Wednesday, December 29, 2010

စိတ်ကူးယဉ်ကောင်းကင်



လွန်ခဲ့သော 14 နှစ် လောက်ဆီက သူ အတွေးထဲ ဝင်လာခဲ့သည် ထင်၏။

အဲဒီအချိန်မှာ ဒါကို တွေးဖို့ သိပ်စောခဲ့သလား၊ ဒါမှမဟုတ် ပုံမှန်ပဲလေလား ကိုယ် မသိပါ။ စောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ၊ ပုံမှန်ဖြစ်စေ ဒါကို ဆုံးဖြတ်နိုင်မည့် ပညာရှင်တို့အတွက်သာ ဒီအချက်က အရေးကြီးချင်ကြီးမည်။ စိတ်ကူးထဲက ဒီအကြောင်းတွေ ပြန်ရေးမည့် ကိုယ့်အတွက်တော့ ဘယ်အချိန်မှာ ကိုယ့်အတွေးထဲ ဝင်လာသလဲဆိုတာသာ
အဓိကကျတော့သည်။

ပြာလွင်သော အိပ်မက်တစ်ခုလို့သာ တင်စားချင်မိ၏။
ပန်းရောင်လွှမ်းသော ကိုယ်ပိုင်အခန်းထဲ ချဉ်းနင်းလာမည့် ကောင်းကင်မျက်နှာကျက်လေးတစ်ခုလိုပေါ့။ ကိုယ့်ကမ္ဘာထဲ နောက်ထပ်ဝင်လာမည့် အသွေးအရောင်ကလေး။ အသစ်အဆန်း အပြောင်းအလဲကိုသာ အလိုရှိတတ်လို့ ကိုယ်ဟာ အပြာရောင်ကောင်းကင်ကလေးအဖြစ် စိတ်ကူးတွေးထင်လိုချင်ခဲ့မိသည်လား မသိ။

နူးညံ့ပျော့အိကာ မွေးညင်းနုများဖုံးနေမည့် လက်တဖက်ကို ဖွဖွ ပွတ်သတ်ကြည့်မိလျှင် အနည်းငယ် ကြမ်းရှသော အထိအတွေ့ကြောင့် ထိတ်လန့်လေမည်လား။ သူ ဆတ်ခနဲ လှုပ်သွားမည်ဆိုလျှင်တော့ ကိုယ်ပါ ရောယောင်လန့်ကာ ခဏကြာမျှ မထိရက် မတို့ရက် မထိရဲ မကိုင်ရဲ ဖြစ်နေဦးမည်။ အလင်းရောင်ကို ကျင့်သားမရသေးသည့် မျက်လုံးများဖြင့် ကိုယ့်ကို လှမ်းကြည့်လေမည်လား။ ဒါဆိုရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ကိုယ်အပိုင်ရလိုက်သလို ဖြစ်တော့မည်။ သေချာတာကတော့ သူ့အသံသဲ့သဲ့အားဖြင့် တညီးညီးတောက်လောင်ချင်သော ဘဝင်စိတ်များငြိမ်းသွားပေလိမ့်မည်။ ကိုယ့် လက်သန်းကလေးတစ်ချောင်းကို သူလက်ဖဝါးပြင်ထဲထည့်ကာ ဆုတ်ကိုင်စေချင်မိသည်။ ဘယ်လောက်များ နုအိနွေးထွေးလေမလဲ။

ကိုယ်နှင့်တူသည့် နှုတ်ခမ်းပါးလေးများရှိလိမ့်မည်။ မဟုတ်လျှင်တော့ ခပ်စူစူ ထူတွဲသည့် နှုတ်ခမ်းကလေးနှင့် ဖြစ်မှာပေါ့။ နှာတံပေါ်ပေါ်... ဒါတော့ သေချာသည်။ ပြီးတော့ ကိုယ်နှင့် မတူလျှင် နဖူးပြင်ကျယ်လိမ့်မည်။ ကိုယ်နဲ့ဘယ်နှစ်ရာခိုင်နှုန်းတောင် တူမှာလဲ၊ ဘယ်နှစ်ရာခိုင်နှုန်းက မတူဘဲ ဖြစ်မှာလဲ၊ ဘယ်နှစ်ရာနှုန်းလောက် တူမှ ဒါမှမဟုတ် မတူဘဲနေမှ ပြီးပြည့်စုံတဲ့ ကောင်းကင်လေးဖြစ်မှာလဲဟု တစိမ့်စိမ့် တွေးမိပြန်သည်။

အင်းလေ ဒါတွေ သိပ်အရေးမကြီးပါဘူး။ ကိုယ်နဲ့ မတူလည်း ချစ်ရသူနဲ့ တူနေမှာပေါ့။ သူ့မှာ ဘာများ ရွေးစရာရှိလို့လဲ။ တစ်ခုပဲ၊ မျက်ခုံးထူထူတော့ မဖြစ်နိုင်ချေ။

ကိုယ် လုံးဝ မကြိုက်သည့် သကြားလုံး၊ ချော့ကလက်တွေကို သူ သိပ်များကြိုက်နေမလား။

အစဦးဆုံးနေ့ရက်တွေမှာ သူ လိုအပ်တာတွေ လုပ်ပေးနိုင်ဖို့ ကိုယ့်အတွက် အခက်အခဲတွေ အများကြီး ရှိလိမ့်ဦးမည်။ သို့သော်လည်း ဒါတွေ တွေးလို့ မစိုးရိမ်ချင်သေး။ ကိုယ့်ကို ဘာမှန်းမသိသည့် တစိမ်းသက်သက်ကနေ သိသိမှတ်မှတ်ကြည့်ကာ မှတ်သားပြီး၊ မှတ်မိလာတဲ့ အပြုံးကလေးတွေလည်း ကြည့်မြင်ရလိမ့်မည်။ တကယ့်ကိုပဲ ကိုယ့်လိုအင်ဆန္ဒတွေကို နှစ်သိမ့်စေလိမ့်မလားကွယ်။

ဒီလိုနဲ့ပဲ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာချိန်ကျလေမည်။

သူကလေးဟာ ပျော်မြူးစရာကိုသာ ရှာတတ်လေမည်လား၊ ကိုယ့် အနှစ်သက်ဆုံး စာအုပ်ထဲက Tai-chan (Taiji Yamanouchi) လို စူးစိုက်တည်ကြည်ကာ ရည်မှန်းချက် ကြီးလေမည်လား။

သူဘာလဲဆိုတာ စောစီးသေချာစွာ ရိပ်မိသိရှိနိုင်ဖို့၊ ပြီးတော့ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ထိရောက်စွာ ဖေးမပေးနိုင်သူ ကိုယ် ဖြစ်လိုလှသည်။ ဘာပဲဖြစ်ဖြစ် ထိုအခိုက်အတန့်မှာတော့ နှစ်ပေါင်းများစွာ မသက်ဆိုင်သလိုဖြစ်နေခဲ့သည့် ပစ္စည်းပစ္စယများ၊ ကစားကွင်း နဲ့ ပန်းခြံ၊ ဆီးဆော၊ လျှော နဲ့ ဒန်းလို ပစ္စည်းများက သူနှင့်တွဲကာ ကိုယ့်ကို တရင်းတနှီး ပတ်သတ်လာလေဦးမည်။ အမှတ်တမဲ့ဖြတ်ကျော်လာနေကျ ထိုပစ္စည်းများအား အမှတ်ထင်ထင် ပြုံးရယ် ငေးကြည့်မိစေဦးမည်။

သူ့ကို သင်ကြားဖို့ ကြိုးစားရင်း၊ သူ့ဆီကလည်း မဆုံးနိုင်အောင် ပြန်လည်သင်ယူရပေဦးမည်။ စိုးရိမ်ပူပန်မှုတွေနဲ့ ကိုယ်ဟာ တလွဲတချော် အမှားများလည်း လုပ်မိဦးမည်။ ချစ်ခြင်းဆိုတာကိုက သင်ကြားတတ်မြောက်ရတာ မဟုတ်လားလေ။ ချစ်ခင်နှစ်လိုစိတ်နဲ့ ယှဉ်တော့ တာဝန်ဆိုတာ သူမတူအောင် ချိုမြိန်မှာပါပဲဟု ထိုတခဏမှာ ဘယ်သူမှ အတည်ပြုပေးစရာမလိုအောင် ယုံကြည်မိပြန်၏။

ဒီလိုနဲ့ပဲ အချိန်ကာလတွေ ကုန်ဆုံး၊ သူဟာ ကိုယ် ကာကွယ်စောင့်ရှောက်ရမည့် ချစ်မြတ်နိုးစရာ အဖြစ်ကနေ၊ အားကိုးတွယ်တာရမည့် ဂုဏ်ယူဝံ့ကြွားစရာ အဖြစ်သို့ ပြောင်းလဲသွားမည်။ သွားလေရာ ကိုယ်မပါနိုင်သော်လည်း ကိုယ့်မေတ္တာတရားများ ပါသည်ဟူသော ယုံကြည်စိတ်ဖြင့် သူ့အား ခိုင်မတ်စေလိုလှ၏။ သူ နာကျင်လေတိုင်း နှစ်သိမ့်မည့်၊ သူ လဲကျလေတိုင်း ထူမတ်မည့်၊ သူ ပြန်လာချိန်တိုင်း ကြိုဆိုမည့် နေရာတစ်ခုအဖြစ် လုံခြုံစေလိုလှ၏။

နောက်ဆုံးတော့ ကိုယ့်ရင်ခွင်ထဲကနေ ထွက်ခွာရုံသာမက၊ ကိုယ့်မျက်စေ့အောက်ကနေပါ ထွက်ခွာသွားပေလိမ့်မည်။

တကယ်တော့ ဒီဖြစ်စဉ်တွေကို လူပေါင်းများစွာ ကြုံဖူးခဲ့ကြပြီးပြီ။
သို့သော် ကိုယ့်ကျမှ ထူးဆန်းနေလေမည်လားဆိုတာ ထုံးစံအတိုင်း တွေးမိပြန်သည်။ ဘယ်သူတွေ ဘယ်လို သက်တောင့်သက်သာ ဖြတ်ကျော်လို့၊ ဘယ်သူတွေ ဘယ်လို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရပါသလဲ။ ဒါကိုက ဘဝထဲက ဖြစ်ရပ်မှန်အနုပညာတရပ် ဖြစ်ပေမည်။

အရိပ်ကြည့် ချစ်မြတ်နိုးခဲ့ရသည့် အရာတစ်ခုကို လက်လွှတ်ရမည့်အချိန်မှာ နှစ်သိမ့်ဖြေသာစရာ အကြောင်းတစ်ခု ရှိဖို့တော့ အနူးအညွတ် မျှော်လင့်ချင်မိသည်။

***
သူ့ကို တချိန်ချိန်မှာ တွေ့မြင်ထွေးပွေ့ရမည်ဟု စိတ်ကူးဖြင့် ကြိုရူးခဲ့ရုံမျှသာ...

***
pic from here

Sunday, December 26, 2010

မောင်, ကိုကို နှင့် မရီတာ (၁၆)


နောက်ဆုံး...။
နောက်ဆုံးဆိုတာ ရှိခဲ့ဖူးသမျှ အကြိတ်အခဲတွေကို ချေဖျက်ပစ်လိုက်ဖို့ အကောင်းဆုံးအချိန်
တဲ့။


***

အဲဒီနေ့က အိပ်ရာမှ အစောကြီး နိုးနေခဲ့သည်။

မောင် ပြန်မရောက်လာသေး၊ နားရက်ဖြစ်သော်လည်း ကိုကို့ကို လိုက်မပို့ဖြစ်ခဲ့။ နောက်ပိုင်း ကိုကိုနဲ့လည်း ထပ်မတွေ့ဖြစ်။ ကိုကို့မိဘတွေ နယ်ကနေ ရောက်လာတော့လည်း သွားမတွေ့ဖြစ်။ လူကြီးတွေကို ဖုန်းဖြင့်
နှုတ်ဆက်၍သာ ဝတ္တရားကျေလိုက်သည်။

(ဘဝမှာ ရည်ရွယ်လို့ပဲဖြစ်ဖြစ်၊ မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ်၊ နောက်ဆုံး ကိုယ်တိုင် လက်သင့်ခံလိုသည်မဟုတ်ပါဘဲ သူတပါး သတ်မှတ်ချက်တွေနဲ့ပဲဖြစ်ဖြစ် အပြစ်လို့ဆိုတာတစ်ခု တခါလောက် လုပ်လိုက်ရတာ သိပ်လွယ်တယ်။
မလွယ်တာက အဲဒီလုပ်ရပ်ကို ပြန်ပြီး ဖြည့်ဆည်းရတာပဲ။ မဖြည့်ဆည်းတော့ရော ဘယ်သူက ဘာပြောမလဲ။ ဒါပေမဲ့ လူဟာ ပြုခဲ့ပြီးတဲ့ အပြစ်ဆိုတာကို သိတတ်ရင် သိတတ်သလောက် ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ပစ်ရတတ်တယ်။ အကျိုးဆက်က နောက်ပိုင်းမှာ အနေကျုံ့သွားတာပဲ။

အမှားအယွင်း အပြစ်တစ်စုံတစ်ရာနဲ့လို့ တံဆိပ်တပ်ခံရသူတစ်ယောက်အတွက် အများအမြင်မှာ မလုပ်သင့်တာတွေ သိပ်များသွားခဲ့ပြီ။ တချို့ကိစ္စရပ်တွေအတွက် သင်္ကာရှင်းဖို့
သိပ်ခက်သွားခဲ့ပြီ။)

ထိုနေ့က အိမ်တံခါးများပိတ်လျက် ဧည့်ခန်းထောင့်မှာ မလှုပ်မယှက် ငြိမ်သက်ကာထိုင်နေမိသည်။
ကိုကို့ကို နှုတ်ဆက်ဖို့ မသွားဘူး ဟု ဆုံးဖြတ်ပြီးဖြစ်သော်လည်း၊ ထို ဆုံးဖြတ်ချက်ကို ပြန်မပြင်တော့မှာ သေချာပြီးသည့်တိုင် "လေယာဉ်ကွင်းကို သွားရဦးမလား" ဆိုတဲ့အတွေးကို မကြာခဏ တွေးမိပြန်ရင်း အဲဒီအခိုက်အတန့်မှာ ဘာမှ မလုပ်ဘဲ၊ တခြား ဘာကိုမှ မစဉ်းစားဘဲ ဒီတိုင်း ထိုင်နေချင်သည်။ အိပ်ရာထဲမှာ လှဲကာ ခွေအိပ်နေချင်သည်။ တချို့သော အဖြစ်အပျက်တွေကို ခံစားမှုက လိုက်မမီတော့တဲ့အခါ ခုခံနေဖို့ မတွေးဘဲ ငြိမ်သက် လက်ခံလိုက်ဖို့သာ ရှိသည်။

နာရီကို မကြည့်လို၊ အချိန်ကိုလည်း မသိလို။


ထိုအခိုက်
ကိုဇေ ဟု မှတ်ထားသည့် ဖုန်း​ဝင်လာပြီး ကိုယ် ကိုင်မိချိန် ကိုကို့အသံကို ကြားရတော့ မအံ့သြမိပါ။

အနည်းငယ် ဆူညံနေသည့် အသံတွေကြားမှာ "ညီမလေး" ဆိုတဲ့ ခေါ်သံကို ပီပီသသ ကြားရသည်။


"ကိုကိုလား"


"ဟုတ်တယ် အခု ထွက်တော့မယ်"


"ညီမလေး အားလုံးအဆင်ပြေပါတယ်နော်" လို့ ဘာအဆက်အစပ်မှ မရှိဘဲ အတည်ပြုချက်ယူသလို ကိုကိုမေးလာသောအခါ နောက်ဆံတင်းသည့် စိတ်ကို ကိုယ် ခံစား၍ရခဲ့သည်။


"ဘာမှ မလိုတော့ပါဘူး ကိုကို"


နောင်တ မရသော်လည်း နာကျင်တာကို ညာလို့မရ။

နှမြောတသ မဖြစ်သော်လည်း ဝမ်းနည်းစိတ်ကို ညာလို့မရ။

ချစ်သူတစ်ယောက် မဟုတ်သော်လည်း ကိုယ့်အပေါ်မှာ အကောင်းနိုင်ဆုံးနှင့် ကိုယ်က အတွယ်တာဆုံး သူတစိမ်းတစ်ယောက်ဖြစ်တာကို ငြင်းကွယ်ချင်လို့မရ။


"ကိုကို"


ကိုယ့်မှာ မေးခွန်းတခုရှိနေသည်။ ခေါင်းထဲတွင် အရောင်တွေ တဖျတ်ဖျတ်လက်ကာ အချက်အလက်တွေ ရှုပ်ထွေး ဖြတ်ပြေးကုန်ကြ၏။ ကိုဇေ့ဆီကို ပို့ခဲ့သည့် ကိုကို့ရဲ့ နောက်ဆုံးစာထဲမှာ ကိုကို မေးချင်ခဲ့တဲ့
မေးခွန်းဟာ ဘာများလဲ။ ကိုကို မေးခဲ့ရင် ဖြေမှာပါ။ ဘယ်လောက်တောင် အဖြေရခက်တဲ့ မေးခွန်းဖြစ်လည်းပဲ ဖြေမှာပါ။ ကိုကို ဘာမေးချင်ခဲ့တာလဲ။

"ညီမလေး ဘာပြောချင်လို့လဲ။ ခဏနေ ဝင်ရတော့မယ်"


"ကိုကို ဂရုစိုက်နော်... အစစ အရာရာ"


"အင်း ညီမလေးရောပဲ... ဒါပဲလား"


"ဟုတ်ကဲ့ ကိုကို ဂွတ်ဒ်ဘိုင်"


"ဂွတ်ဒ်ဘိုင်၊ အားလုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနော်"


ဖုန်းလိုင်းပြတ်သွားပြီ။

ထားလိုက်ပါတော့လေ။


ဘယ်လောက်တောင် အဖြေရခက်တဲ့ မေးခွန်းဖြစ်လို့ ကိုယ်ဟာ (ကိုယ့်အတွေးမှာတော့) ကိုယ့်ကိုယ်ကိုယ် မညှာတာစတမ်း၊ (အများတကာ အမြင်တွေအရမှာတော့) ဘယ်လောက်တောင် ရှေ့နောက် မငဲ့ညှာ မျက်နှာပြောင်တိုက်တတ်တဲ့ စိတ်နဲ့ အရှိအတိုင်း ဖြေလိုက်နိုင်လည်း၊ အဲဒီအဖြေစကားဟာ ကိုကို အကြားရခက်စေတဲ့ အကြောင်းအရာတစ်ခု ဖြစ်နေနိုင်သေးသည်။


အဲဒီနေရာမှာ ကိုယ်ရှိနေခဲ့မယ်ဆိုရင် မြင်ရမည့် ကိုကို့နောက်ကျောပြင်ကို မှန်းဆကြည့်မိသည်။ ဒါဆို ရပ်ကြည့်ကျန်နေရစ်ခဲ့မည့် ကိုယ့်ဆီကို နောက်ပြန်လှည့်လို့ တချက်လောက်
ကြည့်လိမ့်မည်လား။

ကိုကို့နောက်ဆုံးစာမေးပွဲမတိုင်မီ တွေ့ဖြစ်ကြသည့် အဆောင်တွင်း ညနေခင်းက အတွေးထဲ ဝင်လာသည်။ အဲဒီတုန်းကတော့ တချက်မှ ပြန်လှည့်မကြည့်ခဲ့သည့် ကိုကို့နောက်ကျောပြင်ကို အခန်းတွင်း ဝင်ရောက်ပျောက်ကွယ်သွားချိန်ထိ ရပ်ကြည့်နေခဲ့ရဖူး၏။ ခုဆိုရင်တော့ စတင်ထွက်ခွာသည့် ကိုကိုက ပြန်လှည့်ကြည့်လိမ့်မှာပါ။ အခြေအနေတွေဟာ မတူတော့ဘူးလေ။ ပြီးတော့ ကိုကို ခွင့်လွှတ်နိုင်ခဲ့ပြီ ထင်သည်။

ဒါပေမဲ့ လှည့်ကြည့်သည့်တိုင်အောင် ဒီတခါတော့ နောက်မှာ ကိုယ်က ရှိမနေဘူး။

ဘဝဆိုတာ ဒီလိုပဲ ထင်ပါရဲ့။


မငိုဘဲနဲ့ ကျလာတဲ့ မျက်ရည်တွေ...
 
သည်တကြိမ်မှာ ကိုကို မမြင်ရတော့ဘူး။ ဒါပေမဲ့ သိချင်လည်း သိနေမှာပါ။

ဘာကိုမှန်းမသိ၊ ဘယ်သူ့ကိုမှန်းမသိ တိုင်တည် ဖြေရှင်းချင်မိပြန်သည်။

လူလားမြောက်ခဲ့ရတဲ့အချိန်တလျှောက်လုံး အနီးကပ်ဆုံးရှိခဲ့တဲ့ လူတစ်ယောက် ဘယ်လောက်ကြာကြာ ပြန်မဆုံနိုင်အောင်ပျောက်ကွယ်နေမည်မသိသည့် ခရီးတစ်ခု အစပြုသည့်အချိန်မှာတော့ ဘာကိုမှ ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ အဲဒီမျက်ရည်တွေ ကျပါစေတော့။


***

တကယ်ပဲ ဘာဆိုဘာမှ မလိုတော့ပါဘူး ကိုကို။
ကိုယ်တိုင်ရွေးချယ်ခဲ့တာတွေအတွက် ဘယ်တော့မှလည်း နောင်တ မရပါဘူး။
အကောင်းကို မျှော်လင့်လို့၊ အဆိုးကိုသာပဲ ရသည်ဖြစ်စေ လက်သင့်ခံလိုက်ဖို့ လုံလောက်အောင် ခေါင်းမာခဲ့ပြီးသား ရီ့အတွက် အဆင်ပြေနေပါတယ်လို့သာ မှတ်ယူမှာပါပဲ။


***

ပျော်ရွှင်ဖွယ်ရာ အချိန်များအတွက် ရင်ထဲ အမှတ်တရ ထင်ကျန်နေမယ်
ကြင်နာ ကူညီမှုများအတွက် အစဉ်အမြဲ ကျေးဇူးလည်း တင်တယ်


(ဂွတ်ဒ်ဘိုင် - ရွှေဂျော်ဂျော်)


***

အိပ်ရာပေါ်မှာ ဗလာစိတ်သက်သက်ဖြင့် နေနေသော ကိုယ့်အသိစိတ်ထဲသို့ ဧည့်ခန်းမှာ ကျန်ရစ်တဲ့ ဖုန်းရဲ့ အဆက်မပြတ်မြည်သံက တော်တော်နဲ့ ရောက်မလာ၊ ရောက်လာသည့်တိုင်အောင် သွားမကိုင်ဘဲ ဒီတိုင်းခွေလှဲလျက်ရှိသည်။ ဘယ်လောက်ကြာသည် မသိ။ ဘယ်နှစ်ကြိမ်ခေါ်သည် မသိ။ မောင့်ကို ဖျတ်ခနဲ သတိရသည်။ ဒီလောက်ထိ အဆက်မပြတ်ခေါ်နေပုံထောက်ရင် အဲဒါ မောင်ပဲ။ နေ့လည်တခေါက်၊ ညတခေါက် ဖုန်းဆက်လျက် ကိုယ့် တနေ့တာ လုပ်ဆောင်မှုများအကြောင်း မေးလိမ့်မည်။


အားလုံးကို လွှတ်ချထားချင်စိတ်မှာ ရုတ်တရက် တစ်စုံတစ်ရာကို တွယ်ငင်ရစ်ပတ်ချင်လာလျက် ဧည့်ခန်းဆီကို
ကိုယ် အပြေးထွက်လာခဲ့မိသည်။

to be continued

***
pic from here

Monday, December 20, 2010

အိုင်စီ / သံမဏိကြက်ခြေ

ရှိုးသွားမယ် ဆိုတော့ မျက်မှန်ရှုပ်ပါတယ်လေဆို ထားပစ်ခဲ့တယ်။ ကားဂိတ်မှာ ကားစောင့်တော့မှ ဒုက္ခရောက်တော့တယ်။ အဝေးကလာနေတဲ့ကား နံပါတ်တွေ ဝါးနေလို့။

လင်းလင်း
လင်းလင်း သီချင်းတွေ ဘာမှ မရဘူး။ သွားတဲ့ ၄ ယောက်ထဲက တယောက်ပြောတာတော့ မြန်မာပြည်မှာတော့ အတော် ပေါက်တယ်ဆိုပဲ။ လင်းလင်းဆိုနေတဲ့စတိုင်က ကလေးတွေ သီချင်းဖွင့်ပြီး လုပ်ချင်တာလုပ်နေတာနဲ့ တူတယ်။ ဒါပေမဲ့ IC အစွဲနဲ့ ဆိုတော့လည်း နှစ်လိုစရာလေးတော့ ဖြစ်နေပြန်တယ်။ အတူသွားတဲ့ ပိတ်ပိတ်က လင်းလင်းခမျာ အခွေပေါက်ပေမယ့် စင်ပေါ်မှာကျ ဝါနုရှာတော့ မျက်နှာလေး ပြုံးပြီး ဆိုနေရတာ သနားလိုက်တာလို့ ဆိုတယ်။ ကိုယ်တော့ သေချာ မမြင်ရလို့ မသနားလိုက်ရဘူး။

ကိုယ်တွေသာ ဒိတ်အောက်နေလို့ မရတာ။ ကျန်တဲ့လူတွေအကုန်လုံးနီးပါးကတော့ လင်းလင်း သီချင်းတွေ ရပုံပါပဲ။ အကုန် လိုက်ဆိုနိုင်ကြတယ်။

ကိုယ့်ကို ခွင့်မလွှတ်ပါနဲ့ လင်းလင်း။

အာဇာနည်
ဇာနည့်ကိုတော့ "မိုးလင်းသွားအောင် ည ည ဖုန်းဆက်ဖို့ ကိုယ် ကြိုးစားရင်းနဲ့ အိပ်ရေးပျက်မယ် ဒါပါပဲ" ဆိုစေချင်မိတာ။ ဆိုမသွားဘူး။ "ကိုယ့်အနားရှိစေချင်" တော့ ဆိုသွားတယ်။ ဒါကလည်း နိုင်ငံခြားပွဲဆို မပါမဖြစ်များလား မသိ။ စစချင်း "စည်းတဘက်ခြား" ဆိုတယ်။

~~~ တားဆီးတဲ့ စည်းများရဲ့ ကြားမှာ ခြားနားခဲ့ပြီမဟုတ်လား ~~~

ညက အိပ်မက်ဆိုးမက်တာ သူ့ကြောင့်နေမှာ။

ဝိုင်ဝိုင်း
စစချင်း အဲဏီ ဆိုတယ်။ အဲဒီ ပထမအခွေထဲက သီချင်းတွေ နားစွဲပေမယ့် မကြိုက်လှဘူး။ အဲဒီအခွေ စနားထောင်ပြီးတော့ ဒီအဆိုတော် "မြစ်" ဆိုတဲ့ အသံ ပီအောင်လည်း မဆိုနိုင်ဘူးလို့ ထင်ခဲ့သေးတယ်။ long long ago ကျောင်းတုန်းက သီချင်း။

နန်းညီ ထင်တာ မှန်တယ်။ "ထာဝရ" ဆိုလိမ့်မယ်ဆိုတာ...
အဲဒီသီချင်းက ငြိမ့်ငြိမ့်ညောင်းညောင်း ဖြည်းဖြည်းဆိုမှ ပိုအရသာရှိမှာ၊ ဒါပေမဲ့ ဆူနေသလိုပဲ။ chorus ပိုဒ်ရောက်မှ အဲဒီသီချင်း ထာဝရမှန်းသိတာလည်း ပါတယ်။ သိပ်အရသာ မခံလိုက်ရဘူး။ နည ပြောတာတော့ အဲဒီသီချင်းဆိုရင် နှစ်ယောက်လက်ချင်းတွဲပြီး နားထောင်မှ အရသာပိုရှိဆိုပဲ။ ရှေ့ကအတွဲတော့ ပိုကပ်သွားကြတယ် (စတည်းကလည်း ကပ်ပြီးသားပါ သူတို့က) =D

ဝိုင်ဝိုင်း မဆိုသွားဘဲ နားထောင်ချင်မိတာ "စည်း"၊ "နင်ရှိနေသေးတယ်"။

မျိုးကြီး
ဘယ်သူမှ ဝိုင်းမဆဲကြပါဘူး။ သတိတောင်မှ မရကြပါဘူး ထင်တယ်။ အခွေသစ်ထဲက သီချင်းတွေ ဆိုသွားတယ်။ "ယူလိုက်" "လက်ခံပေးပါ" ကလွဲလို့ သိပ်မကျက်မိဘူး။ အဟောင်းတွေကျတော့လည်း ဆူဆူညံညံတွေ ဆိုသွားတယ်။

ဆိုပါလားကွယ် "ရန်သူတစ်ထောင်" တို့၊ "လမင်းနဲ့ ကြယ်စင်များ" တို့၊ "မင်းသိဖို့ကောင်းတယ်" တို့၊
"ဆန့်ကျင်ဘက်" တို့။ ကိုယ်လည်း အဟောင်းထဲကကို မထွက်ပါလား။ အဲဒီအဟောင်းတွေ ထွက်စ အသစ်တုန်းကလည်း တခါနားထောင်တာနဲ့ တန်းပြီး နားစွဲသွားတာ။ နောက်ပိုင်း အသစ်တွေကျ အဲလို မစွဲလွယ်တော့ဘူး။ ကိုယ်ကပဲ ပြောင်းသွားတာနေမယ်။ လာသမျှလူ အကုန်နီးပါး လိုက်ဆိုနေကြတာပဲ။

အငဲ
အငဲ သီချင်းတွေက စတည်းက သိပ်အများကြီး မသိတာ။ "လမ်းပြပါဦး" ဆိုသံ ကြားရတော့ ၁၅ နှစ်လောက် ပြန်ငယ်သွားသလိုပဲ။ လွန်ခဲ့တဲ့ ၁၅ နှစ်က သီချင်းကိုး...
9 ထဲက သီချင်းတွေ တခါနားထောင်ပြီး ဘာမှ မစွဲတာနဲ့ ဆက်နားမထောင်ဘူး။ အဲတော့ ဘာမှ မရဘူး။ "အိမ်" သီချင်းကတော့ မဆိုးပါ။ ကောင်းရှာသား။ ပြန်ရှာပြီး နားထောင်ကြည့်ဦးမယ်။

လေးဖြူ
ဆံပင်အတိုနဲ့လို့ ထင်ထားတာ၊ ဆံပင်တွေ အတော်ရှည်နေပြီ။

"အမဲလိုက်အက" နဲ့ စတက်တော့ မတ်တပ်ထရပ်မိတယ်။ ထိုင်ရတာ ညောင်းနေတာကြောင့်လည်းပါတယ်။ "စုန်းမ" ဆိုတော့ အငဲ "လမ်းပြပါဦး" ဆိုလိုက်တုန်းကလိုပဲ။ ဪ အဲ့ထက် ပိုငယ်တာပေါ့။ ၁၂ နှစ်/ ၁၃ နှစ်လောက် ပြန်ဖြစ်သွားတယ်။ "သံယောဇဉ်" "အိပ်မက်ကဗျာ" လည်း ဆိုတယ်။ နောက် "အလင်းရောင်"။ ကိုယ့်တွက်တော့ "အလင်းရောင်" က နားထောင်ရပါများလို့ ဟုန်သွားပြီဖြစ်တဲ့ သီချင်း။

"ငါ့ရဲ့ လမင်း" အတွက်တော့ ကျေးဇူးတင်ပါတယ်။ အတူလာတဲ့ထဲက ညီမလေးနှစ်ယောက်က စင်ကာပူသီချင်းတော့ မဆိုဘူးလို့ ပြောနေကြတယ်။ "တန်ဖိုး" ကိုပြောတာ။

"စာမျက်နှာ ၁၅" ဆိုစေချင်တာ။ ဆိုမသွားဘူး။
အဲဒီသီချင်းသာ အနားမှာ တခေါက်လောက် လာဆိုပြရင် မပြီးသေးတဲ့ ပန်းချီကားကို တထိုင်တည်း အပြီး ဆက်ဆွဲပစ်လိုက်မယ် တကယ်။

ပွဲသိမ်းခါနီးမှာ အငဲပြောသလား လေးဖြူပြောသလားမသိ။
ခင်ဗျားတို့ဆီမှာက ဝအောင်မဆိုရပါဘူးဗျာ... တဲ့။

ခင်ဗျားတို့ဆီမှာ...ခင်ဗျားတို့ဆီမှာ...ခင်ဗျားတို့ဆီမှာ...

မြရဲ့လ ထဲက အကြောင်းအရာတခုကို သတိရမိတယ်။

မြသည် မြို့တော်ကြီးနဲ့ ပတ်သတ်သမျှ မကောင်းသည့်အရာများအကြောင်း ပြောလိုသည့်အခါတိုင်း မြို့တော်ကြီးကို ကျွန်တော်ပိုင်ဆိုင်သကဲ့သို့ စွပ်စွဲတတ်သည်။
အစ်ကိုတို့မြို့ကြီး... တဲ့။

***
မမချစ်ကြည်နဲ့ တွေ့တယ်။ မြိုးနဲ့ တွေ့တယ်။
ပိတ်ပိတ်က ကင်မရာတွေ့တိုင်း လန့်နေတယ်။ (သူ ခိုးလုပ်တာ လူမိမှာစိုးလို့)
ညီမလေးတယောက်ယူလာတဲ့ ပဲပြားအဆာသွပ် အရမ်းကောင်းတယ်။ (သူများလုပ်တာဆို အကုန်ကောင်းတာချည်းပဲ)
စတိတ်နောက်ခံမှာ စပွန်ဆာနာမည်ထည့်တာ ပို ပေါ်နေတယ်။ IC show လား One Tea show လား ဖြစ်နေတယ်။

6~10 ကြေညာပေမယ့် 6:30~10:30 ဖြစ်တယ်။ 11 နာရီ လောလောဆယ်နေတဲ့ mrt ကို ရောက်တယ်။ taxi stand မှာ လူတွေ များတယ်။ on call ခေါ်နေကြတယ်။ အနည်းဆုံး မိနစ် 20 လောက် စိတ်ရှည်လက်ရှည် ဆက်ပြီးမှ comfort ကို ဝင်တယ်။ ဝင်ပြီးတဲ့နောက်တော့ ဘယ်လောက်မှ မကြာပါဘူး။ ကားရောက်လာတယ်။ အိမ်ပြန်ရောက်တော့ 12 နာရီ။ အင်း အိမ်ရှင်ရိုက်တာတော့ ခံရတော့မှာပဲ။

12 နာရီကျော်မှ ရေချိုးပြီး အိပ်လိုက်တာ အိပ်မက်ဆိုးတွေ မက်တယ်။ (အိပ်မက်ထဲမှာ နေပါဦး။ ခဏလောက် စောင့်ပါဦး လို့ ပြောချင်မိတယ်။ ပြောလို့မရဘူး)

***
ဒီလို အပျော်အပါးတွေ စိတ်မဝင်စားတော့ပါဘူး။ အဖော်ကောင်းလို့သာ။ သီချင်းသစ်တွေ ဘာမှ မရတော့ဘူးဆိုတဲ့နောက်တော့ ကိုယ့်အခြေအနေ ကိုယ်သိသင့်ပြီ။

***
(စာကြွင်း။
မေ့လို့။ မြရဲ့လ စာသားတွေရဲ့နောက်မှာ "အို ဘုရားရေ ကျွန်မ ရင်တွေ ခုန်လိုက်တာ" ဆိုတာလေး ထည့်ဖတ်လိုက်နော်။ တဆက်တည်း ယောက်ပြားသံကြီးပါ ကြားယောင်လိုက်ပါဦး။)

Thursday, December 16, 2010

Sweet December! 16th December!


(၁)

အချိန်တချို့ကို လက်ချိုးရေမိတယ်။
'98 မှာ အသက် 18 နှစ်။ 2010 မှာ 30။
12 နှစ်ကြာတဲ့ အချိန်တွေ... ကျန်နေခဲ့ပြီဆိုတော့လည်း ဖျတ်ခနဲပဲ။

ကျောင်းတုန်းကတော့ တတွဲတွဲနေခဲ့တာ မဟုတ်ပါဘူး။ ဒီမှာလည်း တတွဲတွဲ မနေဖြစ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ အနီးဆုံးရှိပါတယ်။ တခုခုဆို ကောင်းတာကြုံကြုံ ဆိုးတာကြုံကြုံ သတိတရတွေးမိ တိုင်ပင်မိ နားညည်းအောင်အနှောင့်အယှက်ပေးမိတတ်တယ်။

ကျောင်းတုန်းကတော့ သူက ဆရာကြီးပေါ့။ စာအမြဲ ရှင်းပြတတ်တယ်။ စာရှင်းလည်း ကောင်းပါတယ်။ (ကောင်းပင်ကောင်းသော်ငြား ဘာမှ မမှတ်မိတော့ဘူး)

ဒီရောက်ပြီး ရည်းစားနဲ့အခြေအတင်ဖြစ်တဲ့ ကိစ္စတခု ပြန်ပြောပြမိတဲ့တခါတုန်းက "နင်က မိန်းကလေးပဲ၊ အလျှော့ပေးလိုက်ပါ" လို့ နောက်သလိုလိုနဲ့ အတည်ပြောဖူးတယ်။ အဲဒီတုန်းက အူကြောင်ကြောင်ဖြစ်ပြီး "အချစ်၏နောက်ဆက်တွဲ..." ထဲက စကားတခွန်းကို ပြေးပြီး သတိရမိသေးတယ်။ အဲလိုကြီးပြောလိမ့်မယ် မထင်ထားတော့ အူတူတူ ဖြစ်သွားရာက"ငါသာ နင့်ညီမဆို နင် ဒီလို ပြောမလား" ဘာလားနဲ့ ထအော်မိတယ်။ "ငါ့ညီမသာဆို နင့်ကို ငါကိုယ်တိုင်တောင် အိမ်တိုင်ရာရောက် လိုက်ပို့လိုက်ဦးမယ်" တဲ့။

"အဲဒီလိုလူတစ်ယောက်နဲ့ ပတ်သတ်တယ်ဆိုရာမှာ တော်တော်ကို သည်းညည်းခံနိုင်မှဖြစ်မှာ .... ရဲ့" လို့ မှတ်လောက်သားလောက်တဲ့ လက်ချာပေးဖူးတယ်။

ဘုရား ဘုရား။ နောက် ဘယ်တော့မှ ယောက်ျားလေးသူငယ်ချင်းတယောက်ကို ဒီအကြောင်းတွေ မပြောတော့ဘူး တွေးမိတယ်။ (ဒါပေမဲ့ မနေနိုင်ပါဘူး)

အဲဒါတွေ ပြောခဲ့ဆိုခဲ့တုန်းက အမှတ်တမဲ့ပါပဲ။ နောက်ပိုင်း ပြန်သတိရနေတတ်တယ်။ သတိရတိုင်းလည်း ရီချင်တယ်။

မနှစ်ကတော့ သူ့မွေးနေ့အပြီးမှာ အတော်ကို စိတ်အခန့်မသင့်စရာတခု ဖြစ်ခဲ့တယ်။ သူပြောတဲ့စကားကို အတော်မကျေမနပ်ဖြစ်ပြီး "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိတယ်။ "ဘယ်တော့မှ ဒင်းကို ဂရုမစိုက်တော့ဘူး" တွေးမိတယ်။ ဒါပေမဲ့ ၃/၄ ရက်ရှိတော့ တော်တော် စိတ်ပြေလာပြီ။ christmas ရောက်တော့ နေ့လည်ဘက်မှာ သူများပို့ပေးတဲ့ fwd msg လေး ဖုန်းနဲ့ လှမ်းပို့မိတယ်။

အဲဒီချိန် သူ အလုပ်သစ် ပြောင်းကာစ။ အလုပ်ထဲမှာ ညလုံးပေါက် မအိပ်ရသေး၊ စားတောင် မစားရသေးဘဲ ခုမှ အိမ်ပြန်နေတယ် လို့ reply ပြန်လာတော့ ဖုန်းခေါ်ပြီး "ဘာလို့ မစားတာလဲဟဲ့။ ကေအက်ဖ်စီ မက်ဒေါ်နယ် မှာစားကြပါလား" ပြောမိတယ်။ "သင်္ဘောပေါ်ကို ဘယ် ကေအက်ဖ်စီ မက်ဒေါ်နယ်က လာပို့မှာလဲဟ" လို့ ပြန်ပြောတယ်။ (တချို့သင်္ဘောတွေ ကျွေးပေမယ့် တချို့သင်္ဘောတွေ မကျွေးဘူး။ အဲဒီနေ့ကလည်း ချော့ကလက်တွေ ဘာတွေတော့ ကျွေးထားတယ် ဆိုလား ပြောပါတယ်)။

ကြည့်စမ်း။ နိုင်ငံခြားရောက်နေပြီး၊ ဒေါ်လာတွေလည်း စားနေပြီး၊ သူများထက်လည်း လခတွေများသေး၊ အိမ်တိုင်ရာရောက် မှာစားလို့ရတဲ့ service တွေ ရှိတဲ့နိုင်ငံမှာ...
သူတော်ကောင်းကို ပစ်မှားတာများ... တယ် ကြောက်စရာကောင်း...

တော်တော့်ကို ဝမ်းသာသွားမိတယ်။ တကယ်ပြောတာ။ ငါ့ကို ပြောထားတဲ့ ဒင်း ခုတော့ ထိပြီဆိုပြီး ပျော်လိုက်တာ။ အဲဒါကိုလည်း စိတ်ထဲ မထားဘူး။ ထုတ်ပြောလိုက်သေးတယ်။ "နင် ငါ့ကို တခုခု ပြောပြီးရင် အဲလိုထိတာ ၂ ခါ ရှိပြီ" လို့။


ပထမတခါလည်း အဲလိုပဲ။ ကိုယ့်ကို ပြောချင်တာတွေပြောပြီး သိပ်မကြာဘူး။ သင်္ဘောပေါ်မှာ ညဉ့်နက်တဲ့ထိ အလုပ်ရှုပ်၊ အလုပ်ပြီးတဲ့အချိန် ကမ်းပြန်မယ့်လှေ မမီလိုက်၊ နောက်တခေါက်ကို တနာရီကြာအောင် ပြန်စောင့်ရမယ် လို့ msg ပို့တော့ ဘုရားရှိခိုးနေရက်က ဝမ်းသာအားရနဲ့ "အဲဒါ ငါက ဘာလုပ်ပေးရမှာလဲ၊ နင် မစောင့်နိုင်ရင် ရေကူးလာပေါ့" လို့ ပြန်လိုက်တယ်။ "ငါ ခုထိ ထမင်းမစားရသေးဘူး" ပြောတော့ ဖုန်းကောက်ဆက်ပြီး "ဝမ်းသာလိုက်တာ နင် ငါ့ကို ပြောလို့ ဖြစ်တာ" နဲ့ ဝါးကူထိုးလိုက်မိတယ်။

မကျေမနပ်ဖြစ်တုန်းမှာ "ဒီလို လူမျိုးကို ဘာလို့များ ခင်မင်သံယောဇဉ်ရှိနေတာလဲ" လို့ တွေးမိပေမယ့် စိတ်ပြေသွားတော့လည်း "ဒီလို သူငယ်ချင်းမျိုးကို ဘာဖြစ်လို့များ ဒေါသတကြီး စိတ်ဆိုးမိပါလိမ့်" လို့ တွေးမိတယ်။ "နောက်ဆို သူ ဘာပြောပြော စိတ်မဆိုးဘဲ နေမယ်" လို့ တွေးမိတယ်။ ဒါပေမဲ့ အဲလိုတွေးတာ ဘယ်တော့မှ နောက်ဆုံးအကြိမ်ဖြစ်မှာ မဟုတ်မှန်းလည်း သိပါတယ်။

***
Bishan အိမ်မှာနေတုန်းက အလုပ်နဲ့ အိမ်လည်းဝေး၊ ဘလော့လည်း ဒီလောက် မရေးဖြစ်သေး၊ အိမ်မှာလည်း အိမ်ရှင်ထားခဲ့တဲ့ crt desktop တလုံးရှိတာမို့ ကိုယ်ပိုင် laptop ဝယ်ဖို့ဆိုတာ မစဉ်းစားခဲ့ဘူး။ AJ ကို ပြောင်းမယ့်အချိန်ကျတော့ ဘလော့ရေးတာလည်း နည်းနည်းအရှိန်ရ၊ အိမ်မှာကလည်း အရင်အိမ်လို ကွန်ပျူတာ မရှိတာမို့ ဝယ်ချင်လာတယ်။ အဟောင်းလဲ မဝယ်ချင်၊ လက်ထဲမှာလည်း ကွန်ပျူတာတလုံး ပက်ခနဲ ဝယ်ရလောက်အောင် ပိုက်ဆံမရှိ။ အဲဒီတော့ သူ ဝယ်ပေးမယ် ပြောပြီး၊ ချက်ချင်း မှာပေးတယ်။



အိမ်မပြောင်းခင်လေးတင် laptop တလုံး လက်ထဲရောက်လာပြီး၊ ဘလော့ကို အရှိန်မပျက် ရေးနိုင်သွားတယ် (ဒင်းကြောင့် ဒင်းကြောင့်)

နောက်မှ သူ့ကို ပိုက်ဆံ ဖြည်းဖြည်း ပြန်ပေးတယ်။ တကယ်တော့ laptop ကို မကြိုက်ပါဘူး။ အိမ်ပိုင် မရှိလို့၊ ရှိရင် desktop ပဲ ဝယ်ခိုင်းတယ်။ ဘာပဲဖြစ်ဖြစ် တချိန်မှာ အသစ်လိုချင်လို့ ဝယ်မိရင်တောင် ဒီစက်ကိုတော့ ပြန်မရောင်းဘဲထားမယ်လို့ တွေးမိတယ်။



အဲဒီအချိန်က ကိုယ့်မှာ ကွန်ပျူတာ အသစ်တလုံးဝယ်ဖို့ ပိုက်ဆံ အလုံအလောက် မရှိတာကို ပြန်တွေးလိုက်တိုင်း ကျေနပ်မိတယ်။ ပိုက်ဆံသာရှိရင် သူငယ်ချင်းက ကွန်ပျူတာဝယ်ပေးတယ်ဆိုတဲ့အဖြစ်ဟာ ကိုယ့်အတွက် ရှိလာမှာမဟုတ်ဘူး။ ဒီတော့ ခုလို ကြွားလို့ရမှာ မဟုတ်ဘူး။

အခြေအနေကို စိတ်ကြိုက်ပြန်ရွေးခွင့် ရမယ်ဆိုရင်တောင် လက်ထဲမှာ လိုချင်တာ ဝယ်ဖို့ ပိုက်ဆံရှိတာနဲ့ မရှိတာမှာ အဲဒီအခိုက်အတန့်အတွက် မရှိတာကိုပဲ သေသေချာချာ မလွဲမသွေ ရွေးပါမယ်။

အဲဒီစက် ဝယ်ဖြစ်တာလည်း ဒီလိုချိန်မှာပေါ့။ ဒီဇင်ဘာလကြီး။ သူ မြန်မာပြည် မပြန်ခင်လေးမှာ မှာပေးသွားတာ။ နောက် တပတ်ဆယ်ရက်ရှိတော့ ရောက်လာတယ်။ အဲဒီတုန်းက သူ့မွေးနေ့ဆုတောင်းကို ဘလော့မှာ ဖားပြီး တင်ပေးလိုက်သေးတယ်။ အဲဒါ ပထမဦးဆုံးအကြိမ်။

ဒုတိယအကြိမ်တုန်းကတော့ သူ တင်းသွားသေးတယ်။ ဥ နဲ့ ဉ ခွဲမသိဘူး ပြောမိလို့။ အဲဒီ ပို့စ်ကို အီးမေးလ်နဲ့ ပို့ပေးတော့မှ ဖတ်ပြီး "ငါ မြန်မာစာ အရမ်းတော်တာ" ဘာညာနဲ့ လာလုပ်သွားသေးတယ်။ "နင် ကျောင်းတုန်းက ငါ့ စာအုပ်ထဲမှာ နင့်နာမည်ကို ဉ နဲ့ မပေါင်းဘဲ ဥ နဲ့ ပေါင်းထားတယ်" လို့ ပြန်ငြင်းရသေးတယ်။

ပထမအကြိမ်တုန်းက schedule နဲ့ အချိန်ကိုက်ပြီး တင်ခဲ့တာ။ ဒီနှစ်တော့ ကြိုရေးဖို့ အချိန်မရလို့၊ ရုံးမှာ မအားတဲ့ကြားက မဖြစ်မနေရေးရတယ်။

"မင်္ဂလာ မွေးနေ့ပါ သူငယ်ချင်း"
"နင် တဖြည်းဖြည်း အိုလာပြီနော်"


*********************************************
(၂)

"ရေစက်ဆိုတာ အံ့သြစရာကောင်းသလား" မေးရင် "ကောင်းတာပေါ့" လို့ပဲ မဆိုင်းမတွ ပြန်ဖြေမိမယ်။

"မမြင်ဖူး မတွေ့ဖူးတဲ့ လူတစ်ယောက်ကို သူရေးတဲ့ စာကလေးဖတ်ပြီး နှစ်လိုခင်မင်နိုင်သလား" မေးရင် "ဒါပေါ့" လို့ပဲ ပြန်ဖြေမိမယ်။

သူ ငယ်ငယ်က ရှုပ်ခဲ့တဲ့အကြောင်းလေး ရေးထားတာ ဖတ်ပြီး ကိုယ့်စိတ်ထဲ သဘောတကျနဲ့ နှစ်လိုမိတယ်ဆိုတာ ပြန်တွေးရင် ကိုယ့်ဘာသာတောင် အံ့သြမိသေးတယ်။

(ကိုယ့်အတွေ့အကြုံအရတော့ ရီးစားများတဲ့လူတွေဟာ အတော်နှစ်လိုစရာကောင်းတယ်။ ချွင်းချက်တော့ ရှိမှာပါ။ အုံ့ပုန်းရှုပ်တဲ့ မလည်ရှုပ်တွေကို ဆိုလိုတာ မဟုတ်ပါဘူး။ ပေါ်ပေါ်တင်တင် ပွင့်ပွင့်လင်းလင်းများတဲ့လူတွေကို ပြောတာပါ။ ကိုယ့်အထုပ်လည်း ကိုယ်ဖြေရဲတယ်၊ အဲဒီအတွက် ဘယ်သူ ဘာထင်ထင် (ဘာအတင်းချချ) စိတ်ထဲမထည့်ဘူးဆိုတဲ့ လူတွေက (ကိုယ့်အတွက်) ပိုလို့ နှစ်လိုစရာကောင်းတယ်)


အော့ဖ်လိုင်း နဲ့ အွန်လိုင်းက ကိုယ် ချစ်ခင်နှစ်လိုတဲ့ လူနှစ်ယောက် မွေးနေ့တူနေတာလည်း ကျေနပ်စရာပါ။ (တခါတည်း ပေါင်းရေးလိုက်လို့ ရတာပေါ့)

"မင်္ဂလာ မွေးနေ့ပါ မမ"
"တချိန်ချိန်မှာတော့ မမနဲ့ လူချင်းတွေ့မှာပဲ လို့ စိတ်ထဲ ထင်နေတယ်"

***

Sunday, December 12, 2010

ယောက်မ

ယောက်မ
(ရေး - မြို့မငြိမ်း၊ ဆို - လေဘာတီ မမြရင်၊ မာမာအေး၊ ဖြူသီ)



ခြေဆင်း
(မကောင်းမြစ်တာ ကောင်းရာညွှန်ပါတဲ့ မိခင်

နားဝင်ငြိမ့်ညောင်း သံချိုလောင်းရင်
သံပြားကျောက်စောင်း ကျိုပျော့ပျောင်းသတဲ့ရှင်
ကိုယ့်သမီး ဆင်စီးမြင်းရံ ရွှေဘုံပေါ်စံစေချင်)

မျက်စေ့အောက်တွင် အမြဲမြင်ချင် အရိပ်တကြည့်ကြည့်နှင့် သမီးကိုပင်
မိခင်တိုင်းတွင် အရွယ်ကလေး ငယ်သေးတယ်ထင်
မောင့်အပေါ် ခင်မင်တွယ်တာ သနားမညှာ
မေတ္တာဧကန် သွေလှန်ဖေါက်ပြား ယောက်ျားတစ်ပါးမမြင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

အမေကတော့ သဘောတူပါတယ်ရှင်
ဒါပေမဲ့လည်း သူငယ်နှပ်စား ကလေးထင်
မေတ္တာရှိရင်းစွဲမို့ လွဲနိုင်ပါဘူးမောင်ရယ်
တကယ်ပင် မပယ်ချင် ယုံပါရှင်
သီးချိန် ပွင့်ချိန် မောင်ကပြောတော့
မိဘ သဘောတူတာ
မတူတာနှင့်စာရင် ပေါင်းဖို့ရန် ထင်သလောက်မလွယ်ပေဘူးရှင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

စတန့်မင်းသားတွေလို ဒိုင်ဗင်ထိုးဖို့မလို
ကားနှင့်ခိုးဖို့ လိုမယ် ပျိုမထင်
အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

ဂျာမဏီတွင် အရွယ်မနှောင်းစေချင်

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့

သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်
ပုဆိုး နှစ်ပတ်လောက်ရှိတဲ့အပြင်
ရုက္ခစိုးလည်း ငိုက်လျက်ပင်
သူ့တစ်ကိုယ်လုံး ပင့်ကူမြှေးဖုံး မြူလုံးဖုံတွေတင်
စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

download လုပ်ရန်။

***
မြို့မငြိမ်း သီချင်းတွေ နားထောင်မိရင် ပြုံးမနေဘဲကို မနေနိုင်ဘူး။
ဒီသီချင်း ငယ်ငယ်တည်းက ဟိုက ဒီက အိမ်က နားထောင်ဖူးပါတယ်။
ဒါပေမဲ့ စာသားတွေ သေချာ မသိခဲ့ဘူး။

"
အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်" ဆိုတာကလွဲရင် ဘာမှသေချာမသိဘူး။

ခုမှပဲ
post အဟောင်းတွေလာဖတ်မိတဲ့ တစ်ယောက် email ကနေ link ရော mp3 file ပါ ပို့ပေးတာမို့ တင်လိုက်ပါတယ်။

စာသားတွေ ပြန်မရိုက်ဖြစ်ပါဘူး။ သူပေးတဲ့ ဒီနေရာက ပဲ ယူပါတယ်။

စောင့်ရဦးမှပေါ့တဲ့ ကိုယ့်လူရယ်ရှင် အမေက ငယ်သေးတယ်တဲ့
သမီးချော လှသဇင် ယောက်မ မစီးပါရစေနဲ့ရှင်

ဆိုတာလေးတွေ
သူဘယ်လိုများ တွေးပြီး ရေးနိုင်ပါလိမ့်နော်။

အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ စုံကာဖက်လို့
လက်ဆက်နေသတဲ့ အလိုပြည့်ဖို့ ဟိုရွှေ့စို့ မောင်မယ်အတူပင်

ကိုဇက်တီတို့လိုပဲ။ သူလည်း လတ်တလောအဖြစ်အပျက်တွေ ဆွဲထည့်တတ်ပုံရတယ်။ ဒါပေမဲ့ တကယ့်ကို အံဝင်ခွင်ကျပါပဲ။

သူပြောတာလည်း ဟုတ်မှာပဲရှင်
ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်

ညောင်ပင်ကြီးကလည်းပဲ လင်ယူဦးမှပေါ့တဲ့
သူ့မှာ သားဆုပေးဖို့ စောင့်နေရတာ ကြာပြီထင်

ဒါမျိုးလေးတွေ ကြားမိရင် အဲဒါ မြို့မငြိမ်းလို့ ပြောစရာမလိုတဲ့ သင်္ကေတ တစ်ခုလိုပဲ။
"သူ (အမေ) ပြောတာလည်း ဟုတ်မှာပဲရှင်" ဆိုတာရဲ့ နောက်မှာ အမေပြောစကားကို ထောက်ခံသလိုလိုနဲ့ နောက်က ထည့်လိုက်တဲ့ "ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင်" ငေါ့လုံးကလေးကို နားထောင်ရတော့ တကယ်လို့များ သီချင်းရေးစားဖို့ စိတ်ကူးမိပြီး၊ ဒီစာသားတွေ နားထောင်မိရင် ရှေ့ဆက်ဖို့ တွန့်သွားတော့မှာပဲလို့ တွေးမိပြန်တယ်။

"ဟိုယခင် ချစ်စတုန်းက စာပေး ပေးတဲ့
မိခွေးလေးတောင်ပင် လင်နဲ့ပြေး ကလေးနှစ်ဒါဇင် " ဆိုတာ... ချစ်သူကလည်း ပူဆာနေပြီ၊ သူကလည်း ပါနေပြီမှာ အမေက ငယ်သေးတယ်ဆိုလို့ စောင့်ပါဦးပြောနေတဲ့ မိန်းကလေးရဲ့ အတွင်းက မကျေနပ်စိတ်ကလေးများလား တွေးမိတယ်။

အမေ့ကိုပင် ကျွန်မတို့အရွယ် မငယ်ပါဘူးလို့
နှူးရဦးမယ်ရှင့်

***
သီချင်း နဲ့ စာသားအတွက် link ပို့ပေးတဲ့ စာဖတ်သူကို ကျေးဇူးတင်ပါတယ်။


***

Thursday, December 9, 2010

ရေအိုး

((KOM said: သောက်ရေအိုးပေါ်zif ခုထိုင်တာတော့မကောင်းပါဘူး နိုင်ငံခြားသားများက မေးခဲ့ရင်ဘယ်လိုရှင်းပြရမလဲ။။ ထွင်တာကတော့ထွင်ကြပါ. ဒါပေမဲ့ မြန်မာရိုးရာကို ထိပါးသလိုဘဲခံစားရပါတယ်။ အဲဒီထဲကရေက အမွန်တမြတတ်နဲ့ထားပြီးခတ်သောက်ရတဲ့ရေပါ။ ကြည့်လုပ်ကြပါဦး ပုံ ကြီးတော်ကြီး.))

***
နည်းနည်းဝင်ပြီး လျှာရှည်ပါရစေ။ =D

နေ့လည်က စီဘောက်မှာ တယောက်ပြောသွားသလိုပဲ။ ရေလောင်းအိမ်သာထဲမှာ ထည့်တာလည်း ဒီလိုအိုးမျိုးပါပဲ။ အရင်ကဆို နယ်တွေမှာ ထမင်းရည်ငှဲ့ချက်တော့... အဲလိုအိုးဟောင်းထဲမှာ ထမင်းရည်ကို ထည့်၊ ဝက်မွေးတဲ့လူတွေက လာသယ်တတ်တယ်။

နိုင်ငံခြားသားကတော့ ဘာမှ တွေးမယ်မထင်ပါဘူး။ ယေဘုယျ အသုံးအဆောင်ပစ္စည်းတစ်ခုကို အမွန်အမြတ်ဆိုတဲ့ စကားလုံးနဲ့ တွဲပြောမှသာ နားရှုပ်သွားရင်သွားမှာ။

ဒီလိုပါပဲ။ သစ်သားကနေ တံတားခင်းတော့ နင်းလျှောက်၊ ဆင်းတုတော်ထုတော့ ထိုင်ရှိခိုး။
အိုးထဲ သောက်ရေထည့်တော့ ခပ်သောက်၊ ထမင်းရည်ထည့်တော့ ဝက်စာ၊ အိမ်သာရေထည့်တော့ အိမ်သာရေအိုးပါပဲ။ တက်ထိုင်တော့ ထိုင်ခုံဖြစ်ရော။

အဲဒီပုံကို ကြည့်တာ ဘာဖီလင်ရလဲဆို တစ်ခုပဲ။
အောက်က အိုးများ မတော်လို့ ကွဲသွားရင် ဒုက္ခ။ =D

Ref: http://www.facebook.com/photo.php?fbid=472462599554&set=a.472458389554.261028.780329554

***

Friday, December 3, 2010

ထိခိုက်လာသော စကားလုံးများ




"... တစ်ယောက်ကို တစ်ယောက် အကဲခတ်ရင်း ကြည့်နေကြသည်။ အကြည့်ချင်းဆုံနေကြသည့် မျက်လုံးတွေကို နှစ်ယောက်စလုံးက မခွာနိုင်ဘဲ ရှိကြလေသည်။ သည်တဒင်္ဂသည်ပင် မအိမ်ကံ၏ ဘဝတွင် အရိပ်များစွာ ထိုးခဲ့ပါ၏။ ဘဝ ဘဝက ပြုခဲ့ဖူးကြသော မေတ္တာပါရမီသည် ထိုခဏအတွင်း၌ပင် ဝင်းကနဲ ပြက်လိုက်သော လျှပ်စီးကဲ့သို့ ရှိလေပြီ။...
ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသကဲ့သို့ မျက်လွှာမချစတမ်း ရှိခဲ့ကြ၏။"

(ခင်ခင်ထူး ရဲ့ မအိမ်ကံ)

Bishan မှာနေတုန်း blog တောင် စမရေးခင်မှာ ရွှေအမြုတေ ဖတ်ဖြစ်တုန်းကပေါ့။

အစကတည်းက မီပေမယ့် အခန်းဆက်ကို မျှော်တလင့်လင့် မလုပ်ချင်တာနဲ့ စ မဖတ်ဖြစ်ဘူး။ ဒါပေမဲ့ တစ်လပြီး တစ်လ ဝယ်မိရင်းနဲ့ လနည်းနည်းကျော်ပြီးမှ အမြည်းဖတ်မိတယ်။ နောက်ထပ် ၃ ပိုင်းလောက်ထိ ဖတ်ပြီး စာအုပ်လည်း ဆက်မဝယ်ဖြစ်တော့ပါဘူး။

အထက်က စာပိုဒ်က မအိမ်ကံ နဲ့ ကျောင်းဆရာလေး ကိုပြေသိမ်း စတွေ့တဲ့ အခန်းကို ဖွဲ့ထားတဲ့ အဖွဲ့ပေါ့။ 2001 လောက်က စလို့ ခံစားချက်နဲ့ ယှဉ်ပြီး၊ စာရော ကဗျာရော မရေးဖြစ်တော့တာဆိုတော့ ၇ နှစ်လောက်တောင် အဆက်ပြတ်နေပြီ ပြောလို့ရတယ်။ စိတ်ထဲမှာလည်း ကိုယ့်ဘာသာ ဒါမျိုးတွေ ပြန်ရေးဖို့ စိတ်မဝင်စားတော့ဘူးလို့ ထင်နေမိတယ်။

အဲဒီအခန်းလေးကို ဖတ်ရတော့ စိတ်ထဲကို ထိထိခိုက်ခိုက်ရောက်သွားပြီး စာပြန်ရေးချင်စိတ်နဲ့ ရင်တောင်ခုန်လာသလို။

"
ဘဝတစ်ရာ နှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသလို" ဆိုတာကို မကြာခဏ သတိရမိတယ်။

နောက် အခန်းဆက်ရေးဖြစ်တော့ အဲဒီစာသားလေး ဖတ်ရတုန်းက emotion ကို ပြန်သတိရပြီး အခန်းတခန်း ထည့်ရေးမိတယ်။ ဇာတ်ကောင်နှစ်ယောက် စတွေ့တဲ့ အခန်းမှာ။

***
တခါတခါ ဘာမှဟုတ်တဲ့ အကွက်လေးတွေက မိမိရရ ထိခိုက်လာတာ ရှိတယ်။ အဲဒီအခါ အချိန်တွေ အကြာကြီး မေ့မသွားဘဲ ပြန်ပြန်သတိရပြီး၊ စိတ်ထဲစွဲနေတော့တယ်။

"
ဘာဖြစ်မှန်းတစ်ကယ်ကိုယ်မသိခဲ့ပါဘူး. ကြာလာတော့စိတ်ထိခိုက်လာတယ်။ ဘာဖြစ်တာလဲ။ ဘာသဘောလဲ .တစ်ကယ်နားမလည်နိုင်ပါဘူး. မှတ်မှတ်ရရ..ကျောင်းစာသင်ခန်း theater ထဲက စားပွဲခုံတစ်ခုမှ မှောက်ပြီး တော်တော်ကြာအောင်ငြိမ်သက်ဝမ်းနည်းဘူးခဲ့တယ်။ နားမလည်နိုင်လွန်းလို့။"

အဲဒီ အကွက်ကလေးကိုလည်း ဖတ်ပြီးကတည်းက ခဏခဏ သတိရမိအောင် စွဲနေတယ်။ မိန်းကလေးတစ်ယောက်ရဲ့
ဘာမှ မတတ်သာဘဲ လက်လျော့လိုက်ရတဲ့ အားမလိုအားမရ ခံစားမှုကို အဲဒီ တကွက်တည်းကနေ ဖောက်ထွင်းပြီး မြင်ယောင်လိုက်မိလို့။

***
နောက် ခုလောလောဆယ်
Boku No Imoto ဆိုတဲ့ ဂျပန်ကားတစ်ကားကြည့်မိတော့ (ကား သိပ်မကောင်း) ပြကွက်ကလေးတချို့က လာထိတယ်။

အစ်ကိုဖြစ်သူ surgeon ကို ညီမကလေးက "ငယ်ငယ်တုန်းကပေါ့..." "ဟိုးတုန်းကပေါ့..." "အဲဒီတုန်းကဆိုရင်လေ..." ဆိုပြီး အကြောင်းအရာတခုခုကို ပြန်ပြန်ပြောတဲ့ အခန်းတချို့ပါတယ်။

အဝေးမှာရောက်နေတုန်း (ကိုယ်တိုင်လည်း အဝေးမှာ၊ ကိုယ်နဲ့ သိကျွမ်းပတ်သတ်ခဲ့သူတွေလည်း သိကျွမ်းခဲ့ကြတဲ့ နေရာဌာနတွေနဲ့ အဝေးမှာ) ဆိုတော့ ဟိုးတုန်းကလို့ အစချီပြီး လွမ်းလို့ကောင်း၊ ပြောလို့ကောင်းနေချိန်မှာ ကြည့်မိတော့ အဲဒီလိုပုံစံမျိုးနဲ့ စာပြန်ရေးချင်လိုက်တာလို့ ဖြစ်မိတယ်။

***
တခါတခါ စွဲမိတာတွေက ဘယ်ကဆိုတာ မှတ်မိပြီး သိနေရင်တော့ ကောင်းပါရဲ့။
တခါတခါကျ စိတ်ထဲမှာ စွဲနေတာတွေကို ကိုယ့်ဟာလို အထင်ရောက်ပြီး ထည့်သုံးမိတာ ရှိသေးတယ်။

ခုပဲ ဝိုင်ဝိုင်းသီချင်း နားထောင်ရင်းနဲ့ ဖျတ်ခနဲ ကြားမိတယ်။

***
အဲလိုပဲ ပြီးခဲ့တဲ့ အပိုင်းဟောင်းတွေထဲမှာ ဝင်းဝင်းလတ် "အချစ်၏နောက်ဆက်တွဲ စာမျက်နှာ" ထဲက စကားတလုံး ပါသွားဖူးသေးတယ်။

"လတ်တလောရထားသော ဘဝပေး အသိဖြင့် ကိုယ့် နားထဲတွင် အချက်ပေး ခေါင်းလောင်းသံများ မြည်လာခဲ့၏။" ဆိုတာ...

အကုန်လုံး မတူပေမယ့် အဲဒီသဘောမျိုးပါပဲ။

***
emotion တွေ ထိခိုက် ကူးစက်ပြီး စာရေးဖြစ်ရတာမှာ အရသာတမျိုးရှိတယ်။

***
photo from here

Wednesday, December 1, 2010

မောင်, ကိုကို နှင့် မရီတာ (၁၅)




ပြန်တွေ့ရမယ်ဆိုတဲ့ အသိစိတ်က တုန်လှုပ်စေနိုင်စွမ်းသည်။ ထင်ထင်ရှားရှား မက်ခဲ့ဖူးတဲ့ အိပ်မက်ထဲကို လက်တွေ့ ပြန်ဝင်ကြည့်ရသလိုပဲ။ အရာရာ ရင်းနှီးခဲ့ပြီးဖြစ်သော်လည်း စိတ်မှာ ကင်းကွာလစ်ဟာလျက်ရှိသည် ထင်သည်။ ကိုယ် ရှောင်လွှဲချင်ခဲ့တဲ့ အတိတ်ကို ခု ပြန်ကြည့်ရလိမ့်မည်။

ချိုမြိန်ချောမွေ့နေလျှင် ဖျတ်ခနဲလို ကုန်လွန်တတ်သော အချိန်တို့သည် ခါးသီးခက်ခဲသည့်အခါ တွန့်ဆုတ်စွာ ကုန်ခဲလွန်းလှသည်။ ကိုကိုတို့ ကျောင်းပြီးချိန်နှင့် ကိုယ့် ကျောင်းပြီးချိန်သည် ဘယ်လောက်မှ မကွာခြားလိုက်။ အဲဒီကတည်းက ကိုကိုနှင့် အဆက်အသွယ်မရတော့။ ကိုကို့အကြောင်းကို သိလိုလျှင် ချယ်ရီ့ကို လှမ်းမေးရသည်။ ကိုဇေကတော့ ချယ်ရီ့ဆီ ဖုန်းဆက်လို့ သူကိုင်မိခဲ့လျှင်တောင် ကိုယ့်ကို လောကွတ်စကားမဆို။ ကိုဇေဟာ ကိုယ့်ကို မိတ်ဆွေတစ်ယောက်လို ပြန်မဆက်ဆံတော့ခြင်းအားဖြင့် သူ့သူငယ်ချင်းကိုယ်စား ဘယ်တော့မှ ခွင့်မလွှတ်ဘူးဆိုတာ သိစေခဲ့သည်။

ခုလည်း ကိုဇေ အတူပါမလာပါ။ နောက်ရက်တွေမှ သူတစ်ယောက်တည်း ဒါမှမဟုတ်၊ ချယ်ရီနဲ့ နှစ်ယောက်တည်း လာတွေ့လိမ့်မည်ထင်သည်။ ကိုယ်ပါသည့် စကားဝိုင်းတွေကို သူ အမြဲ ရှောင်ကွင်းနေခဲ့သည်။ ဒါပေမဲ့ ကိုယ့်ကို ကိုကိုနှင့် မဖြစ်မနေ တွေ့စေဖို့ ချယ်ရီ့ကို သေချာမှာလိုက်သည် ဆို၏။

"တွေ့ဖြစ်အောင် တွေ့ပါစေ။ နောက်မှ နောင်တရနေမှာစိုးလို့ပါ" တဲ့။

ကိုဇေသည် ကိုယ့်ကို စိတ်ကုန်နေသည့်တိုင်အောင်၊ လုံးဝ စေတနာမပျက်လှသေးဘူးပေါ့။

မျှော်လင့်မထားသမျှ အဖြစ်အပျက်တွေကို နောက်ပိုင်းမှာ နားလည်လက်ခံခဲ့ရသည်။ မိတ်ဆွေကောင်းတစ်ယောက်ကို မောင့်ကြောင့် ဆုံးရှုံးရသည်ဟု ကိုယ် မမှတ်ယူလိုပါ။ မောင့်အပေါ်ထားသော ချစ်ခြင်းအတွက် ကိုယ် စွန့်လွှတ်ခဲ့ရသော အရာတွေသာ ဖြစ်သည်။ အဲဒီအရာတွေထဲမှာ တန်ဖိုးအကြီးဆုံးကတော့ ကိုကို ပဲပေါ့။ ကိုယ့်ဘဝမှာ ချစ်ခင်တွယ်တာမိသူ၊ သံယောဇဉ်ထားရသူတို့ကို အလျော်အစား အလဲအထပ် လုပ်ခဲ့ရပေါင်းများလှပြီ။

ခုတခဏကိုသာ အာရုံစိုက်တတ်လျက် မေ့ပျောက်ဝေဝါးလွယ်သော ကိုယ့်စိတ်အာရုံတွင်လည်း သတိမရချင်တော့သော အတိတ်တွေနေရာမှာ ရင်ဆိုင်ဖို့ရာ ခဲယဉ်းသော လက်ရှိအချိန်တို့အကြောင်းသာ အစားထိုးဝင်ရောက်နေခဲ့သည်။

***
သို့သော်... ရုတ်တရက်

ကိုကို သွားတော့မယ် တဲ့။

"ကိုကို သွားတော့မယ်" လို့ ချယ်ရီ့ဆီက ကြားတော့ အဲဒီစကားလုံးရဲ့ အဓိပ္ပါယ်က ကိုယ့်ဦးနှောက်ဆီကို လျှပ်ပြက်သလို ဖျတ်ခနဲ ပြတ်ပြတ်သားသား ဝင်လာပြီးမှ ချက်ချင်း ပြန်လည် ပျောက်ကွယ်သွားသည်။ ပြီးတော့ အသိစိတ်တွေကို ဆွဲချည်ထားတဲ့ တစုံတရာ လျော့ပြေကျသွားသလိုပဲ။ ကိုယ် တခဏ လစ်ဟာ ပျောက်ဆုံးသွားခဲ့သည်။

"ကိုကို သွားတော့မယ်" ဆိုတဲ့ စကားလုံးကိုပဲ လိုက်ရွတ်ကြည့်မိသည်။ ဆိုလိုရင်းအဓိပ္ပါယ်က ကင်းကွာလွင့်မြောက်လျက်ရှိသော အသိစိတ်ကို ပြန်လည် ထိုးဖောက်လျက် မဝင်ရောက်နိုင်သေး။

ချယ်ရီက သူလာမယ့်အကြောင်း သူလာမယ့်အချိန်တို့ကို ဆက်တိုက်ပြောနေပြန်သည်။ နေပါဦး ချယ်ရီရဲ့။ ငါ့ကို သေချာပြောပြစမ်းပါဦးလို့ ကိုယ့်စိတ်ထဲက အသံထွက်နေသော်လည်း သူ့ကို တခွန်းမှ ခွန်းတုန့်ပြန်၍ မရ။ သေချာချိန်းဆိုပြီး သူ ဖုန်းချသွားသည်။

"ကိုကို သွားတော့မယ်"

ဒါ ကိုယ် သိပြီးသားပဲ။ ဖွင့်ပြောမထားဘဲ နားလည်နေတဲ့ အကြောင်းအရာတစ်ခုပဲ။ တနေ့ကျရင် ကိုကို ထွက်သွားမှာကို ဟိုးတုန်းကတည်းက ကိုယ် သိပြီးသားပဲဟု ကိုယ့်ဘာသာ ပြန်လည် ဆောက်တည်ကြည့်မိသည်။ ဒါပေမဲ့ တခါတခါကျ ဘဝမှာ ကြိုတင်မျှော်လင့်ပြီးသား အဖြစ်အပျက်တွေကို ရုတ်တရက် ရင်ဆိုင်ရသည့်အခါ ထင်သလောက်လည်း ခံနိုင်ရည်မရှိပြန်ပါ။ အသိစိတ်နဲ့ ခံစားမှုဟာ တကယ်တော့ တခြားစီပဲ။

***
လမ်းဆုံအဝိုင်းနေရာကို ဖြတ်တော့ နှစ်ကာလရှည်ကြာစွာ၊ အခါအခေါက်ပေါင်းများစွာ အသားကျနေခဲ့သော စိတ်က တစုံတရာကို အလိုလို အာရုံရလျက် ချယ်ရီ့ကို ရုတ်တရက် လှည့်ကြည့်မိသည်။

"ချယ်ရီ ဘာလို့ ကားမကွေ့တာလဲ" ဟု ကိုယ်ပြောမိတော့မလို ဖြစ်ရသည်။ ကားက ဒီတိုင်း ဖြတ်မောင်းလာခဲ့သည်။

ခုသွားနေတာ ကိုကိုတက်ခဲ့တဲ့ ကျောင်းကို မဟုတ်ဘူး။
ကျောင်းကို သွားစရာအကြောင်းလည်း မရှိတော့ဘူး။
ကိုကိုလည်း ကျောင်းမှာ မရှိတော့ဘူး။

အချိန်တွေ ဘယ်လောက်တောင် ကုန်ဆုံးသွားပါသလဲ။ မနေ့တနေ့ကလို ထင်မိဆဲ အဖြစ်တွေမှာ နှစ်ချီ၍ပင် ကျန်ရစ်ခဲ့သတဲ့။ လမ်းဆုံနေရာဟာ ပြောင်းလဲသွားပြီ။ ကိုကိုတို့ ကျောင်းတက်တုန်းက မြင်တွေ့နေကျ အဝိုင်းပင် မရှိတော့။ ကျောင်းရှိရာသို့ရောက်လျှင်လည်း မြင်ကွင်းတွေ ပြောင်းလဲကုန်မည် ထင်သည်။ ကိုကိုတို့ ကျောင်းတက်စဉ်ကလို နယ်ဆန်မှုတွေကို မတွေ့မြင်နိုင်တော့။

အားလုံး ပြီးခဲ့ပြီ။

***
နွေရာသီမို့ နေ့လည်ခင်းက နေပြင်းပြင်း ပူနေခဲ့သည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက်၊ ငြိမ်သက်လျက်။ ပူပြင်းတဲ့ ရာသီအောက်မှာ ငှက်အော်သံစူးစူးကလေးတွေကို ကြားတော့ နယ်မှာနေခဲ့သည့် ငယ်ဘဝကို သတိရပြန်သည်။ ကိုကိုနဲ့ တွေ့ရင် ဘာစကားတွေ ပြောရမလဲလို့ ကိုယ် တွေးမပူပါ။ ငယ်ကျွမ်းငယ်ဖော်ဆိုသူတွေမှာ မတွေ့မမြင်ရတဲ့ အချိန်ကာလတွေကြောင့် စကားစ ရှာမရဘူးဆိုတာမှ မရှိတာလေ။ ကိုကို့ကို ပြောစရာတွေ အများကြီး ရှိပါသည်။

ခြံထဲမှာရပ်ပြီး အိမ်ဘက်ဆီကို မော့ကြည့်မိတော့ ဘယ်သူ့အရိပ်အယောင်ကိုမှ မမြင်ပါ။ ဒါ ကျောင်းတုန်းတည်းက ကိုကို သွားနေကျအိမ်။ ကိုကို့ဖေဖေရဲ့အစ်ကို ကိုကို့ဘကြီးလင်မယား နေတဲ့အိမ်။ တခါမှ မရောက်ဖူးပေမယ့် ကိုကို့ပြောစကားတွေတဆင့် ကြားဖူးထားတဲ့အိမ်။ ခြံဝင်း ညာဘက်ထောင့်မှာ ဆိတ်ဖလူးပင်နဲ့ ဘယ်ဘက် အတွင်းနားမှာ တတိုင်းမွှေးပင်လေး ရှိတာကိုတောင် သိနေခဲ့တဲ့ အိမ်။

ကိုကိုနဲ့ ပတ်သတ်လို့ အလွတ်ရနေခဲ့တာတွေ ဘယ်လောက်တောင် များသလဲ။

အိမ်ပေါ်ထပ် လှေကားထစ်တွေကို တထစ်ချင်း တက်လာရင်း ကိုယ်လာမှာကို ကိုကို ကြိုသိနေခဲ့သလားဆိုတာ တွေးမိသည်။ ကိုကို့ကို ကြိုပြောထားသေးလားလို့ ချယ်ရီ့ကို မမေးခဲ့မိပါ။

ကိုယ်လာမှာ ကြိုသိခဲ့ရင် ဘယ်လို ခံစားမှုမျိုးနဲ့ စောင့်နေမှာလဲ၊
ကြိုမသိခဲ့ရင်ရော ဘယ်လို စိတ်နှလုံးမျိုးနဲ့ ကြိုဆိုမှာလဲ။
ကိုကိုက မတွေ့ချင်ဘူးဆိုရင်ရော ကိုယ် လာသင့်သလား၊
ကိုယ့်ကိုတွေ့လို့ ကိုကို စိတ်အနှောက်အယှက်ဖြစ်မယ်ဆိုရင်...

အတွေးတို့ မဆုံးခင်မှာပင် ကိုကို့ အပြုံးကို လှမ်းမြင်ရသည်။

လှေကားထိပ်မှာ ရပ်ရင်း စောင့်ကြိုနှုတ်ဆက်ဖို့ ပြုံးသည့် ကိုကို့အပြုံးက...
ဟိုး အရင်တုန်းကလိုပဲ။

အဆောင်ဧည့်ခန်းမှာ ထိုင်စောင့်နေသည့် ကိုယ့်ကို parlor ထဲ လှမ်းဝင်လာရင်း ပြုံးပြတတ်သည့် အပြုံးမျိုး...
ချိန်းထားသည့်နေရာသို့ ဘယ်သူက အရင်ရောက်ရောက် စတွေ့တွေ့ချင်း ပြုံးပြတတ်သည့် အပြုံးမျိုး...
ကိုကို့ကို ဘယ်လို စနှုတ်ဆက်ရမည်မသိ သတိမေ့နေသည့် ကိုယ့်ကို ခဏချင်းမှာ ကူးစက်သွားစေသည့် အပြုံးမျိုးပါပဲ။

ကိုယ်လာမှာကို ကိုကို ကြိုသိနေခဲ့သလား၊ မသိခဲ့ဘူးလား ဟု မေးစရာ မလိုတော့ပါ။ နှစ်ယောက်ကြားမှာ ဝေးကွာနေသည့် အချိန်ကာလနှင့် အဖြစ်အပျက်တွေ မရှိခဲ့ဘူးဟုပင် ရုတ်တရက် ထင်မှတ်ရပါသည်။

***
ကိုကို့ကို နှုတ်ဆက်ပြီး ချယ်ရီ အောက်ဆင်းသွားတော့ နှစ်ယောက်တည်း ကျန်ရစ်သည်။ အပေါ်ထပ် ကြမ်းပြင်ကျယ်တွင် ကိုကို့ ပြင်ဆင်ဆဲ ခရီးဆောင်အိတ်တွေနှင့် ပစ္စည်းတချို့ ရှိနေသည်။

"ကိုကိုနဲ့ မတွေ့ရတာ ကြာလှပြီ"

ကိုကို့ကို မော့ကြည့်ရင်း ပြောမိသည်။

"ဆရာဝန်ကြီးနဲ့ ပိုပြီး တူလာပြီ"

ကိုကိုက အသာအယာ ပြုံးရယ်လျက် "ဆရာဝန်ကြီးပဲဟာ" ဟု ကိုယ့်ကို ထိုင်စရာနေရာ ညွှန်ပြပေးရင်း ဆိုသည်။ ကိုကို့ကို ကြည့်ရတာ ကျောင်းတုန်းကထက် အနည်းငယ်ပိုပြီး ပြည့်လာတဲ့ အသွင်အပြင်ဖြင့် ကြည်လင်စွာပင် ငြိမ်သက်နေသည်။ လောကမှာ အသုံးဝင် တန်ဖိုးရှိလျက်၊ ဘဝကို ကျေနပ်နိုင်သူတစ်ယောက်ရဲ့ ဟန်ပန်မျိုးကို ကိုကို့မျက်နှာပေါ်မှာ မြင်ရတော့ ကိုယ်လည်း စိတ်လွတ်လပ်စွာ ကျေနပ်မိပါသည်။

အသိုင်းအဝိုင်းစိတ် အပြည့်အဝရှိသူ ကိုကိုက ကိုယ့်အိမ်က လူကြီးတွေရဲ့သတင်းကို သတိတရ မေးသေးသည်။

"ညီမလေး အရပ်ပိုမြင့်လာသလိုပဲ။ ပိန်သွားလို့ထင်တယ်"

"အင်း ဟုတ်တယ် ကိုကို၊ အလုပ်ဝင်ပြီးတဲ့နောက်မှာ ဝမလာတော့ဘူး" ကိုကို ကမ်းပေးတဲ့ အအေးဖန်ခွက်ကို လှမ်းယူရင်းပြောတော့ ကိုကိုက "ဝိတ်လျှော့နေတာလား" ဟုမေးသည်။

"ကြံကြံဖန်ဖန် ကိုကိုရယ်။ ရီက ဝိတ်လျှော့ပါ့မလား"

ကိုကိုက အဖြေစကားကို ရယ်မောရင်း တခုခုကို သတိရဟန်ဖြင့် "ကော်ဖီ သောက်ချင်သလား" ဟု မေးသည်။

"ဟင့်အင်း ကိုကို။ နေ့လည်ဘက် ကော်ဖီ မသောက်တော့ဘူး။ ရီ ပိန်တာ ကော်ဖီကြောင့်လို့ သူ ထင်နေတာနဲ့..."

ကိုယ့်စကားက တဝက်နှင့်ရပ်သွားပြီး ကိုယ့်ကိုကိုယ်သာ ကျိတ်၍ ကျိန်ဆဲမိတော့သည်။ မလိုအပ်ဘဲနဲ့ ဘာလို့များ မောင့်အကြောင်း ထည့်ပြောမိရပါသလဲ။ စိတ်ထဲရှိသလို စကားပြောကျင့်ကို အလုပ်ထဲဝင်ပြီးကတည်းက အောင်အောင်မြင်မြင် ထိန်းထားနိုင်ခဲ့ပြီ ထင်ခဲ့တာ။

ကိုကိုကတော့ ဘာမှအရေးမကြီးသလိုပင် "အိုကေ" ဟု ပြောပြီး ကော်ဖီဖျော်မည့် အစီအစဉ်ကို ရုတ်သိမ်းလိုက်သည်။ ကျောင်းတုန်းက ကော်ဖီတွေ သိပ်မသောက်နဲ့လို့ ကိုကိုပြောတော့ နားမထောင်ခဲ့တာ သတိရမိပြန်သည်။

"ကိုကို အားလုံး အဆင်ပြေတယ်မို့လားဟင်။ ရီ ဘာလုပ်ပေးရဦးမလဲ"

"မရှိတော့ပါဘူး။ အားလုံးပြီးကုန်ပြီ။ လေယာဉ်ပေါ်တက်ဖို့ပဲ ကျန်တော့တယ်"

တချိန်ကတော့ အတူတူ ဒါမှမဟုတ်လည်း အချိန်အနည်းငယ်ခြား၍ တလမ်းတည်းသွားဖို့ စိတ်ကူးယဉ်ခဲ့ကြဖူးသည့် ခရီးစဉ်...။ ခုတော့ ကိုကိုတစ်ယောက်တည်းသာ သွားလိမ့်မည်။ ကိုယ်က ဘာမှမသက်ဆိုင်သလို ကျန်ရစ်ခဲ့မည်။

ဟိုအရင်ကတော့ ခုလို တလမ်းစီ သွားဖြစ်ကြလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူးနော်။

ဒါဟာ ကိုယ်ရွေးချယ်ခဲ့သည့် လမ်းပါပဲ။ နောင်တရသလား မေးလာရင်တော့ ကိုယ် ငြင်းမိမည်။

"ညီမလေး တစ်ယောက်တည်း ပါလာမယ် မထင်ဘူး"

"သူ မရှိဘူး ကိုကို။ အလုပ်နဲ့ ခရီးထွက်နေရတယ်"

မောင် ​ ရှိနေချိန်ဖြစ်လျှင် လာတွေ့နိုင်မယ် ဟုတ် မဟုတ် ကိုယ်တိုင်လည်း မသေချာပါ။ ခုချိန်ထိ မောင့်ဆုံးဖြတ်ချက်တွေကို ကိုယ် သေချာမခန့်မှန်းနိုင်သေး။

ကိုကိုက ပစ္စည်းတချို့ကို luggage ထဲ စီစဉ်ထည့်သွင်းရင်း၊ ကိုယ်ကတော့ အနီးနားက ဆက်တီပေါ်တွင်ထိုင်ပြီး ကိုကို့ကို ငေးကြည့်လျက်။ ဘာလုပ်ပေးရမလဲ မေးတော့ ကိုကိုက မလုပ်ပါနဲ့ ဆိုသည်။

စားပွဲပေါ်က ကိုကိုယူသွားမည့် စာရွက်စာတမ်းတွေကြားမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကိုကို့အင်တာဗျူးပါသည့် ပညာရေးစာစောင်တစ်ခုကို တွေ့ရတော့ လက်ညှိုးဖြင့် အသာတို့ထိကြည့်ရင်း ကိုယ့်ဘာသာ မသိလိုက်ခင်မှာပင် ပြုံးမိသည်။

"ကိုကို ဒါယူသွားမလို့လားဟင်"
ဟု ကိုယ်မေးတော့ ကိုကိုက လှမ်းကြည့်ရင်း ပြုံးရယ်ခေါင်းညိမ့်ပြ၏။

ပြီးတော့ ကိုယ့်ကို "အဲဒီထဲမှာ ဘာအကြောင်းပါလဲ သိလား" ဟု စာသင်စဉ်က ဉာဏ်စမ်းမေးသလို ဆိုသည်။ (အဲဒီစာစောင်ကလေးဟာ အဲဒီအချိန်ကတည်းက ကိုယ့်ဆီမှာ နောက်တအုပ်ရှိနေတာ၊ မကြာခဏပြန်ဖတ်ဖြစ်လို့ အဲဒီအင်တာဗျူး အမေးအဖြေတွေကို အလွတ်တောင် ရနေတာ၊ ခုချိန်ထိ ကိုကို့ရဲ့ လက်ရေးစာစီစာကုံးစာအုပ်တွေနဲ့အတူ ကိုယ့်စာအုပ်ဗီရိုထဲမှာ သေချာသိမ်းထားတုန်းပဲဆိုတာ ကိုကို မတွေးမိဘူးထင်ပါရဲ့။) ရုတ်တရက် ငယ်စိတ်ဝင်ကာ မခံချင်ဟန်ဖြင့် ကိုယ် ပြန်ဖြေမိသည်။

"သိပါတယ်။ ကိုကို့အင်တာဗျူးလေ။ Industrialist လုပ်မယ်လို့ ဖြေခဲ့တဲ့ ကိုကို့အင်တာဗျူး"

ကိုကိုက ကိုယ့်ပုံစံကို ကြည့်လျက် အသံထွက်၍ပင် ရယ်မောနေလေသည်။ ထို့နောက် နှစ်ယောက်ကြားမှာ ခေတ္တ တိတ်ဆိတ်သွားပြန်သည်။

ငယ်ဘဝကို မြင်ယောင်သတိရရင်း ကိုကို ဆေးကျောင်းပဲတက်မယ်ဆိုတုန်းက မကျေနပ်သည့် စိတ်အခံနှင့် ခဏခဏ ပြောဖူးသည့် စကားလုံးအား သတိတရ ပြန်ရေရွတ်မိသည်။

"ကိုကိုက ညာတယ်"

ကိုယ့်ကို စကားမပြန်ဘဲ နှုတ်ခမ်းစေ့ကာ ပြုံးရုံပြုံးနေသည်။

"ကိုကို ဘယ်နေ့ထွက်မှာလဲဟင်"

လာမယ့် အပတ်ထဲက ရက်စွဲတစ်ခုကို ကိုကိုပြောတော့ မောင် ပြန်ရောက်မည် ပြောသွားသည့် ရက်စွဲနှင့် ကိုယ် တိုက်ကြည့်မိသည်။ ကိုကိုက ကိုယ့် အခက်အခဲကို ရိပ်မိနေသလို "ညီမလေး အဆင်မပြေရင် လိုက်မပို့ပါနဲ့" ဟု ခပ်တိုးတိုး ပြောတော့ ကိုယ် ထိခိုက်စွာ ဝမ်းနည်းမိသည်။ သို့သော်လည်း "ပို့မှာပါ ကိုကိုရဲ့" လို့ ပြန်မပြောနိုင်။ မောင့်သဘောဆန္ဒတို့ကို မကျော်လွန်လို။

ကိုယ်ဟာ တဘက်မှာ ချိုးဖျက်လွန်ဆန်ခဲ့သူ မဟုတ်လား။ အခြားတဘက်မှာတော့ စောင့်စည်းလိုက်လျောရမည်။

စကားလွှဲချင်သည့် ကိုကိုက "ဖေဖေတို့တော့ နောက် ၃ ရက်လောက်နေရင် လိုက်လာလိမ့်မယ်။ အဲဒီကျ လာခဲ့ဦးလေ။ အချိန်ရရင်ပေါ့၊ လာနိုင်ရင်ပေါ့" ဟု ဆက်ပြောနေ၏။

"သူတို့ ညီမလေးကို တွေ့ချင်မှာ။ ချယ်ရီ့မင်္ဂလာဆောင်ပြီးကတည်းက သေချာမတွေ့ရတော့ဘူး ပြောနေတယ်"

ကိုယ်ကတော့ မတွေ့ချင်ပါ။ လူကြီးတွေက ဒီအကြောင်းကိစ္စတွေ ဘာမှ မသိဘူးဆိုသည့်တိုင် သူတို့က ရင်းနှီးလိုလားစွာ ဆက်ဆံတာခံရလျှင် လိပ်ပြာမသန့်စွာ အားနာမိဦးမည်။ ပြီးတော့ လတ်တလော ကြုံတွေ့နေရတာတွေနှင့် နှိုင်းယှဉ်လျက် အားငယ်ဝမ်းနည်းမိဦးမည်။

"ကိုကို ခိုင်နဲ့ တွေ့တယ်။ နှစ်ခါတောင်"

"ဟုတ်လား ရီ နဲ့တောင် ပြန်မတွေ့ဖြစ်တော့ဘူး။ မမဆီ ဖုန်းပဲဆက်ဖြစ်တယ်။ ဘွဲ့ယူမယ့်တခေါက် ရန်ကုန်ဆင်းလာတုန်း သူ အိမ်လာတော့ ရီ နဲ့လွဲသွားတယ်လေ ကိုကိုရဲ့"

ကိုကို ဘွဲ့ယူဖို့ ရောက်မလာခဲ့တာ သတိရသည်။ ကိုယ် ဘာမှ ပြန်မမေးမိတော့။

"အဲဒီမှာ သူ ဂျီပီ သိပ်ကောင်းနေတယ်ကြားတယ်။ ဟေ့ ခိုင် လက်ထပ်တော့မယ်နော်"

"ကိုကိုကလည်း စေ့စပ်တောင်ပြီးပြီ။ ဘယ်သူနဲ့လဲဆိုတာရော ကိုကို သိလား"

"ဟိုတစ်ယောက်ပဲ မဟုတ်လား။ နှစ်ခါ သုံးခါ ကျောင်းကိုလာဖူးတဲ့တစ်ယောက်၊ သူတို့အမျိုးမကင်းဘူးဆိုတာ..."

"ဟုတ်တယ်" ကိုယ် နှစ်နှစ်ခြိုက်ခြိုက် ပြုံးရယ် ထောက်ခံမိသည်။
ကိုကိုက အခြေအနေအရပ်ရပ်ကို ဂရုတစိုက်လေးနက်ခဲ့သူ ဖြစ်သည်။

"လူကြီးချင်းက အဲဒီတုန်းတည်းက သဘောတူထားတာနေမှာ။ မမက သိပ်နှုတ်လုံတယ်။ ရီဖြင့် မရိပ်မိဘူး။ သိတဲ့အချိန်ကဆို အံ့သြလွန်းလို့။ စေ့စပ်တာ မရောက်ဖြစ်ပေမယ့် မင်္ဂလာဆောင်ရင်တော့ သေချာကို ရောက်အောင်သွားမယ်"

"ချမ်းတစ်ယောက်ရော ခု ဘယ်ရောက်နေသလဲ" ဟု ကိုကို မေးတော့ ကိုကို့မျက်နှာကို မော့ကြည့်မိသည်။
ကိုကိုဟာ ဟိုးအရင်ကလိုပဲ... ကြည်ကြည်လင်လင် ပြုံးမြဲ။

"ရန်ကုန်မှာပဲလေ ကိုကို၊ သတင်းတွေ မကြားဘူးလား"

"ရန်ကုန်မှာကျန်ခဲ့တဲ့လူတွေနဲ့ အဆက်အသွယ်မရဘူး ဖြစ်နေတာ၊ ချမ်းကို ကိုကို မေးတယ် ပြောလိုက်ပါ"

"အင်း သူ့မောင်ကတဆင့် ရီ ပြောလိုက်မယ်"

စကားအဆုံးမှာ ကိုကိုက နားမလည်သလို တချက် လှမ်းကြည့်သော်လည်း သူ ချက်ချင်းပင် သဘောပေါက်ပုံရလေသည်။ ကိုကို့ကို ကိုယ်က ဘာညာချင်လို့ ရမှာလဲ၊ ဘာဖုန်းကွယ်ချင်လို့ ရမှာလဲ။

"ကိုကိုက သိပ်နေနိုင်တာပဲ။ ရန်ကုန်ရောက်နေတာ ကြာလှပြီ။ ဖုန်း တချက် ဆက်ဖော်မရဘူး။"

ကိုကို ဘာမှ ပြန်မပြောပါ။ ကိုယ့်ကို တချက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ ပြီးတော့ "ညီမလေး မလာနိုင်မှာ စိုးလို့ပါ" ဟု ကိုယ် မျှော်လင့်ထားသည့် စကားကို ဆို၏။

ကိုကို့သဘောအတိုင်းသာဆို ဒီခရီးမတိုင်ခင် ကိုယ့်ကို အသိတောင် ပေးချင်ပါ့မလား ဆိုတဲ့အတွေးက ထိတ်လန့်စရာ ကောင်းလှသည်။ ကိုယ်တို့တွေ့ရတာ ဒီတစ်ကြိမ်နောက်ဆုံး မဟုတ်ဘူးလို့ ဘယ်သူ ပြောနိုင်ပါသလဲ။

"ကိုကိုက ပြန်ရောလာဦးမှာလားဟင်"

"ညီမလေးတို့ ဘယ်တော့ လက်ထပ်မလဲ"

အမေးစကားနှစ်ခွန်း ပြိုင်တူ မေးမိကြပြီး၊ ကိုယ်ကပဲ စဖြေဖို့ ကြိုးစားရသည်။

"အစကတော့ ကျောင်းပြီးတာနဲ့ လက်ထပ်ဖို့ လုပ်ခဲ့တာပဲ ကိုကိုရယ်။ ဒါပေမဲ့ သူ့ဘက်ကိုယ့်ဘက် နှစ်ဖက်စလုံးက ခါနေတော့ မဖြစ်သေးပါဘူး။ သူကတော့ ကိုယ့်ဘာသာ လက်မှတ်ထိုးလိုက်မှာပေါ့၊ ပြီးရင် ကိုယ့်ဘာသာနေမှာပေါ့ ပြောတယ်။ ဒါပေမဲ့ ရီမှ အဲလို မလုပ်ချင်တာ"

လေးနက်သော ကိုကို့မျက်လုံးများ ငြိမ်သက်စွာ အရောင်ဖျော့ သွားသည်။

"ဆောရီး ညီမလေး စိတ်မကောင်းဖြစ်သွားရင်..."

"ကိုကိုကလည်း ဒါ ပြောစရာ မလိုပါဘူး။ ရီ့ကိစ္စတွေ ကိုကို ဘာမဆို မေးလို့ ရပါတယ်။ ဒါတွေပြောရလို့ စိတ်မကောင်းဖြစ်တယ်ဆိုရင်တောင် ကိုကို့ရှေ့မှာပဲ ရီ စိတ်ရှိသလို စိတ်မကောင်းဖြစ်လို့ရတယ်"

ခဏနေတော့ ကိုယ့်နားမှာ လာထိုင်၏။ ပြောစရာစကားတွေ အများကြီး ရှိသည်ဟု ကိုယ်ထင်သည့်တိုင် ဘယ်ကစပြောရမည်ကိုမသိပါ။ ပြောစရာစကား မရှိတော့သလို တိတ်ဆိတ်နေပြန်သည်။

ကိုကို့ကို ဘာတွေများပြောရမှာပါလိမ့်။
ကိုကိုတို့ ကျောင်းနားအရောက် လမ်းဆုံအဝိုင်းနေရာကို ဖြတ်တော့ ချယ်ရီ့ကို "ဘယ်ဘက်ကို ကွေ့ရမှာလေ" လို့ ယောင်မှားပြောမိတော့မလို ဖြစ်ရတာကိုလား။
ကိုယ်ပါလို့ ဒီနေ့ ကိုဇေ လိုက်မလာခဲ့တဲ့ အကြောင်းလား။
နှစ်ဘက်မိဘတွေရဲ့ ခါးသီးမှုတွေ အကြောင်းလား။

ငှက်သံလေးတွေ ကြားရတဲ့ဘက်ဆီ ကိုယ် ထွက်ရပ်ရင်း ပူပြင်းသည့် ပတ်ဝန်းကျင်ကို ပြတင်းပေါက်မှတဆင့် ကြည့်မိသည်။

"သင်္ကြန်ကျတော့မယ်နော် ကိုကို"

ဒီလထဲမှာပဲ ကိုယ့်မွေးနေ့ ရှိသည်။ ပြီးတော့ ကိုကို့မွေးနေ့လည်း ရှိသည်။
ကိုကိုက ကိုယ် ဘာပြောချင်တယ်ဆိုတာ မသိဘဲ ကိုယ်ရပ်နေရာသို့ လှမ်းကြည့်လို့သာနေသည်။

"တခါတလေ ကိုကိုတို့ ချယ်ရီတို့နဲ့ စတွေ့တဲ့ နှစ်တွေကို ရီ သိပ်သတိရတယ်။ ၉ တန်းဖြေပြီးတော့ ချယ်ရီတို့ အိမ်က မဏ္ဍတ်မှာ သင်္ကြန်ကျကြတဲ့အကြောင်း။ သိပ်ပျော်တာပဲ။ ကိုကိုက ဒါ ပထမဆုံးအကြိမ် သင်္ကြန်ထွက်ဖြစ်တာလို့ ပြောတာ မှတ်မိသေးတယ်။ ရီ ကတော့ ကြုံရင် ကြုံသလို သင်္ကြန်တွေ ကျဖြစ်ပါတယ်။ ဒါပေမဲ့ ရီ့ဘဝမှာ အမှတ်ရဆုံး၊ အပျော်ဆုံးက ကိုကိုတို့မြို့မှာ တခါတည်းကျဖူးတဲ့ အဲဒီသင်္ကြန်ပဲ။

အဲဒီတုန်းက ချယ်ရီကလည်း နာမည်ကြီးဆိုတော့ မဏ္ဍတ်ရှေ့မှာ လူကလည်း စည်လိုက်တာ။ အထူးသဖြင့် ရွယ်တူကောင်လေးတွေနဲ့ အတန်းကြီးက လူတွေပေါ့၊ ရန်ကုန်က လိုက်လာတဲ့ ကိုသီဟကျောင်းက သူငယ်ချင်းတွေတောင်ပါတာ ရီ မှတ်မိတယ်။ ကိုကို့ကို လာနှုတ်ဆက်သလိုလိုနဲ့ ချယ်ရီ့ကို ရှိတ်ကြတာလေ။"

ကိုကို့ကို လှမ်းကြည့်တော့ ကိုကို့မျက်လုံးများမှာ အတိတ်ဆီက လာထင်ဟပ်သည့် အပြုံးရိပ်ကို မြင်ရသည်။

"အဲဒီထဲက တယောက်က ရောယောင်ပြီး ညီမလေးကို ရေမွမ်းအောင် လောင်းသွားလို့ စိတ်တိုသေးတယ်။ ကိုကို့ကို ပြန်တိုင်သေးတယ်။ ကိုသီဟကို ရန်လုပ်သေးတယ်။ ကိုသီဟက သူ့ကို ပြန်လောင်းလို့ ပြောတော့လည်း မလောင်းဘဲ ရေခွက်ကို လွှင့်ပစ်ခဲ့ပြီး ချောင်ထဲမှာသွားထိုင်နေတယ်"

ကိုကို့စကားဆုံးတော့ နှစ်ယောက်လုံး အသံတိုးတိုးထွက်ကာ ရယ်မောမိသည်။

တကယ်တော့ ကိုကိုနဲ့ ကိုယ့်ကြားမှာ အချိန်မရွေး ပြောလို့အဆင်ပြေတာဆိုလို့ ကိုကိုတို့မြို့မှာ နေခဲ့တုန်းက အကြောင်းအရာတွေပဲရှိပါသည်။ လူ့ဘဝမှာ မထင်မှတ်တဲ့ ထောင့်က ဝင်လာမယ့် အပြောင်းအလဲနဲ့ တိုက်ဆိုင်မှုတွေအကြောင်း ဘာမှ တွေးစရာမလိုခဲ့တဲ့ ကာလတွေပေါ့။ ဒီနေ့ပြီးရင် နောက်နေ့ဘာဖြစ်မယ်ဆိုတာ သေချာခဲ့တဲ့ အချိန်တွေပေါ့။ လူကြီးမိဘတွေမျက်စေ့အောက်မှာ ဘာအတွက်မှ ပူပင်စရာမရှိတဲ့၊ လောက က ငြင်းဆန်ပယ်ချတယ် ဆိုတာကို မကြုံဖူးခဲ့တဲ့ အပိုင်းအခြားတွေပေါ့။

"ရီတို့ အတန်းထဲက အတန်းဖော်တွေရောက်လာပြီး ကိုကို့ကို မြင်တော့ သူတို့ အံ့သြပြီး ဝိုင်းအော်ကြသေးတယ်။ အဲဒီနှစ်ကတော့ ချယ်ရီတို့မောင်နှမရယ် ကိုကိုရယ်ကြောင့် ရီတို့ထိုင်တဲ့ မဏ္ဍတ်က လူအစည်ဆုံးပဲနော် ကိုကို"

ကိုကို့ကို လှမ်းကြည့်တော့ အတိတ်ကို ပြန်မြင်ယောင်သတိရသလို သူ ပြုံးနေသည်။

"ဘယ်သူပြောလဲ။ ညီမလေး ကြောင့်လည်း ပါမှာပါ"

ကိုကို စနောက်သလို စကားဆိုတော့ ကိုယ် သဘောတကျပင် ရယ်မောမိသည်။ အတိတ်ကိုလည်း ချိုမြစွာပင် လွမ်းမောလာမိသည်။

"ရီ တယောက်တည်းဆို လူမသိပါဘူး ကိုကိုရယ်၊ ချယ်ရီနဲ့ ကိုကို အနားမှာရှိလို့သာ နာမည်ကြီးတွေနဲ့ တွဲပြီး လူသိတာပါ"

ရီ့ကို လူတွေသိကြတာ တမျိုးပါ ဟု ကိုယ် ဆက်မပြောဖြစ်။ အလုပ်ကိစ္စတွေနဲ့ မောင် အဲဒီမြို့ကို သွားဖြစ်တဲ့အခါ ကိုကိုနဲ့တွဲလို့ ကိုယ့်ကို လူတွေသိကြပုံက မောင့်အတွက်တော့ အဓိပ္ပါယ်က တမျိုးပါ ဆိုတဲ့အကြောင်း ကိုကို့ကို မတိုင်တည်ချင်တော့။ ချယ်ရီ့မင်္ဂလာပွဲကို တွဲတက်ခဲ့ကြတယ်ဆိုတဲ့စကားဟာ အချိန်အတန်ကြာပြီးမှ မောင့်နားကို ရောက်တဲ့အခါ စကားလုံးတွေရဲ့ သက်ရောက်မှုက တမျိုးတမည်ဖြစ်သွားခဲ့သေးတာပါ ဟု မဖွင့်ဟဖြစ်တော့ပါ။

တချို့ အဖြစ်အပျက်တွေရဲ့ အကျိုးဆက်က မထင်မှတ်တဲ့ နေရာတွေမှာ သွားပြီး အရှိန်အဟုန်တမျိုးဖြင့် သက်ရောက်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သိလိုက်ရတဲ့အချိန်ကျတော့ ဘာတစ်ခုမှ ပြန်ပြင် နုတ်ယူချင်လို့၊ အယူခံဝင်ချင်လို့ မရတော့။ အကြောင်းအရာ အဖြစ်အပျက်တစ်ခုကို ဖွင့်ဆိုတင်ပြသည့် သတင်းစကားတို့သည် ဆောင်ယူသူတို့ထံမှ လက်ခံသူနားသို့ ရောက်သောအခါ အံ့သြစရာပင် အရောင်ပြောင်းလေသည်။

ကိုယ့်ဘဝထဲက သင်ခန်းစာသည် ဘာကို နောင်တရရမှန်းမသိအောင်၊ ဘာကို ပြန်ပြင်ချင်ရမှန်းမသိအောင်၊ ဘာကို နုတ်ယူရမှန်းမသိအောင်ပင် ပိရိအကွက်စေ့လျက်... ကိုယ့်လုပ်ရပ်တွေနဲ့ အကျိုးဆက်တွေကို တလွဲတချော် ရိုက်ခတ်အောင် တတ်နိုင်ခဲ့လေသည်။

ဘဝကို သမားရိုးကျပဲ ဖြတ်သန်းလာနေကျ ကိုယ့်အတွက် မောင့်ကို မတွေ့ရခင်ထိ အချစ်ရေးနဲ့ ပတ်သတ်လို့ ပူပင်ကြောင့်ကြစိုက်လို့ တွေးဆစရာလည်း မရှိခဲ့။ တွေးခဲ့မိလျှင်သော်မှ ဘဝမှာ အပြစ်ဆိုစရာရယ်လို့ တစုံတရာ မပြုခဲ့ဖူးဘူးဟု ကိုယ့်ဘာသာ ယုံကြည်စိတ်နှင့်ပင် ကိုယ့် အချစ်ရေးသည် အများတကာလိုပဲ ရိုးစင်းစွာ လွယ်ကူချောမွေ့လိမ့်မည်ဟု တွေးထင်ခဲ့မိမည်။

သို့သော်
အနီးက၊ အဝေးက၊ မနီးမဝေးက၊ အကြောင်းသိသမျှသူ အားလုံးက အပြစ်မြင်စိတ်နဲ့ အကြည့်ခံရသည်။ မပြုခဲ့မိတဲ့ ကတိကဝတ်တွေအတွက် စည်းမစောင့်ခဲ့သူအဖြစ် ပြောင်းလဲသတ်မှတ်ခံရသည်။
အစ မကောင်းခဲ့သည့် ချစ်ရေးချစ်ရာ...

"ကိုကိုလည်း အကုန် မှတ်မိနေသေးတယ်နော်"

"ဘယ်လောက်မှ မကြာသေးတဲ့ အကြောင်းအရာတွေကို... ညီမလေးပြောနေပုံက ဟိုဘဝက အကြောင်းတွေလိုပဲ"

"ရီ့အတွက်တော့ အရင်ဘဝက အကြောင်းတွေလိုပဲ။ ရီ့မှာက ဘဝတွေ အများကြီး ရှိတယ်လေ။ ကိုကိုတို့နဲ့ မတွေ့ခင်မှာ ဘဝက ၂ ခု ၃ ခု၊ ကိုကိုတို့နဲ့ တွေ့တဲ့ ဘဝက တခု၊ နောက်..."

ကိုယ့် စကားကို ဘယ်လို ဆက်ရမည် မသိပါ။ ဘဝခြားသွားပြီးရင် ပြန်လိုချင်လို့ မရတော့ဘူး။ အတိတ်ကို ပြန်သွားချင်လို့ မရတော့ဘူး။

ရတယ်ပဲ ဆိုပါတော့...
ခု ကိုကိုနဲ့ ပြန်တွေ့ရတာမျိုးလို အတိတ်ကို တဝက်တပျက် ပြန်သွားရသလို ရတယ်ပဲ ဆိုပါတော့... သိပ်ပင်ပန်းတယ်။ အထူးသဖြင့် အတိတ်ကနေ ပြန်လှည့်လာရတဲ့အခါ သိပ်ပင်ပန်းတယ်။ အဲဒါကြောင့် ပစ္စုပ္ပန်အခြေအနေက ဘယ်လောက်နေရ ခက်ခက်၊ ရီဟာ နေမြဲတိုင်းသာ နေချင်တယ်။ ခဏတဖြုတ်နဲ့တော့ အရိပ်အယောင်တွေကို မဖမ်းဆုတ်ချင်တော့ဘူး။

"တခါတလေ စိတ်ပင်ပန်းစရာတွေကြုံရရင် ကိုကိုလည်း ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားတယ်။ အထူးသဖြင့် ၁၀ တန်းအောင်ပြီးကာစ အချိန်တွေ၊ ရန်ကုန်မှာ ကျောင်းစတက်တဲ့ အချိန်တွေပေါ့။"

"ရီကတော့ ပြန်မစဉ်းစားဘူး။ တခါတလေ ရီ စိတ်ညစ်စရာ ကြုံရရင် ကိုယ်လည်း ဘာမှ မတတ်နိုင်ရင်၊ ကိုကိုတို့ မြို့မှာ ရီနေခဲ့ရတဲ့ အဲဒီအချိန်လေးအကြောင်း အတွေးထဲ ဖျတ်ခနဲ ဝင်လာတတ်တယ်။ ကျောင်းမှာ ချယ်ရီနဲ့ စခင်တဲ့နေ့၊ ကိုကို့ကို စမြင်ဖူးတဲ့နေ့၊ ကိုကို စာလာသင်ပေးတဲ့နေ့...။ ဒါပေမဲ့ ရီ ဆက်မတွေးဘဲ ရပ်ပစ်လိုက်တယ်"

သတိရမိတဲ့စိတ်ကို နှစ်သိမ့်ဖို့ရယ်လို့ အတိတ်တွေထဲကို ပြန်မဝင်ချင်လို့ပါ။

"ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုကိုရယ်၊ ချယ်ရီရယ်နဲ့ မြို့မှာ ခဏလောက် ပြန်နေချင်မိတယ်..."

ကိုကိုတို့ အိမ်ရှေ့က လမ်းကျဉ်းကလေးကို လျှောက်ဖို့၊
ဘုရားပေါ်ကနေ မြစ်ပြင်ကို လှမ်းကြည့်ဖို့၊
လေညင်းခံရင်း ကောင်းကင်က ကြယ်ရောင်တွေကို မော့ကြည့်ဖို့။

တကယ်လို့များ ပြန်ပြင် နုတ်ယူလို့ရမယ်ဆိုရင်တောင်မှ ဒီလို ချိုမြိန်တဲ့ ပြည့်စုံငြိမ်းချမ်းဖူးတဲ့ အတိတ်ကို ပြန်ပြင်ချင်လောက်အောင် ကိုယ် သတ္တိမရှိနိုင်ဘူး ထင်ပါရဲ့လေ။

***
"ပြန်တော့မယ် ကိုကို"

လှေကားပေါ်က အတူတူ ယှဉ်ဆင်းတော့ ကိုကို့ ခြေဖမိုးများကို အမှတ်တမဲ့ ငုံ့ကြည့်မိသည်။

ဒီခြေလှမ်းတွေရဲ့ နောက်ကို ထပ်ကြပ်မကွာ လိုက်ရမယ်လို့ တွေးထင်ခဲ့ဖူးပေမယ့် တချိန်မှာတော့ ခွဲထွက်လာဖြစ်ခဲ့သည်။

ခွင့်လွှတ်ပါ ကိုကို။


***
to be continued

***
photo from here