Saturday, August 14, 2010

ယသောဓရာ



ယသောဓရာ

ဖဝါးခြေထပ် ဖြည့်ဆည်းခြင်းဟာ

ဘယ်လောက်တောင် နက်နဲခဲ့ပါသလဲ


***
သူ့ရဲ့ မေတ္တာတရားတွေက
မဟာကရုဏာတော်တွေထဲမှာ

ဘဝ အဆက်ဆက် လိမ္မာတတ်သိမှုတွေက
ရွှေဉာဏ်တော်ရဲ့ အတုမရှိ အကျယ်အဝန်းမှာ

သစ္စာစီရင်တဲ့ ချစ်ခြင်းတရားတွေက
ရက်ပေါင်းများစွာ ဆွေးရတဲ့ တစ်ညဝေး အလွမ်းတွေမှာ

ရင်းနှီး
စွန့်လွှတ်
ခြင်းတွေက
ပါရမီတော်တွေတိုင်းမှာ

မခွာ
ထပ်ကြပ် ပေးဆပ်ခြင်းတွေက
နိမ့်ပါးလျောကျ အခါသမယတွေမှာ

ကျွမ်းမြေ့ လောင်မြိုက်ရခြင်းတွေက
"နေခဲ့" ချမှတ်တဲ့ အမိန့်တော်မြတ်တွေမှာ


စွန့်ထား ချန်ရစ်ခဲ့တဲ့ စည်းတဘက်မှာ ရပ်ဖို့
ဘယ်လောက်တောင် ခက်ခဲခဲ့ပါသလဲ

***
အသင်္ခတ ကမ်းတိုင်...
အသင်္ချေဘဝ အစမှာကတည်းက
ထံပါးမှ ကြာပန်းကိုင်ခဲ့သူ...

***
photo from here

14 comments:

  1. ဒီကဗျာ ရေးမယ်လုပ်တာ May 2008 လောက်ကတည်းကပဲ။
    အဆုံးသတ် ၂ ကြောင်းကလွဲပြီး ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မရေးနိုင်ဘဲ ဒီတိုင်းရှိနေတာ။
    မနှစ်ကပဲ နန်းညီ ကိုတောင် ခဲခြစ်ရာနဲ့ ပုံဆွဲပေးပါ ပြောထားသေးတယ်။
    ခုတော့ သူ့ပုံမပါဘဲ တင်လိုက်ပြီ။

    သိပ်ပြီး စိတ်တိုင်းကျတယ်လို့တော့ မဟုတ်ပါဘူး။
    ဒါပေမဲ့ ကိုယ့်ဘာသာ ဒီ့ထက်ပို မျှော်လင့်လို့ မရတော့ဘူး။
    =)

    ReplyDelete
  2. ၁. ကောင်းပါတယ် ကိုယ့်ဘာသာကိုယ်ကွန်မက်ပြန်ပေးထားတာ.

    ၂. ဘာဘဲဖြစ်ဖြစ်ရင်ထဲက သိမ်းထားတဲ့ခံစားချက်တစ်ခုကိုချလိုက်ရလို့တော့ သက်သာရရသွားမှာတော့အမှန်ဘဲ.

    ReplyDelete
  3. ကဗျာလေးက ကောင်းပါတယ်။
    စာလုံးပေါင်းက ယသောဓရာ ဖြစ်မယ်ထင်တယ်။ -် မပါဘူး။

    ReplyDelete
  4. ကျေးဇူးပါ မမေဓာဝီ

    ReplyDelete
  5. အွန် ။ ခံစားချက် တစ်ခုခု များရှိနေသလားလို့။ ဒိုးလုံး သီချင်းကို မြင်လိုက်ရတော့။

    ငြိမ်းချမ်းပါစေ
    မိုးယံ

    ReplyDelete
  6. eikkk

    သိပ် မတွေးပါနဲ့လေ။
    ကဗျာက သပ်သပ်၊ သီချင်းက သပ်သပ်ပါ။
    =)

    ReplyDelete
  7. စွန့်ထား ချန်ရစ်ခဲ့တဲ့ စည်းတဘက်မှာ ရပ်ဖို့
    ဘယ်လောက်တောင် ခက်ခဲခဲ့ပါသလဲ

    ---။။။ အဲလိုမျိုးလေး.. တစ်ယောက်ကပြောဖူးတယ် ချန်ထားခဲ့တဲ့နေရာ ခြေဖ၀ါးတစ်လှမ်းမရွှေ့နေကျန်ခဲ့ပါ မယ်တဲ့...
    ဘယ်လောက်ခက်ခဲမလဲဆိုတာ ကိုယ်စားဝင်တွေ့ကြည့် ရင်တောင် မခံစားနိုင်ဘူး..

    ReplyDelete
  8. ဘုရားနိပါတ်ကို အင်္ဂလိပ်ပြန်ထားတဲ့ စာအုပ် ငယ်ငယ်က ၃-၄ မျက်နှာလောက်ကြိုးစား ဖတ်ပြီး ယသောဓရာကို Life-partner လို့ ရေးထားတာ တစ်ခုပဲ စွဲနေတော့တယ်...

    ReplyDelete
  9. ခက်တယ်.... wuthering heights စာအုပ်ကြီးခန့်ခန့်ညားညားသင်လာပြီး အနှစ် ၂၀ ကြာထိ မမေ့တာက idol ဆိုတဲ့ စကားလုံး....

    ReplyDelete
  10. အသင်္ခတ ကမ်းတိုင်...
    အသင်္ချေဘဝ အစမှာကတည်းက
    ထံပါးက ကြာပန်းကိုင်ခဲ့သူ...

    ညီမ ရီတာ ရေ ကဗျာလေး ရဲ့ အဆုံးပိုင်းလေးကို ပိုပို နှစ်သက်တယ်

    ခင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  11. အဆုံးသတ်လေး သိပ်ကြိုက်တယ် ရီတာ။

    ဘုရားလောင်းရဲ့ ပါရမီဖြည့်ဘက်ဖြစ်ဖို့ ဆုပန်ခဲ့သူမို့ သူ့ကို ဆုပန်တတ်လေခြင်းဆိုပြီး ပြောကြတယ်။

    ကိုယ်သာဆို... သူ့လိုဆုပန်ဖို့၊ ကြီးကျယ်တဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပါရမီဖြည့်ဘက်ဖြစ်ဖို့ လုံလောက်တဲ့သတ္တိရှိမှာ မဟုတ်ဘူးလို့ တွေးမိလိုက်သေးတယ်။

    ReplyDelete
  12. ကြာပန်းလေးနဲ့ လည်း လိုက်ပါတယ် ရီတာ။
    ရေးထားတာ ငြိမ့်ငြိမ့်လေးနဲ့  ခံစားမှုပါတယ်။

    ReplyDelete
  13. ဟောဒီ့ ဘဒ္ဒကဉ္စနာအကြောင်းကို
    ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်
    မရေးဝံ့ မရေးရက်ဖြစ်နေခဲ့တာ..။
    တစ်ခွန်းထဲ ပြောခဲ့လိုက်မယ်...။
    ကိုယ်တိုင် ထွေးအန်ချင်ပြီး တစ်ဆို့နေ
    ဆဲ နှလုံးလှကဗျာ....

    ReplyDelete
  14. အတော်ကောင်းတယ်ဗျာ....
    ရင်ထဲကို တည့်တည့် ရောက်တယ်။

    ReplyDelete