဘယ်လိုခွဲခြားပြောနေတာလဲလို့ တွေးမိတယ်။

ဘယ်သီချင်းကတော့ ဘယ်လို ဆိုရခက်တာ ဘယ်လို ပညာပါတာလို့ စာတွေထဲမှာ ဖတ်ရလည်း မသိဘူးပဲ။ သီချင်းဆိုတာ ဘယ်သူ တက်ဆိုဆို နားထောင်လို့ရအောင်တော့ အဆင်ပြေတာချည်းပဲလို့ ထင်နေခဲ့တာ နောက်ပိုင်း ကာရာအိုကေတွေပေါ်လာတော့မှ သီချင်းဆိုရတာ ဒီလောက်မလွယ်ပါလား ဆိုတာ ကိုယ်တိုင်ကိုယ်ကျ နားလည်သွားတော့တယ်။ သီချင်းတစ်ပုဒ် ဘယ်သူတက်ဆိုဆို အဆင်ပြေမှာပဲဆိုတဲ့ အထင်ကလည်း tv မှာ ဆိုကြမယ် ပျော်ကြမယ်တွေ ပေါ်လာတော့မှ အပြီး ပျောက်သွားတော့တယ်။

၁၀ တန်းအောင်လို့ မြန်မာသံတွေ စ စိတ်ဝင်စားတဲ့ အချိန်မှာတော့ ဟေမာနေဝင်း ပြန်ဆိုတဲ့ ပြန်ဆိုတေးတွေက ရအောင်ဆိုထားတာမဟုတ်ဘဲ ရသလို ဆိုပစ်လိုက်တာမျိုးတွေ ဆိုတာ အဆိုပညာဘာလဲ နားမလည်သည့်တိုင်အောင် ခံစားချက်နဲ့တင် သဘောပေါက်လာမိတယ်။ အသံအား ကောင်း၊ မကောင်းအပြင် မုဒ် ဆိုတာကိုပါ ခံစားမိလာတော့ သျှီ၊ ချောစုခင်၊ ဖြူဖြူကျော်သိန်း တို့ ဘယ်လောက်အော်ပြပြ ရင်ထဲ ထိချင်မှ ထိတော့တယ်။

အသံအားကောင်းတဲ့ အဆိုတော်တွေထဲမှာ တင်ဇာမော်ကိုတော့ အတော် သဘောကျပါတယ်။

ခေတ်ဟောင်းပြန်ဆိုတေးတွေမှာ စိုးစန္ဒာထွန်း တော်တယ်လို့ ထင်မိပေမယ့် အသံက သိပ်ချွဲနေတော့ မူရင်းရှာမရမှသာ သူ့ နားထောင်ဖြစ်တော့တယ်။ နောက် အခွေထုတ် မထုတ် မသိပေမယ့် mrtv မှာ ကြည့်ဖြစ်တဲ့ အိအိချွန် (သူလည်း ဆိုကရေးတီး အဆိုရွှေတံဆိပ် ဆုရှင်) ကို အတော် သဘောကျမိတယ်။ သူ သီချင်းဆိုတာကို အလွန်ဆုံး ကြည့်ဖူးမှ ၃ ခါထက် မပိုဘူး ထင်တယ်။ ဘာသီချင်းတွေ ဆိုသွားသလဲတောင် ခု မမှတ်မိတော့ဘူး။ မဟာဂီတ တွေ ထင်တာပဲ။ ဒါပေမဲ့ အသံက ကြည် မြ ပီ သပြီး ဝေစည်နေအောင် ကောင်းတာတော့ မှတ်မိတယ်။ (အဲဒီနာမည် ပေါ်မလာလို့ စဉ်းစားလိုက်ရတာ။ ဂူဂဲလ်တောင် လုပ်ကြည့်မိတယ်။ မတွေ့ဘူး။ အဲဒီ ပြိုင်ပွဲက ဆုရသူတွေရဲ့စာရင်း အင်တာနက်ပေါ်မှာ မှတ်တမ်းမှတ်ရာလေးတွေ ရှိရင် အတော်ကောင်းမှာပဲ။)

အဲဒီ ဆိုကရေးတီး ပြိုင်ပွဲတွေဟာ (ပွဲလုပ်ရတဲ့ ခေတ်ပျက်ကြီးရဲ့ နောက်ကွယ်က ဘာညာဘာညာ ရည်ရွယ်ချက်တွေ အသာထား) အဓိပ္ပါယ်ရှိတဲ့၊ တန်ဖိုးကြီးတဲ့၊ အနှစ်သာရရှိတဲ့ ပွဲမျိုးတွေလို့ ယူဆမိတယ်။

***
နောက်တစ်ခုက သီချင်းဟောင်းတွေ နားထောင်နေရင်းနဲ့ အဆိုပညာ အသံပါဝါတွေထက်၊ စကားလုံးတွေရဲ့ အသံထွက်ပီသတာကိုပါ သတိပြုမိတယ်။ နောက်ပိုင်း အဆိုတော်တွေမှာ အဲဒီအသံထွက်မျိုးတွေ မရှိတော့ဘူး။ ဥပမာ ချောစုခင် ဆိုရင် 'ချ၊ ခြ' စသဖြင့် အသံတွေ ပါလာရင် သတိထားကြည့်။ ရှင်းပြလို့တော့ မရပေမယ့် အရင်က အဆိုတော်တွေရဲ့ အသံထွက်မျိုးတော့ မဟုတ်ဘူး။ တခြားလူတွေတော့ မသိ၊ အဲဒီနေရာမျိုးတွေ ရောက်လာရင် ကိုယ်တော့ သွားကျိန်းပြီး ကြက်သီးထလာတာပဲ။ (သရက်သီးစိမ်း စားထားတုန်း ဒံအိုးကို ဇွန်းနဲ့ခြစ်လိုက်ရင် ခံစားရတာမျိုး။)

အဲဒါကြောင့် နားမထောင်ဘူးလား ဆိုတော့ ထောင်တာပဲ။ ချောစုခင် သီချင်းတွေထဲလည်း ကြိုက်တာတွေ အများကြီးကိုး။ ဟိုး ပထမဆုံးအခွေထဲ "နေရောင်ခြည်ရဲ့ အနမ်း" က စလို့ ကြိုက်မိတာ။ အခွေနာမည်ကလည်း အဲဒါပဲ။

ပြီးတော့ စလုံးသံနဲ့ ဆလိမ်သံ။
မေဆွိရဲ့ "အတ္တ" ကို ချောစုခင်ပဲ ပြန်ဆိုတော့ အဆိပ် ဆိုတဲ့ အသံကို "အစိတ်" လို့ပဲ ထွက်သွားတယ်။ မေဆွိ ဘယ်လိုဆိုလဲတော့ မမှတ်မိတော့ဘူး။ ထို့အတူပဲ မျိုးကြီး "အဆိပ်ခွက်" မှာလည်း "ကိုယ်ဟာလေ မင်းအတွက် အစိတ်တစ်ခွက် ပါပဲ" ပဲ။

အဲဒီတော့ ဘာဖြစ်သလဲမေးရင် ဘာမှ မသိရင်တော့ ဘာမှ မဖြစ်ဘူး။ တခုခု သိနေရင်တော့ နားထဲမှာ တခုခုဖြစ်နေတော့တာပဲ။

အဆိုတော်တွေတင်လား ဆိုတော့ သတင်းကြေညာသူတွေထဲမှာလည်း အဲဒါမျိုးတွေ ရှိတယ်။
ဥပမာ - ဆောက်လုပ်ရေး ဝန်ကြီးဌာန ဆိုတာကို ဆလိမ်သံ မပီဘဲ စလုံးသံနဲ့ ပြောတာမျိုး။


တခါတလေတော့ သိခြင်းသည် ဒုက္ခပဲ။

***
ဟိုရက်ပိုင်းက ဖြူသီ ပြန်ဆိုတဲ့ ချစ်မိုးကြီး ကို တစိမ့်စိမ့် နားထောင်ဖြစ်တယ်။ ခုရက်ပိုင်းတော့ မာမာအေးရဲ့ နှင်းပျောက်တဲ့ နွေ နဲ့ မေ့ကွက်ကို ရှာ နားထောင်ဖြစ်နေပြီး မာမာအေးဟာ ဘာဖြစ်လို့ ပြောစမှတ်ပြုရအောင် ဖြစ်ရသလဲဆိုတာ နားလည်လာမိတယ်လို့ ထင်တယ်။

***

မေ့ကွက်ကို ရှာ


နှင်းပျောက်တဲ့ နွေ

Wednesday, October 12, 2011

Such a disaster week!

:fish:

ကံဆိုးချင်တော့ ဒီမှာ ပျင်းနေ။:bored:

ကံကောင်းချင်တော့ ခရီးသွားရဖို့ အကြောင်းပေါ်။:panda:

ကံဆိုးချင်တော့ ဘတ်ဂျက်လေယာဉ်လိုင်းတွေ ဈေးမချ။:plane1:

ကံကောင်းချင်တော့ ဘတ်ဂျက်မဟုတ်တဲ့လိုင်းက ဈေးချတာကိုရ။ လက်ဂေ့ခ်ျတောင် သယ်လို့ရ၊ နေ့လည်စာလည်းပါ။:ball1:

ကံဆိုးချင်တော့ အဲဒီရက်ပိုင်း အပြင်က အလုပ်တွေ လာအပ်၊ အိမ်ပြန်ရောက်ရင် ခေါင်းတောင် မဖော်အား။:write:

ကံကောင်းချင်တော့ ခရီးစရိတ် ကာမိတာပေါ့။:um:

ကံဆိုးချင်တော့ သွားမယ့်နေရာမှာ ဆိုးဆိုးရွားရွား ရေကြီး။:water:

ကံကောင်းချင်တော့ ရေလွတ်တဲ့နေရာက အသိနှစ်ယောက်က လာခေါ်ထားမယ်လို့ပြော။:ball7:

ကံဆိုးချင်တော့ မိကျောင်း အကောင် 100 လွတ်နေ။:pcry:

ကံကောင်းချင်တော့ လေယာဉ်ရုံးက သွားမယ့်ရက်ကို ရွှေ့လို့ရတယ်လို့ အကြောင်းပြန်။:happy:

ပိုပြီး ကံကောင်းချင်တော့ ပို့စ်တစ်ပုဒ်ရ။:write1:

***
နောက်နေ့ ဘာဖြစ်ဦးမလဲ။ ဘယ်သူမှ မသိဘူး။:mn:

***

Wednesday, October 5, 2011

Xiao Huan in 'Brilliant Legacy'

Xiao Huan in 'Brilliant Legacy'

လောလောဆယ် channel U က ကိုရီးယားကား "Brilliant Legacy" ကို ကြည့်ဖြစ်နေတယ်။ ဒီကို ရောက်ပြီးမှ ပထမဆုံး ကြည့်ဖြစ်တဲ့ tv ဇာတ်လမ်းတွဲ။ Xiao Huan ဆိုတာ အဲဒီထဲက မင်းသားကလေးရဲ့ နာမည်။ (တရုတ်သံနဲ့ ဖလှယ်ထားတယ်လို့ ထင်တယ်)

ကိုရီးယားကားတွေကတော့ ထုံးစံအတိုင်းပါပဲ။
ယုတ္တိမရှိတာတွေပါလည်း စိတ်ပါလက်ပါ ခွင့်လွှတ်ချင်လောက်အောင် တင်ပြပုံနဲ့ သရုပ်ဆောင်ကောင်းကြတယ်။ သူတို့ သရုပ်ဆောင်ကောင်းပုံက အကုန်လုံး သိပ်ဘက်ညီပြီး အပေးအယူမျှတယ် ဆိုရမယ်။ အဲဒီတော့ ဇွတ်အတင်း ဇာတ်လမ်းဆန်ထားတဲ့အပိုင်းတွေ ပြနေတာတောင် ကြည့်တဲ့လူမှာ အဲဒီဇွတ်တွေက မတိုးတော့ဘဲ သရုပ်ဆောင်တွေနဲ့ အပြနောက် ကောက်ကောက်ပါရတော့တာပဲ။

ဟိုမှာတည်းက tv မှာ လာသမျှ မကြည့်ဖြစ်ပေမယ့် ကြည့်မိသမျှမှာဆို ဇာတ်လမ်းအသွားတွေက ခပ်ဆင်ဆင်ပါပဲ။ ဥပမာ - ဇာတ်နာချင်ရင် ရုတ်တရက်ကြီး စီးပွားပျက်ပြတာမျိုး၊ ယုတ်မာတဲ့လူက ဇွတ်ကြီးကို ဉာဏ်ကစားပြီး အကွက်ဆင်၊ ခံရတဲ့လူကလည်း ဘာဆို ဘာမှ မသိ မရိပ်မိ။ တိုက်ဆိုင်ချင်ရင်လည်း ဇွတ်၊ တေ့လွဲချင်ရင်လည်း ဇွတ်။ တော်ချင်ရင်လည်း စွတ်တော်၊ ညံ့ချင်ရင်လည်း စွတ်ညံ့တွေရေးတဲ့ ဗမာပြည်က best seller ဇာတ်လမ်းတွေနဲ့တောင် ခပ်ဆင်ဆင်။ ဒါတွေကိုပဲ ပြကွက်လေးတွေကို အသေးစိတ် ဂရုစိုက်ပြီး နည်းမျိုးစုံနဲ့ပစ်တော့ ပရိသတ်မှာလည်း တည့်တည့်ထိပြန်တယ်။ (အမှန်တော့ သိသိကြီးနဲ့ အရူးလုပ်ခံနေကြတာ)

ကိုရီးယားမင်းသားတွေတော့... အင်းးး မကြိုက်လှဘူး။
တကယ် မကြိုက်ဘူးလား ဆိုတော့လည်း အင်းးး အဲလိုလည်း မဟုတ်ဘူး။
ကြည့်ရတာတော့ ကြိုက်ပါတယ်။ ကိုယ့်မျက်စေ့ထဲတော့ နွဲ့ကြတယ် ထင်တာပဲ။ မျက်နှာလေးတွေဆိုလည်း ချောလိုက်ထာ လွန်ရော။ သူတို့ ချောပုံက မိန်းကလေးဆန်ပြီး မိန်းမချောချောနေတာမျိုး။ (စိတ်ထဲမှာ ချောတယ်လို့ ထင်ရင်၊ အသားကလည်း ဖြူနေတယ်ဆိုရင်) ကိုယ့်ပေတံနဲ့ကိုယ်တိုင်းပြီး ယောက်ျားမပီသဘူးထဲ ထည့်ပစ်မိတယ်။ (ယောက်ျားလေးပါဆိုမှ ရုပ်ရည်လည်း နည်းနည်းတော့ ကြမ်းတမ်းဦးမှ၊ အသားကလည်း ညိုဦးမှပေါ့)

ခုကြည့်ဖြစ်နေတဲ့ ကားထဲမှာတော့ မင်းသား နှစ်ယောက်၊ မင်းသမီး နှစ်ယောက်။
ခေါင်းစဉ်တပ်ထားတဲ့ Xiao Huan ကတော့ အဓိကပေါ့။ ကိုးရီးယား စံနဲ့ဆို မင်းသားနှစ်ယောက်လုံး ရုပ်ခပ်ဆိုးဆိုးထဲပါတော့ စကြည့်တော့ တမျိုးတောင်ဖြစ်နေတယ်။ ဒါပေမဲ့ ဇာတ်က စဖွင့်ကတည်းက နာနေပြီ။ မရှောင်နိုင်တော့ဘူး။

Xiao Huan ဇာတ်ရုပ်က စားသောက်ဆိုင်တွေ အများကြီးဖွင့်ထားတဲ့ သူဌေးမကြီးရဲ့ တစ်ဦးတည်းသော မြေး။ သားသမီးကို အလိုလိုက်ဖို့ကလွဲပြီး ဘာမှ မသိနားမလည် အခြေခံမပါတဲ့ အမေဖြစ်သူရဲ့ မောက်မာတတ်တဲ့ စိတ်နှလုံးအေးစက်တဲ့ သား။ စစချင်း ဘေးပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာ တော်တော်ကို စိတ်နှလုံး မနွေးထွေးနိုင်တဲ့ပုံ လုပ်ပြထားတာ ကြည့်ရတာကို စိတ်မသက်မသာဖြစ်လာစေတယ်။

ဥပမာ - US မှာ ကျောင်းတက်နေတုန်း အဘွားလုပ်သူက သူ့လုပ်ငန်းတွေအကြောင်း သင်ယူဖို့ ရုတ်တရက်ကြီး ပြန်ခေါ်လို့ ရောက်လာပြီး၊ ဆိုင်မန်နေဂျာနဲ့ ပြဿနာတက်တဲ့ အခန်း၊ မန်နေဂျာကို ဆွဲထိုးပြီး၊ လျော်ကြေးပစ်ပေးတဲ့ အခန်း။ မြေးအဘွားနှစ်ယောက် အတူရှိနေတုန်း အနီးကပ်သေချာကြည့်ပြီး လာနှုတ်ဆက်တဲ့ ဝန်ထမ်းအမျိုးသမီးကို မတူမတန်သလို တွန်းထုတ်တဲ့ အခန်း။ ကြည့်နေရင်းနဲ့တောင် ထရိုက်ချင်တယ်။ စိတ်ထဲ ဒီမင်းသားတော့ နောက်အခန်းတွေမှာ ဘာပုံစံလေး လုပ်ပြပြ ကြည့်မရတော့ဘူးလို့ပဲ။ သူ့အဘွားလုပ်သူနဲ့ အတူ ဒီကောင်လေးဟာတော့ ဘယ်လိုမှ ပြုပြင်လို့မရအောင် ပစ်လိုက်ရပါပြီလို့ ထင်လာမိတယ်။ ရုပ်က မရှိရတဲ့ကြားထဲ တင်းမာ အေးစက် ပြင်းထန် နှလုံးသား ခံစားချက်မရှိပုံ လုပ်ပြထားတာ မေတ္တာကို တော်တော်တုံးရော။ ဒါလည်း ဆက်ကြည့်တာပဲ။

အဲဒီထဲမှာ ဇာတ်ရုပ်တွေကလည်း အများကြီး၊ စရိုက်တွေကလည်း မျိုးစုံပါပဲ။ အားလုံးလည်း သူ့နေရာနဲ့သူ ကွက်တိဖြစ်အောင် လုပ်ပြသွားကြတယ်။ ဒါပေမဲ့ Xiao Huan နေရာကတော့ တမျိုးထူးခြားတယ်။ ဆိုခဲ့သလို အခြေအနေတွေနဲ့ အထပ်ထပ် အေးခဲနေတဲ့ ပုံစံကနေ တဆင့်ချင်း လျှော့ချ ပျော့ပျောင်းပြသွားရတာမျိုးဆိုတော့ ဇာတ်ကောင်စရိုက် တသမှတ်တည်း လုပ်ရတာထက်စာရင် ပိုခက်မယ် ထင်မိတယ်။ အဲလိုလုပ်ဖို့ ဇာတ်ကွက်လေးတွေက တဆင့်ချင်း ပံ့ပိုးပေးထားတာ၊ သူကလည်း အဲဒီအတိုင်း ပုံစံဝင်အောင် လုပ်နိုင်တာ အတော် ချီးကျူးစရာ၊ ကြည့်ရတာလည်း ဘဝင်ကျစရာ။

အစောပိုင်း လုံးဝ အေးခဲနေတဲ့ အနေအထားရယ်၊ နောက်ပိုင်းမှာတော့ အရာရာနားလည် မျှဝေတတ်လာတဲ့ စိတ်နှလုံးပူနွေးလာတဲ့ လူငယ်တစ်ယောက်အဖြစ်ကို ပီပီပြင်ပြင် ရောက်သွားပြီးချိန်ရယ်ထက် အဲဒီအခြေအနေနှစ်ခုကြား ဖြည့်ထားတဲ့ ဇာတ်ကွက်တွေမှာ ဟိုမရောက် ဒီမရောက် လွန်ဆွဲတဲ့ ကာလတွေက လုပ်ရပိုခက်မယ် ထင်တယ်။ ကြည့်ရတာလည်း ဒေါသထွက်ရမလို၊ ပြုံးရမလို၊ အမြင်ကပ်ရမလို၊ သနားရမလိုနဲ့ သူ ဖြစ်နေသလို ဟိုမရောက် ဒီမရောက်ဖြစ်နေတယ်။ အဲဒါ သရုပ်ဆောင်တဲ့သူသာမက ဇာတ်လမ်းဇာတ်ကွက် ဖန်တီးတဲ့သူနဲ့ ဒါရိုက်တာကလည်း အင်မတန် စေ့စပ်နိုင်လို့။

အဘွားလုပ်သူက တချက်လွှတ်အာဏာသုံးပြီး ကားပြန်သိမ်း၊ ခရက်ဒစ်ကဒ်ကစ ပြန်သိမ်း၊ ကိုရီးယားမှာ မနေချင်တော့ပါဘူး US ပဲ ပြန်ပါတော့မယ်ဆိုတော့လည်း ကိုယ့်စရိတ်နဲ့ကိုယ် သွားနိုင်ရင်သွား လုပ်လိုက်တော့ အားမတန် မာန်လျှော့ပြီး၊ အဘွားစားသောက်ဆိုင်မှာ ဘတ်စ်ကားစီးပြီး စားပွဲထိုးပြန်လုပ်ရ၊ သူ ထိုးခဲ့တဲ့ မန်နေဂျာရဲ့ ဘောင်အတွင်းကနေ ပညာပေးတာခံရ၊ သူပြောခဲ့ဖူးတဲ့ စကားနဲ့ ပြန်ထည့်တာ ခံရ၊ ဆိုင်ထဲဝင်လာတဲ့ customer တွေကို အပြုံးနဲ့ ဦးညွှတ်ကြိုဖို့ ဘယ်တုန်းကမှ ထုံးစံမရှိတဲ့ပုံစံနဲ့ ဆိုင်မှာလာစားသူတွေနဲ့ ပြဿနာတက်။ နေ့လည်စာစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆိုင်မှာ မစားဘဲ တစ်ယောက်တည်း အပြင်ထွက်စားတဲ့ထိ တသီးတသန့်နေ။

အဲဒီကနေမှ တဖြည်းဖြည်းနဲ့ ဆိုင်ကလူတွေနဲ့ စားပွဲထိုးဘက် မင်းသမီးလေးက တွဲခေါ် သူကိုယ်တိုင်ကလည်း စိတ်မပါလက်မပါပေမယ့် မတတ်သာတဲ့အဆုံး လုပ်ရင်းကိုင်ရင်း အဆင်ပြေ သင်ယူနိုင်လာ။ လူ့လောကမှာ ဘယ်တုန်းကမှ လက်တွေ့ကျကျ အတွင်းကျကျ သဘာဝကျကျ လေ့လာမြင်တွေ့ခွင့်မရဘဲ အေးခဲနေတဲ့ စိတ်နှလုံးက တဖြည်းဖြည်း ပျော်ကျလာပြီး လူသားဆန်လာခဲ့။

ဒါပေမဲ့ အဲဒါကိုပဲ တချိန်လုံး အေးခဲနေခဲ့သူပီပီ (ဘယ်လောက် မောက်မာခဲ့လည်း ရိုးဖြောင့်တဲ့ စိတ်အခံနဲ့ လောကအတွေ့အကြုံ မပြည့်ဝခဲ့တော့) ပြောင်းလဲလာတဲ့ သူ့ခံစားချက်တွေကို သူကိုယ်တိုင်လည်း သေချာ ထိုးထွင်းမရိပ်မိတဲ့ပုံ၊ ငါ့စိတ်တွေ ဘာဖြစ်နေတာပါလိမ့်ဆိုတဲ့ အူကြောင်ကြောင်မျက်နှာထားနဲ့ အတွင်းက ကလေးဆန်ဆန်စိတ်ထားပါ ပေါ်လာအောင် သရုပ်ဆောင်ပြနိုင်ခဲ့တယ်။

တယောက်ယောက်အပေါ် ကောင်းပြပြီးရင်၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ team work တခုခု ဝင်လုပ်ပြီးရင် ကျေးဇူးတင်မခံရအောင် ခပ်တည်တည် လှည့်ထွက်လာတတ်တာ၊ ချီးကျူးစကားပြောရင် မနေတတ်မထိုင်တတ် မျက်နှာမထားတတ်သလို အသားမကျတဲ့ အူတူတူပုံစံမျိုးတွေက ကြည့်ရတာ အတော်သဘောတကျနဲ့ တဖြည်းဖြည်းနှစ်လိုလာပြီး သူ့ဘက်သားလုံးလုံး ဖြစ်သွားတော့တယ်။ သူ့ရဲ့ မချောလှတဲ့ ရုပ်ဆိုးဆိုး ကလေးဆန်ဆန် မျက်နှာပေးကိုလည်း ကြိုက်လာမိတယ်။

ဒီဇာတ်ရုပ်ကို ဖြည့်ပေးတဲ့ အကွက်လေးတွေကလည်း စေ့စပ်လှတယ်။ ဥပမာ - အပြင်မှာတယောက်တည်း စားလေ့ရှိတဲ့ သူ့ကို လက်ထဲ ပိုက်ဆံမရှိအောင်လုပ်ပြီး လုပ်ဖော်ကိုင်ဘက်တွေနဲ့ နေ့လည်စာ ဝင်စားခိုင်းတာ။ ကုမ္ပဏီနှစ်ပတ်လည်အတွက် ကြော်ညာစာရွက်တွေ လိုက်ကပ်ရတာ၊ အသက် 60 ကျော်လူကြီးတွေဆီ လိုက်ဖိတ်ရင်း အစီအစဉ်တွေ ရှင်းပြရတာ။ ပထမတော့ မင်းသမီးကလေးကပဲ ဦးဆောင်လုပ်သွားပြီး၊ နောက်တစ်ရက်မှာ သူကိုယ်တိုင် စိတ်ပါလက်ပါနဲ့ လူကြီးတွေကို ဖိတ်၊ အစီအစဉ်တွေ ဝင်ရှင်းပြနဲ့ အသက်ဝင်လာတာ။

အဲဒီအထိ အလုပ်မှာ စိတ်ပါတုန်းသာ လှုပ်ရှားနေပြီး ပြီးတာနဲ့ ချက်ချင်း စက်ရုပ်မျက်နှာလို ပြန်ဖြစ်သွား။

ဖြည့်ထားတဲ့ အကွက်တွေ အသေးစိတ်ပုံက...
အစပိုင်းမှာ စားပွဲထိုးရင်း သူ့ကြောင့် ဆိုင်မှာလာစားသူတစ်ယောက် အင်္ကျီ ဟင်းပေသွားတဲ့အခါ သူဌေးမြေးပုံစံနဲ့ မတောင်းပန်ဘဲ ပင်မင်းပေးပေးပါမယ် လို့ ပဲ ပြန်ပြောခဲ့ပြီး၊ နောက်ပိုင်း သူ ကျင့်သားရလာချိန် ဆိုင်မှာ လာစားတဲ့တစ်ယောက်က အနိုင်ကျင့်လို့ ချော်လဲ ပေကျံကုန်တဲ့အပြင် ရင့်ရင့်သီးသီး ဆက်ဆံတာ ခံရတဲ့အခါ ရာနှုန်းပြည့် မပြောင်းလဲရသေးတဲ့ စိတ်အခံနဲ့ ကြိတ်မှိတ် သည်းညည်းခံလိုက်ရတဲ့ အခန်း။

ကုမ္ပဏီနှစ်လည်အတွက် အစီအစဉ်တချို့ ထပ်ဖြည့်တဲ့အခါ သူအကြံပေးတော့ ကျန်လူတွေ သဘောကျပြီး ရယ်တဲ့အခါ မျက်နှာမထားတတ် ထောင့်တောင့်တောင့် ဖြစ်နေတာမျိုး။ အသက် 60 ကျော် လူကြီးတွေဆီ သွားဖိတ်ရတုန်းက သူ ရှင်းပြရတဲ့ အလှည့်မှာ အမျိုးသမီးကြီးတစ်ယောက်ကို "အဘွား အသက် 60 ကျော်ဆိုတာ ကျွန်တော် မယုံဘူး။ ကျွန်တော့်ကို အိုင်စီပြ" လို့ ကျီစားတာမျိုးလေး။ နောက် မင်းသမီးနဲ့ ကြော်ညာစာရွက်တွေ လိုက်ကပ်တဲ့အခန်း။ ဆိုင်မှာစားနေတဲ့ ကလေးတစ်ယောက်က သူ့ကို ဦးဦးခေါ်လို့ ကိုကို ခေါ်ရမယ် လို့ ပြောတဲ့ အခန်း။

နောက်ဆုံး ချောင်ကျကျ ရပ်ကွက်တစ်ခုက ဆင်းဆင်းရဲရဲနဲ့ မကျန်းမာတဲ့ ဇနီးသည်ကို ပြုစုနေရတဲ့ အဘိုးကြီးတစ်ယောက်က အော်ဒါမှာလို့ delivery လိုက်ပို့ရင်း သူ့ကို ထုတ်ပေးတဲ့ အိပ်ရာအောက်က ပိုက်ဆံအနွမ်းအကြေတွေနဲ့ အကြွေစေ့ကလေးတွေ၊ လာပို့ရတဲ့ စားပွဲထိုးကလေးကို ဘာ တစ်ပ်မန်းနီးမှ မပေးနိုင်လို့ သူ ငြင်းနေတဲ့ကြားက လမ်းမှာ စားဖို့ ထည့်ပေးလိုက်တဲ့ သကြားလုံးကလေး ၂ လုံး။ အိမ်ပြင်ရောက်မှ သူ ကရုဏာမကင်း ပြန်ကြည့်တဲ့အခါ... လူမမာဇနီးသည်ကို သူလာပို့တဲ့ စွတ်ပြုတ် တိုက်နေတဲ့ အဘိုးကြီး...

အဲဒီနောက်မှာတော့ သူ့ဆီမှာ အထပ်ထပ် ဖုံးထားတယ် ထင်ရတဲ့ အေးခဲတဲ့အလွှာတွေ အကုန်လုံး ပျော်ကျကုန်တော့တယ်။ ခုလောလောဆယ် ပြနေတဲ့ အပိုင်းတွေမှာ အဘွားလုပ်သူက ကောင်မလေးကို ညနေ အလုပ်ပြီးရင် အိမ်ခေါ်ခဲ့လို့ သူ့ကိုမှာတော့ ရုတ်တရက် အံ့အားသင့်ပြီး ကောင်မလေးနာမည်ကို ပြန်ရွတ်ပြီး confirm လုပ်သလို အဘွားကိုလှမ်းကြည့်၊ သဘောတွေ့သွားသလို မျက်လုံးလေးတွေချည်း ပြုံးလိုက်တဲ့အချိန်မှာတော့... ယုံပါတယ်။ ကြည့်နေတဲ့သူမှန်သမျှ အကုန် ကျဆုံးကုန်ကြမှာပဲ။

တကယ်တော့ တကားလုံးမှာ သူ့နေရာက အခက်ဆုံးပဲ။ မျက်နှာအမူအယာကို အတက်အကျ အမျိုးမျိုးနဲ့ လုပ်ပြရတာ။ သူ အတော် လုပ်နိုင်တယ်။

မူရင်းဇာတ်ကျောရိုးက အတင်း လုပ်ဇာတ်ဆန်တယ် ဆိုပေမဲ့ တကားလုံးမှာ အနုစိတ်ထည့်ထားတဲ့ အကွက်တွေကတော့ ကြည့်တဲ့သူတွေ ဘဝင်ခိုက်အောင် အတော် စေ့စပ်တာ အမှန်ပဲ။

ဟိုးရှေ့မှာ ပြထားတဲ့ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကို နောက်ပိုင်းအခန်းမှာ အကွက်စေ့အောင် အံကိုက် ချိတ်ဆက် သုံးပြတတ်တာမျိုး။ ဥပမာ - အပြင်မှာ ပင်လယ်စာစားရင်း မင်းသမီးက သူ ဂုံးမစားဘူး ပြောတာကို နောက်ပိုင်း အကွက်တွေမှာ ပြန်ထည့်သုံးထားတာ။ ကုမ္ပဏီနှစ်လည်မှာ ဝန်ထမ်းအချင်းချင်း အမည်မဖော်ဘဲ ကဒ်ပြားလေးတွေနဲ့ တစ်ယောက်ကို တစ်ယောက် အကြံပေးစာလေးတွေ ရေးရတဲ့အခါ ဘယ်ကဒ်ပြားက စာကတော့ ဘယ်သူပေးတာ ဖြစ်မယ်လို့ အိမ်ရောက်မှ မှန်းကြည့်တဲ့အခန်းကို ပြထားပြီး၊ နောက်ပိုင်း နှစ်ယောက်သား တစ်ယောက်လက်ရေးကို တယောက် တနေရာမှာ မမျှော်လင့်ဘဲ တွေ့ကြတော့ အိမ်ပြန်ရောက်မှ ကဒ်ပြားလေးတွေ တစ်ခုချင်းနဲ့ ပြန်တိုက်ကြည့်ပြီး ဘယ်ကဒ်ပြားက သူ ရေးပေးခဲ့တာလေးဖြစ်မလဲ ပြန်ရှာကြတာမျိုး။

နောက် Xiao Huan အကြောင်း ရေးတာပေမယ့် အဲဒီထဲမှာ သဘောကျမိတာ Xiao Huan တို့အိမ်မှာ butler လုပ်တဲ့ သရုပ်ဆောင်တစ်ယောက်။ Xiao Huan အဘွားရဲ့ လူယုံတော်ဆိုလည်းဟုတ်။ သူ တကယ် ပို့ပေးရတဲ့ အခန်းက ခုချိန်ထိ နှစ်နေရာပဲ ရှိသေးတယ်။ Xiao Huan အဘွားကို ရုတ်တရက် ဆေးရုံတင်လိုက်ရပြီး ကိုမာဝင်နေရာက ပြန်ကောင်းလာပြီဆိုတာ သိလို့ ဆေးရုံမှာ လာတွေ့တော့ ဝမ်းနည်းဝမ်းသာ မျက်ရည်ကျတဲ့အခန်းရယ်။ ဆေးရုံကမှ ဆင်းမယ်မကြံသေးဘူး ကုမ္ပဏီမှာ ပြဿနာအကြီးအကျယ်တက်ပြီး အဘွားကြီးကို ကုမ္ပဏီဥက္ကဋ္ဌနေရာက ဖြုတ်ချဖို့ကြံတဲ့ ဒါရိုက်တာအစည်းအဝေးကို တက်ရတယ်။ အဲဒီနေရာကို ဆေးရုံက ဆင်းစ သူ့သခင်မကို သူ ကိုယ်တိုင် အခန်းဝထိ လိုက်ပို့ပြီး၊ သူ လိုက်ဝင်လို့ မဖြစ်နိုင်တဲ့ အစည်းအဝေးခန်းထဲ တစ်ယောက်တည်း ဝင်သွားတာကို ပူပန်စိတ်မချတဲ့ မျက်နှာထားနဲ့ လှမ်းကြည့်လိုက်တဲ့ အခန်း။ ခဏလေးပဲ။ တစ်ဇာတ်လုံးကိုလည်း သူ မပို့ရဘူး။ ဒါပေမဲ့ အဲဒီအခန်းတွေအတွက်တော့ တကယ့်ကို အသက်ဝင်တယ်။

သူတို့ဆီက သရုပ်ဆောင်တွေက အပို့ကလည်း အပို့မို့လို့ အရံကလည်း အရံမို့လို့ သိပ် ဘက်ညီတယ်။ Ghost ကားထဲမှာလည်း တကွက်။ Sam ရဲ့ ငွေတွေထုတ်ဖို့လုပ်ရင်း Whoopi Goldberg ဘဏ်မှာ စိတ်လှုပ်ရှား ပျာယာခတ်နေတော့ ဝန်ထမ်းအမျိုးသမီးကြီးတစ်ယောက်က "ဘာများ ဖြစ်တာပါလိမ့်" သဘောနဲ့ နားမလည်နိုင် စိတ်ရှုပ်တဲ့ အမူအယာနဲ့ မျက်မှောင်ကျုတ် ကြည့်ပေးလိုက်တာလေး။ သူတို့ဟာ လမ်းကြုံတွေ့ရတဲ့ အမူအယာမျိုးတောင် ဖြစ်မြောက်အောင်ထိ ပို့ပေးနိုင်တာ အမှန်ပဲ။

ဆိုင်လား မဆိုင်လားတော့ မသိဘူး။ သန်းတိုးအောင် သူတို့ခေတ်က ပြောဖူးတာ သတိရမိတယ်။
"မြန်မာဘောလုံးလောက အဆင့်မီဖို့ဆိုရင် ကျွန်တော်တို့ မျိုးလှိုင်ဝင်းတို့လောက်က အရံခုံမှာပဲ ထိုင်ရလောက်တဲ့လူတွေ ဖြစ်မှ" ဆိုတာ...။

***
ကိုရီးယားကားတွေမှာ မိသားစုပုံစံတွေ ဦးစားပေး ပြတတ်တာတော့ ကြိုက်မိတယ်။ တကယ်တမ်းတော့ ခုခေတ်မှာ သူတို့ကားတွေထဲကလို မဟုတ်တော့ဘူး ဆိုလည်းပဲ အဲဒီလို မိသားစုပုံစံမျိုးကို သူတို့ ပြန်တမ်းတ ဖြစ်စေချင်လို့ ရိုက်ပြတယ်ပဲ အောက်မေ့ရတယ်။ မကြိုက်တာကတော့ လက်ပါတာကို used to ဖြစ်တဲ့ ပုံစံမျိုးနဲ့ ပြတတ်တာပဲ။ ကောက်ကျစ်တာ လှည့်ဖျားတာတွေကတော့ ဇာတ်လမ်းသဘောဖြစ်တာရယ်၊ လူ့သဘောဖြစ်တာရယ်ကြောင့် ထူး မပြောလိုတော့ဘူး။ ဇာတ်လမ်းကို ဇာတ်လမ်းလိုပဲ ကြည့်တာကောင်းတယ်။

ကိုရီးယားကား မကြည့်ဖြစ်တာလည်း ကြာတော့ ခု ကြည့်မိတာ ကြိုက်ပါတယ်။ အဲဒီကား ခုထိလည်း မပြီးသေးဘူး။ Xiao Huan ကိုလည်း အတော် ကြိုက်နေမိတော့ ညနေ ဘာကိစ္စရှိရှိ အဲဒီကားမီဖို့လို့ ဝီရိယ စိုက်ထုတ်နေမိတယ်။ လွတ်များသွားရင် စိတ်တောင်မကောင်းဘူး။

***
တခုတော့ ရှိတယ်။ ကိုရီးယားဇာတ်လမ်းတွေ ဘယ်လောက် ဇာတ်ရုပ်ပီပြင်ပြီး ကောင်းတယ်ဆိုဆို ဇာတ်လမ်းက လုပ်ယူထားတာတွေဆိုတော့ ကြည့်တုန်း ခဏပဲ။ ကြည့်ပြီးတော့လည်း ဘာမှ မကျန်ခဲ့တာ အမှန်။ ဇာတ်လမ်းအားပြုတဲ့ ကားတွေဖြစ်လို့ နောက်ဘယ်နှစ်ခါ ထပ်ကြည့်ကြည့်ဆိုတဲ့ထဲ မပါတာလည်း အမှန်။ စုံထောက်ဝတ္ထုတွေလိုပေါ့။ ဇာတ်လမ်းသိပြီးသွားရင် နောက်တခါ ပြန်ဖတ် ဘယ်အရသာ ရှိတော့မလဲ။

***
ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ကောင်းခန်း။ ဗီဇာလျှောက်ထားတာ ဖုန်းလှမ်းဆက်ရင်တောင် နောက်နေ့မှ လာယူတော့မယ် ပြောဖို့ ကြံထားတာ။ ခုထိတော့ မလာဘူး။ အေးတာပဲ။ အိမ်တန်းပြန်မယ်။

ပြီးခဲ့တဲ့ ရက်တွေတုန်းက ခိုင်းတော်မူထားတာတွေ လိုက်လုပ်ရင်း၊ လူကြုံလိုက်ပေးရရင်း နှစ်ရက်တောင် လွတ်သွားတယ်။ $10 ပိုရလိုက်တယ်ဆိုတော့ လွတ်သွားတဲ့ ၂ ရက်အတွက် တစ်ရက်ကို ငါးဒေါ်လာပေါ့။ တန်သလား ကိုယ့် Xiao Huan နဲ့ လဲဖို့။

***
♥ u Xiao Huan! :cht:
***

Sunday, October 2, 2011

ဓါတ်ပုံများနှင့် စကားပြောခြင်း

နဖူးပိုကျယ်လာတယ်။ ကျောင်းတုန်းကလို ဆံပင်တိုတိုကပ်ကပ်ထားတုန်းပေမယ့် အရင်ကထက် ပါးသွားတယ် (ထင်တယ်)။ ကိုကို ဆံပင်ရော ဖြူနေပြီလား။

ကိုကိုဟာ အပြင်မှာမသိတဲ့လူအဖို့ ဓါတ်ပုံထဲကနေ ဖြူသလား ညိုသလား၊ နုသလား ရင့်သလား၊ ပိန်သလား ပြည့်သလား၊ မြင့်သလား နိမ့်သလား ခွဲခြားဖို့ခက်တဲ့ ပုံစံမျိုးနဲ့။ ရှုထောင့်နဲ့ အလင်းအမှောင်အမျိုးမျိုးမှာ တစ်နေရာတစ်မျိုးစီ ဖြစ်နေတတ်လို့။ သိခဲ့ဖူးတဲ့လူတောင် ဘာတွေပြောင်းလဲသွားသလဲ မှန်မှန်ကန်ကန် မခန့်မှန်းနိုင်ဘူး။

တချို့ပုံတွေကြည့်ပြီး ကိုကို အသက်ကြီးသွားပြီ၊ လူကြီးဖြစ်သွားပြီ လို့ တွေးမိပေမယ့် တောလမ်းနံဘေးက သစ်ပင်ရှေ့မှာ ရပ်နေတဲ့ပုံဆိုရင် လွန်ခဲ့တဲ့ 17 နှစ် စတွေ့ကြတုန်းကထက်တောင် ဘာမှ ပိုမကြီးသေးဘူးလို့ ထင်ရပြန်တယ်။ အထူးသဖြင့် ပြုံးရယ်နေတဲ့ ပုံတွေပေါ့။ သေချာတာတော့ အရင်ကလို မျက်နှာပြည့်ပြည့်မဟုတ်တော့ဘူး။ အလုပ်ပင်ပန်းလို့ ဖြစ်မယ်။ ကိုကို ရယ်နေတဲ့ပုံတွေကို မြင်ရတာ ဟိုးအရင် စတွေ့တုန်းကအချိန်တွေကို သတိရမိတယ်။

ကိုကို့ကို မြန်မာဝတ်စုံနဲ့ မဟုတ်ဘဲ တခါမှ မမြင်ခဲ့ဖူးဘူး။ ကျောင်းတုန်းကတည်းကလည်း မြန်မာလိုကလွဲလို့ တခြားဘာမှ မဝတ်ဘူး၊ ကိုယ် မှတ်မိတာပေါ့။ ဒါပေမဲ့ ခု မြန်မာဝတ်စုံနဲ့မဟုတ်တဲ့ပုံတွေချည်းပဲတွေ့တော့လည်း ဟိုးအရင်ကတည်းက မြင်နေကျလိုပဲ။ ကိုကို ခုထိ jean ကို ကိုယ်ပေါ်မတင်ချင်ဘူး လုပ်တုန်းလား။ holiday သွားတဲ့ပုံတွေမှာကိုပဲ jean pants လေးတောင်မှ မတွေ့မိဘူး။ ဒါမှမဟုတ် ကိုယ်ကြည့်ရတဲ့ ပုံတွေထဲမှာပဲ မပါတာလား။ တချိန်လုံး ကိုကို့ကို သံယောင်လိုက်ပြီး၊ တလေသံတည်းလိုက်ထွက်ဖို့ ဝန်မလေးတဲ့၊ ကိုကို့နောက်လိုက်သာ လုပ်လာခဲ့ဖူးတဲ့ ကိုယ်ကတော့ ခုချိန်မှာ jean ကလွဲလို့ ဘာမှတောင် ကိုယ်ပေါ်မတင်ချင်တော့ဘူးလို့ သိရင် အံ့သြမလား။ အံ့သြမယ် မထင်ပါဘူး။ ကိုယ့်ကို ကိုကို သိပြီးသားပဲ။

အရွက်တွေမရှိတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်နေတဲ့ပုံလည်း ငယ်ရုပ်မပျောက်သေးဘူး။ ခြောက်သွေ့အေးစက်မယ် ထင်ရတဲ့ နောက်ခံပတ်ဝန်းကျင်နဲ့ အဲဒီသစ်ပင်ရှေ့မှာ ကိုကို တစ်ယောက်တည်း ထိုင်နေတာတွေ့ရတော့...

ကိုယ် ဘာဆက်ပြောရမလဲ ကိုကို။
သူတပါးကို သနားကြင်နာသလို ခံစားမိတဲ့အခါတိုင်း ကိုယ့်စိတ်ထဲမှာ လိပ်ပြာမလုံသလို ခံစားရတတ်တယ်။ ဒီလိုပြောရင် ကိုကိုကတော့ သဘာဝမကျတဲ့ အတွေးအခေါ်နဲ့ ခံစားမှုတွေလို့ ပြောဦးမယ်။ ခုဆို ကိုယ့် စိတ်ပိုင်းဆိုင်ရာကိုပါ စစ်ကြည့်ချင်မိဦးမယ်။

ကိုယ်ကတော့ သူများကို သနားပါတယ်နော်လို့ ပြောရမှာ အပေါ်စီးဆန်သလိုလို ကိုယ့်ဘာသာ ဘဝင်မြင့်သလိုလို ပုံစံမျိုးလို့ ထင်လို့၊ ပြီးတော့ ကိုယ်သနားကြင်နာတာကို ခံလိုက်ရတဲ့ လူရဲ့ဖြစ်တည်မှုကို ထိပါးသလိုထင်လို့ ပြောထွက်ဖို့ အင်မတိ အင်မတန် ဝန်လေးတာပဲ။

ဒီလောက်ပြောရင် ကိုယ့်ခံစားချက်ကို ကိုကို သိမယ်မဟုတ်လား။ ကိုယ်က ဘယ်နေရာမှာမှ ကိုကို့ထက် ပိုသာနေလို့ မဟုတ်ပါဘူး။ ကိုကို့အတွက် ဘယ်နေရာမှာမှ ကွက်လပ် မရှိစေချင်တဲ့ စိတ်ကြောင့်ပါပဲ။

ကွင်းပြင်ထဲမှာ ကိုကို့နောက်ကျောဘက်ကို အဝေးက လှမ်းမြင်ရတဲ့ပုံကို အကြာကြီးကြည့်ရင်း အဲဒီကျောဘက်မှာ တကယ်ပဲ ရပ်နေရသလို ထင်လာမိတယ်။ အဲလိုအနေအထားမျိုးနဲ့ တခါ ကြည့်နေခဲ့ဖူးတယ်။ အဲသည်လောက်ကျယ်တဲ့ ကွင်းပြင်ထဲမှာတော့ မဟုတ်ဘူးပေါ့။ အဲသည်လို အေးစက်ခြောက်သွေ့တဲ့ လေကြမ်းတိုက်တဲ့ နေရာမျိုးလည်း မဟုတ်ဘူးပေါ့။ ပုံထဲမှာတော့ ကိုကို့ ကုတ်အင်္ကျီရှည်ရဲ့ အနားတွေတောင် လွင့်ပါးလို့နေတယ်။

ဟိုးတုန်းကအချိန်တွေကို ပြန်စဉ်းစားမိရင် အဲဒီတုန်းက သိကျွမ်းရင်းနှီးခဲ့ကြတဲ့ အစုအဖွဲ့ကလေး တချိန်မှာ တယောက်တနေရာစီ ဝေးလံလွင့်ပါးပြီး ပြတ်တောက်ကုန်ကြမယ် မထင်ခဲ့ရဘူး။ လူတွေဟာ အနာဂတ်မှာ ဘာတွေဖြစ်မယ်ဆိုတာ ကြိုသိခွင့်မရလို့သာ ပစ္စုပ္ပန်မှာ နေသာထိုင်သာရှိနိုင်တယ်ဆိုတာ ဟုတ်မှာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်အတွက်တော့ ဘာမှ ဖဲ့ထုတ်လို့မရတဲ့ ဖြစ်စဉ်တွေချည်းပါပဲ။ အကြိမ်ကြိမ်အဖန်ဖန် ပြန်စခွင့်ရလည်း အဲဒီ အပိုင်းအခြားကာလကို အဲဒီအတိုင်းသာ တသွေမတိမ်း လက်ခံရမှာပါ။

ကိုကိုပြောဖူးသလိုပဲ ကိုယ်ဟာ တသက်လုံး လေ့ကျင့်ကျွမ်းဝင်ခဲ့ဖူးတဲ့ အလေ့အထတွေကို တစ်ရက် တစ်မနက်မှာတင် စွန့်လိုက်ဖို့ ဝန်မလေးတဲ့သူ၊ ခုတခဏမှ တွေ့ထိသိမြင်တဲ့ အလေ့အထတချို့ကိုလည်း ချက်ချင်း လေ့ကျက်သိုမှီးပြီးသားလိုဖြစ်အောင် အညှာလွယ်တဲ့သူ။ ထသွားပြီးရင် ပြန်မကြည့်ချင်တဲ့သူ။ ကိုယ် အမှတ်ရမယ့် အဖြေလွှာက ကိုယ့်လက်ရေးကိုတောင် နောက်တခါ ပြန်မစစ်ဆေးချင်တဲ့သူ။ ဒီလိုလူမျိုးဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အရင်းအတိုင်း မမြင်နိုင်စွမ်းဘူးနေမှာပေါ့။ လေယူရာတိမ်းပြီး ယိမ်းချင်တတ်တဲ့သူသာ ဖြစ်မှာပေါ့။

လူတွေရဲ့ အထင်အမြင်တွေဟာလည်း inertia တွေ သိပ်များတယ်နော် ကိုကို။ သူတို့ရှေ့မှာ တလျှောက်လုံးက လေနှင်ရာလွင့်ခဲ့ဖူးရင် ဘယ်တော့မှ အတည်တကျ အမြစ်တွယ်ခွင့် မပေးချင်ကြတော့ဘူး။ ကိုယ်ကတော့ လေတိုက်ထဲမှာပဲ အမြစ်တွယ်နေခဲ့တော့တယ်။ ကိုကိုကတော့ စောဒကမတက်ဖို့သာ ပြောမှာပဲ ထင်ပါရဲ့။ စောဒကတက်တာ မဟုတ်ပါဘူး။ ကိုကို့ကို တိုင်တည်ချင်ရုံပါပဲ။

ကိုကို့ နေပုံထိုင်ပုံ ဝတ်ပုံစားပုံတွေ ဘယ်လိုပြောင်းလည်း ကိုယ့်အတွက်တော့ မြင်သားတကျရှိနေတာပါပဲ။ အပေါ်ယံတွေ ပြောင်းသွားပေမယ့် မပြောင်းတာတွေ ရှိနေသေးတာကိုး။ အဲသည်မျက်လုံးတွေ၊ အဲသည်အပြုံးတွေနဲ့ အဲသည်အကြည့်တွေပေါ့။ ဟိုတုန်းကတည်းကလို မပြောင်းလဲသေးတဲ့၊ ကိုယ်တိုင်ရော သူတပါးကိုပါ ကျေနပ် စိတ်ချ နှစ်လို ယုံကြည်စိတ်ကို ကူးစက်စေမြဲ ကိုကို့ မူပိုင်အရာတွေပေါ့။ ဘယ်လိုအရာမျိုးကမှ ပြောင်းလဲပစ်နိုင်မှာမဟုတ်တဲ့ ခိုင်မြဲတဲ့ ဂုဏ်သတ္တိတွေပေါ့။ အဲဒါတွေကြောင့် ကြားကာလအချိန်တွေဟာ ကိုယ့်စိတ်ထဲမှာ ခြားနားမနေနိုင်တာ။ ဘယ်လိုစိတ်နဲ့မှ ပြောတာမဟုတ်ပါဘူး ဆိုတာ ဘဝပေးအခြေအနေရဲ့ လိုအပ်ချက်အရ ပြောပါရစေဦး။ စိတ်ထဲရှိတဲ့အတိုင်း မှန်ရာကိုပြောဖို့ ချင့်ချိန်နေရတဲ့အဖြစ်မျိုး ကိုကိုနဲ့ကျမှ ကြုံနေရတာလည်း ဒီဘဝမှာတော့ မရှောင်လွဲနိုင်တော့တဲ့ အဖြစ်ပါပဲ။

ကြည့်မိသမျှပုံတွေထဲမှာ လုပ်ဖော်ကိုင်ဘက်တွေ၊ သူငယ်ချင်းတွေနဲ့၊ ဆွေမျိုးသားချင်းတွေနဲ့၊ ဒါမှမဟုတ်ရင်တော့ တစ်ယောက်တည်းပဲ။ ဘေးနားမှာ ဘာဖြစ်လို့ တစ်ယောက်ယောက် မရှိသေးတာလဲ။ ဘာဖြစ်လို့ တစ်ယောက်တည်း နေနေသေးတာလဲ။ mid-30s ဆိုတဲ့ အသက်အရွယ်ဟာ ဘဝမှာ အစစအရာရာ ပြည့်စုံအောင်မြင်ပြီးသား၊ အခြေတကျ ရပ်တည်နိုင်ပြီးသား ယောက်ျားတစ်ယောက်အဖို့ တစ်ယောက်တည်း မလုံလောက်နိုင်စကောင်းတဲ့ အချိန်အခါမဟုတ်လား။ ဒီလောက် အပြောင်းအလဲမြန်ပြီး၊ အေးစက် သက်မဲ့တဲ့ လောကကြီးမှာ နွေးထွေးနှစ်သိမ့်မယ့်၊ ကြင်နာယုယမယ့်၊ မျှဝေခံစားမယ့်သူ မပါဘဲ တစ်ယောက်တည်း မနေပါနဲ့။

ဘယ်သူတွေ ဘယ်လိုထင်မြင်လည်း ဒီစကားတွေကို ကိုယ် အရှင်းလင်းဆုံးသော စိတ်ထားနဲ့ ပြောတယ်ဆိုတာ ကိုကိုကတော့ ယုံနိုင်မှာပါ။ ကိုကို ယုံမှာကို သေချာသိပေမယ့်၊ ယုံကြည်ပြီးမှ ခါးသက်နေရမှာ စိုးလို့ အဲဒီမှန်သောစကားတွေကို ကိုယ် မဆိုချင်တာပဲ။

ကိုယ်ကတော့ ဒီလိုပါပဲ။ အတိတ်ကလူတွေကို မြင်ရင်၊ သတင်းကြားရရင် အတိတ်ကို မှန်းပြီး လွမ်းမိတယ်။ ကွယ်ရင်မေ့ပြီး တွေ့သေအောင်လွမ်းတယ်လို့ တစ်စုံတစ်ယောက်မကတဲ့ သူတွေက ပြောချင်ပါလိမ့်မယ်။ တခါတရံ၊ အကြောင်းတစုံတရာလေးသာ မဟုတ်ဘဲ အကြိမ်ကြိမ် အဖန်ဖန်ကွယ်ခဲ့ ချန်ခဲ့ရတာတွေကို မသိလိုက် မသိဘာသာ မေ့ထားလို့သာ မရခဲ့ရင် ကိုယ် ဘယ်လိုများနေရမှာပါလိမ့်။ တကယ်တော့ လက်ရှိအချိန်မှာ တည့်တည့်နေနိုင်အောင် အလိုလျောက် ကြိုးစားလိုက်မိတာ ဖြစ်မှာပါ။

စတွေ့ဖြစ်တဲ့ နှစ်အပိုင်းအခြားတွေလောက်က ခြံဝန်းကျယ်တစ်ခုထဲ သစ်ပင်တပင်ကို ပတ်ဝိုင်းထားတဲ့ ခုံတန်းရှေ့ စားပွဲမှာ ကွန်ပါဘူးပေါ်က ထပျံနေသလိုဟန်နဲ့ tweety ရုပ်ကလေးကို ပြဋ္ဌာန်းစာအုပ်ဟောင်းရဲ့ နောက်ကျောဖုံးပေါ်မှာ ကိုကို မင်အနက်နဲ့ ကူးဆွဲခဲ့တယ်။ ကိုယ် စာလုပ်ပြီးတဲ့အချိန် ကိုကို စာစစ်နေတုန်း high light နဲ့အရောင်ခြယ်ပြီး 'ကြက်ပျံမကျ' လို့ ပုံအညွှန်းစာတပ်တော့ ကိုကိုက ယူကြည့်ပြီး 'tweety က ကြက် မဟုတ်ပါဘူး။ ဘဲပေါက်ကလေးပါ' တဲ့။ ကိုယ်က 'မဟုတ်ဘူး ကြက်ကလေး' လို့။ tv မှာလာရင် သေချာပြန်ကြည့်ပြီး ရှုံးတဲ့လူ ဒိန်ချဉ်တိုက်ကြေးလို့ ပြောခဲ့ကြတယ်။

တကယ်တော့ အဲဒီကာတွန်းကားလည်း စောင့်မကြည့်ဖြစ်ခဲ့ပါဘူး။ အဲဒီအလောင်းအစားကလည်း အမှတ်တမဲ့နဲ့ ပြီးသွားတယ်။ ကြားအချိန်တွေမှာလည်း အဲဒီအကြောင်းအရာဟာ ကိုယ့်စိတ်ထဲ အမှတ်တရ ရှိမနေခဲ့ပါဘူး။ အဲဒီအကောင်လေးဟာလည်း ကြက်လည်းမဟုတ်၊ ဘဲလည်းမဟုတ်တဲ့ ကနေဒီယန်ငှက်ကလေးလို့ နောင်နှစ်တော်တော်ကြာမှ သိတယ်။

ကိုကို မှတ်မိသေးလား။
ခုတော့ အဲဒီငှက်ကလေးရဲ့ ပုံလေးတွေမြင်ရင် ခဏလေးပဲဖြစ်ဖြစ် အတိတ်ကို ပြန်ရောက်သွားတတ်တယ်။ ကိုယ်ဟာ အဲဒီအချိန်ကအတိတ်ကို ဘယ်စိတ်နဲ့မှ တမ်းတတာမဟုတ်ဘဲ အဲဒီအချိန်ရဲ့ ရှင်းလင်းသန့်စင်နိုင်ကြတဲ့ စိတ်နှလုံးသက်သက်တွေကိုသာ လွမ်းဆွတ်မိတာပါလို့ သူ နားလည်နိုင်အောင် ဘယ်လိုပြောရမလဲ ကိုကို။

ဖြစ်နိုင်ရင်တော့ ကိုကိုအပါအဝင် အဲဒီအချိန်က သိကျွမ်းခဲ့ဖူးတဲ့ လူတချို့နဲ့ အတူဆုံဖြစ်ချင်သေးတယ်။ စကားတွေလည်း ပြောချင်သေးတယ်။ ခဏတဖြုတ်ပဲ ဖြစ်ဖြစ်ပါ။ ဘယ်နေရာမှာပဲ ဖြစ်ဖြစ်ပါ။ ဖြစ်နိုင်ဖို့ ခဲယဉ်းတယ်ဆိုတာလည်း သိပါတယ်။ ဖြစ်နိုင်ရင်တောင် အဲဒီဆန္ဒကို တကယ် လက်တွေ့ အကောင်အထည်ဖော်ချင်ရဲ့လားဆိုတာ ကိုယ့်ဘာသာ မသေချာပြန်ပါဘူး။ ကိုယ်ဟာ အရင်တုန်းကလိုပါပဲ။ ဘာကိုမှ မပြတ်သားဘူး။ ဒါပေမဲ့ အစွန်းတဘက်မှာ ရပ်တတ်တယ်။

ခုနောက်ပိုင်းနှစ်တွေမှာ ကိုယ့်အကြောင်းတွေကတော့ ဘာမှ မမယ်ရလှပါဘူး။ ကိုကို သိပြီးတဲ့အတိုင်း ဖြစ်မြောက်မယ်လို့ ကိုယ် မျှော်လင့်စီစဉ်ခဲ့ဖူးတဲ့ ကိစ္စတစ်ခု ဖြစ်မြောက်မလာဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင် ရနိုင်ပေမယ့် ဒီတိုင်း ရပ်နေခဲ့မိတယ်။ ကိုယ်လိုချင်တဲ့ အနေအထား မရနိုင်ရင် မယူဘူးဆိုတဲ့ တယူသန်စိတ်နဲ့ပေါ့။ လောကမှာ တနည်းနည်းနဲ့ ဖြစ်မြောက်နိုင်တယ် ဆိုတိုင်းလည်း ကာယကံရှင်တွေအဖို့ အမျိုးမျိုးသော အကြောင်းတွေနဲ့ ရှေ့မဆက်ဘူးလို့ ချလိုက်ရတဲ့ ဆုံးဖြတ်ချက်တွေ ရှိသေးတာပဲလို့ နားလည်စေလိုက်တဲ့ အဖြစ်ပါပဲ။ ကိုယ့် မချောမွေ့တဲ့ အတွင်းသဘောတွေကို တိုက်စားခံလိုက်ရတဲ့ အတွေ့အကြုံပါပဲ။

လမ်းဆုံလမ်းခွတွေ ရောက်ခဲ့ရင်တော့ ကိုကို့ဆီက ထင်မြင်ချက်တစ်ခုခုကို ကိုယ်တိုင် မသိလိုက်ဘဲ မှန်းဆကြည့်မိတတ်တယ်။ တလျှောက်လုံး ကိုကို တန်ဖိုးထားပြီး နှစ်မြုပ် ကြိုးစားနေတဲ့ အရာကို ကိုယ်က အပေါ်ယံ ပကာသနကိစ္စလိုသာ သတ်မှတ် ရယူချင်တဲ့ အတွေးအခေါ်မျိုး ရှိနေတုန်းပဲ။

နာခံလွယ်ခဲ၊ မေ့ပျောက်လွယ်ခဲ၊ မှတ်မိလွယ်ခဲလာပြီး ဒီနှစ်ပိုင်းတွေမှာ အိပ်မက်တွေလည်း မက်ခဲလာတယ်။ ဒါပေမဲ့ တခါတလေ ထင်ထင်ရှားရှား မက်မိတတ်တဲ့ အိပ်မက်တွေထဲက အဲဒီမြို့ကလေး၊ အဲဒီလမ်းကလေး၊ အဲဒီကောင်းကင်ရဲ့ အရိပ်အယောင် ရနံ့တွေနဲ့ အဲဒီတုန်းက စိတ်နှလုံးကိုပါ ရက်တော်တော်ကြာတဲ့ထိ ပြန်ခံစားလို့ ရနေတတ်တယ်။

အဲဒီအချိန်တွေတုန်းကတော့ မသိနိုင်ခဲ့ကြဘူး။ ကိုယ်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကျေးဇူးပြုဖို့ တွေ့ခဲ့ကြတာ မဟုတ်ဘူးဆိုတာကိုပေါ့။ တစ်ယောက်အပေါ် တစ်ယောက် မေတ္တာစေတနာ မပျက်လည်းဘဲ ဘာကောင်းကျိုးမှ အပြန်အလှန် မပြုနိုင်ကြတော့ဘူး။ ဘာမှ မရည်ရွယ် မလုပ်ကိုင်ပါဘဲ တစ်ယောက်က တစ်ယောက်ကို ထိခိုက်စေတဲ့အကြောင်းသာ ဖြစ်နေခဲ့ရတယ်။

ဘာတတ်နိုင်မှာလဲ။ ဖန်လာတဲ့ အကြောင်းတွေပဲပေါ့။

ခုတော့ ဓါတ်ပုံတွေထဲမှာ ကိုကို ပြုံးနေတာကို ကြည့်ပြီး ငယ်ငယ်တုန်းကလိုပဲနော် လို့ ပြန်တွေးယူကြည့်နေမိတယ်။ ပြီးတော့ ခွေးကလေးပွေ့လျက်ပုံရယ်၊ ခွေးကလေးချည်းပဲ အနီးကပ်ရိုက်ထားတဲ့ပုံရယ် ကိုယ် သိမ်းထားလိုက်တယ်။ ဒါနဲ့ ဒီရောက်စတုန်းက ကိုကို့ dob ကို bank acct. password လုပ်ထားခဲ့ဖူးတယ်။

ပြန်စဉ်းစားကြည့်ရင် နှစ်ယောက်ကြားမှာ ဆုံ တွေ့ ဖြစ် ပျက် ခဲ့ရသမျှက ရှောင်လွှဲမရအောင် တိုက်ဆိုင်ခဲ့တဲ့ အကြောင်းတွေချည်းပဲ။ ဒီဘဝကို ဘယ်နှစ်ကြိမ်ပြန်စစ အဲဒီဖြစ်စဉ်တွေအတိုင်းသာ အတိအကျ လက်ခံရမှာပါ။

နောက်ထပ် ရှေ့ဆက်ဖို့ ကျန်သေးတဲ့ အချိန်တွေမှာလည်း အကြောင်းတိုက်ဆိုင် ရှောင်လွှဲလို့မရရင် ခဏလောက် ပြန်ဆုံကြတာပေါ့ ကိုကို။