Thursday, April 29, 2010

အသုံးမကျတဲ့ စိတ်ကူး

သင်္ကြန်အပြီးမှာ ရလိုက်တဲ့ အကုသိုလ်တွေ တလှေကြီးနဲ့ ယာဉ်ပျံတစ်စီးလောက် ဆောက်ချင်တယ်။ (ကျော်သူမောင်းတဲ့ ကားပုံစံမျိုး)

လူအားလုံး ခေါင်းရှင်းဖို့ နှစ်ဘက်စလုံးကို မောင်းသွင်းပြီး ပိတ်ချင်တယ်။

အားလုံးကို ခါချဖို့ ပါပဂြိုဟ်တစ်လုံးလည်း ရှာချင်တယ်။

ပြီးသွားရင် (ခွေးချင်းကိုက်တာ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့ပေမယ့်) ဆတ်ဆတ်ခါ မချိနေမယ့်ဟာတွေကို နက္ခတ်တာရာကြည့် မှန်ပြောင်းနဲ့ အိမ်အပြန် ညတွေမှာ ဇိမ်ခံ ချောင်းကြည့်ရင်း ဟားချင်တယ်။

***

Tuesday, April 27, 2010

opt

ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာကြီး "အာကီရာ ကူရိုဆာဝါ" (Akira Kurosawa) သည် ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ရာ သုံးပုံနှစ်ပုံလောက်သော ကားများကို ဂန္ထဝင်ကားတွေဖြစ်သည်ဟု ရုပ်ရှင်ပညာရှင်များက လက်ခံရသည်။

အင်တာဗျူးတစ်ခုတွင် "ခင်ဗျားရဲ့ ရုပ်ရှင်ကားတွေ အားလုံးဟာ အချုပ်အားဖြင့် လူ့လောကကို ဘယ်လိုများ စကားဆိုချင်ပါသလဲ" ဟု မေးရာ သူက ပြန်ဖြေလိုက်သည်မှာ "လူတွေဟာ ဒီထက်ပိုပြီး သာတောင့်သာယာ ချမ်းသာစွာ နေနိုင်ပါလျက် ကိုယ့်ဘာသာ ဆင်းရဲတွင်းနက်အောင် လုပ်နေကြတယ် ဆိုတဲ့ စကားကို ပြောနေတာပါပဲ" တဲ့။

(အောင်သင်း - တကယ့်နိုင်ငံရေး - 17.8.2003)
ကန့်ကူလက်လှည့် - Oct 2004 ဒုတိယအကြိမ် (Future Publishing House)

***

Monday, April 26, 2010

= is equal to =

၁) တထေရာတည်း
၂) တပုံစံတည်း
၃) ချွတ်စွပ်
၎) ပုံတူ
၅) ထပ်တူထပ်မျှ
၆) ကိုယ်ပွား
၇) တသွေမတိမ်း
၈) သူမသာ ကိုယ်မသာ
၉) အတူတူ နဲ့ အနူနူ
၁၀) ဘာဘူကြီး နဲ့ အရာကြီး
၁၁) ရှင်ကြီးဝမ်း နဲ့ ရှင်ငယ်ဝမ်း
၁၂) ကျား နဲ့ ရှင်ကြီး

ဝေါဟာရက အဲလောက်ပဲ ထွက်လာလို့။ ထပ်ထွက်လာရင် ထပ်တင်ဦးမယ်။

Update (11:43 AM)
၁၃) ဒီပုတ်ထဲက ပဲ

Update (27th Apr 2010, 1:50 PM)
၁၄) ထူးမခြားနား (by Kyaw Nyo Thwe)
၁၅) ပုလင်းတူ ဘူးဆို့ (by Moe Sett Pwint)
၁၆) တစ်လှေတည်းစီး တစ်ခရီးတည်းသွား (by Moe Sett Pwint)
(ဒီနေရာမှာ နည်းနည်းတော့ ပြင်လိုက်ချင်တယ်။ "နှစ်လှေခွဲစီး" လို့။

Thursday, April 22, 2010

ပုဂံသူရဲကောင်းများ - Myanmar Books Catalogue

ဒီ post ကို ပြန်တင်မယ် ဆိုတော့ ကိုယ် အသိဉာဏ်မရှိ ဖြစ်ခဲ့တာကို ရှက်မိပါတယ်။ ဘာဖြစ်လို့များ အဲဒီလို လက်တွေ့မကျတဲ့ အတွေးအခေါ် ဝင်သွားရသလဲ မစဉ်းစားတတ်အောင်ပါပဲ။

တကယ်တော့ ဝတ္ထုဇာတ်လမ်း နဲ့ သမိုင်းကြောင်းဆိုတာရဲ့ တန်ဖိုးကွာခြားမှုကို ကွဲကွဲပြားပြား မသိခဲ့တာ။ သိအောင်လည်း မစဉ်းစားခဲ့၊ စိတ်မဝင်စားခဲ့တာ။

ဒေါက်တာ မတင်ဝင်းတို့ ရေးတဲ့ "အို ရာဇကုမာရ် မင်းသားလေးဟာ ဘယ်လို သိမ်မွေ့ ရိုကျိုးလို့ ..." ဆိုတာမျိုး၊ "ကျန်စစ်သားဟာ ဘယ်လို နိုင်ငံတော်နဲ့ အရှင်သခင်ကို သစ္စာစောင့်သိတာ" ဆိုတာမျိုး၊ ပြီးတော့ "ရာမ နဲ့ လက္ခဏ ညီအစ်ကို နှစ်ယောက်မှာ လက္ခဏဟာ ဘယ်လို" ဆိုတာမျိုး၊ ဒါတွေနဲ့ အလားတူ အချက်အလက် မှန်ကန်တဲ့ သမိုင်းကြောင်း မဟုတ်ဘဲ ဝတ္ထုဇာတ်လမ်းသက်သက်သာ ဖြစ်တဲ့ ခု "ပုဂံသူရဲကောင်းများ" လို ဟာတွေဖတ်ပြီး ဖတ်ကောင်းရုံနဲ့ ကျေနပ်နေတာလည်း ပါတယ်။

တကယ်လည်း အဲလို အရေးအသားတွေဟာ ဝတ္ထုဇာတ်လမ်းကို ဇာတ်လမ်းလိုသာ ရေးတာဖြစ်လို့၊ ဇာတ်လမ်းအနေနဲ့ အရေးအသားကောင်း ဖတ်ကောင်းတဲ့ စာအုပ်တွေ၊ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။

သမိုင်းအနေနဲ့ ကြည့်ရင်တော့ ဘာမှ ခိုင်မာခြေမြစ်မှု မရှိဘူး။ သမိုင်းတန်ဖိုးနဲ့ ယှဉ်တွက်လို့ မရတဲ့ အကြောင်းအရာတွေ ဖြစ်တယ်။


***
အဲဒီ စာအုပ်ကိုလည်း ကျောင်းပြီးကာနီး မှော်ဘီကျောင်း EC Major ရဲ့ library ကပဲ ငှားဖတ်ခဲ့တာပါပဲ။ ဒေါ်ခင်မျိုးချစ်က English ဘာသာနဲ့ ရေးပြီး ဆရာသော်တာဆွေက ဘာသာပြန်ခဲ့တာပါ။ ဒါနဲ့ ပတ်သတ်လို့လဲ စိတ်ထဲမှာ စွဲထင်နေတာလေး တစ်ခု ရှိပါတယ်။ အနော်ရထာနဲ့ ကျန်စစ်သားလို့ ထင်တယ်။

ထားပါတော့။ ဘုရင်နဲ့ တစုံတယောက် ရဲ့ dialogue လေး (လူတွေရဲ့ အစွဲတွေနဲ့ ပတ်သတ်ဆက်နွယ်ပြီး ရေးထားတာလို့ ခံစားရပါတယ်) မြစ်ကမ်းစပ်မှာ ရှည်မျောတဲ့ ကျောက်စရစ် ကလေးတွေ အများအပြားရှိသတဲ့။ အဲဒီ ဒေသက လူတွေက ဘုရားရှင် လက်ထက်တော်က ဘုရားရှင်နဲ့ နောက်ပါ သံဃာများ အဲဒီ မြစ်ကမ်းရောက်တဲ့ အခိုက် သပိတ်တော်များ ရေဆေးကြောရင်း ကျန်ခဲ့တဲ့ ဆွမ်းဆန်တွေက ကြာလာတော့ ကျောက်ဖြစ်သွားတာလို့ ယုံကြည်ကြတယ် ဆိုတာပါ။
ဒီတော့ ဘုရင်က ပြောပါတယ်။ "မောင်မင်းရယ် ငါ ကိုယ်တော်လဲ ဘုရင် ဆိုတဲ့ စည်းစိမ်ထက် ဟောဒီ မြင်နေရတဲ့ ကျောက်စရစ်ခဲလေးတွေဟာ ဘုရားရှင်ရဲ့ ဆွမ်းဆန်တော်တွေလို့ ယုံကြည်စွဲမှတ်ပြီး ကြည်ညိုသဒ္ဓါ ပွားနေရတဲ့ လူသာ ဖြစ်ချင်စမ်းပါဘိ" တဲ့။ (စာသားများ အတိအကျ မဟုတ်ပါ)
ဒါနဲ့ ဆက်စပ်ပြီး စဉ်းစားမိတာ တစ်ခုပြောရရင် သုတေသန သမားများ၊ အမှန်စင်စစ်ကိုသာ လိုလားသူများနဲ့ ထသတ် ရချင် သတ်ရနိုင်ပါတယ်။
ခုနောက်ပိုင်း ကျန်စစ်သား ကောင်းတာ မကောင်းတာ ဘာညာ ဘာညာ ငြင်းပြီး အဲဒီ ကျန်စစ်မင်း မကောင်းတာကို မကောင်းပါဘူးလို့ အမှန်တရားကြီး ဘွားကနဲ သိလိုက်ရပြီ ထားပါတော့။ သမိုင်းစာအုပ်တွေ ပြင်လိုက်ရပြီ ထားပါတော့။ ဒီနေ့ခေတ်ကို ဘာများ ကောင်းကျိုးတွေ ရရှိစေနိုင်မလဲ လို့ စဉ်းစားမိပါတယ်။ (ကိုယ့် ဉာဏ်နှင့် မမီလောက်၍လည်း သေချာ မစဉ်းစားနိုင်တာ ဖြစ်နိုင်ကောင်းပါသည်။ အကျိုးရှိနိုင်သည် ဆိုလျှင်တော့လည်း ဆက်လက်ဖော်ထုတ် သုတေသနပြုသင့်ပါသည်)
အမှန်ကို သိလို့ အကျိုးမများနိုင်သည့် အတူတူ (မှန် မမှန် မသေချာသည့် အတူတူ) သမိုင်းဟာ ဒီလိုလေးလို့သာ ယုံကြည်သွားတာကောင်းမယ် ထင်မိပါတယ်။ ဟင် ဒီမင်းက ဒီလိုကြီးတဲ့ လို့ ပြောင်းပြီး ယုံရမှာ ခက်လှပါသည်။ (တဦးတည်း အတွေးမျှသာ) ကိုယ်တိုင်ကိုက လက်တွေ့မကျ စိတ်ကူးသာ ယဉ်ချင်သူမို့လဲ ဖြစ်နိုင်ပါသည်။
အမှန်ကို အမှန် အတိုင်း စကတည်းက သိခဲ့ရင်လည်း ကောင်းသား။ မပြင်နိုင်သည့် အတူတူ ပြင်လည်း ထူးပြီး အကျိုးမများနိုင်ဘူး ဆိုရင် ဒီတိုင်းသာ ထားလိုက်ချင်ပါတယ်။

(ဒီ post ကို 24th Jan 2009 မှာ Myanmar Books Catalogue ရဲ့ ဒီနေရာ မှာ ရေးခဲ့တယ်။)
***
တကယ်တော့ သမိုင်းဆိုတာ နားထောင်ကောင်းရုံ ရေးရတဲ့ ကိစ္စမဟုတ်ဘူး။ ဒါ့အပြင် သမိုင်းကြောင်းကို အချက်အလက် မှန်ဖို့ ကြိုးစားတာ လတ်တလော အကျိုးရှိ၊ မရှိကို တိမ်တိမ်လေး စဉ်းစားလိုက်လို့လည်း မရဘူး။
မှားတာကို မှားတဲ့အတိုင်း၊ မကောင်းတာကို မကောင်းတဲ့အတိုင်း လက်ခံနိုင်စွမ်းဟာ လိုကို လိုတယ်။ ကျန်စစ်သား ကောင်းတယ်လို့ တလျှောက်လုံး သင်လာခဲ့ရတာဟာ မှားတယ် ဆိုရင် မှားတယ်လို့ အမှန်တိုင်း သိချင်တယ်။ ကျန်စစ်သား မကောင်းရင်လည်း မကောင်းတဲ့အတိုင်းပဲ သိချင်တယ်။ ကောင်းရင်လည်း ကောင်းတဲ့အတိုင်းပဲ သိချင်တယ်။
သမိုင်းဟာ အမှန်ဖြစ်ဖို့ မဖြစ်မနေ လိုအပ်တယ်။
***

Tuesday, April 20, 2010

အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ - Myanmar Books Catalogue


Download လုပ်ရန် - အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ

Ning site ကို အလကားသုံးလို့ မရတော့ဘူးလို့ မနေ့က သတင်းကြားတယ်။ ညီလင်းဆက် လုပ်ထားတဲ့ site တွေ Ning မှာ တော်တော်များများ ရှိတယ်။ ကိုယ် အနှမျောဆုံးကတော့ Myanmar Books Catalogue site ပဲ။

မနှစ်ဆီကတော့ အဲဒီမှာ ကိုယ် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက တချို့ကို review ပြန်ရေးခဲ့တယ်။ ပြီးတော့ ကိုယ်ပိုင် blog ပေါ် ပြန်တင်မယ် ဆိုပြီး မတင်ဖြစ်ဘူး။ ဟိုတလောက blog ပေါ်မှာ တင်ခဲ့တဲ့ မောင်သစ်ဆင်း ဝတ္ထုတိုများ စာအုပ်မျက်နှာဖုံးကို အဲဒီ site မှာ သွားတင်မယ် ဆိုတာလဲ မတင်ဖြစ်သေးဘူး။

အဲဒီမှာ ရေးဖူးတဲ့ review တချို့ကို ခုတော့ မဖြစ်မနေ ကိုယ့် blog ပေါ် ပြန်ရွှေ့ရတော့မယ်။
အရင်ဆုံးရေးမိတယ်ထင်တာလေးကို ပြန်ရွှေ့လိုက်ပါတယ်။ စာလုံးပေါင်း၊ အထားအသိုနဲ့ တချို့ဟာလေးတွေကလွဲလို့ ဘာမှ ပြန်မပြင်လိုက်ပါဘူး။

ဆရာမ "ဝင်းဝင်းလတ်" ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ"
26th Jan 2009 တုန်းက Myanmar Books Catalogue ရဲ့ ဒီနေရာ မှာ ရေးခဲ့တယ်။

ခုတလော ဘာမှ သိပ် စိတ်မပါဘူး။
အချိန်တော့ နည်းနည်းရသေးတယ် ပြောတယ်။
အဲဒီမှာ ရေးခဲ့ဖူးတာတွေ ဖြည်းဖြည်းချင်း ပြန်ရွှေ့သွားပါမယ်။

***
ဒီဝတ္ထု ကို မဟေသီ မှာကတည်းက စောင့်ဖတ်ခဲ့ရတာ။
၉ တန်းနှစ်တဝက်နဲ့ ကျောင်းပြောင်းရတော့ ကျောင်းအသစ်မှာ စာတွေက ဟိုတမျိုး ဒီတမျိုး မလိုက်နိုင် ဖြစ်နေခဲ့ချိန်မှာတောင် အဲဒီ ဝင်းဝင်းလတ် ရဲ့ အချစ်၏ နောက်ဆက်တွဲ နဲ့ ဟန်သစ် က နီကိုရဲ ရဲ့ (အရင်က မသီတာ) မကြည်ပြာ ကို မနေနိုင် မထိုင်နိုင် စောင့်ဖတ်ခဲ့ရတယ်။ ကိုယ်တော့ မောင်နှမတွေနဲ့ မလုရဘူး။ ဖေဖေနဲ့ လုခဲ့ရတာ။ နောက်တော့ အဲဒီစာအုပ် ၂ အုပ်လုံး ကိုယ်ပိုင် ဝယ်ခဲ့တယ်။ (ခုတော့လဲ ထားခဲ့ရပါပြီလေ။ မသေခင်ကတည်းက)

အဲဒီ ဝတ္ထုမှာလည်း စွဲကျန်ခဲ့တာလေး တစ်ခု နှစ်ခု ရေးပါဦးမယ်။

Dr. ခင်ဦးနွယ် ရဲ့ ex-husband Dr. အောင်သူရ နဲ့ Dr. သက်ဇော်နိုင် ကြားက အကြောင်းကို ပြန်ပြောတဲ့ စကား... "ယောက်ျားချင်း ရင်းနှီးနားလည်မှု" ဆိုတာ...

နောက်တခုက theater ထဲမှာ၊ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ Dr. ခင်ဦးနွယ်က သူ့ရဲ့ ex-husband, Dr. အောင်သူရ အကြောင်း ပြန် ပြန်ပြောတတ်လေ့ရှိတယ် ဆိုတာနဲ့ ပတ်သတ်ပြီး Dr. ခင်ဦးနွယ်က Dr. အောင်သူရ ကို ရှင်းချက်ထုတ်တဲ့ အခန်း။

တခုလပ် မိန်းမတယောက်အတွက် သွေးတိုးစမ်းချင်သူ တစိမ်းယောက်ျားတွေကြားမှာ "သူကတော့ သူ့အရင် ခင်ပွန်းကို ခုထိ စွဲလမ်းနေတုန်းပဲ " ဆိုတဲ့ အထင်အမြင်ကို အကာအကွယ် တံတိုင်းတစ်ခုအဖြစ် ထားခဲ့တယ် ဆိုတာ။

အဲဒီ အတွေးကလေးကို တော်တော် အထိတ်တလန့်နဲ့ စွဲလမ်းမိပါတယ်။ ဆရာမက တကယ်တော့ တခုလပ်လဲ မဟုတ်ပါဘဲ ဒီအတွေးမျိုးလေး ဘယ်လိုများရခဲ့သလဲ လို့ တော်တော်လေး အံ့သြခဲ့ရပါတယ်။ တခုလပ် ပညာတတ် အရွယ်ရှိ မိန်းမတယောက်ရဲ့ ဘဝကို တော်ရုံမမြင်နိုင်တဲ့ မတွေးနိုင်တဲ့ ရှုထောင့်တမျိုးကနေ တွေးပြလိုက်တာ။ (ကိုယ့်ကို စာရေးဆရာလုပ်ဖို့ လက်လျှော့ သွားစေတာပဲ)

ပြီးတော့ တကယ်လဲ မစွဲလမ်း မနှစ်လိုတော့ပါဘဲ ဒီအထင်အမြင်လေးတစ်ခုအတွက်နဲ့ စွန့်ခွာချန်ရစ်ခဲ့တဲ့ ခင်ပွန်းဟောင်းအကြောင်းကို လူကြားသူကြားမှာ နှစ်လိုနေသေးသယောင် ပြောဆိုပြဖို့ဆိုတာ စိတ်ဓါတ်ခိုင်မာတဲ့ ထက်မြက်ထူးချွန်တဲ့ မိန်းမ တစ်ယောက်အတွက် ဘယ်လောက်များ ခက်ခဲလိုက်မလဲ။ သူ့'မာန' ဆိုတာတွေကို ဘယ်လောက်တောင် ခက်ခက်ခဲခဲ ချပစ် မေ့ပစ်ထားခဲ့ရပါမလဲ။

(ဝတ္ထုထဲက စကားအတိုင်း လိုက်ပြောရမယ်ဆိုရင်တော့... ကိုသူရတို့ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေရဲ့ အရှိန်အဝါ ဘုန်းတန်ခိုးကလည်း တယ်ကြီးသကိုး)

ဒီတော့ သုံးတောင်ဝတ် မိန်းမတွေမှာ အခန့်မသင့်ရင် အကာအကွယ်တို့၊ လုံခြုံမှုတို့၊ လူလေးစားမှုတို့ ဆိုတာတွေကို မာန နဲ့ လဲရပါလေရော လို့ မှတ်ချက်ချချင်မိပါတယ်။

အဲဒီထဲက Dr. ယဉ်မျိုးရဲ့ စရိုက်ကိုလည်း နှစ်ခြိုက်မိပြီး ဇာတ်ကောင်တွေ အားလုံးကို အပြင်မှာ တကယ်ရှိနေသလို လပေါင်းများစွာကို စွဲလမ်းနေခဲ့တယ်။

အဲဒီ ဝတ္ထုရဲ့ ဇာတ်သိမ်းပိုင်းကိုတော့ ပြောင်းပစ်ချင်ခဲ့မိပါတယ်။

ဆရာမ car accident နဲ့ ဆုံးတော့ တော်တော် နှမျော စိတ်မကောင်းဖြစ်ခဲ့ရတယ်။
ဆရာမရဲ့ ဝတ္ထုရှည်တွေ စုထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပါ ဝယ်သိမ်းခဲ့သေးတယ်။

***
အဲဒါရေးတုန်းက ဝတ္ထုရှည်စာအုပ်ရဲ့ နာမည်ကို မေ့နေလို့ ထည့်မရေးခဲ့ရတာ။
ခုမှ သတိရတယ်။ နာမည်က "နန်းထဲမှာပင် အိုလေ့ မပျော်ရွှင်" တဲ့။

***

Sunday, April 18, 2010

riotously!

(ခိုးရိုက်လာမိတယ်)

မနေ့ညက စွယ်တော်ရိပ်အငြိမ့် သွားတယ်။
သွားဖူးတယ်ရှိအောင်သာ သွားကြည့်တာပါ။ အစက သိပ်စိတ်မပါဘူး။
ဒါပေမဲ့ သွားကြည့်ရတာ အတော်ကို တန်ပါတယ်။

၎ ယောက်သွားဖြစ်တာပေမယ့် နေရာက နှစ်ယောက်တတွဲပဲ ထိုင်လို့ရတယ်။
အသွားကတည်းက နှစ်ယောက်စီ ခွဲသွားလိုက်ရတယ် အခြေအနေအရ...
မိုးကလည်း ဖျက်သကိုးကွယ်။ MRT မှာ အကြာကြီး ထိုင်စောင့်ပေမယ့် နောက်နှစ်ယောက် တော်တော်နဲ့ ရောက်မလာလို့ စောပြီး သွားနှင့်ရတယ်။

break time မှာ ကျွေးတဲ့ ဆီထမင်းက ၂ လုပ်စာပဲ ရှိတယ်။ မဝဘူး။
ဒါတောင် ကိုယ်တွေမှာ ၄ ယောက် လက်မှတ်က ၅ စောင်မို့ တဗူး အပိုရသေးတာ။

MAI air ticket အတွက် form ဖြည့်ခိုင်းတာမှာ မေးခွန်းမေးထားတာ ဘာမှ မသိပါဘူး။

(တို့က အမြဲတမ်း Silk Air ပဲ စီးတယ်။ MAI ဘယ်တော့မှ မစီးဘူး)

ကံဆိုးချင်တော့ MAI website ကို မေးထားတာကို မှန်လား မှားလား မသိဘူး။
ကံကောင်းချင်တော့ စာရွက်ဝေတဲ့ တစ်ယောက်က ခံရေးဖို့ MAI က ထုတ်တဲ့ စာအုပ်တစ်အုပ် ပေးတယ်။ အဲဒီထဲက ကြည့်လိုက်တာပေါ့။

MAI က လေယာဉ်ကို မေးတယ်။ ကံဆိုးချင်တော့ မသိပါဘူး။
ကံကောင်းချင်တော့ အတူလာတဲ့ ညီမလေးတွေက MAI စီးဖူးတာဆိုတော့ သူတို့ပြောတဲ့အတိုင်း ရေးလိုက်တယ်။

အဖြေမှန်တဲ့သူ (၁၁) ဦးပဲ ရှိတဲ့ထဲ ကိုယ်မပါဘူး။
အဲဒါကို MAI အပေါ် feedback ပေးပါ ဆိုတာမှာ Nice Airline လို့ ရေးလိုက်တယ်။
အဲဒါ မှားသွားတာထင်တယ်။

အားလုံးလိုလို ကြိုက်ပါတယ်။ အကြိုက်ဆုံးကတော့ ပြဇာတ် နဲ့ အငြိမ့်ပါ။
ဦးစိန်ကတုံး နဲ့ မယ်အောင်ဗလ နှစ်ပါးသွားမှာ မယ်အောင်ဗလ လုပ်ပြီး ကတဲ့၊ ပွဲစား မိန်းမလည်သိန်းကြွယ် နေရာမှာ ကတဲ့၊ အငြိမ့်မှာပါ လူရွှင်တော်လုပ်တဲ့ ကိုသြဘာ ကိုတော့ အတော် သဘောကျပါတယ်။ ကျန်တဲ့ လူတွေလည်း အတော် ကောင်းပါတယ်။

4: 45 PM ~ 9: 00 PM လို့ လက်မှတ်မှာ ပါပေမဲ့ ၁၁ နာရီကျော်တဲ့ထိ မပြီးသေးဘူး။
အတူပါလာတဲ့ ညီမလေးတွေက woodlands ထိ ပြန်ရမှာဆိုတော့ သိပ်နောက်ကျနေမှာ စိုးတာနဲ့ ပြန်လာခဲ့တယ်။ ပြန်ခါနီး အပေါက်မှားထွက်မိသေးတယ်။ ဇာတ်စင်နောက်ကို ရောက်တော့မလို့။ ကံကောင်းလို့။

လမ်းမှာ ငှားလာတဲ့ taxi နဲ့ တခြားကားနဲ့ ကားချင်း ချိတ်မိတယ်။ အဲဒါ MRT ကို လှမ်းမြင်နေရပြီ။ taxi driver က အသက်ကြီးကြီး ဆိုတော့ စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ insurance ရှိမှာပါ လို့ပဲ တွေးလိုက်ပါတယ်။ မဟုတ်ရင်လည်း ကိုယ်လဲ စိုက်လျော်နိုင်တာ မဟုတ်ဘူး။ သူက ကိုယ်တို့ကို taxi ခတောင် မယူလိုက်ဘူး။ ချိတ်မိတဲ့ ကားနဲ့ ရှင်းရဦးမှာဆိုတော့ MRT က ဟိုရှေ့မှာနော် လို့ လှမ်းပြပြီး ကျန်နေခဲ့တယ်။

အပြီးထိ မကြည့်လိုက်ရလို့ dvd လည်း မဝယ်ခဲ့ရဘူး။ ရရင်တော့ လိုချင်ပါတယ်။ ဘယ်မှာ ဝယ်ရမလဲ မသိ။ အိမ်မှာ အတူနေတဲ့ ညီမတစ်ယောက်ကလည်း၊ အနားနီးမှ အရေးပေါ်လို့ ကျန်နေခဲ့ရတာဆိုတော့ သူလည်း ကိုယ်ပြန်ပြောတာနဲ့ အတော် ကြည့်ချင်နေတယ်။

တကယ်ပါပဲ။ အဲဒီညကတော့ တရုံလုံး တအုံးအုံးနဲ့။ MC လုပ်တဲ့ နှစ်ယောက်ကစ ရီနေရတယ်။
အစီအစဉ်အားလုံး ကောင်းပါတယ် ဆိုပေမဲ့ အပြီးထိ မကြည့်လိုက်ရတော့ တကယ်လို့များ အချိန်ကို ငဲ့ချင်တဲ့ ပရိသတ်တွေအတွက်ပါ ထည့်စဉ်းစားမယ်ဆိုရင်တော့ Rap အကနဲ့ Stereo ကို လျော့လိုက်ရင် အတော်ပါပဲလို့ တွေးမိတယ်။

အဲဒီညက recording လုပ်လာတာလေး နားထောင်ချင်ရင် ဒီမှာ ပါ။
၁၅ မိနစ်စာလုံး နားထောင်စရာ မလိုပါဘူး။ ၁ မိနစ်ကျော်ကျော်လေး နားထောင်ရင် ရပါပြီ။
သူတို့ premium ကြေး ပေးဖို့တော့ လိုမလားမသိဘူး။
(တကယ်က တိုက်ဆိုင်တာပါ။ တမင်ယူသုံးတာတော့ မဖြစ်နိုင်ပါဘူး။)

ဘာပဲဖြစ်ဖြစ် တရုံလုံး တကယ့်ကို riotously အားပေးကြတာပါပဲ။
:)

ရီလိုက်ရတာတွေ အတွက်တော့ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဒီရက်ပိုင်း စိတ်နောက်စရာတွေပဲ တွေ့နေရတာ။

***
PS - ပိတောက်လက်ဆောင် ဆိုတဲ့ သူငယ်ချင်း နိုင်ဝင်း အတော် အသံကောင်းပါလားဟဲ့လို့ ခုမှပဲ သတိပြုမိသွားပါတယ်။
မြန်မာပြည်မှာတုန်းက အလုပ်တူတူ လုပ်လာဖူးတဲ့ နိုင်ဝင်း ကို riotously အားပေးလိုက်ပါတယ်။

***
မေ့တော့မလို့။ အစ အဆုံး မျက်မှန်တပ်ကြည့်ရတယ်။ ဒါတောင် ရှေ့ဆုံးကရေရင် ၅ တန်းမြောက်မှာ ထိုင်တာ။ break time ပြီးတော့ မေ့ပြီး မတပ်မိတာ ဝါးတားတားနဲ့။

နောက်နှစ်လည်း ကြည့်ဦးမယ်။

***

Friday, April 16, 2010

2nd time!

ပထမဆုံး တစ်ကြိမ် က ထူးအိမ်သင် ဆုံးပြီး ထူးအိမ်သင် အမှတ်တရ စာအုပ် ဖတ်ရတုန်းက...
အများကြီးပါပဲ။ ဝင်ရေးကြတဲ့လူတွေ။

နီကိုရဲ၊ ကြွက်နီ ခေါ်တဲ့ သိမ်းတင်သား၊ စောဝေ၊ သီဟန်သွင်၊ စိုင်းထီးဆိုင်၊ မောင်မောင်ဇော်လတ်၊ မျိုးဆွေသန်း၊ ဝဏ္ဏခွာနီး တို့ထိ...


တကယ်တော့ ကွယ်လွန်သူ အကြောင်း သိချင်လို့ ဖတ်ခဲ့တာပါ။

ဒါပေမဲ့ ဝင်ရေးကြတဲ့ လူတွေအကြောင်း တော်တော်များများ သိလိုက်ရတယ်။

***
ဒီတကြိမ်ကတော့ ဒုတိယအကြိမ် ပဲ။

***

Wednesday, April 14, 2010

ပိုက်ကွန်ယက်ချိန်



ဒီလိုနဲ့ပဲ သူ့ကြောင့် နေ့၊ ရက်၊ အချိန်၊ နာရီ တို့က ကိုယ့်အတွက် ချိုမြ လှိုက်လှဲလာကြသည်။

သူ ဆိုသော အသိဖြင့် လောကထဲ တိုးဝင် ရှင်သန်ရသည်က ဘယ်တုန်းကနှင့်မှ မတူသလို...

သူ နှစ်သက်သည် ဆိုသည့် သီချင်းတစ်ပုဒ်ကပင်လျှင် ရင်ခွင်ထဲ အသည်းနှလုံးကို မိမိရရ လှုပ်ခါနိုင်စွမ်းသည်။ သူ ဖတ်နေသည့် စာအုပ် တစ်အုပ်ကပင်လျှင် အာရုံတွေကို လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းသည်။

သူ့ အမှတ်တမဲ့ လေချွန်သံ သဲ့သဲ့လေး ကြားလျှင်ပင် ဖမ်းဆုပ် သိမ်းဆည်းချင်မိပြီ။

ဘေးဘီကိုမှ သတိမထားမိလေဟန် မြောက်ကြွ ပေါ့ပါးစွာဖြင့် သူ လျှောက်လှမ်းလာတာ မြင်ရချိန်တိုင်း ကိုယ့် နှလုံးသားရဲ့ ဟိုးအတွင်းပိုင်းမှာ သံစဉ် တမျိုးစီ ရှိတဲ့ ဆည်းလည်းလေးတွေက နူးညံ့စွာ တချက်ချင်း တချက်ချင်း... လွင့် ပါး က ခုန် လာကြသည်။

အဲဒီ အသံလေးတွေက တိုးတိတ်သော်ငြား ဝေစည် ပျံ့လွင့် လို့နေတတ်သည်။

သူ လှမ်းလျှောက်လာရင်း လေတိုက်လို့ ဆံပင်ကလေးတွေ နဖူးပေါ်က လွင့်နေတာကို မြင်ရတဲ့အခါ ကိုယ်သာ သပ်တင်ပေးချင်စိတ်နဲ့ တိုက်တဲ့လေကို ရန်လိုမိတတ်သည်။

ကျောပိုးအိတ်ကို ပုခုံးပေါ် ခပ်ကြမ်းကြမ်း ပစ်တင်လွယ်ပစ်ပြီး ဘေးနားက သူငယ်ချင်း တစ်ယောက်ယောက်ကို စကားလှမ်းပြောရင်း သူ ခပ်ဟားဟား ရယ်မောလိုက်လျှင် "အချစ် ဆိုတာ သူ့ဆီမှာပဲ ရှိတာပါ" ဟု တွေးတော မိတတ်သည်။

သူ အမှတ်တမဲ့ လှမ်းကြည့်လိုက်လျှင်ပဲ တစ်နေ့လုံးစာ အသက်ရှူလို့မဝ ဖြစ်တတ်သည်။

မလှပတဲ့ လက်ရေးစောင်းကလေးတွေပါတဲ့ သူ့ စာအုပ်ကလေးကို ခပ်ဖွဖွ ပွတ်သတ် ထိကိုင် ကြည့်ချင်မိသည်။

သူ့အင်္ကျီလက်ဖျားလေးကို ခေါက်တင်ပေးချင်မိသည်။

သူ တပိုင်းတစ ညည်းဆိုတတ်တဲ့ သီချင်းမှန်သမျှ ချက်ချင်း ပြန်ရှာ နားထောင်မိတတ်သည်။

သူ့ အိပ်မက်တွေကိုကအစ ရုပ်ရှင်တစ်ကားလို ခံစားကြည့်ချင်လှသည်။

သူ့ wallet လေးထဲမှာ ရှိနေတယ် ဆိုတဲ့ ကောလဟလ ကြားရတဲ့ ကိုယ့် ဓါတ်ပုံ ခပ်ဝါးဝါးလေးကို သူ ဘယ်တုန်းက ရိုက်ယူခဲ့သလဲ မေးကြည့်ချင်လှပြီ။

ကိုယ့် နောက်နားကနေ စကားတခွန်း မဆိုဘဲ သူငယ်ချင်းတစ်ယောက်နဲ့ အတူ လျှောက်လိုက်လာတတ်တဲ့အခါ သူ့မျက်နှာပေါ်မှာ ဘယ်လို အရိပ်အရောင်လေးတွေ ရှိနေမလဲ နောက်ပြန် မလှည့်ဘဲ ကြည့်မြင်ချင်လှသည်။

ကိုယ် မရှိခိုက် မမြင်လိုက်ရဘဲ သူ ပြုံးလိုက်မယ့် အပြုံးတွေ၊ ရယ်မော စကား ဆိုသံတွေ၊ သူ့ လှုပ်ရှားမှုတွေ အကုန်လုံးကို နှမျောတသ မဆုံးပြီ။

သူ့ အပြုံးထဲမှာ ကိုယ့် အပြုံး

သူ့ ရယ်မောသံထဲမှာ ကိုယ့် အပြုံး

သူ့ စကားသံထဲမှာ ကိုယ့် အပြုံး

သူ့ လှုပ်ရှားမှုတွေထဲမှာ ကိုယ့် အပြုံး

"အချစ်" ဆိုတာကိုက ရင်ထဲကနေ နှစ်သိမ့်စွာနဲ့ စီးဆင်းလာတဲ့ "အပြုံးတစ်ပွင့်" ဖြစ်လိမ့်မည်။

***
(မောင့်ကို ဘာဖြစ်လို့ ချစ်ခဲ့တာလဲ လို့ တစ်ယောက်ယောက်ကများ မေးလာမည် ဆိုလျှင် ဘာမှ ပြန်မဖြေဘဲ ပြုံး၍သာ နေမိမည်။)

***
(ငယ်ငယ်တုန်းက ရေးထားတဲ့ စာ။ မနှစ်က April မှာ တင်ခဲ့ဖူးတယ်။ ပြန်တင်ချင်လာလို့...)

***

Tuesday, April 13, 2010

Birthday Wish, from Bottom of My Heart!


မွေးနေ့မှသည်...

ကောင်းသော လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝနိုင်ခွင့်ရှိသောသူ
ထို့ထက်ပို၍ ...
အလိုဆန္ဒ နည်းပါး ရောင့်ရဲနိုင်သောသူ


ချစ်ခြင်းမေတ္တာဖြင့် ဝန်းရံခြင်းခံရသောသူ
ထို့ထက်ပို၍ ...
သူတပါးကို ချစ်ခြင်းမေတ္တာထားနိုင်သောသူ


ပတ်ဝန်းကျင်ကောင်းမှာ ရှင်သန်နေထိုင်ခွင့်ရသောသူ
ထို့ထက်ပို၍ ...
ရှင်သန်နေထိုင်သော ပတ်ဝန်းကျင်အတွက် ကောင်းကျိုးချမ်းသာများ ဆောင်ကြဉ်းနိုင်သောသူ


အနှောက်အယှက် ရန်ဟူသမျှ ဖယ်ရှားအောင်မြင်နိုင်သောသူ
ထို့ထက်ပို၍ ...
မေတ္တာဖြင့် ခွင့်လွှတ်နိုင်သောသူ


ဆင်းရဲဒုက္ခအပေါင်းမှ ကင်းဝေးနိုင်သောသူ
ထို့ထက်ပို၍ ...
ဆင်းရဲမှုအပေါင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်လွှားနိုင်သောသူ


သူတကာထက် ကောင်းမွန်သာလွန်သော ဘဝများဖြင့် သံသရာကို ကူးဖြတ်နိုင်သောသူ
ထို့ထက်ပို၍ ...
အကောင်းမွန်ဆုံး အငြိမ်းချမ်းဆုံး အမြင့်မြတ်ဆုံး ခရီးဆုံးပန်းတိုင်ကို ဘဝတိုတိုဖြင့် ရောက်ရှိနိုင်သောသူ ဖြစ်ပါစေ။



ထို့ထက်ပို၍ ... ကိုယ့် မေတ္တာတရားတွေနဲ့ အတူတူ
ထို့ထက်ပို၍ ...
ဘဝဆက်တိုင်း ဆက်တိုင်း

Myat


Sunday, April 11, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၁၂) - အဆုံး

24th Feb 2010

တစ်ယောက်တည်း ကျန်ခဲ့တယ်။
ဒီတခေါက်ပြန်တာမှာ ခရီးထွက်မသွားခင်တည်းက တစ်ယောက်တည်းပဲ ၄/၅ ခါ မက ဟိုဟိုဒီဒီ သွားခဲ့ရတယ်။ ဒါပေမဲ့ အနီးမှာရှိနေတာဆိုတဲ့ အသိနဲ့ အဝေးရောက်နေတာဆိုတဲ့ အသိ မတူဘူး။

***

ဝက်သားတုတ်ထိုး :D


တစ်ခါတည်းပါ...


မြန်မာပြည်ရောက်ရဲ့သားနဲ့မှ တခါလေးတောင် မစားရရင် ကိုယ်တော့ သေမှာပဲ။

ညနေဘက်မှာ အလုံက အမျိုးတွေဆီ သွားတယ်။
ကိုယ့်ဦးလေး ဝမ်းကွဲမိသားစုက ကလေးတွေ ကျောင်းတက်တော့ ရန်ကုန်မှာ လာနေ။
ဆေးလာပြတဲ့ ကိုယ့်အဘိုးလေး၊ အဘွားလေးကို သွားတွေ့တာ...

ငယ်ငယ်တုန်းကလို့ အစချီပြီး ပြောတော့ စိတ်က အတိတ်ကို ပြန်ပြေးတယ်။

အဘွားတွေ ရင်ခွင်ထဲ ပြန်ဝင်လို့ အိပ်ရာဝင်ပုံပြင်တွေ နားထောင်ချင်သေးပေမဲ့လည်း နေပါစေတော့... သူငယ်တန်းကစပြီး ကျောင်းပြန်တက်နေရဦးမယ်။
ဘာကိုမှ ဆုတ်ကိုင်မထားချင်ပါဘူး။ လက်ညောင်းလို့ ဆိုတာလိုဖြစ်နေပြီ။

***
ဗိုလ်ချုပ်ဈေး



၁ဝ တန်းလောက်အထိတော့ ကြီးကျယ်ခမ်းနားတဲ့ ဈေးလို့ ထင်ခဲ့မိတယ်။
နောက်တော့လည်း ဘာမှ မဟုတ်ပါလား...



ဗိုလ်ချုပ်ဈေးက နောက်ပိုင်းတော့ သိပ်ရောက်ဖြစ်တော့တဲ့ ဈေး မဟုတ်ဘူး။



စင်ကာပူရုံးက လူတွေအတွက် လက်ဆောင်ဝယ်ဖို့ သွားတာပါ။ Jade key chain ဝယ်တော့ လုပ်ပေးတာကို စောင့်ဝယ်ဖြစ်တယ်။ ခဏထိုင်နေရင်း ဆိုင်နီးနားချင်းတွေ စကားပြောကြတာ နားထောင်ခဲ့ရတယ်။


"သမီး ဒီနှစ် ဘယ်အခန်းရလဲ"
"A ခန်း မရဘူး"
"ဟုတ်လား"
"ဟုတ်တယ်။ သူ့ထက် လပတ်တွေမှာ အမှတ်နည်းတဲ့ ကလေးတွေက A ရကြလို့... ဒါနဲ့ သမီးကို ပြောရတယ်။ သမီးရေ မာမီ သမီးတို့ ကျောင်းအုပ်ဆီကို ဖုန်းလှမ်းဆက်ရင် တချက်ပဲ။ ကျောင်းတုန်းက ကိုယ့်ထက် အငယ်တန်းကလေ။ ကိုယ်က သူ့စီနီယာ။ ဒါပေမဲ့ မာမီ ဒါမျိုးကို အရမ်းရှက်တယ်။ ဘယ်တော့မှ မလုပ်ဘူးလို့။"

တကယ်တော့ ကိုယ် အဲလို အရေးကိစ္စတွေနဲ့ မိဘတွေရဲ့ တုံ့ပြန်စီမံပုံကို စိတ်ဝင်စားတယ်။
ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ မြန်မာနိုင်ငံမှာ အလုပ်မဟုတ်တာ အရေးမပါတာတွေနဲ့ ရှုပ်နေတာပဲ။ လွယ်တာကို မခက် ခက်အောင် လုပ်နေကြရတယ်။ ဘယ်နေရာဖြစ်ဖြစ်။

စိတ်ကုန်...






ဒီတခါတော့ ဘယ်သူ့မှ hate လို့ မရဘူး။ ကိုယ့်ဘာသာပဲ hate တယ်။
တယောက်တည်း သွားခဲ့ရတော့ ဘယ်နား ဘာရှိမှန်းလဲ မသိဘူး။ သိလဲ မသွားချင်ဘူး။
ဗိုက်ပြည့်ပြီးရောပဲ စားရတော့တယ်။


ပြီးတော့ Beauty Saloon ကို တခါ ထပ်သွားတယ်။ တာမွေဘက်မှာ။ အဲဒါလည်း ရုံးက အစ်မတွေ သွားနေကျဆိုင်။ ဒီလိုကိစ္စမျိုးတွေနဲ့ အစားအသောက်ကိစ္စတွေဆို သူများနောက်ပဲ လိုက်တယ်။ ဘယ်သူ့နောက်ပဲ လိုက်လိုက် သိပ်ပြဿနာ မရှိလှဘူး။ ဘာမှ ဇီဇာမကြောင်တတ်လို့။

အောင်ဆန်းကွင်းဘေးက ဖြတ်သွားတုန်း တခုခုကို ဖျတ်ခနဲ သတိရလိုက်တယ်။
ဘယ်လောက်တောင် အာရုံက ပျံ့လွင့်နေသလဲဆိုရင် ချက်ချင်းပဲ ဘာကို သတိရလိုက်တာလဲဆိုတာ သတိမရတော့ဘူး။ ခုပြန်စဉ်းစားလဲ မသိတော့ဘူး။

***
ရွှေတိဂုံ



ဆံပင်ကိစ္စပြီးတော့ ညနေ ဆရာဝန်ပြဖို့ရှိတယ်။
အဲဒီသွားဖို့ကလည်း စောနေသေးတော့ ဘုရားကို ရောက်တယ်။



ဆွမ်းဆန်စိမ်းအတွက် ငွေလှူခဲ့တယ်။
ဘယ်လိုပုဂ္ဂိုလ်ကို လှူတာ၊ ဘယ်လိုအလှူမျိုးကို ပြုတာတွေက ဘယ်လိုပိုလို့ အကျိုးရှိတယ်ဆိုတာတွေ ဘယ်လိုဖတ်ခဲ့ဖူးလဲပဲ ရွှေသင်္ကန်းကပ်ရတာထက် ဆွမ်းဆန်စိမ်းလို အလှူမျိုးကို လုပ်ဖို့ ပိုပြီး စိတ်အားထက်သန်တယ်။ လှူပြီးသွားရင်လည်း စိတ်ထဲမှာ ပိုအားရနေမိတယ်။

ဒီတခေါက်အပြန်ခရီးမှာ ကိုယ် ကျောင်းတုန်းက ကိုင်တဲ့ 992S - scientific calculator ကို မန္တလေး - ကွန်ပျူတာ တက္ကသိုလ်တက်နေတဲ့ တကယ်ကို လိုနေတဲ့ ကျောင်းသားတစ်ယောက်ကို ပေးလိုက်နိုင်တာကိုလည်း စိတ်ထဲ သိပ်အားရနေမိတယ်။

တကယ်တော့ အသိ(နားလည်မှု)နဲ့ လုပ်ရပ်ဟာ တထပ်တည်းကျဖို့ မလွယ်ဘူး။ အကျိုးအကြောင်း အဆိုးအကောင်း သဘောတရားတွေသိလည်း မျက်စေ့ရှေ့မှာ သိသိသာသာ အကျိုးကျေးဇူးတစ်ခု (အဲဒီအကျိုးဟာ ကိုယ့်အတွက် ဖြစ်စရာမလိုဘူး) ချက်ချင်းလက်ငင်း ရသွားတာ၊ ရမှာ သေချာတာကိုပဲ လုပ်ချင်တယ်။ ဒါဆို ကိုယ်က ရုပ်ဝါဒီလား။











1999 မှာ လေ့လာခဲ့တယ်။ ခုထိ နားလည်တယ် မထင်ဘူး။



အဲဒီနေရာမှာ ငြိမ်ငြိမ်လေး ထိုင်နေရင်း စိတ်ထဲမှာ အတော် အေးအေးချမ်းချမ်း ဖြစ်လာတယ်။ တစ်ယောက်တည်းကျန်ခဲ့တာကို အလိုမကျတဲ့စိတ် ပျောက်သွားတယ်။ (တကယ်တော့ တစ်လလုံး ခရီးသွားရမယ့် အခြေအနေ။ ကိုယ်ကလည်း ဒီလပဲ ပြန်လာမယ် ဆိုတော့ နောက်အကျဆုံး ရွှေ့ပေးထားတာ။ သွားပါ လို့လည်း ပြောခဲ့မိပါတယ်။ ဒါပေမဲ့လည်း...)

အရာရာကို ခွင့်လွှတ်ချင်လာတယ်။ ဒီ့ထက်ပိုကြာကြာနေရင် ခွင့်မလွှတ်ဘူးလို့ ဆုံးဖြတ်ထားတာတွေကို ခွင့်လွှတ်မိသွားမှာစိုးလို့ ဘုရားပေါ်က မြန်မြန် ပြန်ဆင်းလာခဲ့တယ်။

အဝိဇ္ဇာတွေ...

***

ကြေးအိုး


ရွှေဘုံသာလမ်း နောက်ဘေးလမ်းက ဘာလမ်းလဲ မမှတ်မိတော့ဘူး။ အဲဒီက...

သေချာရိုက်ချင်စိတ်လည်း မရှိဘူး။
အဲဒီတုန်းမှာ ဖုန်းလာတယ်။

***
ဆေးခန်း



တစ်ယောက်တည်း.....
ဒေါက်တာ့ကို နက်ဖန်ပြန်ရတော့မှာ ပြောတော့ ဆေးဆက်သောက်ပါ ပြောတယ်။
ပြီးတော့ ဆေးတွေအကြောင်းရှင်းပြနေသေးတယ်။

ပြောတယ်မို့လား စကားကို သူလိုလားမှ ပြောမယ့်ပုံစံလို့...
soothing effect တို့၊ burning effect တို့၊ ဘယ်ဆေးကတော့ ဘယ်လိုတို့...
chemical term တွေ၊ medical term တွေ ကိုယ်ဘာသိမှာလဲ။ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ လိုက်လုပ်လာတာ။ ဒေါက်တာကလဲ ဆရာဈာန်ဝင်သွားလား မသိဘူး။ စာရှင်းသလို ရှင်းနေတယ်။ ကိုယ်လဲ စာသင်ရသလိုပဲ ဘာမှန်းမသိတာတွေကို ခေါင်းတငြိမ့်ငြိမ့်နဲ့... (ကျောင်းတုန်းကအတိုင်းပဲ။
အကျင့်က)

ချုပ်ရရင်တော့ ဆေးတစ်လစာ ဝယ်ပြီး ပြန်လာတယ်။

***


ဆေးခန်းကနေ အိမ်ပြန်ရောက်တော့ မိုးချုပ်နေပါပြီ။ သူငယ်ချင်းတချို့ အိမ်လာစောင့်နေကြတယ်။ သူတို့သာ လာမစောင့်ရင် လုံးဝ တွေ့ရမှာ မဟုတ်ဘူး။ ဒါနဲ့ အပြင်ထွက်ပြီး လမ်းဘေးဆိုင် ထိုင်ပြန်တယ်။ လေတဖြူးဖြူးနဲ့ မီးမှိန်မှိန်နဲ့... စကားတွေ ဟိုရောက် ဒီရောက်ပြောဖြစ်တယ်။

ကျောင်းတုန်းကလိုပဲ။ ဒါပေမဲ့ ကျောင်းတုန်းက စိတ်နှလုံးကို ပြန်မရနိုင်တော့ဘူး။ ကျောင်းတက်နေဆဲလူတွေ ဘာကွာလဲမေးရင်တော့ သိချင်ရင် ကျောင်းပြီးကြည့်လိုက်လို့ပဲ ပြောရမယ်။

ဒါ ဝိုင်းကျူရှင်နဲ့ တွဲမိတဲ့ သူငယ်ချင်းတွေ...
တခြားတအုပ်စုကိုတော့ လုံးဝမှ မတွေ့ခဲ့ရတော့တာ။ တကယ်ပဲ ကိုယ်ဟာ နှမ်းဖြူးတတ်သူပါ။

အဲဒီထဲက သူငယ်ချင်းတစ်ယောက်ကိုတော့ ရင်ထဲကစကား ပြောခဲ့တယ်။
"ငါ မြန်မာပြည်ကို ပြန်လာရတာ ပျော်လှတယ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပြန်ရတော့မယ်ဆိုတော့ ဝမ်းနည်းတယ်"

***
ဘိန်းမုန့်

ဒီက သူငယ်ချင်းတစ်ယောက်က လျှာရှည်ခွာရှည်နဲ့ စားချင်လှချည်ရဲ့ လှမ်းမှာလို့... ရန်ကုန်က သူငယ်ချင်းခမျာ တကူးတကနဲ့ ဘိန်းမုန့်တွေမှာပြီး ပလပ်စတစ်ထမင်းဗူးနဲ့ အပြည့် ၃ ဗူး ထည့်ပေးလိုက်တယ်။ ကီလိုမပိုဘဲ ဘယ်နေပါ့မလဲ။ ဓါတ်ပုံတော့ မရိုက်လိုက်ရဘူး။

***

26th Feb 2010

လေယာဉ်ပေါ်မတက်ခင် ကိုယ့်ကို တိုက်ရိုက် အလုပ်ခန့်ခဲ့တဲ့၊
ကိုယ်နဲ့ မတွေ့ခဲ့ရတဲ့ ရုံးက ကိုယ့်ဒါရိုက်တာဆီကို ဖုန်းခေါ်တယ်။ မတွေ့လိုက်ရတဲ့ ဆရာတပည့်နှစ်ယောက် အတော် စကားပြောလိုက်ရပါတယ်။

***
ပြီးတော့... ဖုံးနံပါတ်တစ်ခုကို ထပ်ခေါ်တယ်။ မရဘူး။
ထပ်ကာ ထပ်ကာ ခေါ်တယ်။ မရဘူး။

နောက်တော့ ကဒ် ပြောင်းထည့်လိုက်တယ်။ အဲဒါ မှားသွားတယ် လို့ ဒီပြန်ရောက်ပြီးမှ သိတယ်။ ကိုယ်ခေါ်လို့ မရပေမဲ့ သူခေါ်နေနိုင်သေးတာ မတွေးမိလိုက်ဘူး။ တခါတခါ ဘာမဟုတ်တာလေးကို အကျိုးသင့် အကြောင်းသင့် မတွေးနိုင်တာ အတော် အံ့သြဖို့ကောင်းတယ်။


နေရစ်တော့ မြန်မာပြည်...

***
မရောက်ဖြစ်ခဲ့တဲ့ နေရာတွေ

1) ရန်ကုန်က သူငယ်ချင်းတွေ အိမ် (ဘယ်သူ့အိမ်မှ မရောက်ဖြစ်ဘူး)
လာတွေ့တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမေကျန်းမာရေး မကောင်းတာ သိရက်နဲ့ကို မရောက်ခဲ့နိုင်ဘူး။
2) အီးစီ ဌာနမှူးဆီ
3) စိမ်းလန်းစိုပြေက zephyr
4) MES (သက်တမ်းသွားတို့ဖို့ ရှိတာကို မရောက်ဖြစ်ခဲ့ဘူး)
5) Baldwin Library
6) ပခုက္ကူ

***

Nothingness





ဒီရေမွှေး မြင်တိုင်း ကိုဘ ကို စိတ်နာလွန်းလို့။


ညဘက်ကြီး ပြန်ရောက်တယ်။ စောစောထဖို့ ဘယ်တော့မှ စိတ်မဝင်စားလို့ မနက်လေယာဉ်မစီးဘူး။

ပြန်ရောက်ရောက်ချင်း အမေးခံရတဲ့ မေးခွန်းက
"အဆင်ပြေခဲ့ရဲ့လား"
ဘယ်သူတွေနဲ့လဲ။ ဘာကိစ္စလဲ။ ဘာအတွက်လဲ။
ပြန်မမေးပါဘူး။ ပြန်လည်း မဖြေဘူး။

Polar မှာ ထိုင်စားပြီးမှ ပြန်ခဲ့ကြတယ်။ အိမ်ပြန်ရောက်တော့ ၁၁ နာရီလောက် ရှိနေပါပြီ။

***
Poor Fish

"ပြင်ဦးလွင်မှာ မြနန္ဒာနှင့် သားနှင့် အနားယူပြီး နန္ဒာအလိုကျ တစ်ဘဝနေလိုက်သည်မှာ ပျော်စရာ မှန်ပေမယ့် ခွင့်ရသည့် လကုန်၍ ဆေးရုံရှိရာ၊ အလုပ်ခွင်ရှိရာ ပြန်ရမည်ဆိုတော့ ကိုကိုသည် လက်များ တုန်ရီအောင် ဝမ်းသာသည်။ အားလပ်ပျင်းရိနေသော သူ့လက်ချောင်းများသည် အလုပ်လုပ်ချင်ခြင်းဖြင့် ယားလှပြီ။

သူ့ဘဝမှာ နှာခေါင်းယဉ်၍ မွှေးသည်ဟုပင် ထင်သော ဆေးရုံက ပိုးမွှားကင်းစင်သော အနံ့တို့ကို မွှေးယောင်လာသည်။ ဘာမှ စဉ်းစားတွေးတောနေချိန် မရအောင် တဒင်္ဂမှ နောက်တဒင်္ဂသို့ လျှင်မြန်စွာ ကူးပြောင်း၍ အကြောင်းခြင်းရာများစွာ ဖြစ်ပေါ်နေသော ခွဲစိတ်ခန်းသို့ သူပြန်ချင်ပြီ။"


(မောင် ကိုကို နှင့် မြနန္ဒာ - ကြည်အေး)

Feb 27 နဲ့ 28 အလုပ်ပြန်ဝင်ဖို့ စောင့်နေချိန် အထက်က စာသားတွေ ပြန်ဖတ်မိတော့ ကိုယ့်ဘာသာ သနားလိုက်တာ။ နိုင်ငံခြားမှာ နေနိုင်ရုံ၊ ပိုက်ဆံရှာနိုင်ရုံနဲ့ပဲ ကိုယ်လိုမလုပ်နိုင်တဲ့ လူတွေကို သနားဖို့အကြောင်း ကိုယ့်အတွက်တော့ မလုံလောက်သေးဘူး။

နိုင်ငံခြား မထွက်ခင်
မြန်မာပြည်မှာ အလုပ်လုပ်နေတုန်း သင်္ကြန်ပိတ်ရက် အိမ်ပြန်တဲ့အခါ ၂ ပတ်ကျော် ၃ပတ်လောက် ဘာမှ မလုပ်ဘဲ ထိုင်နေပြီးတဲ့နောက်မှာ လုပ်ငန်းခွင်ရှိတဲ့နေရာ၊ သင်တန်းတွေနဲ့ လေ့လာစရာတွေ ရှိတဲ့နေရာကို တကယ်ကို စိတ်ထက်ထက်သန်သန်နဲ့ ပြန်ချင်ခဲ့ဖူးပါတယ်။

***
1st Mar 2010


အလုပ်ထဲ ပြန်ရောက်တယ်။
လူတွေ အသံတွေ ကိန်းဂဏန်းနဲ့ အတိုင်းအတာတွေ schedule တွေ...
ကန်တင်းနဲ့ စားသောက်စရာ...
နေ့ရက်တွေနဲ့
ပြန်လည်ရမယ့် သံသရာ...

နေ့လည်စာ စားပြီးတော့ မေမေ့ဆီ ဖုန်းလှမ်းဆက်ရင်း ကိုယ် ဝမ်းနည်းလာတယ်။

***
1st March မှာ ရန်ကုန်ပြန်ရောက်ပြီ။ ညကျ ဖုန်းပြောဖြစ်တယ်။
"ဒီမှာ ကိုယ်တစ်ယောက်တည်း" လို့။






လူတွေ အများကြီး ရှိပေမယ့် ကိုယ် တစ်ယောက်တည်းပါပဲ။

***
တွက်ရေးခက်တဲ့ ပုစ္ဆာ
ခုချိန်ထိလည်း အဖြေမထွက်ဘူး။


***
(ဒီတပိုင်း ရေးရတာ စိတ်မပါဘူး။)

***

Friday, April 9, 2010

၃ ရက်တာ...

ပထမနေ့

အတော်ပင်ပန်းပါတယ်။
စရောက်ရောက်ချင်း ဘာလုပ်ရမှန်း မသိဘူး။
တကယ်တော့ နည်းနာတွေက တခါမှသာ မလုပ်ဖူးတာ စာအုပ်တွေထဲကနေ နည်းအမျိုးမျိုးကို အလွတ်တောင် ရနေပြီ ဆိုရမယ်။ ဒါပေမဲ့လည်း တကယ်လုပ်တော့မယ်ဆိုတော့ ဘယ်ကစလို့ ဘာလုပ်ရမယ် မသိဘူး။ ဒီတိုင်း ငြိမ်ငြိမ်လေးပဲ ထိုင်နေတယ်။ ဒါပေမဲ့ စိတ်တွေက လွင့်နေတယ်။

"လူက ငြိမ်ငြိမ်လေး ထိုင်နေပေမဲ့ ကိုယ့်စိတ်တွေ လွင့်နေတယ်" ဆိုတဲ့ ရေးခဲ့ဖူးတဲ့ လွမ်းချင်းတစ်ပုဒ်ကိုတောင် သတိရမိတယ်။

ဝင်လာတာတွေဟာ အများကြီးပဲ။ တခါမှ မတွေးခဲ့ဖူးဘူးလို့ ထင်ခဲ့တဲ့ အကြောင်းအရာတွေတောင်မှ ဝင်လာတယ်။ ကျောင်းတုန်းက 0 1, 1 0 တွေလည်း ပါသေးတယ်။ အတော် စွဲခဲ့တာကိုး။

၁ဝ နာရီမှာ ဆရာတော် တရားဟောပြီး၊ အသစ်တွေကို သပ်သပ် ထိုင်နည်းပြောပြတယ်။ ကိုယ်သိပြီးသားဆိုလည်း ဆရာတော်ပြောမှ လိုက်လုပ်တတ်သလို ဖြစ်နေတယ်။

စင်္ကြံလျှောက်နေတုန်း "ခုနောက်ပိုင်း game တွေ မကစားဖြစ်တာ တော်သေးတယ်" လို့ တွေးမိတယ်။ ၁ဝ တန်းအောင်ပြီး game တွေ သဲကြီးမဲကြီး ဆော့နေတဲ့ကာလမှာ ဥပုသ်စောင့်တော့ နားနေတဲ့ခဏမှာ မျက်စေ့ထဲ game အကွက်လိုက်၊ အကောင်လိုက်တွေ မြင်လာတာကိုး။

နောက်ပိုင်းမှာ game နဲ့ မပတ်သတ်မိအောင် နေခဲ့တာ fb က game တွေတောင် သွားမစဘူး။ invitation တွေ ရာချီ ရောက်လဲ အကုန် ignore လုပ်ခဲ့တယ်။ ခုဆို မသိတဲ့လူတွေကိုတောင် friend list ကနေ အကုန် ဖြုတ်ချလိုက်ပြီ။ fb က check ချင်တဲ့လူကို check ဖို့ထားရုံမျှသာပါပဲ။ :)

ပတ်သတ်ဆက်စပ်ခဲ့တာတွေ များတာဟာ မကောင်းဘူး။ ကိစ္စဝိစ္စတွေ များတာဟာ မကောင်းဘူး။ ကိစ္စများတော့ အတွေးများတယ်။ ဒီလိုအချိန်မှာ ဒုက္ခပေးတာပဲ။ လောလောဆယ် မပတ်သတ်တဲ့ game ကိုတောင် အရင်က ပတ်သတ်ခဲ့ဖူးတာ ပြန်တွေးမိပြီး ခေါင်းထဲ ပေါ်ဖြစ်အောင် ပေါ်လာသေးတယ်။

အဲဒီနေ့က ပထမဆုံးနေ့ ဖြစ်တာရော၊ ထမီဝတ်ထားရတဲ့ tension ကြောင့်ရော အတော်ကို ခံစားရတယ်။ လူတကိုယ်လုံးက မီးထတောက်တော့မယ့် အတိုင်းပဲ။ ထိုင်ရင်လည်း ဘယ်လောက်မှ မထိုင်နိုင်ဘူး။ လျှောက်ရင်လည်း ဘယ်လောက်မှ မလျှောက်နိုင်ဘူး။ ၁၅ မိနစ်လောက် ထိုင်လိုက်၊ ၁၅ မိနစ်လောက် လမ်းလျှောက်လိုက်နဲ့ အတော်ကို ဂဏာမငြိမ်ပါလားလို့ တွေးမိတယ်။

ထိုင်တဲ့အခါ လက်ကို ခွေပြီး တင်ထား၊ ဒါမှမဟုတ်လည်း ဒူးပေါ် ဆန့်ထားတယ်။ ဘယ်လိုမှ မခံစားနိုင်အောင် လက်ထဲက အောင့်လာတယ်။ ဝေဒနာကို ရှုဖို့ဆိုတာ တကယ်တော့ ဘယ်လိုမှ မလွယ်တဲ့ အလုပ်ပဲ။ ဒါတောင် အကျင့်မရှိတဲ့ ကိုယ်အမူအရာကို အကြာကြီး လုပ်နေရလို့ ဖြစ်တဲ့ ဝေဒနာ။ ကျန်းမာရေး ချို့တဲ့၊ အားအင်ကုန်ခန်း
ပြီးမှ ရတဲ့ ဝေဒနာမဟုတ်ဘူး။ အဲဒီလို အခြေအနေမျိုး ရောက်မှသာ ဒီအလုပ် စလုပ်မယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဘယ်နေရာကဝေဒနာကို စူးစိုက်ပြီး ရှုရမယ်မှန်း မသိအောင်ကို တကိုယ်လုံးက
နေရာလပ်မကျန်အောင် နာနေတယ်။ ကိုယ် အရမ်းပြန်ချင်တယ်။ လှဲအိပ်လိုက်ချင်တယ်။

ပြန်ရတော့မယ် ဆိုတော့ အတော်ကို လွတ်လပ်ပေါ့ပါးပြီး ပျော်သွားတယ်။
လမ်းပေါ်ရောက်တော့ ခုနက ဝေဒနာတွေ အလိုလို ပျောက်သွားတယ်။


မမသီတာ၊ အကိုဧရာတို့နဲ့တွေ့တယ်။ ခဏလေး နှုတ်ဆက်ရုံလေးပါပဲ။


ညဘက် ဆာပေမယ့် နေနိုင်ပါတယ်။ မေ့ပြီး သီချင်းဖွင့်မိတယ်။ အဲဒါကိုလည်း သတိမထားမိဘူး။


***

ဒုတိယနေ့


ထမီ ဘယ်လိုမှ ဆက်မဝတ်နိုင်တော့ဘူး။ ဝတ်ထားတဲ့ နေရာက ပူပြီး၊ ဆုတ်ဆွဲထားသလို ခံစားရတယ်။ ချည်သားဘောင်းဘီတွေ ရှိတော့ အဲဒါတွေနဲ့ အဆင်ပြေသွားတယ်။

I don't know why our ancestors adopted the others' culture, ထမီ!

ထိုင်ရတာ မနေ့ကထက် ပို အဆင်ပြေလာတယ်။ မနက်ပိုင်း တရားမဟောခင်ထိ ကောင်းကောင်းထိုင်နိုင်တယ်။

ထမင်းစားချိန်ရောက်တော့ ဟင်းတခွက်က ဒန့်သလွန်သီးပါတဲ့ သီးစုံဟင်း။ ရုတ်တရက် cbox နဲ့ kkmg ကို တွဲသတိရပြီး ပြုံးစိစိ ဖြစ်သွားသေးတယ်။ စိတ်ထဲမှာ ဘာလို့မှန်းမသိ ရယ်ချင်သွားတာ။ ရယ်ချင်နေတာကို စိတ်ထဲမှာ အမှတ်ထားပြီး ဆက်စားဖြစ်သွားပါတယ်။

ကြက်သားဟင်း လုံးဝ မတို့ပါဘူး။ တခြားဟင်းရံတွေပဲ စားနေမိတယ်။ ရောင့်ရဲနေတာတော့ မဟုတ်ဘူး။ ကိုယ်စားချင်တာ ရွေးစားတာပါ။ ကြက်သား၊ ဝက်သားက ကိုယ့်ဘာကိုယ် စားနေရလို့။ တဏှာ၊ တဏှာ... ရသတဏှာက အဲဒီထိအောင် စွဲနေသေးတယ်။ အလှူရှင်တွေက ဟင်းတွေ အတင်းလာထည့်ပေးကြတယ်။

စားနေတုန်းမှတ်ရတာ ပိုခက်တယ်။ မြန်မြန် ဖျတ်ဖျတ်နဲ့ စားနေကျဆိုတော့ အဲလို ခဏခဏ စားမိတယ်။ ဖြည်းဖြည်းဆေးဆေး အမှတ်နဲ့ စားရတာ အတော်ခက်ပါတယ်။

စားပြီး တစ်နာရီပြည့်အောင် လျှောက်နိုင်တယ်။ ပြီးတော့ တစ်နာရီပြည့်အောင် ပြန်ထိုင်နိုင်တယ်။ ပထမနေ့ကလို မဟုတ်တော့ဘူး။ ဒါပေမဲ့ စိတ်ကတော့ ဖမ်းရခက်တုန်းပဲ။ ရန်ကုန်က တနေရာကို ခဏခဏ ရောက်သွားတယ်။ အသံတချို့ကို ကြားမိတယ်။

အပြန်ကျ SSC မှာ shopping ကြသေးတယ်။ ဘာမှတော့ ဝယ်မလာဖြစ်ဘူး။ တကယ်တော့ မလုပ်သင့်ဘူး။ အာရုံအသစ်တွေကို ထပ်မရှာသင့်တာ။

အဲဒီနေ့ အိမ်ပြန်ရောက် ကွန်ပျူတာ ဖွင့်တော့မှ သတိထားမိတယ်။ မနေ့က သီချင်းနားထောင်လိုက်သေးတယ် ဆိုတာကို...

***
တတိယနေ့

အိပ်ရေးနည်းနည်း ပျက်ခဲ့တယ်။
မနက်တပိုင်းလုံး အဆင်ပြေပေမယ့် နေ့လည် ထိုင်တော့ အိပ်ငိုက်မိတယ်။ ဒါနဲ့ မျက်လုံးကို တ​ဝက်ဖွင့်ထားမိတယ်။ မှတ်စိတ်တွေ သိပ်တိုးတက်လာတယ်လို့တော့ မထင်မိပါဘူး။ ဒါပေမဲ့ လုပ်ချင်စိတ် ရှိနေတယ်။ ကိုယ့်သာသာ တော်တော်မလွယ်တဲ့ဟာပါလား လို့ သိလာတယ်။

လမ်းလျှောက်တဲ့အခါမှာ ပြန်လှည့်လိုက်တဲ့ အချိန်မှာပဲ အာရုံက လှစ်ခနဲ လွင့်တတ်တယ်။
ခြေလှမ်း ၁ဝ လှမ်းစာ သတိမပြတ်ရှိနေဖို့ဟာ မလွယ်ဘူး။
တစ်နေရာမှာ စူးစိုက်နေနိုင်ရင် ကျန်တာတွေက အလိုလို မှိန်သွားတယ်။

အဲဒီနေ့က စောပြီး ပြန်ခဲ့တယ်။
နောက်နေ့ ရုံးပြန်တက်ဖို့လည်း ရှိနေတော့...

နောက်ကြုံရင် သွားကြဖို့တော့ တိုင်ပင်မိတယ်။

အတူတူထိုင်တဲ့ ညီမလေးတစ်ယောက်က "ဆရာတော်ဟောတဲ့ထဲမှာ ဝင်သက်မဆုံးခင် ထွက်သက်မဆုံးခင်မှာပဲ သေသွားနိုင်တယ်လို့ ပါပေမဲ့ စင်္ကြံလျှောက်တော့ ငါ့နေရာလို့ စွဲနေတယ်" လို့ ပြောတယ်။ ဟုတ်တယ် တခါတခါ ကိုယ့်အတွက် အသုံးမဝင်နိုင်ဘူးဆိုတာ သိရက်နဲ့တောင် မစွန့်နိုင်တာတွေ ရှိနေတယ်။

***
သတိကို အမြဲ မပြတ်ကပ်လို့ စိတ်ကို စောင့်ထိန်းရတဲ့ အလုပ်ဟာ လုပ်ဖူးခဲ့သမျှ
မှာ အခက်ခဲ အပင်ပန်းဆုံးပဲ။ ထပ်ကြိုးစားကြည့်ဦးမယ်။

***

Tuesday, April 6, 2010

I came for ...



ကိုယ် လာခဲ့တယ်

ဟိုး ... ခပ်ဝေးဝေး
သိပ်မလင်းတဲ့ ကြယ်ကလေးဆီက

ကိုယ် လာခဲ့တယ်

ပူပြင်းတဲ့ နွေရာသီ တစ်ခုမှာ
နီးစပ်ထိတွေ့သမျှကို
ကြည်လင်အေးမြစေဖို့

ကိုယ် လာခဲ့တယ်
အမှောင်တွေသာ ခင်းကျင်းတဲ့ ညယံထဲ
အလင်းတွေ သက်ဆင်းလာသလိုမျိုးနဲ့

ကိုယ် လာခဲ့တယ်
ဘာကိုယူလို့ ဘာကိုပြန်ပေးရမှန်း မသိတဲ့ လောကထဲ
ဘာမှလဲ နားမလည်ဘဲနဲ့


ကိုယ် လာခဲ့တယ်
ပူပူကျဲကျဲ အရိပ်နည်းပါးတဲ့ ကွင်းပြင်ထဲမှာ

သူရိန်နေမင်းရဲ့ ရှုသဘင် ခံယူရင်း

ကိုယ် လာခဲ့တယ်
လရိပ်ပင်လယ်ထဲက
နဂါးငွေ့တန်း လှိုင်းလုံးတွေကြား

ကြယ်စင်ငါးကလေးများနဲ့ ဆော့ကစားဖို့

ကိုယ် လာခဲ့တယ်
ဂုဏ်ယူစရာ နည်းနည်းပါးပါးထဲမှာ
မတန်တဆ ဝင့်ကြွား ပြသဖို့

ကိုယ် လာခဲ့တယ်
ဒီကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးထဲထည့်
သေချာစေ့စေ့ ကြည့်ချင်ခဲ့လို့။


***
ကိုယ် လာခဲ့တယ်
လျှပ်ပြက်သလို
သူ တစ်ချက် အပြုံးမှာ
တခဲနက် အရှုံးပေးချင်လို့။

(6th April 2009)
မနှစ်က ရေးပြီး တင်ခဲ့တဲ့ ကဗျာ။

***
Update: (6th Apr 2010, 10:45 PM)


အိမ်က အစ်မနဲ့ ညီမလေးများ လုပ်ပေးလို့။ ကိုယ့်ဘာသာဆို လုပ်ဖြစ်မှာ မဟုတ်ဘူး။ သူတို့ကို ကျွေးဖို့တောင် order မှာမယ်ဆို ခုထိ မမှာရသေးဘူး။ weekends မှ မှာရမယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

***

Monday, April 5, 2010

Friday, April 2, 2010

ကျိန်စာ (၂) - မောင်သစ်ဆင်း

ဖေဖေသည် အိပ်ခန်းတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသော မေမေ့ကို မှုန်ရီစွာ ငေးကြည့်ရင်း ကျန်ရစ်ခဲ့၏။

ညသည် တိတ်ဆိတ်စွာ ရွေ့လျားလျက်ရှိသည်။

စက္ကန့်များကမူ အရေးတကြီး ပြေးလွှားနေဆဲ။

ဖေဖေသည် ဧည့်ခန်းတွင်း ကုလားထိုင်ပေါ်၌ ခေါင်းငိုက်စိုက်ချကာ ငြိမ်သက်နေလေသည်။

အနီးအနား အိမ်တစ်အိမ်ဆီမှ မြန်မာပိုင်း အစီအစဉ် ပြီးဆုံးသွားသည့် တီးလုံးသံကို ကြားရသည်။

အပြင်ဘက်၌ လေထန်နေဆဲ။

ဖေဖေသည် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်၏။ မျက်လုံးများ နီရဲနေသည်။ ထိုမျက်လုံးများသည် နံရံပေါ်ရှိ မှန်ဘောင်သွင်း စက္ကူချပ်ပေါ်သို့ ရောက်ရှိသွားသည်။ စာရွက်ထိပ်ပိုင်းရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ တံဆိပ်အမှတ်အသားကို ဖေဖေ့နေရာမှပင် ထင်ရှားစွာ မြင်နိုင်သည်။

ဖေဖေ နေရာမှ ဖြုတ်ခနဲ ထကာ မှန်ဘောင်သွင်း စာရွက်ရှေ့ တည့်တည့်သို့ သွားရောက်၍ ရပ်သည်။ စာရွက်ကို စူးစိုက်၍ ကြည့်သည်။ စာရွက်တွင် ပါရှိသော စာသားများကို တစ်လုံးချင်း ဖတ်ရှုနေသည့်နှယ် ဖေဖေ့နှုတ်ခမ်းများက ရွရွ လှုပ်နေသည်။ မကြာခင် အသံ တဖြည်းဖြည်း ကျယ်လာ၏။

"ကိုင်း ဘယ့်နှယ်ရှိစ။ ဘာတတ်နိုင်သေးလဲ။ ဘာပြောချင်သေးလဲ။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ"

ဖေဖေသည် စာရွက်ပေါ်က စာကြောင်းများအတိုင်း မှန်သားပြင်ပေါ်မှ အသာအယာ ပွတ်သတ်နေလေသည်။ ဖေဖေ့အသံသည် တဖြည်းဖြည်း တိုးညင်းသွားပြန်သည်။ နှုတ်ခမ်းများကတော့ တရွရွ လှုပ်ဆဲ။

အိမ်ရှေ့တံခါးသည် အသံမမြည်ဘဲ ပွင့်ဟ၍ လာသည်။ သားလတ်သည် စွေ့ကနဲ ဝင်လာကာ တံခါးကို ပြန်စေ့လိုက်သည်။ သူ့ကို ကျောပေးလျက် နံရံပေါ်မှ မှန်ဘောင်သွင်း စက္ကူချပ်ကို စူးစိုက်ငေးမောနေလေသော ဖခင်ဖြစ်သူအား မြင်လိုက်ရသောအခါ အသာ ကိုယ်ရှိန်သတ်လိုက်သည်။ ထို့နောက် တံခါးဝမှနေ၍ မျက်တောင်ပုတ်ခတ်လုပ်ကာ ဖခင်ကို ကြည့်နေလေသည်။ ကြည့်နေရင်းနဲ့ သားလတ်မျက်နှာ ပြုံးလာသည်။ ဖေဖေသည် မှန်သားပြင်ကို ပွတ်သတ်နေရာမှ နောက်သို့ တလှမ်းချင်း ဆုတ်လိုက်၏။ မျက်နှာအမူအရာက တဖြည်းဖြည်း ပြောင်းလာသည်။ ထို့နောက် ခေါင်းယမ်းလိုက်၏။

တံခါးဝမှ သားလတ်သည် ဖခင်နည်းတူ ခေါင်းယမ်း၏။

ဖေဖေ ခါးထောက်လိုက်သည်။
သားလတ်ကလည်း ခါးထောက်၏။

ဖေဖေသည် စာရွက်ကို ငြိုးသူရန်ဘက်သဖွယ် ကြည့်နေလေသည်။
သားလတ်သည် ဖခင်ကို ပြုံး၍ ကြည့်နေသည်။

ခဏကြာသော် ဖေဖေသည် နေရာမှ ချာကနဲ လှည့်ထွက်လိုက်သည်။ ထိုအခါ တံခါးဝ၌ ခါးထောက်၍ ပြုံးနေသော သားလတ်နှင့် မျက်နှာချင်း ဆိုင်မိသွား၏။ သားလတ်က ခါးပေါ်မှ လက်ကို အမြန်ချ၍ "ဖေဖေ" ဟု ခေါ်လိုက်သည်။ ဖေဖေသည် မျက်နှာထားကို ပြန်လည် ပြင်ဆင်လိုက်၏။

"သားလတ် စာမကျက်ဘဲ ဗွီဒီယို သွားကြည့်နေတယ်ဆို"

"ဟုတ်တယ် ဖေဖေ အရမ်းအရမ်းကောင်းတဲ့ ကားပဲ ဖေဖေရာ။ အော်ပရေးရှင်း ဒေးဘရိတ် တဲ့။ လူငယ်ကလေး ငါးယောက်နဲ့ နာဇီတွေနဲ့ ချကြတာ"

"နာဇီတွေ သေသွားရောလား"

"ဟင့်အင်း လူငယ်လေးယောက်လုံး သေသွားတယ်။ ဟိုတစ်ယောက်က သစ္စာဖောက်လို့။ သူက မိန်းမရော ကလေးရောရသွားတော့ သစ္စာဖောက်တာပေါ့။"

ဖေဖေသည် သားလတ်ကို အလန့်တကြား ကြည့်လိုက်၏။

"နောက်ဆုံးအခန်းက အကောင်းဆုံးပဲ။ သစ္စာဖောက်တဲ့ကောင်က လိုက်ပြလို့ သူတို့ ပုန်းနေတဲ့ ဘုရားရှိခိုးကျောင်းကြီးကို နာဇီတွေ ဝိုင်းမိသွားတယ်။ သူတို့ကလည်း ပြန်ချတာပဲ။ နောက်ဆုံး ကောင်လေးနှစ်ယောက်ပဲ ကျန်တယ်။ မြေအောက် အခန်းကျဉ်းလေးထဲမှာ ပိတ်မိနေကြတာ။ နာဇီတွေက အဲဒီအခန်းလေးကို အပြင်ကနေ ရေတွေ သွင်းထည့်လိုက်တာ ဖေဖေရာ။ ကောင်လေးနှစ်ယောက် လည်ပင်းအထိ ရေတွေ တက်လာတယ်။

အဲဒီမှာ နာဇီတွေက ခိုင်းလို့ သစ္စာဖောက်ကလည်း သူ့အဖော်တွေကို လက်နက်ချဖို့ အော်ပြောရတယ်။ ဘယ်ချမလဲ။ ဟိုနှစ်ယောက်က တစ်ယောက်ခေါင်း တစ်ယောက် သေနတ်တေ့ပြီး ဝမ်း တူး သရီး ဆို မောင်းကို ဖြုတ်ချကြတာ။ သေနတ်သံလည်း ကြားရော သစ္စာဖောက်ရဲ့ မျက်နှာကြီးဟာ..."

"သားလတ်..."

ဖေဖေ့အသံသည် မာကျောစွာ ထွက်ပေါ်လာ၏။

"နောက်ကို ဒီလို ဇာတ်ကားမျိုးတွေ မကြည့်ရဘူး။ သွားစာကျက်ချေ။ ရှစ်တန်းဟာ အရေးကြီးတယ်ဆိုတာ မသိဘူးလား"

သားလတ်သည် အတွင်းခန်းသို့ ခုန်ပေါက်၍ ပြေးဝင်သွား၏။

"မင်းအစ်ကိုရော ဘယ်သွားလဲ"

"လက်ဖက်ရည်ဆိုင်မှာ ကဗျာစာမူခ ရလို့တဲ့။ သူ့သူငယ်ချင်းတွေကို လက်ဖက်ရည်တိုက်နေတယ်။ သားလည်း ဝင်သောက်ခဲ့သေးတယ်"

"ဘာ... သူက ကဗျာရေးတယ်"

"ဒီလမှ စပါတာတဲ့။ ဘာမဂ္ဂဇင်းဆိုလား"

ဖေဖေသည် အတန်ကြာ ငေးငိုင်နေသည်။ ထို့နောက် မှန်ဘောင်သွင်း စက္ကူရှိရာသို့ သွားပြန်သည်။ စာရွက်ကို မော့ကြည့်ပြီး တီးတိုးပြောလိုက်၏။

"ကြားကြရဲ့လား။ ကျုပ်သားက ရုပ်ရှင်ထဲက သစ္စာဖောက်ကို မုန်းနေတယ်။ အခု သူ့အဖေက ကိုယ်မြတ်နိုးတဲ့ အလုပ်ကို သစ္စာဖောက်ရမယ့် အခြေအနေဖြစ်နေတယ်။ ခင်ဗျားတို့ ဘာပြောချင်ကြသေးလဲ"

ထို့နောက် ဖေဖေသည် ကုလားထိုင်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသည်။

ဖေဖေထိုင်လိုက်သည်နှင့် အိမ်ရှေ့တံခါးသည် ပွင့်ဟ၍ လာပြန်ကာ သားကြီး ဝင်လာလေသည်။

"ဟင် ဖေဖေ မအိပ်သေးဘူးလား။ ညီလေးကော ပြန်ရောက်ပြီလား"

"သြ... ကဗျာဆရာကြီး ကြွပါဦးခင်ဗျား"

သားကြီးသည် ဖခင်အနီးသို့ တိုးရွှေ့လာကာ မျက်နှာချင်းဆိုင်မှ ကုလားထိုင်တွင် ဝင်ထိုင်သည်။

"သားလက်ထဲက စာအုပ်က သားကဗျာပါတဲ့ မဂ္ဂဇင်းလား"

"ဟုတ်တယ် ဖေဖေ။ ညီလေး ပြောထားပြီထင်တယ်"

"ဖေဖေ့ကို ပြစမ်း"

သားကြီးက အသင့်ညှပ်ထားသော နေရာကို ဖွင့်ကာ လှမ်းပေးလိုက်သည်။ ဖေဖေက စာအုပ်ကို မီးရောင်အောက်တွင် ထောင်ပြီး မျက်လုံးများကို မှေးကာ အသံထွက်၍ ဖတ်လိုက်သည်။

"ဆီပူအိုးမှ ခုန်ချကြသူများ"

ဖေဖေသည် စာအုပ်ပေါ်မှ ကျော်၍ သားကြီးကို ကြည့်လိုက်သည်။ သားကြီးက ဖခင်ကို ပြုံးပြ၏။ ဖေဖေက ဆက်၍ ရွတ်ဖတ်သည်။

"နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ် ဘာအရေးလဲ

လာ... ခုန်ချကြမယ် အမှောင်ထဲ
မသိမှုရဲ့ ချောက်ထဲမှာ

ငါတို့ အသစ်တစ်ခုကို တွေ့ရှိမှာ အသေအချာ"


ဖေဖေသည် စာအုပ်ကို ပြန်ချလိုက်၏။

"ဒါ သားရေးတာပေါ့"

"ဆက်ဖတ်လေ ဖေဖေ။ အခုဟာက ပြင်သစ်ကဗျာဆရာ ဘော်ဒလဲရဲ့ ကဗျာတစ်ပုဒ်ကို ယူသုံးထားတာ။ သားရေးတာကို ဆက်ဖတ်ပါ"

"ဒီလောက်ဆို လုံလောက်ပြီ။ ဒါ ဘာ မဂ္ဂဇင်းလဲ"

"... တဲ့။ ဒီလ ပင်လယ်ကွေ့စစ်ပွဲ ဆောင်းပါး တော်တော်ကောင်းတယ်။ ဖတ်ကြည့်စမ်းပါ ဖေဖေ။ ဒါနဲ့ ကမ္ဘာစစ်နောက်တစ်ခုများ ထပ်ဖြစ်ဦးမလား။ ဖေဖေ ဘယ်လိုထင်လဲ"

"စစ်ကတော့ ဖြစ်မှာပဲ"

"သေချာရဲ့လား ဖေဖေ"

"သေချာတယ်"

"ဘယ်သူနဲ့ ဘယ်သူ ဖြစ်ကြမှာလဲ"

"ဖေဖေနဲ့ သားပေါ့။ သားကဗျာတွေ ဆက်ရေးနေရင် ဖေဖေနဲ့ စစ်ဖြစ်မှာပဲ"

သားကြီးသည် ဖခင်ကို နားမလည်စွာ ကြည့်သည်။

"ဖေဖေ ဘယ်လို ဖြစ်တာလဲ"

"ဘယ်လိုဖြစ်တာလဲ ဆိုတော့ သားကို ကဗျာဆရာ မဖြစ်စေချင်တာပဲ"

သားကြီးသည် ဖခင်ကို အတန်ကြာ စူးစိုက်ကြည့်နေ၏။

"ဒါဖြင့် ဖေဖေက ဘာဖြစ်စေချင်လို့လဲ"

"ဘာမှ မဖြစ်စေချင်ဘူး။ သားကို သာမန်လူတစ်ယောက်ပဲ ဖြစ်စေချင်တယ်။ ပညာသင် စီးပွားရှာ၊ အိမ်ထောင်ပြု စီးပွားရှာ၊ မျိုးဆက်ဖြန့် - စီးပွားပိုရှာ - ရှာ - ရှာ။ အချိန်တန်တော့ အသာကလေး သေသွား။ ဒီလို ဘဝမျိုးက Side Effect နည်းတယ်။ အပိုအန္တရယ် နည်းတယ်ပေါ့ကွာ"

"မစိမ်းပင် ရဲ့ ကဗျာ တစ်ပုဒ် ရှိတယ် ဖေဖေ။ 'အတ္တမဲ့ မာနဖြင့်၊ ဘဝကို ထုဆစ်၊ ခေတ်ကို ထမ်းပိုး၊ ရိုးသား၏ ရဲရင့်စွာ' တဲ့။ သားက အတ္တကို အနာဂတ်ပို့ထားချင်တာ။"

"နားထောင်လို့ ကောင်းလိုက်တာ သားရာ၊ ရင်ထဲမှာ နာလိုက်တာ"

"သားမှာ ရွေးချယ်ခွင့် ရှိတယ် ဖေဖေ"

"သားထင်လို့ပါ။ မရှိပါဘူး။ ဖေဖေလည်း ဟိုတုန်းက ဒီလိုပဲ ထင်ခဲ့ဖူးတယ်"

"ရှိကို ရှိရမယ် ဖေဖေ။ ပြီးတော့ သားဟာ လူငယ်တစ်ယောက်... "

"ဖေဖေလည်း လူငယ် ဖြစ်ခဲ့ဖူးတာပေါ့"

သားကြီးသည် နှုတ်ခမ်းကို ကိုက်၍ အတန်ကြာ ငြိမ်သက်နေ၏။ ထို့နောက် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဒါဖြင့် ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

"ဘာကွ"

နေရာမှ ဖေဖေ ဝုန်းကနဲ ခုန်ထသည်။ ကုလားထိုင်သည် နောက်သို့ လဲပြိုသွား၏။

"ပြန်မေးစမ်း၊ ပြန်မေးစမ်း"

"
ဖေဖေ သားတို့လို ငယ်ခဲ့ဖူးသလား"

ဖေဖေသည် သားကြီးကို မျက်တောင်မခတ် စိုက်ကြည့်နေ၏။ ဖေဖေ့မျက်နှာပေါ်၌ အရိပ်မျိုးစုံတို့ ဖြတ်သန်းနေကြသည်။

"ကြောက်စရာအကောင်းဆုံး မေးခွန်းကို သားမေးလိုက်တာပဲ။ ဒါပေမဲ့ ဖေဖေ့အတွက်တော့ ကြောက်စရာ မဟုတ်ပါဘူး။ ဟေ့ ဒီမှာ သား"

ဖေဖေသည် စားပွဲကို ကွေ့ပတ်ကာ နံရံပေါ်မှ မှန်ဘောင်သွင်း စာရွက်ရှေ့သို့ သွား၍ ရပ်သည်။

"ဖေဖေ ဒီလို ငယ်ခဲ့ဖူးတယ်"

မှန်သားပြင်ကို လက်ချောင်းများဖြင့် တဒေါက်ဒေါက် ခေါက်၍ ပြသည်။

"မြင်ရဲ့လား။ ဖေဖေ ဟောဒီလို ငယ်ခဲ့ဖူးတယ်ကွ"

ဖေဖေသည် မှန်ချပ်ကို ညာဘက်လက်သီးနှင့် တအားကုန် ပစ်ထိုးလိုက်၏။

မှန်သားပြင် ကွဲကြေသံ၊ မှန်စများ ကြမ်းပြင်သို့ လွင့်ကျသံများသည် နားကြောစိမ့်ဖွယ် ထွက်ပေါ်လာသည်။ ဖေဖေ့လက်မှာ သွေးတွေ ရဲခနဲ ဖြာသည်။

"ဖေဖေ... "

သားကြီးသည် ကုလားထိုင်ကို တွန်းဖယ်ပစ်ကာ ဖခင်ထံ တဟုန်ထိုး ပြေးသွား၏။ ဖေဖေသည် ကြမ်းပြင်ပေါ်ကျနေသော မှန်ကွဲစများကြားမှ စာရွက်ကို ကောက်ယူလိုက်သည်။

"ဒီမှာလေ ဖေဖေ ငယ်ခဲ့ဖူးတာ"

ဆူညံဆူညံ အသံဗလံများကြောင့် မေမေနှင့် သားလတ်တို့သည် ဧည့်ခန်းထဲသို့ ပြေးထွက်လာကြ၏။

"ဟဲ့ဟဲ့ ဘယ်လိုဖြစ်ကြတာလဲ။ အို မောင့်လက်မှာ သွေးတွေ ... ဘုရား ဘုရား"

ဖေဖေသည် သားကြီးကို အေးချမ်းစွာ ကြည့်လိုက်သည်။

"ဒါပါပဲ သား၊ တကယ်တမ်း အဆုံးရှုံး အစွန့်လွှတ် မခံနိုင်ဘဲနဲ့ ဘာကိုမှ မစွန့်စားပါလေနဲ့"

ထို့နောက် ဖေဖေသည် အိမ်တွင်းခန်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားလေသည်။

မောင်သစ်ဆင်း (ဟန်သစ် မဂ္ဂဇင်း၊ အမှတ် - ၁၂)

***
အဲဒီစာအုပ်ထဲမှာ မဂ္ဂဇင်းနာမည်ပဲ ပါပြီး အချိန်ကာလကို ထည့်မထားဘူး။
ဒီ ဝတ္ထုက '93/ 94 လောက်မှာ ပါခဲ့တယ်။

***

ကျိန်စာ (၁) - မောင်သစ်ဆင်း

အိမ်ရှေ့တံခါးသည် အရှိန်ပြင်းပြင်းနှင့် ရုတ်တရက် ပွင့်လာ၏။ အပြင်ဘက်တွင် လေထန်လျက် ရှိသည်။

အိမ်တွင်းခန်းသို့ ဖေဖေ ဝင်လာပုံမှာ လေက တံခါးကို ဆောင့်ဖွင့်ပေးလိုက်ပြီး ဖေဖေ့ကိုပါ တခါတည်း တွန်းသွင်းလိုက်သကဲ့သို့ ဖြစ်သည်။

ဖေဖေသည် တံခါးကို ပြန်စေ့လိုက်ပြီး ဧည့်ခန်းထဲသို့ တစ်ချက် ဝေ့၍ ကြည့်လိုက်၏။ ဖေဖေ့မျက်လုံးများက အနည်းငယ် မှေးစင်းနေကာ မျက်နှာမှာ နီရောင်လွင်နေသည်။ အနည်းငယ် ယိမ်းယိုင်ချင်သော ခြေလှမ်းများဖြင့် ဧည့်ခန်းတွင်းသို့ ဖေဖေ ဝင်လာသည်။

ဧည့်ခန်းထဲမှာ မေမေရှိသည်။ သိုးမွေးထိုးတံ တစ်ချောင်းနှင့် အလုပ်များနေသော မေမေသည် ဖေဖေ့ကို တစ်ချက်မျှသာ မော့၍ ကြည့်သည်။ သိုးမွေးထိုးနေသည့် မေမေ့ လက်အစုံက ဖေဖေ ဝင်လာသည်နှင့် မသိမသာ နှေးကွေးလေးလံသွားဟန်ရှိသည်။

ဖေဖေက လက်ဆွဲသေတ္တာပြားကို ဗီရိုတစ်ခုအတွင်းသို့ ပစ်သွင်းလိုက်ပြီး ဗီရိုတံခါးကို အသံမြည်အောင် ပိတ်လိုက်သည်။ လေပူတစ်ချက် မှုတ်ထုတ်ကာ အပေါ်အင်္ကျီကို ချွတ်သည်။ မေမေ့ကို မသိမသာ စောင်းငဲ့၍ ကြည့်သည်။

မေမေသည် သိုးမွေးကိုသာ ငုံ့၍ သည်းသည်းမည်းမည်း ထိုးလျက်ရှိ၏။ အင်္ကျီကို ချိတ်တွင် ချိတ်ပြီးသောအခါ မေမေရှိရာသို့ ဖေဖေ လျှောက်လာသည်။ မေမေ့ဘေးရှိ ကုလားထိုင်ပေါ်သို့ ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ မေမေ့နှာခေါင်း မသိမသာ ရှုံ့သွားသည်။

"ဘယ်သူတွေနဲ့ တွေ့လာပြန်ပြီလဲ"

"ဟင့်အင်း ဘယ်သူတွေနဲ့မှ မတွေ့ပါဘူး။ ကိုယ်တို့ အဖွဲ့ရဲ့ အကြိုအောင်ပွဲတဲ့ကွာ။ ဒေါက်တာညွန့်လွင်က ဒကာခံတာ။ ကိုယ်တို့ လုပ်ငန်းအခြေအနေကောင်းတယ်။ ဆေးယဉ်နေတဲ့ ငှက်ဖျားပိုးရဲ့ လိုက်ဖ်ဆာကယ်ထဲက အဆင့်တစ်ဆင့်မှာ ကိုယ်ခံအား..."

သိုးမွေးချည်လုံးကို စားပွဲပေါ်သို့ ပစ်တင်လိုက်သဖြင့် ဖေဖေ စကားရပ်သွား၏။

"ထမင်းစားဦးမှာလား"

"ဟင့်အင်း မစားတော့ဘူး"

မေမေက ချည်လုံးကို ပြန်ကောက်ပြီး ဆက်ထိုးနေသည်။ ဖေဖေသည် နိမ့်မြင့်လှုပ်ရှားနေသော မေမေ့လက်ချောင်းများ၊ တွန့်လိမ်နေသော ချည်မျှင်စများ၊ တစ်ချက်တစ်ချက် ဝင်းလက်သွားတတ်သော သိုးမွေးထိုးတံတို့ကို အဓိပ္ပါယ်မရှိ ငေးစိုက်ကြည့်နေသေး၏။ ထို့နောက် မျက်နှာကို လက်ဝါးဖြင့် တစ်ချက်နှစ်ချက် ပွတ်သပ်သည်။ အပေါ်သို့မော့၍ မီးချောင်းကို ကြည့်သည်။ ဧည့်ခန်းထဲရှိ စာအုပ်ဗီရိုများကို ကြည့်သည်။ ထို့နောက် မေမေ့ကို ပြန်ကြည့်သည်။

"ကလေးတွေရော"

"အငယ်မက ဖျားနေတယ်။ အလတ်ကောင်က ဗွီဒီယိုတဲ့၊ သားကြီးက... "

ဖေဖေ ဆတ်ခနဲ ခါးကို ဆန့်လိုက်သည်။

"ဟင် သမီးဖျားနေတယ်။ အတော်လေး ဖျားလား။ ဘာဆေးတိုက်ထားလဲ"

"ဒီအိမ်မှာ ဘာဆေးတွေများ ရှိလို့လဲ။ ရှိလည်း ကျုပ်က ဆရာဝန်မှ မဟုတ်တာ။ ပါရာစီတမော တပြားတော့ တိုက်ထားတယ်"

ဖေဖေသည် ထိုင်ရာမှ ထကာ ဗီရိုဆီသွားသည်။ ဗီရိုကို ဖွင့်၍ အတန်ကြာ ရှာဖွေနေ၏။

"ရှင် ဘာရှာနေတာလဲ"

"နားကြပ်"

"ဟိုတလောကတော့ အောက်ဆုံးအံဆွဲထဲမှာ မြင်မိတာပဲ"

အောက်ဆုံးအံဆွဲကို ဖေဖေဖွင့်သည်။ နားကြပ်ကို တွေ့၏။

"သမီး အိပ်နေသလား"

"အင်း"

နားကြပ်ကို ပုဆိုးနှင့် ပွတ်ရင်း အိပ်ခန်းထဲသို့ ဖေဖေဝင်သွားသည်။ မေမေက ထိုင်ရာမှ မထ။ အထိုးမှားသွားဟန်တူသည့် ချည်စကို ပြန်လည် ဖြေချနေသည်။

ခဏကြာသော် ဖေဖေ ပြန်ထွက်လာ၏။ နားကြပ်ကို စားပွဲပေါ် ပစ်တင်လိုက်ပြီး ကုလားထိုင်တွင် ဝင်ထိုင်သည်။

"ချွေးထွက်တယ်။ သိပ်လည်း မပူတော့ဘူး။ ချွဲသံလည်း မကြားဘူး။ အပရိကဖျားလောက်ပဲ နေမှာပါ။ သမီး တရေးနိုးရင် တပြားထပ်တိုက်မယ်။ မနက်မှာ ဖျားသေးရင် ခင်မောင်သန်းဆီ ပြတာပေါ့။"

မေမေ့မျက်နှာ၌ မဲ့ပြုံးတစ်ခု ပေါ်လာကာ ဟင်းကနဲ တစ်ချက်ရယ်လေသည်။

"ဖအေဆရာဝန် တစ်ယောက်လုံး ဖြစ်နေပြီး ကျွန်မ ကလေးတွေလည်း ကံဆိုးရှာပါတယ်။ ဘာဖြစ်ဖြစ် ဒေါက်တာခင်မောင်သန်းနဲ့ပဲ"

ဖေဖေ့မျက်နှာပေါ်က အနီရောင်သည် လွင်ရမှ ရုတ်ချည်း ရင့်သွား၏။ မေမေ့ကို ဆတ်ခနဲ လှမ်းကြည့်သည်။

"ဟေ့ ငါက ဆေးကုတဲ့ ဆရာဝန် မဟုတ်ဘူး"

"ရှင်က ဒါကိုပဲ ဂုဏ်ယူနေတယ်ပေါ့"

ဖေဖေနှင့် မေမေသည် တစ်ယောက်ကို တစ်ယောက် စူးစူးရဲရဲ စိုက်ကြည့်နေကြသည်။ ခဏကြာသော် ဖေဖေ သက်ပြင်းချလိုက်သည်။

"တို့ဆေးလောကမှာ အဆိုတစ်ခုရှိတယ်။ ဆေးကုသသော ဆရာဝန်သည် ကောင်း၏။ ပညာပေးသော ဆရာဝန်သည် ပိုကောင်း၏။ သုတေသနလုပ်သော ဆရာဝန်ကား အကောင်းဆုံးဖြစ်၏ တဲ့။ မင်းနားလည်ဖို့ ကောင်းတယ်။ တဆိတ်ရှိ ဒါကိုပဲ ခလုတ်တိုက်နေ။"

"သြော် ဟုတ်လား သည်းခံပါရှင်။ ဆရာဝန် အမျိုးမျိုး ရှိမှန်း အစက ကျွန်တော်မျိုးမ မသိခဲ့လို့ပါ။ ရှင်နဲ့ မရခင်ကတည်းကသာ သိခဲ့ရင် ကျွန်မဘဝ..."

"ခင်... တော်တော့ကွာ၊ ဒါတွေ အပ်ကြောင်းထပ်လှပြီ။ ကိုယ်တောင်းပန်ပါတယ် တော်ကြစို့။"

ဖေဖေသည် လက်နှစ်ဘက်ကို အသာခါကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းလျက်ရှိသည်။

"မတော်နိုင်သေးဘူး။ ဒီည ရှင့်ကို ပြောစရာတွေ အများကြီး ရှိတယ်"

မေမေ့မျက်လုံးများ အတွင်း၌ သိုးမွေးထိုးတံ၏ တောက်ပြောင်မှုမျိုးကို မြင်တွေ့နေရသည်။ ဖေဖေက ခေါင်းယမ်းဆဲ။

"ဒီမယ် ရှင့်ကို ပြောစရာ နှစ်ချက် ရှိတယ်"

"အေး ပြော ပြော တကယ်လို့ နံပါတ် ၃ အချက်ပါ ရှိသေးရင်လည်း ဆက်ပြော"

"ပြောရမှာပဲ၊ ကဲ နံပါတ်တစ်အချက်... ရှင် ငွေ ခြောက်သိန်း ရှာနိုင်သလား"

"ဘာ... ခြောက်သိန်း"

ဖေဖေသည် မျက်ခုံးနှစ်ဘက် ပင့်လျက် မေမေ့ကို အလန့်တကြား ကြည့်၏။

"ခြောက်သိန်း ဘာလုပ်ဖို့လဲ"

"ဘာလုပ်ရမှာလဲ။ တိုက်ခန်းဝယ်ဖို့ပေါ့"

"ဘာတိုက်ခန်းလဲ၊ အခု အိမ်ခန်းက..."

"နေ့လည်က အိမ်ရှင် အဖွားကြီး လာသွားတယ်။ အခုနေရာတွေကို ကန်ထရိုက်နဲ့ တိုက်ဆောက်တော့မယ်။ မြေညီထပ်လိုချင်ရင် တစ်ခန်းခြောက်သိန်း၊ ယူနိုင်ရင် ယူ၊ မယူနိုင်ရင် ယူမယ့်သူတွေ တန်းစီနေတယ်။ အဲ... အပေါ်ဆုံးထပ် ဆိုရင်တော့ နည်းနည်း ဈေးလျော့မယ်။ ဘယ်လောက်လဲ သိလား"

ဖေဖေသည် မေမေ့ကို ကြောင်ကြည့်နေရာမှ မျက်နှာလွှဲလိုက်သည်။

"မသိချင်ဘူး"

မေမေသည် ချည်လုံးကို စားပွဲပေါ်သို့ ပစ်ပေါက်လိုက်သည်။

"မသိချင်လို့ ရမလား၊ ဒါ အိမ်ထောင်ဦးစီးတစ်ယောက် ပြောရမယ့် စကားလား။ ရှင်တော်တော် တာဝန်မဲ့"

မေမေသည် အသံတုန်လာ၏။ ဖေဖေက လက်ဝါးကာပြန်သည်။

"ကဲ ကဲ သိချင်တယ် ဘယ်လောက်တဲ့လဲ"

"နှစ်သိန်း"

ဖေဖေသည် အောက်နှုတ်ခမ်းကို မသိမသာ ကိုက်လိုက်သည်။

ညာဘက်လက်ကို ဆုတ်ချည်ဖြန့်ချည် လုပ်နေ၏။

"ဘယ်လိုလဲ၊ နှစ်သိန်းလောက်တော့ ရှင် ရှာနိုင်မလား။ မရှာနိုင်ရင် အိမ်ရှင်က ထွက်ခ နှစ်သောင်းပေးမယ်တဲ့။ ဂျောင်းပေတော့ပဲ။ ကျွန်မတို့ကလည်း ကိုယ့်အဆင့်အတန်း အကျခံပြီး ဘယ်လောက်ရမှ ထွက်ပေးနိုင်မယ် ဘာညာတွေ လုပ်မနေချင်ဘူး။ ကဲ ဘယ်လို စိတ်ကူးရသလဲ။ တစ်ခုတော့ ရှိတယ်နော်။ ကျွန်မ မိဘဆီကတော့ လုံးဝ မစဉ်းစားပါနဲ့တော့။ မေမေတို့မှာ ကျွန်မတို့ကို လှမ်းလှမ်းပြီး ဖို့နေရတာ များလှပြီ။ သမီး မွေးပြီးကတည်းက လစဉ် လှမ်းလှမ်း ထောက်နေရတာ။ ဒီကြားထဲ အကြောင်းကိစ္စပေါ်လာတိုင်း သွားပြီး အပူကပ်ရသေးတယ်။

မေမေဆိုရင် ရှေ့တမျိုး တိတ်တိတ်တမျိုး သူ့သမီးကို ပေးနေရတာ။ မနှစ်က မုံရွာ ခဏ ပြန်တုန်းကဆို မေမေက ညည်းတို့မှာလည်း ဒီအတိုင်းသာဆို ခက်ရချည်ရဲ့တဲ့။ ပြီးတော့ ပွဲရုံကလည်း လုပ်ငန်းကြီးလာတော့ အရင်းများနေတယ်။ ဒီတခါတော့ မေမေတို့ကို ဒုက္ခမပေးချင်တော့ဘူး။ ညီအစ်မတွေရဲ့ မျက်စောင်းဒဏ်လည်း မခံနိုင်တော့ဘူး။ ရှင်မရှက်ပေမယ့် ကျွန်မ ရှက်တယ်။ အဲဒါ ရှင် စဉ်းစားပါ"

မေမေပြောနေသည့် တချိန်လုံးတွင် ဖေဖေသည် ကုလားထိုင်ကို ကျောမှီလိုက် လက်နှစ်ဖက်ကို ဦးခေါင်းနောက်တွင် ယှက်ကာ ရှေ့တည့်တည့်မှ နံရံကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။ နံရံပေါ်တွင် မှန်ဘောင်သွင်း၍ ချိတ်ဆွဲထားသော စာရွက်တစ်ရွက် ရှိသည်။ ထိုစာရွက်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးမှ ပေးပို့သောစာ ဖြစ်သည်။ ဆေးပညာဂျာနယ်တွင် ပါရှိသော ဖေဖေ့ သုတေသနတွေ့ရှိချက်စာတန်းကို အကြောင်းပြု၍ ပေးပို့သည့် ကျေးဇူးတင် ချီးကျူးကြောင်း သဝဏ်လွှာ ဖြစ်လေသည်။ မျက်တောင်မခတ် ငေးစိုက်လျက်ရှိသော ဖေဖေကတော့ ဘာကိုမှ မြင်ဟန်မတူ။

မေမေသည် ဖေဖေ့ကို ထွင်းဖောက်၍ ကြည့်လိုက်၏။

"ဘယ်လိုလဲ ဒေါက်တာ။ ဖြစ်နိုင်ရဲ့လား"

ဖေဖေသည် မေမေ့ကို ကြည့်လည်းမကြည့်၊ ဖြေလည်း မဖြေ၊ မှုန်တေသောမျက်နှာသည် စားပွဲခင်းပေါ်၌သာ စွဲမြဲနေပြန်၏။ မျက်လုံးထောင့်နှင့် နှုတ်ခမ်းထောင့် ကြွက်သားလေးများက အနည်းငယ် ခုန်လှုပ်နေကြသည်။ မေမေ ပြုံးလိုက်၏။ အောင်နိုင်သူ အပြုံးမျိုးဖြင့် မေမေ ပြုံးသည်။

"ရှင့် မိုက်ကရိုစကုပ်အောက်က ငှက်ဖျားပိုးကလေးတွေဆီက ငွေ နှစ်သိန်းလောက် ခဏ ချေးလို့ကော မရနိုင်ဘူးလား"

ထိုင်နေရာမှ ဖေဖေ ဝုန်းကနဲ ထရပ်သည်။ မေမေ့ကို ကြည့်သော အကြည့်၌ မီးနီတွေ ဝင်းလက်သည်။ နှုတ်ခမ်းထောင့်များ သိသိသာသာ တုန်လှုပ်နေ၏။

"မင်း မင်း တရားလွန်လာပြီနော်။ အခုလောက်ထိ စော်ကားလာဖို့တော့ မကောင်းဘူး။ မင်းလည်း ပညာတတ်တစ်ယောက်ပဲ။ သုတေသနသမားတစ်ယောက်ရဲ့ ဘဝကို နားလည်ဖို့တော့ ကောင်းတယ်။ ငါ့မှာ ပိုက်ဆံများများ ရှာတတ်တဲ့ အရည်အချင်း မရှိဘူး ဆိုတာ ငါဝန်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်မဝင်စားလို့။ ပိုက်ဆံထက် စိတ်ဝင်စားစရာကောင်းတဲ့ အလုပ်မျိုးကို လုပ်နေရလို့။ ပိုက်ဆံတစ်ခုတည်းအတွက် ငါ အချိန်မပေးနိုင်ဘူး။ အဲဒါ ငါ့အားနည်းချက်လို့ ဆိုချင်ဆို။ လူတစ်ယောက်ရဲ့ အားနည်းချက်ကို ဘာဖြစ်လို့ စော်ကားချင်ရတာလဲ။"

"ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အားနည်းချက်ကြီးကြောင့် ကျွန်မတို့မိသားစုဘဝ ဒုက္ခရောက်ရလို့ပေါ့"

"ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေ ကမ္ဘာပေါ်မှာ တစ်ပုံကြီးပါကွာ"

"အိုး လူဆိုတာဟာ ကိုယ့်ဒုက္ခနဲ့ ကိုယ်ရှင့်။ ဒီမယ် ကျွန်မတို့ဒုက္ခဟာ ဖြစ်သင့် ဖြစ်အပ်တဲ့ ဒုက္ခမျိုး မဟုတ်ဘူး။ တမင်သက်သက်ကို ဒုက္ခခံနေရတဲ့ ဘဝ။ သိရဲ့လား။"

ဖေဖေ အသက်ရှူမြန်နေသည်။ နဖူးပြင်နှင့် နှာခေါင်းဖျား၌ ချွေးများစို့လျက်။ ခဏကြာသော် ကုလားထိုင်ပေါ်သို့ ဝုန်းကနဲ ပြန်ထိုင်လိုက်သည်။ ထို့နောက် အံတစ်ချက် ကြိတ်လိုက်သည်။

"ဒီလောက်လည်း ပူစရာ မရှိပါဘူး။ မြို့သစ်မှာ နေရာရနိုင်သားပဲ"

"ရှင်ပဲ အစက မယူချင်ဘူးဆို၊ စိတ်မဝင်စားဘူးဆို"

"အခု ယူမယ်လေ။ ပြန်လျှောက်လိုက်မယ်"

"ဘယ်ကငွေနဲ့ အိမ်ဆောက်မှာလဲ"

ဖေဖေ ခေတ္တမျှ တွေဝေနေ၏။ ပြီးမှ အသက်တစ်ချက်ရှိုက်ကာ...

"ဝန်ထမ်းချေးငွေ ရှိသားပဲ ချေးလိုက်ရုံပေါ့"

မေမေ ခေါင်းယမ်းသည်။

"ရှင့် အစီအစဉ်ကို ကျွန်မ စိတ်မဝင်စားဘူး။ ကျွန်မ အစီအစဉ်ကို ပြောမယ်။ ကျွန်မ အစီအစဉ်က နေရာပြောင်းဖို့တင် မဟုတ်ဘူး။ ဘဝပါ ပြောင်းရမှာ"

"ဘာလဲ အဲဒါ"

"ကျွန်မတို့ မိသားစု မုံရွာကို ပြောင်းမယ်"

"ဘာ..."

"မနေ့က မေမေ့ဆီက စာလာတယ်။ သမီးတို့ အဆင်မပြေရင် မုံရွာကို လာခဲ့ကြပါတဲ့။ မုံရွာမှာ ကျွန်မနာမည်နဲ့ အိမ်တစ်လုံးရှိတယ်။ ခြံဝင်းလည်း ကျယ်တယ်။ ပွဲရုံလုပ်ရင် ရတယ်။ မေမေတို့နဲ့ တွဲပြီး ပွဲရုံဖွင့်မယ်"

"ဒါဖြင့် ငါက..."

"မုံရွာ ဆေးရုံကို ပြောင်းရအောင် ကြိုးစားပေါ့။ မလွယ်ရင်လည်း ထွက်ပစ်လိုက်ပေါ့။ မုံရွာမှာ ဘာလုပ်စားစား ရတယ်"

"ဟေ့ ငါက ဆရာဝန်ကွ"

မေမေက တစ်ချက် ရယ်၏။

"ဘာဖြစ်သလဲ၊ ရှင် ဆရာဝန်ဆိုရင် ဆေးခန်းကလေး ဟန်မပျက် ဖွင့်ပေါ့။ တစ်ဖက်ကတော့ စီးပွားရေး လုပ်ရမှာပဲ။ ရှင်ကလည်း မိုက်ကရိုစကုပ် ကြည့်နေရတာနဲ့ အပြင်ကို မကြည့်အားတော့ဘူး ထင်ပါရဲ့။

(စကားချပ်။ ဒီနေရာမှာ ဆင်ဆာ ဖြတ်ထားတယ်။ မဂ္ဂဇင်းထဲမှာတုန်းက ... အာလူးကြော်ရောင်းတဲ့ ဆရာဝန်၊ အုတ်သဲကျောက်လုပ်တဲ့ ဆရာဝန်... ပြီးတော့ ဘာဆိုလား ထည့်ရေးထားတာ ၃/ ၄ မျိုးပါသေးတယ်)


"ဒီမယ် မိမိခင်၊ ငှက်ဖျားသုတေသနကို ဇောက်ချပြီး လုပ်ချင်လွန်းလို့ ငါ ဘယ်လောက် ကြိုးစားခဲ့ရတယ်ဆိုတာ မင်းအသိ"

"သိတယ်လေ။ ဒီမယ် မောင်၊ ကျွန်မနဲ့ မောင် နှစ်ယောက်တည်းဆိုရင် ကျွန်မ မောင့်ကို ပါရမီ ဖြည့်နိုင်ပါတယ်။ ကလေးတွေ ရှိသေးတယ် မောင်။ ကျွန်မတို့ ကိုယ့်ဘဝကိုယ် မပိုင်ကြတော့ဘူးလေ။ ဘာမဆို သူတို့ဘဝကို ရှေ့တန်းတင်ပြီး စဉ်းစားကြရမှာပဲ။ ကဲ... အချက် နှစ်ချက် ကျွန်မ တင်ပြပြီးပြီ။ မောင့်အနေနဲ့ တစ်ခုခု ဆုံးဖြတ်ဖို့ပဲ ရှိတော့တယ်။ လူသားအားလုံး ကောင်းကျိုးထက် လောလောဆယ် မိသားစုကောင်းကျိုးဆိုတဲ့ လမ်းကို မောင် ရွေးချယ်ပါစေလို့ ကျွန်မ ငရဲကြီးခံပြီး ဆုတောင်းပါတယ်"

မေမေသည် ထိုင်ရာမှ ထကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။ အခန်းဝ အရောက်တွင် ဖေဖေ့ဘက် ပြန်လှည့်လိုက်၏။

"ဘာဖြစ်လို့ ငရဲကြီးခံရဲသလဲ သိရဲ့လား မောင်။ ကျွန်မက မိခင်တစ်ယောက် ဖြစ်နေလို့ပေါ့"

***
အပိုင်း (၂ ) သို့

Thursday, April 1, 2010

April


Photo from Here

My month starts!

ကိုယ့်ရဲ့လ။

ချိုမွှေးသင်းပျံ့တဲ့ နွေလေပြည်လေးတွေ တိုက်ခတ်တတ်တဲ့လ။
ကောင်းကင်တစ်ခုလုံး လင်းပကြယ်စင်နေတတ်တဲ့လ။
ကြယ်ကလေးတွေ စုံတဲ့လ။
နှစ်ကူးပွဲတော် ရှိတဲ့လ။
အရင်ကတော့ အညာကို ပြန်နေကျ လ။
ဆုံဆည်းခြင်းရဲ့လ။
စိတ်အလွတ်လပ်ဆုံး လ။
ငယ်ဘဝကို သတိအရစေဆုံးသော လ။

ဘာရယ်လို့တော့ မသိဘူး။ ဒီလကို ကိုယ်ပိုင်တယ်လို့ ထင်နေတတ်တယ်။
မွေးလဖြစ်တာလဲ တစ်ကြောင်း။ ကျောင်းပိတ်တဲ့ ရာသီမို့ ကိုယ်လုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ရလို့ ပိုင်တယ် ထင်တာလဲ တစ်ကြောင်း။

ပြီးတော့ သူငယ်ချင်းတွေ မိတ်ဆွေတွေထဲမှာ ဒီလမွေးတဲ့သူတွေ တိုက်တိုက်ဆိုင်ဆိုင် ရှိနေတာ။
ခင်အောင်ထွေး၊ နိုင်လင်း၊ ကိုသူရိန်၊ ညီလင်းချိုမာ၊ ရန်နိုင်၊ မိုးမြင့်၊ မဥမ္မာ။

ပြီးတော့ Apple က CEO "John Sculley"... သူကတော့ သူငယ်ချင်းမဟုတ်ပါဘူး။ မွေးနေ့တူလို့ ထည့်ရေးလိုက်တာ။ ပြီးတော့ မွေးနေ့တင်မက တခြားအရာတချို့ပါ တူတယ်လို့ ထင်မိတဲ့ ဒေါက်တာသန်းထွန်း

အိမ်မှာပဲ နေချင်တဲ့ လ။

April...
ကိုယ့်ရဲ့လ...


(ရည်ညွှန်း။ ။ မြန်မာနိုင်ငံက ကုန်လွန်ခဲ့ပြီးသော April များသို့)

***

မနှစ်က တင်ပြီးသား post
နည်းနည်းပြန်ပြင်ပြီး တင်လိုက်တာ။

***