Sunday, September 5, 2010

ငယ်ဘဝကို လွှမ်းမိုးခဲ့သူများ

၁) ဖြိုးသီဟ

ငယ်ငယ်က သူငယ်ချင်းတစ်ယောက်နဲ့ မမျှော်လင့်ဘဲ စကားပြောဖြစ်တော့ ငယ်ဘဝကို ပြန်သတိရနေတယ်။ ပြောဖြစ်တဲ့ စကားလမ်းကြောင်းအရ ငယ်ဘဝက အမှတ်တရရှိခဲ့တဲ့ hero တွေကို သတိရမိတာပါ။ တကယ်တော့ ငယ်ဘဝဆိုတာဟာလည်း ဟိုတစ်ပိုင်း ဒီတစ်ပိုင်းနဲ့ အပိုင်းပိုင်း အစစတွေပါပဲ။

ဘာကိုမှ ဆုတ်ကိုင်ထားချင်လို့ မရခဲ့ဘူး။

ကိုယ့်ဘာသာ ပြန်တွေးမိတိုင်းမှာ မြန်မာပြည် ပညာရေးစနစ်နဲ့ အံဝင်ခွင်ကျ မဖြစ်ခဲ့ဘူးလို့ မှတ်ချက်ချမိတယ်။
ငယ်ငယ်ကတော့ ဒီလောက် ရှင်းရှင်းလင်းလင်း မသိခဲ့ဘူးပေါ့။ သူများလိုမဟုတ်ဘူး ပျင်းတယ်လို့ပဲ အလွယ်ပြောရမယ်။ အဲဒါ မှန်လည်းမှန်တယ်၊ မမှန်လည်း မမှန်ဘူး။

(ရေးရင်းနဲ့ ကိုဘ တခါပြောဖူးတဲ့စကား အမှတ်ရမိတယ်။ "မယ်ရီတာ ထောင့်ကို မကျိုးဘူး၊ အဲဒါတွေကြောင့် လေးထောင့်တွေနဲ့ အံမဝင်တာ" တဲ့။ အင်း ခုမှပဲ ပြန်ရေးရင်း မေးစရာတွေ့တယ်။ "ဘဝမှာ လေးထောင့်တွေနဲ့ အံဝင်ဖို့ အရေးတကြီးလိုလို့လား။ သူများထောင့်ရင် မဖြစ်မနေ လိုက်ထောင့်ရမယ်လား")

***
ငယ်ငယ်က သူများမဖတ်မိတဲ့ စာ ဖတ်မိရင် ဖတ်မိမယ်။ သူများမသိတဲ့ စာရေးဆရာကို သိချင်သိနေမယ်။ သူများတကာသိတဲ့ ပညာရေး သူရဲကောင်းတွေကိုတော့ သိချင်မှသိမယ်။ (မသိတာတော့ မဟုတ်ဘူး။ သိလိုက်တယ်။ စိတ်ဝင်တစား မှတ်မထားနိုင်တာ)

ငယ်ငယ်က ပုံမှန်ဖတ်ဖြစ်တဲ့ "ဟန်သစ်" ထဲမှာ နောက်မှ သေချာ ဖတ်ပါတော့မယ်လေဆို၊ အပေါ်ယံလျှမ်းဖတ်ပြီး ပုံမှန် ကျော်သွားတဲ့ ကဏ္ဍတွေ ရှိတယ်။ အဲဒါ ကဗျာတွေနဲ့ ဦးရဲဝေ ရေးတဲ့ "ပညာ့ကြယ်ပွင့်" ကဏ္ဍပါပဲ။ (အဲဒီဆောင်းပါးတွေ နောက်တော့ စာအုပ်ထုတ်ပါတယ်)

ကိုယ်ဟာ ကံဆိုးချင်တော့ အများစုနဲ့ အကြိုက်ချင်း မတူဘူး။ ဒါပေမဲ့ ကံကောင်းချင်တော့ ကိုယ်နဲ့ တူတဲ့သူတွေကို အနီးနားမှာ အမြဲတွေ့ရတတ်တယ်။ ကံဆိုးချင်တော့ သူတို့တွေနဲ့ တသက်လုံးတူတူ နေရဖို့ ကံမပါဘူး။
ဒါပေမဲ့ ကံကောင်းချင်တော့ ခုထိ ခင်နေတုန်းပဲ။

သမားရိုးကျမဟုတ်တဲ့၊ တမူထူးခြားတဲ့ အရာတွေကိုပဲ အာရုံကျတတ်တဲ့ ကိုယ်တွေအတွက် ငယ်ဘဝမှာ အမှတ်တရ သတိထားမိစရာ စီနီယာတစ်ယောက်ကို တွေ့ခဲ့ကြတယ်။ မှတ်မှတ်ရရ ကိုယ်တို့ ခုနစ်တန်းမှာ။

1993 ခုနှစ်အတွက် ဗိုလ်တထောင် (၅) က ၆ ဘာသာ ဂုဏ်ထူးရှင်။
နာမည်က ဖြိုးသီဟ...
အဲဒီအချိန်က နာမည်အကြီးဆုံး မဟေသီ မဂ္ဂဇင်း အယ်ဒီတာ ဦးခင်မောင်မြင့် ရဲ့သား။

မဂ္ဂဇင်းကို စဖတ်လာပြီး ပြန်ပြောပြတာ သူငယ်ချင်းတစ်ယောက်ပါ။ အိမ်ကို အဲဒီစာအုပ်ရောက်လာတော့ သူငယ်ချင်းပြောတဲ့ အင်တာဗျူးကို အရင်ရှာဖတ်ခဲ့မိတယ်။

သူ့အင်တာဗျူးကိုတော့ ဟန်သစ်မှာ ဖတ်ရတာ မဟုတ်ဘူး။ နည်းနည်းဆန်းတယ်။ နိုင်ငံတကာ ဆောင်းပါးတွေများတဲ့ ရနံ့သစ် မဂ္ဂဇင်းမှာ။ ဟန်သစ်က စာပေအနုပညာမဂ္ဂဇင်းဖြစ်ပြီး ဆိုခဲ့တဲ့ ပညာရေးကဏ္ဍကို လစဉ်ထည့်ပေမယ့်၊ ရနံ့သစ်က အဲလို မဟုတ်ပါဘူး။ နိုင်ငံတကာသတင်းတွေ အဓိကပါတဲ့ မဂ္ဂဇင်းပါ။ သူ့လိုင်းမဟုတ်ဘဲ ကြားဖောက်ထည့်တယ်ဆိုတာ ထူးခြားလို့ပါပဲ။

သူက တကယ်လည်း ထူးခြားပါတယ်။ ရနံ့သစ်က အင်တာဗျူးမတိုင်ခင်မှာ သင့်ဘဝမဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါး "ဖြစ်ချင်တာ၊ ဖြစ်နေတာ၊ ဖြစ်သင့်တာ" ဆိုတဲ့ ခေါင်းစဉ်အတွက် အဓိက မေးခွန်းတွေ မေးခဲ့တယ် ဆိုတယ်။ ရနံ့သစ်က အဲဒီအခံနဲ့ သူ့ကို အင်တာဗျူးဖို့ ရွေးခဲ့တယ် ဆိုတယ်။

(သူ့မေးခွန်းတွေနဲ့ မျက်နှာဖုံးဆောင်းပါးလုပ်ထားတဲ့ သင့်ဘဝမဂ္ဂဇင်းကို ဖတ်ဖို့ မကြုံခဲ့ဘူး။ အာသီသပြင်းပြခဲ့သလောက် မဖြစ်ခဲ့တဲ့ထဲမှာ အဲဒီတစ်ခုလည်း အပါအဝင်ပဲ)

မေးရိုးမေးစဉ် မေးခွန်းတွေ မဟုတ်ဘဲ ရူပဗေဒကို သိပ်စိတ်ဝင်စားပြီး nuclear ပညာရှင် ဖြစ်ချင်တဲ့သူတစ်ယောက်အကြောင်း မေးတဲ့သူကမေးလို့ ဖြေတဲ့သူက ဖြေထားတာ ဖတ်ရတာ ၁၃ နှစ် အရွယ်တွေအတွက် ဝါးလုံးခေါင်းကို အက်ကြောင်းလေးတစ်ခု ပေါ်လာအောင် ဟ ပေးလိုက်သလိုပါပဲလို့ ခုပြန်တွေးတော့ ထင်မိတယ်။

- မိဘတွေက ဘာဖိအားမှ မပေးဘူးဆိုတာ၊
- လုပ်ချင်တာ လုပ်ဖို့ လွတ်လပ်ခွင့် အပြည့်အဝပေးတယ် ဆိုတာ၊
- ဝတ္ထုလို မဂ္ဂဇင်းလို စာအုပ်တစ်အုပ်တွေ့တာနဲ့ စိတ်ဝင်စားရင် အစ/ဆုံး ပြီးအောင် ဖတ်ပစ်လိုက်တာပဲ ဆိုတာ၊
- အမှတ်ပြည့်ရဖို့ ဂုဏ်ထူးထွက်ဖို့ဆိုတဲ့ စိတ်တွေနဲ့ စာမေးပွဲသွားဖြေတာ မဟုတ်ပါဘူး ဆိုတာ၊
- သူ စိတ်ဝင်စားဆုံးဘာသာက ဘိုင်အိုဖြစ်ပြီး၊ ဘိုင်အိုဖြေမယ့်ညက tv ထိုင်ကြည့်နေပါတယ် ဆိုတာ၊
- ရူပဗေဒနဲ့ ပတ်သတ်လို့ သူပြောသွားတာတွေ
- ၁၀ တန်းဖြေမယ့် ကျောင်းသားတွေအတွက် သူပြောသွားတာတွေ
- Wuthering Heights က character တွေ
- လတ်တလော သူဖတ်ပြီးတဲ့ စာအုပ်က တင့်တယ် ရဲ့ ကမ္မဖလ ဆိုတာ၊
- ဂျူး နဲ့ ကျော်စွာထက် ရဲ့ ဝတ္ထုတိုတွေ ကြိုက်တဲ့အကြောင်း
(အဲဒီနောက်ပိုင်းမှာ ကျော်စွာထက် ဝတ္ထုတိုများ (၁) (၂) (၃) ကို ရှာဖတ်ခဲ့မိတယ်)

အဲဒီ အင်တာဗျူးပါတဲ့ မဂ္ဂဇင်းကို ခုချိန်ထိ သိမ်းထားတုန်းပဲ။ စာအုပ်ဗီရိုထဲမှာ ရှိနေတုန်းပဲ။

Dec 1998, ဖြူး မိတ်ဆွေများ စာကြည့်သင်းက လုပ်တဲ့ပွဲမှာ ဦးခင်မောင်မြင့်ကို ဆုံခဲ့ဖူးတယ်။ အဲဒီပွဲကို ဖြူးက သူငယ်ချင်းနဲ့ တူတူ သွားခဲ့ကြတယ်။
ဗိုလ်မင်းခေါင်လမ်းပေါ် နေမျိုးဆေးရဲ့ Cafe D မှာပေါ့။ မဂ္ဂဇင်းတွေထဲမှာ မြင်ဖူးနေတဲ့ အယ်ဒီတာကို တွေ့တာနဲ့ သူငယ်ချင်းနှစ်ယောက် သူ့သားကို ချက်ချင်း သတိရပြီး တိုးတိုးစကားပြောကြတော့ ရိပ်များ ရိပ်မိနေခဲ့မလား... ခုတော့ မသိနိုင်တော့ဘူး။

ကျောင်းမပြီးခင်လား ကျောင်းပြီးကာစလား မမှတ်မိတော့... အိမ်ပြန်ရောက်နေတုန်း
April တစ်ရက်မှာ ဦးခင်မောင်မြင့်ဆုံးတဲ့ သတင်းဖတ်ခဲ့ရတယ်။ ခုနှစ်ကို မမှတ်မိတော့ဘူး။ (အုန်း သရက်သီးသနပ်နဲ့ မိဂသီလမ်းထဲက အိမ်ပုံစံအဆန်းလေးဆိုတာကတော့ မဂ္ဂဇင်းတွေကတဆင့် ကြားဖူးနေခဲ့တာ)

Family မဂ္ဂဇင်းမှာပါတဲ့ ဦးခင်မောင်မြင့် ရေးသွားတဲ့ (ကိုယ်သိသလောက်တော့ ဦးခင်မောင်မြင့်ဟာ စာ သိပ်မရေးပါဘူး) "မိသားစုဆိုတာ" ဆိုတဲ့ ခေါင်းစဉ်နဲ့ သူတို့ မိသားစုအကြောင်း ပြကွက်လေးတစ်ခုကို ကူးရေးပြီး မှတ်ထားခဲ့ဖူးတယ်။ အိမ်ကို နောက်ဆံတင်းနေတဲ့ အမေလုပ်သူ တရားစခန်းဝင်ဖို့ သူတို့ သားအဖ ၃ ယောက်က တိုက်တိုက်တွန်းတွန်းလုပ်ပြီး၊ ဝင်ဖြစ်သွားတဲ့အချိန်မှာ ကျန်တဲ့သူ ၃ ယောက်က အိမ်အလုပ်တွေ တစ်ယောက်တစ်လက်လုပ်ကြတဲ့ အကြောင်းပါပဲ။ တိုတိုလေးပဲ။

ဒါလေးကို ဖတ်ရင်း ငယ်ငယ်က ကိုယ်တို့ တအံ့တသြသိခဲ့ရတဲ့ ဖြိုးသီဟ လို့ အမှတ်ရစိတ်နဲ့ အဲဒီစာတိုလေးကို ကူးရေးထားခဲ့တယ်။ အဲဒီအချိန်မှာ မြောက်ဥက္ကလာဆေးရုံမှာ သူ အလုပ်ဝင်နေပါပြီ။

ဟုတ်တယ်။ သူ ဆရာဝန်ပဲ လုပ်သွားတယ်။

အဲဒီ အင်တာဗျူးမှာတည်းက သူ မစွန့်စားပါဘူး၊ ဆရာဝန်ပဲ လုပ်မှာပါလို့ ထည့်ပြောသွားတယ်။ သူ စိတ်ဝင်စားတဲ့ ရူပဗေဒမေဂျာယူပြီး သူ မျှော်လင့်သလို ဖြစ်မလာခဲ့ရင် စိတ်ပျက်မိမှာ စိုးပါတယ် တဲ့။

"ဆရာဝန် လုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါမှာ ဘယ်လို ဆရာဝန်မျိုးဖြစ်ချင်သလဲ ဆိုတာ ကျွန်တော် စဉ်းစားရပါတယ်။ ကျွန်တော် ငွေမရှာချင်ပါဘူး။ ပိုက်ဆံ သိပ်မချမ်းသာပေမယ့် ဂုဏ်သိက္ခာမြင့်မားတဲ့ ဘဝမျိုးကို လိုချင်ပါတယ်" ဆိုတယ်။

(အဲဒီအချိန်ကတော့ ကိုယ်တွေက ပိုငယ်သူတွေဖြစ်တော့ ကိုယ့်ထက် ကြီးတဲ့သူက ဒီစကားလုံးတွေ သုံးသွားတာကို မထူးဆန်းဘဲ သာမန်ပဲ ဖတ်ခဲ့မိတယ်။ ခု ပြန်စဉ်းစားတော့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက်အနေနဲ့ ငြိမ်သက်ရင့်ကျက်ပြီးသူ လို့ မှတ်ချက်ပြုမိတယ်။ ကိုယ် ၁၇ နှစ်မှာ အဲဒီ တဝက်တောင် မရှိခဲ့သေးဘူး)

ငယ်ဘဝ စိတ်ကူးစိတ်သမ်းတွေရဲ့ စံ ဖြစ်ခဲ့သူဖြစ်တော့ ငယ်ဘဝနဲ့ နွှယ်တဲ့ စာတစ်ပုဒ်ရေးမိချိန်မှာ သူ့အကြောင်းကို အမှတ်မထင် အမှတ်တရ ထည့်ရေးဖြစ်မိသေးတယ်။

ဘောင်ကျဉ်းကျဉ်းကလေးထဲကနေ ဘောင်ကျော်ကြည့်ဖို့ အသိတွေပေးခဲ့သူ ဖြစ်ပါတယ်။

အဲဒီအင်တာဗျူးကို ငယ်ငယ်တုန်းကတည်းက မြင်ခဲ့တဲ့ ထူးချွန်ထက်မြက်ပြီး ထူးခြားတဲ့ လူတစ်ယောက်ရဲ့ အင်တာဗျူးဆိုတာအပြင် မြန်မာပြည်ပညာရေးရဲ့တစေ့တစောင်း အဖြစ်လည်း ခုချိန်မှာ မြင်မိပြန်တယ်။

ပတ်သတ်သိကျွမ်းစရာအကြောင်း မရှိခဲ့တော့ နောက်ပိုင်းလည်း သတင်းတွေမကြားမိတော့ပေမယ့် ဘယ်နေရာရောက်ရောက် တကယ်ပဲ ပတ်ဝန်းကျင်အတွက် လိုအပ်နေမယ့် ဆရာဝန်ကောင်းတစ်ယောက်ဖြစ်နေမယ်လို့ ခံစားမိပါတယ်။

***
အခြေခံကျောင်းသားဘဝတလျှောက်လုံးမှာတော့ ထူးခြားတဲ့ ပညာရေးအင်တာဗျူး သုံးခုပဲ ဖတ်ခဲ့ဖူးပါတယ်။ မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေး နှစ်ယောက်။ ယောက်ျားလေးနှစ်ယောက်ဟာ ၁၀ တန်းအောင်တဲ့အချိန် ၂ နှစ်ကွာပြီး၊ ဆရာဝန်အလုပ်ကို ဝါသနာပါတယ် မဟုတ်ဘဲ ဆေးကျောင်းပဲ တက်ခဲ့ကြတယ်။

***

pic from google

26 comments:

  1. ဆရာဝန်အလုပ်ကို ဝါသနာမပါပဲ ဆရာဝန်လိုင်းယူသွားတဲ့
    သူတွေ၊ကျွန်တော့်သူငယ်ချင်တွေထဲမှာရော၊ပတ်ဝန်းကျင်
    မှာပါ အများကြီးတွေ့ဖူးတယ်။ဘာကြောင့်လဲ..၊အဲဒီ အကျိုး
    ဆက်က ပတ်ဝန်းကျင်ကို ဘယ်လောက်ထိရိုက်ခတ်လေမလဲ...။

    ReplyDelete
  2. ဒီပို့စ်လေး ဖတ်ပြီးငိုင်သွားတယ်။ ဘယ်ဘ၀ကို ဒီလောက်မှတ်မိတာ နေ့စဉ်မှတ်တမ်းများ ရေးတားလားဟင်။ ကျွန်တော်လဲ အစ်မအရွယ်လောက်တုန်းက စာတွေ သိပ်ဖတ်တာ ကျွန်တော်တို့ မြို့က လူငယ်တွေထဲ ကျွန်တော် တစ်ယောက်ထဲပဲ စာဖတ်အားအကောင်းဆုံးလို့တောင်ထင်မိတယ်။ ဒီအစ်မကြီးလဲ အတော်ဖတ်သည်ကိုးးး- အခုထိတော့ ကံကောင်းနေတုန်းပဲ မဟုတ်လား။ သူတို့ အဆက်အသွယ်ပြတ်ခဲ့ရင်ကံဆိုးပြီး။ နောက်ထပ် အဲလို သယ်ရင်းတွေထပ်ရရင် ကံကောင်းဦးမယ်ပေါ့.....


    ငြိမ်းချမ်းပါစေ

    မိုးယံ

    ReplyDelete
  3. လေးထောင့်တွေနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ မလိုပါဘူး။
    ဒါပေမယ့်..
    လိုပါတယ်လေ..။

    ရေးထားတဲ့ ပို့စ် ဖတ်လို့ ကောင်းတယ်။

    ReplyDelete
  4. You also big big girl.
    You can make decision what you want.
    Most of peoples scare to do something.
    Young children in Myanmar got pressure under their parents and educated society.
    They lost their playing time.

    BINO

    ReplyDelete
  5. အမ ဆယ်တန်းအောင်တဲ့ ၁၉၈၅ နှစ်က လသာ (၂) ရဲ့ ၆ဘာသာဂုဏ်ထူးရှင် (အမ သူငယ်ချင်း) နဲ့ အင်တာဗျူး ဆိုပြီး စာစောင်တခုမှာ ပါလာသေးတယ်။ သူ့ကို အနာဂတ်မှာ ဘာဖြစ်ချင်ပါသလဲ ဆိုတဲ့ မေးခွန်းကို သူက ဖြေထားတာ.."စက်ရုပ်တွေ တီထွင်တဲ့ ပညာရှင် ဖြစ်ချင်ပါတယ်" တဲ့...
    အဲ့သူငယ်ချင်းက အမကို ငါလည်း မပြောဘဲနဲ့ အဲ့လိုကြီး ရေးထားတယ်ဟယ်လို့ ပြောပြီး ရယ်လိုက်တာ...
    ကောင်းကောင်းမှတ်မိသေးတယ်။


    (ဖြိုးသီဟ အင်တာဗျူးကို ဒီလို မဆိုလိုပါဘူးနော်)

    ReplyDelete
  6. မမသီတာ ရေးတာဖတ်ပြီး ရီလိုက်ရတာ။
    =D

    ReplyDelete
  7. ဦးရဲဝေ ကို ကိုယ်တို့တွေက ဆရာရေဝဲ လို့ အမြဲခေါ်တယ်
    ဆယ်တန်း တုံးက မြန်မာစာ သူနဲ့ သင်ခဲ့တယ်
    ကိုယ်သဘောကျတဲ့ ဆရာထဲက တယောက်
    စာဘယ်တော့မှမမေးလို့
    ကိုယ်မြန်မာ စာ ၆၇ မှတ်ထွက်ခဲ့တာ ဆရာ့ကျေးဇူးတွေပါတယ်

    ဖြိုးသီဟ...စိတ်ဝင်စားစရာကောင်းတယ်

    တာရာမင်းဝေရဲ့ ရေးဟန်တွေ ပါနေတယ်
    ကံကောင်းချင်တော့ ကံမကောင်းချင်တော့ ကံကောင်းချင်တော့

    ဆရာဝန်တွေ ....ထောင့်မကျိုးတာ တော်တော်များများတွေ့နေမြင်နေရတော့
    အထင်မကြီးတဲ့ လူတန်းစားထဲ ထည့်ထားတာ ကြာပြီ
    မြန်မာပြည်က ဆရာဝန်တော်တော်များများဟာ ဆရာဝန် စိတ်ဓါတ်ရှိလို့ ဆေးကျောင်းတက်ခဲ့ကြတာမှမဟုတ်ဘဲ

    ယုမော် ရဲ့ စကား ကိုသတိရနေမိတယ်

    ReplyDelete
  8. (ဆရာဝန်တွေ ....ထောင့်မကျိုးတာ တော်တော်များများတွေ့နေမြင်နေရတော့
    အထင်မကြီးတဲ့ လူတန်းစားထဲ ထည့်ထားတာ ကြာပြီ) <<< ပေါင်မုန့်ကို ထောပတ်သုတ်ပြီး ယမ်းနေပြန်ပြီ။

    ပြီးတော့ အဲဒါ တာရာမင်းဝေရဲ့ မူရင်းမဟုတ်ဘူး။ တနေရာရာကနေ ဘာသာပြန်ထားတာ။ သူ့စာတွေထဲမှာ အဲဒါမျိုးတွေ ပါတတ်တယ်။ ဥပမာ - ဘယ်အရွယ်ရှိတဲ့ မိန်းမက ဘာတိုက်ကြီးနဲ့ တူပါတယ် ဆိုတာမျိုးပေါ့။ အစကတော့ သူကိုယ်တိုင်ရေးတာတွေလို့ ထင်ခဲ့ဖူးသေးတယ်။

    ReplyDelete
  9. ခက်နေပြီ။
    မှတ်ထားလိုက်တာ လှေနံဓါးထစ်...
    ကိုယ်ပြောချင်တာကို လူတိုင်း နားလည်နိုင်တဲ့ ဥပမာနဲ့ ပေးတာပါဟာ...။
    နေရာတိုင်းတော့ ဘယ် apply ဖြစ်မှာတုန်း...။
    :)

    ReplyDelete
  10. ဖြိုးသီဟရဲ့ အင်တာဗျူးကို မှတ်မိနေတယ်။ သူပြောတာ တကယ်ကို မမှားဘူး။ ဦလေးတစ်ယောက် ဆရာဝန်လိုင်း မယူဘဲ သူစိတ်ဝင်စားတဲ့ ရူပဗေဒကို ယူလိုက်ပြီး ကျောင်းပြီးတော့ ကျောင်းမှာ ပဲ ဆရာဆက် လုပ်ပါတယ်။ ဒါပေမယ့် ...စိတ်ပျက်လို့လားတော့မ သိဘူး။ အခုတော့ တစ်ခြား ရဲ့ ၀ါသနာပါတဲ့ ဘာသာရပ် တစ်ခုကို ပြောင်းပြီး သက်မွေးနေပါတယ်။

    ReplyDelete
  11. အမ သူငယ်ချင်းတယောက် ဆေးကျောင်းတက်ခဲ့ပြီး ဆရာဝန် မလုပ်ဘူး၊ ဒက်စ်တနေရှင်းတွေ ကွန်ကလူးရှင်းတွေ မှားပြီး လူနာတွေ ဒုက္ခရောက်မှာ စိုးလို့တဲ့လေ၊ ခုခေတ် ပိုဆိုးသေး၊ လူသေအလောင်းတလောင်းမှ မခွဲဘူးပဲ ဆရာဝန် ဖြစ်ကုန်ကြ ဆိုပဲ...။ စပါယ်ရှယ်လစ်စ် ဆိုတာတွေကလည်း သူတို့ သန်ရာ ရောဂါဘက် ဆွဲကုနေကြတာ...။ ဆရာဝန် အားလုံးကို မဆိုလိုပါဘူး၊ သမားကောင်းတွေ ရှားပါးလာတာတော့ အမှန်ပဲ...

    ReplyDelete
  12. တို့ကတော့ ဆရာဝန်လုပ်ဖို့ စိတ်ကူးထဲကို မထည့်ခဲ့ဘူး... (အမှတ်မှ မမီတာကိုး.. :P)

    ReplyDelete
  13. မြန်မာပြည်ရဲ့ ပညာရေးစနစ်နဲ့ အစဉ်အလာတစ်ခုလိုဖြစ်နေတဲ့ မိဘတွေရဲ့ တိုက်တွန်းမှုကြောင့် ဆရာဝန်လုပ်ဖို့ တကယ်ဝါသနာမပါဘဲ အမှတ်မှီလို့ ဆေးကျောင်းတက်ဖြစ်သွားတဲ့သူတွေ ရာနှုန်းပြည့်တောင် ရှိခဲ့မယ်ထင်တယ်။ ငယ်ငယ်ကလေးဘ၀က ဆရာဝန်ဖြစ်ချင်ခဲ့ဖူးတယ်။ ခုနေခါတော့ ဆရာဝန်မဖြစ်ခဲ့တာ သိပ်ကံကောင်းတာပဲလို့ အမြဲတွေးမိတယ်။

    ရီတာရေးထားတာဖတ်ပြီး ကိုယ့်မောင်လေးအကြောင်း သတိရမိလို့ ထည့်ရေးချင်တယ်။ သူကငယ်ငယ်က ကိုယ့်လို ဆရာဝန်ဘာညာလုပ်မယ် မပြောဘူး၊ ယောကျာ်းကလေးပီပီ စစ်ဗိုလ်နဲ့ အင်ဂျင်နီယာလုပ်တမ်း ကစားတာမျိုးတော့ရှိတယ်။ တကယ်တမ်း ဆယ်တန်းအောင်ပြီးလို့ ဂျီစီးအီးသွားတက်တဲ့အချိန်မှာ ကွာခြားတဲ့ပညာရေးစနစ်ကြောင့် သူဘာကိုစိတ်ဝင်စားသလဲဆိုတာ သူကိုယ်တိုင်သေသေချာချာ သိသွားတယ်။ သူက ရူပဗေဒနဲ့ သင်္ချာကို သာမန်ထက်စိတ်ဝင်စားသွားပြီး သိပ္ပံပညာရှင်ဖြစ်ချင်သွားတာ။ အဲဒီ့အချိန်မှာ သူက ၁၆နှစ်၊ ကိုယ်က ၂၁နှစ်။ သူပြောပြီး ကိုယ်စဉ်းစားမိလိုက်တာ ... ပညာရေးစနစ်ကွာဟမှုကိုပဲ။

    ကိုယ်ဘာဖြစ်ချင်၊ ဘာလုပ်ချင်၊ ဘာကိုစိတ်ဝင်စားနေသလဲဆိုတာ မှန်ကန်တဲ့ပညာရေးစနစ်အောက်မှာမှ ကိုယ်တိုင်သိမြင်ခံစားနိုင်တာ မဟုတ်လား။ တော့တိုးကျန်ထဲမှာလည်း ကိုယ်တို့ဖတ်ဖူးတာပဲလေ။

    တကယ်ဝါသနာမပါဘဲ ဆရာဝန်လုပ်ခဲ့သူတွေ၊ ဆရာဝန်ဖြစ်ရဲ့သားရဲ့ ဆရာဝန်မလုပ်ဖြစ်ခဲ့သူတွေကြောင့် တကယ်ဖြစ်ချင် လုပ်ချင်ခဲ့တဲ့သူတွေအတွက် နစ်နာသွားတဲ့၊ သူတို့ကိုယ်တိုင်တစ်ခြားတစ်နေနေရာမှာ ထူးချွန်သွားရမယ့် ဆုံးရှုံးမှုကို နှမြောမိတာ အမှန်ပဲ။

    ReplyDelete
  14. ကျွန်တော်ရဲ့ ဆရာဝန်မလုပ်ခြင်း တစ်ကယ့်အကြောင်းပြချက်က ဆေးထိုးတာကို ကြောက်လို့ပါ။:P ခုတော့ အိုင်တီလိုင်းမှာ ကူးခတ်နေဆဲပဲ။

    ReplyDelete
  15. အဲဒီ တစ်ယောက်လည်း ခုတော့ ဆရာဝန် ဘဝထဲမှာ အသားကျနေပြီ နေမှာပဲနော်..

    ကိုယ်ကတော့ ဆရာဝန်လိုင်း မမှီခဲ့တာကို ကျေးဇူးတင်နေခဲ့တယ်.. မှီခဲ့ရင် ငြင်းဖို့ အင်အားမရှိပဲ လုပ်နေရမှာ စိုးလို့ပါ။

    ReplyDelete
  16. ဖြိုးသီဟ က လူတော်တယောက်ပါ
    သူဟာ ရောက်တဲ့ နေရာမှာ တော်အောင်ကျိုးစားနိုင်တဲ့လူပါ
    စာအရမ်းဖတ်တာကတော့ အရင်ထဲက

    ReplyDelete
  17. သိတဲ့လူ တစ်ယောက်ယောက် ပေါ်လာလိမ့်မလား စောင့်နေတာ။ ကျေးဇူးတင်ပါတယ်။

    ခု ဘယ်မှာများ ရောက်နေလဲ မသိဘူးနော်။ ဦးခင်မောင်မြင့် ဆုံးတဲ့ချိန်ထိတော့ သူ မြန်မာပြည်မှာပဲ ရှိသေးတယ်။

    ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်နိုင်မယ့်သူလို့တော့ ခံစားမိပါတယ်။

    ReplyDelete
  18. ဒီပို့စ်ကို ရေးဖြစ်တဲ့ ရီတာ့ကို ကျေးဇူးတင်ပါတယ်။ ဒီလိုအကြောင်းအရာမျိုးက တစ်ခြားသူတွေ ရေးလေ့ရေးထရှိတဲ့ အကြောင်းအရာမျိုးမဟုတ်ဘူး၊ ရီတာရေးလိုက်တော့ ဇွန်တို့လည်း ခံစားမိသလောက် share ခွင့်ရတယ်။

    မနက်က တစ်ခုသွားသတိရလို့။ ၁၉၉၃ခုနှစ်တုန်းက အထက်တန်း ၀ိဇ္ဇာတွဲမှာ တစ်ပြည်လုံးပထမရခဲ့တဲ့ မကေခိုင်ငြိမ်းက ၈တန်းမှာ ၆ဘာသာဂုဏ်ထူးထွက်ခဲ့ပေမယ့် ၀ါသနာအရ အင်္ဂလိပ်စာကိုပဲ အထူးပြုလေ့လာချင်သူမို့ ၉တန်းမှာ ၀ိဇ္ဇာတွဲကို ပြောင်းပြီးယူခဲ့တာ။ ဇွန်တို့ကျောင်းမဂ္ဂဇင်းမှာ သူ့အကြောင်းဖတ်ရတော့ အံ့သြမိသေးတယ်။ နောက်ပြီး သူ့ရဲ့ဆုံးဖြတ်ချက်ကို တော်တော်လေးစားသွားတယ်။ ကိုယ်သာဆို ဒီလိုဆုံးဖြတ်နိုင်ပါ့မလားလို့။ သားသမီးရဲ့ ဆုံးဖြတ်ချက်ကို နားလည်လက်ခံပေးတဲ့ မိဘတွေရဲ့ ပံ့ပိုးမှုကြောင့်လည်း ပါတာပေါ့လေ။ ဇွန်သိသလောက် သူ့မိဘတွေက ပညာရေးနယ်ပယ်ကပဲ။ အတိအကျတော့ မမှတ်မိတော့ဘူး။

    နောက်အစ်မတစ်ယောက်ကလည်း ဇွန်တို့အထက်တန်းကျောင်းကပဲ။ ဆယ်တန်းမှာ ဆေးကျောင်းအမှတ်မှီပေမယ့် ၀ါသနာအရ စက်မှုတက္ကသိုလ်ပဲလျှောက်ပြီး ပထမနှစ်အထိ သင်ယူခဲ့သေးတယ်။ ဒုတိယနှစ်ရောက်တော့ လောကီပညာရပ်ကို အပြီးစွန့်လွှတ်ပြီး လောကုတ္တရာနယ်ပယ်ထဲကို ၀င်သွားတာ။ လောကုတ္တရာစာမေးပွဲတွေမှာလည်း ဖြေတိုင်း ပထမဆင့်နဲ့ပဲ အောင်မြင်ခဲ့တာ။ သူယုံကြည်ရာ ဆန္ဒရှိရာလမ်းကို ရွေးချယ်လျှောက်လှမ်းသွားတာ တကယ့်ကို ချီးကျူးစရာပါ။ (လူအမည် - မမြစိန်စီကျော်၊ သီလရှင် ဘွဲ့အမည်က မစာရုဒဿနီပါ)

    ကိုယ်ဘာဖြစ်ချင်လဲဆိုတာ တိတိကျကျသိပြီး အများနဲ့မတူတဲ့ လမ်းကြောင်းပေါ်ကနေ ကိုယ်ဖြစ်ချင်တာကို ရအောင်ဖြစ်အောင် လုပ်သွားနိုင်သူမျိုးတွေကို တကယ်ပဲလေးစားအားကျမိတယ် ရီတာ။ သူတို့တွေက ဇွန့်ကို တနည်းတဖုံ လွှမ်းမိုးခဲ့သူတွေဆို မမှားပါဘူး။

    ReplyDelete
  19. ရီတာရေ.. စောစောက ဇွန်တင်လိုက်တဲ့ မပေါ်ဘူးထင်တယ်နော်။း( error ပြလို့

    ReplyDelete
  20. အဲ... တော်သေးတယ်...ပေါ်လာလို့... :D

    ReplyDelete
  21. ပေါင်မုန့် ကိုလျောက်ရမ်းနေတာ မဟုတ်ပါဘူး ဒေါ်ရီတာ
    တတွေ့နေရတာတွေ က တော်တော်များများ အဲ့လိုဖြစ်နေတာပါ
    ခက်တာက ကိုယ်ကလည်း တော်တော်များများ ကိုတွေ့နေရတဲ့ field ထဲရောက်နေတာခက်တယ်

    ကာလသားကုနေတဲ့ ဆရာဝန်က STI/STD (sexually transmitted infection and diseases)ဆိုတာ ကို မသိရင်၊
    လိင်တံက အရည် တစက်စက်ကျခြင်း dripping ကို dribbing လို့ ဆေးစားအုပ်ထဲမှာ မှားပေါင်းနေတာတွေကို တွေ့လာရင် ကိုယ်ပြောချင်တာကို သိလာပါလိမ့်မယ်

    အမှန်ဆို အဲ့စာလုံးပေါင်းက ဆေးပညာနဲ့တောင်မပြောဘဲ ရိုးရိုး အင်္ဂလိပ်လိုပြောရင်တောင် မမှားသင့်တာပါ တက္ကသိုလ် ဝင်တန်းမှာ အမှတ်အများဆုံးနဲ့ အောင်ခဲ့ကြလို့ ဆေးကျောင်းရောက်ခဲ့ကြတာမှလား

    ခုလဲ အမ်ဘီအေ တွေတက်ကြပြီး အင်တာဗျူးလာတာမှာ အင်္ဂလိပ် လို ပြောတာ သဘောမပေါက်လို့ ဘာသာပြန်ပြရတယ် ဆိုတာတွေ

    အကုန်လုံးကိုပြောတာမဟုတ်ပါဘူး တော်တော်များများကိုပြောတာပါ

    ကဲ ပိုစ့် ရည်ရွယ်ချက်နဲ့ လွဲနေပြန်ပြီနော်

    ReplyDelete
  22. we don't really have choices upon 10th std result,do we?
    Even if we r eligible to choose,there is no support/career/future except some professional courses.
    We are already used to be in no choice/right..

    ReplyDelete
  23. @NC

    nc ပြောတာ မမှားပါဘူး။
    မြန်မာပြည်မှာ ကိုယ်တို့ လူလုပ်ခဲ့တဲ့ ခေတ်အခါက ရွေးစရာ ဘာမှ မရှိလှပါဘူး။ ခုရော ရှိပြီလားဆိုတော့ မရှိသေးဘူး။ မြို့ပြကြီးမှာ (အထူးသဖြင့် ရန်ကုန်နေ အမြင်ကျယ်တဲ့လူတန်းစားအတွက် - အထူးသဖြင့် ထည့်ပြောရတာက ရန်ကုန်မှာ တသက်လုံးနေပြီး ဘာမှ မမြင်တတ်တဲ့လူတန်းစားက သပ်သပ်ကို ရှိလို့) ဆေးတက္ကသိုလ်ခေတ်ကနေ စင်ကာပူပေါ်လီခေတ်ကို ပြောင်းလာတာတော့ ရှိတယ်။ ဒါက တနည်းအားဖြင့် ခေါင်းစဉ်ပြောင်းသွားတာပဲ ရှိတယ်။ အနှစ်သာရကတော့ ဘာမှ ထူးခြားမပြောင်းလဲဘူးလို့ မြင်မိတယ်။

    ခု post ထဲမှာ ပါတဲ့ ဖြိုးသီဟကိုယ်တိုင်လည်း အခြေအနေကို မလွန်ဆန်ဘဲ (သူကိုယ်တိုင် ပြောသွားတဲ့စကားက "ဖြစ်ချင်တာ ဖြစ်နေတာနဲ့ ဖြစ်သင့်တာမှာ ဖြစ်နေတာနဲ့ ဖြစ်သင့်တာကိုပဲ ရွေးချယ်ပါမယ်" တဲ့) ရွေးခဲ့တာပါပဲ။

    ဒါပေမဲ့ သူ့လုပ်ရပ် (တနည်း သူ့ရွေးချယ်မှု) နဲ့ ပတ်သတ်လို့ ကိုယ် အသေအချာ ခံစားယုံကြည်မိတဲ့ တစ်ချက်ကို ပြပါဆိုရင် သူက သူ ဘာလုပ်နေတာလဲဆိုတာကို အသေအချာသိတယ်။ သူ့ပြောစကားတွေမှာ အဲဒီအချက်က သိသိသာသာပါတယ်။

    သူ ဆေးကျောင်းရောက်ပြီး နောက်ပိုင်း သူ့အနေအထား ဘယ်လို ဆိုတာကို ကိုယ် မသိနိုင်ခဲ့ပါဘူး။ အထက်မှာတော့ တစ်ယောက် comment သွားပါတယ်။ အဲဒီအတိုင်းဖြစ်လိမ့်မယ်လို့လည်း ယုံကြည်မိတယ်။

    ဆိုလိုတာက သူ စိတ်မဝင်စားလှပါဘူးလို့ ကျောင်းသားဘဝက ထင်ခဲ့တဲ့ နယ်ပယ်ထဲမှာ သူ ဘာကြောင့် ထူးချွန်သလဲဆိုရင် သူဘာလုပ်နေတာလဲဆိုတာကို သူ့ဘာသာ သေချာသိနေလို့ပဲ။

    အဓိကက ကိုယ်ဘာလုပ်နေသလဲဆိုတာကို သေချာ "သိ" နေရမယ်။

    ကိုယ် ဘာဖြစ်လို့ ဒီစကားပြောတာလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာမှန်းညာမှန်းမှ မသိဘဲနဲ့ ရောယောင်နေတာကို တွေ့နေရလွန်းလို့။ အဲဒါဟာ မိဘဆွေမျိုးသားချင်းရဲ့ လိုအပ်ချက်တွေကလည်း အများကြီးပါတယ်။

    နောက်တချက် ကိုယ့်အမြင်ကို ပြောချင်သေးတယ်။ (ကြားဖြတ်ပြီး ပြောရရင် nc ဒီ comment ကို ရေးလာတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်)။ မြန်မာပြည်အနေအထားအရ ရွေးချယ်ခွင့်ဆိုတာကို ခဏခေါက်ထားလိုက်ဦး။ အဲဒါက နောက်တဆင့်ဖြစ်နေလို့။ ရွေးချယ်ခွင့် မတိုင်ခင်မှာ အဆင့်တစ်ခု ရှိသေးတယ်။ အဲဒါက ကိုယ့်ဘာသာ သိခွင့် ပဲ။ ကိုယ့်ဘာသာ သိပြီးတဲ့နောက်မှ ဘာရွေးချယ်မလဲ ဆက် စဉ်းစားလို့ရမှာ။

    ပြန်ဆက်ရရင် မြန်မာပြည်အနေအထားအရ ကျောင်းသားဘဝမှာ ကိုယ့်ဘာသာ သိခွင့်ရဖို့ ဘာအခြေအနေ အခွင့်အလမ်းမှ မရှိဘူး။ အင်မတန့် အင်မတန် ကံကောင်း ပါရမီကောင်းတဲ့တချို့မှသာ ကိုယ် ဘာလဲဆိုတာကို သိခဲ့ကြတာ။ အတော်များများဟာ ကိုယ့်ဘာသာ ဘာမှန်းမသိတဲ့ ဝါးတားတားချည်းပဲ။ ဘာဖြစ်လို့ဆိုတော့ ကျောင်းပညာရေးဟာ လက်တွေ့နယ်ပယ်နဲ့ ထိတွေ့ဆက်စပ်မှု သိပ်နည်းလို့။

    ဒါပေမဲ့ ဒီ post ကို တင်ရတဲ့ ရည်ရွယ်ရင်းကတော့ အဲဒီကိစ္စတွေအတွက်မဟုတ်ပါဘူး။ ကိုယ့် ငယ်ဘဝနဲ့ ငယ်ငယ်က အလေးအနက် သိမြင်ကြားဖူးခဲ့တဲ့ စီနီယာတွေအကြောင်း အမှတ်တရ ပြန်မှတ်ထားလိုက်ချင်လို့ပါပဲ။

    နောက်ထပ် ဆက်ရေးရမယ့် လူ နည်းနည်း ရှိသေးတယ်။ ပျင်းနေတာရော၊ အချိန်မရတာရော၊ ကိုယ့်အတွက် ရေးသင့် မရေးသင့် ချိန်ဆရတာတွေရောကြောင့် မဖြစ်သေးတာ။ ကိုယ်ပြောချင်တဲ့ အချက်ကို နောက်တပိုင်း နောက်တယောက်အကြောင်း တင်ဖြစ်ခဲ့ရင် ပိုပြီး မြင်သာလိမ့်မယ်လို့ ထင်မိပါတယ်။

    ReplyDelete
  24. Phyo Thiha now become a physician and working in North Okalarpa General Hospital.
    I heard that he got married but still I couldnt meet him the last time I arrived to Ygn.

    ReplyDelete
  25. =)
    ကျေးဇူးပါ။ သတင်းကြားရတာအတွက်။ ဒါဆို နိုင်ငံခြားမထွက်သေးဘူးပေါ့။

    ReplyDelete
  26. I was in the trend of poly too.We were WRONG about studying in abroad would make ease us to another higher stage of lives.Yes,it DID so & I'm always glad but in terms of realizing "what I am" & "what I want to be" to further advanced.
    So,apart from all OTHER ASPECTS if there is no opportunity,a youth should flow with the trend in search of WISDOM in my opinion..
    Thanks for your point of how important parents/relatives & environment are for a child that i was about to ask..
    May every single good day be with u,Rita..

    ReplyDelete