Tuesday, July 20, 2010

ဒေါက်တာ သန်းထွန်း


မေး။ ဆရာကြီး ဘဝမှာ လက်ကိုင်ထားတဲ့ ဘဝနေနည်းအယူအဆကို ပြောပေးပါ။

ဖြေ။ အတိုက်အခံရှိရင် ပျော်တယ်။ ကိုယ့်ထက် တန်ခိုးအရှိန်အဝါ သြဇာအာဏာရှိသူတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတာ ပိုကြိုက်တယ်။ ဒါပေမဲ့ ကိုယ်က စတင်ပြီး အတိုက်အခံ ဆန့်ကျင်မှု မပြုပါ။ ရှုံးနိမ့်ရင်လည်း နစ်နာတယ်၊ ဝမ်းနည်းစရာလို့ မထင်ပါ။ ကျော်အောင် က "နှုတ်ကြောင့်သေမယ့် လူ" လို့ ပြောခဲ့တယ်။ လက်အောက်ငယ်သားကို မတိုက်ခိုက်ပါ။ မတူတဲ့ အယူအဆကြောင့် အပြစ်ပေး အရေးယူတာမျိုး မရှိပါ။ ကိစ္စရပ်တိုင်းကို ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်တယ်။ သြဇာအာဏာ အရှိန်အဝါ သက်ရောက်မှုကို မခံယူပါ။ တစ်စုံတစ်ယောက်က အကူအညီတောင်းခံလာတဲ့အထိ စောင့်ဆိုင်းမနေဘဲ မိမိကူညီဖို့ လိုအပ်တယ်ဆိုတာ သိရုံနဲ့ ချက်ချင်း ကူညီဆောင်ရွက်ပေးတတ်ပါတယ်။ လုပ်ငန်းခွင်မှာရော နေအိမ်မှာပါ ကိုယ်နဲ့ အတူနေသူများ ကိုယ့်ကြောင့် စိတ်ဆင်းရဲမှု မဖြစ်ရအောင် သတိပြုနေထိုင်ပါတယ်။

မေး။ ကျွန်တော်တို့ လူငယ်တွေအတွက် ဆရာကြီး လုပ်စေချင်တဲ့အလုပ်၊ အပြောချင်ဆုံးစကားရှိရင် ပြောပြစေချင်ပါတယ်။

ဖြေ။ မြန်မာဓမ္မသတ်မှာ အမျိုးသား ၁၆ နှစ်၊ အမျိုးသမီး ၁၅ နှစ်ပြည့်ရင် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိနေပြီး၊ အိမ်ထောင်ပြုနိုင်တဲ့အရွယ်ရောက်ပြီလို့ ဆိုတယ်။ ဒါကြောင့် လူငယ်တွေကို လူတတ်ကြီးလုပ်ပြီး ဘာကို လုပ်စေချင်တယ်။ ဘာကို မလုပ်စေချင်ဘူး ပြောဖို့လိုမယ် မထင်ပါ။

ကျွန်တော် လူငယ်ဘဝမှာ H G Wells ရေးတဲ့ Work, Wealth and Happiness of Mankind, Science of Life နဲ့ နိုင်ငံရေးသမိုင်း၊ ခေတ်သမိုင်း၊ ခေတ်စီးပွားရေးသမိုင်း၊ ဆိုရှယ်လစ်အတွေးအခေါ်စတဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြီး ဘဝလမ်းညွှန်အဖြစ် ခံယူခဲ့ပါတယ်။

လူငယ်ဟာ ပညာရှာအရွယ် ဖြစ်ပါတယ်။ အဲဒီမှာ တက္ကသိုလ်တစ်ခုတည်းသာလျှင် ပညာစခန်းမဟုတ်ပါဘူး။ အခြားပညာစခန်းတွေ ရှိပါတယ်။ လူငယ်တွေအတွက် တက္ကသိုလ်အလွတ် လေ့လာသင်ကြားစရာတွေ အများကြီး ရှိပါတယ်။ စစ်အတွင်း တက္ကသိုလ်ပိတ်ထားတော့ ကျွန်တော့ကို အဖေက ဘုန်းကြီးကျောင်းပို့ပြီး သဒ္ဒါ၊ သင်္ဂြိုဟ်၊ ဗေဒင် တခုခု သင်ခိုင်းလို့ ဗေဒင်သင်ခဲ့ဖူးတယ်။ သင်ခဲ့တော့ လိုအပ်ရင် သက်မွေးပညာအဖြစ် အသုံးချနိုင်တာပေါ့။

နိုင်ငံခြားမှာ အထက်တန်းအောင်တဲ့လူတိုင်း တက္ကသိုလ်ကို သွားကြတာ မဟုတ်ပါ။ အင်မတန် စာတော်သူတွေသာ တက္ကသိုလ်ဆက်တက်ကြတယ်။ လူနည်းစုပါ။ တကယ်တော် တကယ်တတ် တကယ်လုပ်ချင်သူတွေသာ တက်ကြတာပါ။ အများစုက လုပ်ငန်းခွင်ဝင်၊ အဆင့်ဆင့် လုပ်ငန်းခွင် သင်တန်းတက်၊ ကျွမ်းကျင်မှုအလိုက် ရာထူးတက်၊ အဆင့်မြင့် အရာရှိကြီးတွေ ဖြစ်သွားကြတာပါပဲ။

ကိုယ် ဖြစ်ချင်တာကို တကယ်သိပြီး၊ ဖြစ်နိုင်မယ့် နည်းလမ်းကို ရွေးချယ် လုပ်သွားရန်သာ ဖြစ်ပါတယ်။

***
(သမိုင်းနှင့် စကားပြောခြင်း စာအုပ်မှ ကောက်နုတ်ပါသည်)
ဖတ်နေရင်းနဲ့ အရမ်းကို ကြိုက်လာလို့ ဖတ်လို့ မပြီးခင် ရိုက်တင်လိုက်သည်။

6 comments:

  1. လူငယ်တွေကို လူတတ်ကြီးလုပ်ပြီး ဘာကို လုပ်စေချင်တယ်။ ဘာကို မလုပ်စေချင်ဘူး ပြောဖို့မလိုပါ။

    ReplyDelete
  2. ကျနော်လည်း ကြိုက်တယ်ဗျ။

    ကြုံလို့ပြောရရင် လူထုဒေါ်အမာရဲ့ အမေ့ရှေးစကား တချို့ကိုတော့ မကြိုက်ဘူးခင်ဗျ။

    ReplyDelete
  3. ဒီနေ့မှ လာဖတ်ရတယ်။ ကျေးဇူးပဲ ရီတာ။

    ReplyDelete
  4. ဖြေ။ အတိုက်အခံရှိရင် ပျော်တယ်။ ကိုယ့်ထက် တန်ခိုးအရှိန်အဝါ သြဇာအာဏာရှိသူတွေနဲ့ ရင်ဆိုင်ဖြေရှင်းရတာ ပိုကြိုက်တယ်။

    So nice.

    BINO

    ReplyDelete
  5. နိုင်ငံခြားမှာ အထက်တန်းအောင်တဲ့လူတိုင်း တက္ကသိုလ်ကို သွားကြတာ မဟုတ်ပါ။ အင်မတန် စာတော်သူတွေသာ တက္ကသိုလ်ဆက်တက်ကြတယ်။ လူနည်းစုပါ။ တကယ်တော် တကယ်တတ် တကယ်လုပ်ချင်သူတွေသာ တက်ကြတာပါ။ အများစုက လုပ်ငန်းခွင်ဝင်၊ အဆင့်ဆင့် လုပ်ငန်းခွင် သင်တန်းတက်၊ ကျွမ်းကျင်မှုအလိုက် ရာထူးတက်၊ အဆင့်မြင့် အရာရှိကြီးတွေ ဖြစ်သွားကြတာပါပဲ။

    That's true.

    BINO

    ReplyDelete
  6. မရေ...နှစ်သက်လို့ ကော်ပီကူးသွားတယ်နော်..ကျေးဇူးပါ..

    ReplyDelete