Saturday, July 3, 2010

သေကြောင်းကြံသူများ

ဒီရက်ပိုင်း မအားတဲ့ကြားက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့လူတွေအကြောင်း တွေးနေမိတယ်။
လေးလေးပင်ပင် ထိုင်းထိုင်းမှိုင်းမှိုင်းတွေ မဖြစ်ချင်ရင်တော့ ဆက်မဖတ်ပါနဲ့။ ခေါင်းစဉ်ကို တိုက်ရိုက် မသုံးဘဲ၊ သွယ်ဝိုက်တဲ့ စကားလုံး ရှာဦးမလို့ပါပဲ။ ဒါပေမဲ့ ဒီလို အကြောင်းအရာမျိုးကို မဖတ်ဘဲနေချင်သူတွေ ရှောင်နိုင်အောင် post မှာ ဘာပါမလဲ ဆိုတာကို သိသာစေတဲ့ ခေါင်းစဉ်မျိုးပဲ ရွေးလိုက်ပါတယ်။

Winter Sonata
က ဒုတိယမင်းသား လောလောလတ်လတ် ဒီနည်းလမ်းကို သုံးသွားတဲ့ သတင်းကြောင့် စတွေးမိတာပါ။ အဲဒီကားနဲ့ အဲဒီမင်းသားကို သေချာသိထားခဲ့တော့ ပိုလို့ ခေါင်းထဲရောက်လာတယ်။ သူ့ပရိသတ်တော့လည်း မဟုတ်ပါဘူး။ ထားပါတော့။

ဒီကိစ္စနဲ့ ပတ်သတ်လို့ မှတ်မှတ်ထင်ထင် အတွေးထဲရောက်လာတာ ('92) ၆ တန်းလောက်ကပါ။ မြားနတ်မောင်မဂ္ဂဇင်းမှာပါတဲ့ လွန်းထားထား ရဲ့ ဝတ္ထုတို တစ်ပုဒ်က။ (အဲဒီတုန်းက သူ့ဝတ္ထုတွေ သိပ်လည်း မပြင်းထန်သေးဘူး) မဂ္ဂဇင်း အထူးထုတ်ထဲမှာ ပါခဲ့တာဖြစ်လို့၊ ဆိုခဲ့တဲ့ ဝတ္ထုတိုမှာ ဝတ္ထုနဲ့ ပတ်သတ်တဲ့ စာရေးသူရဲ့ အမြင်ကို ရေးထားတာပါ ပါတယ်။

သူက ဒီလို လူမျိုးတွေ နဲ့ အဲဒီလူတွေ ဒီလမ်းကြောင်းကို ဘာကြောင့် ရွေးချယ်ကြတာလဲ၊ ဒီလိုလုပ်ခါနီးအချိန်မှာ သူတို့စိတ်အခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း စိတ်ဝင်စားတဲ့အပြင် သူနဲ့ နီးစပ်တဲ့ အသိမိတ်ဆွေအစ်မတစ်ယောက် ဒီလို ဖြစ်သွားတော့ အတော်စိတ်မကောင်းဖြစ်ပြီး အဲဒီဝတ္ထုတိုကို ရေးဖြစ်တယ်လို့ ဆိုတယ်။ အဲဒီအဖြစ်မျိုးကို သူ့မိတ်ဆွေအပေါ်မှာ မဖြစ်စေချင်လို့ ဇာတ်သိမ်းကိုတော့ တမျိုး လှည့်ထားပါတယ် ဆိုတယ်။ (သူ့ဝတ္ထုထဲက ဇာတ်ကောင်က အဲဒီအဖြစ် မရောက်ခင်မှာ လှည့်ထွက်လာနိုင်ခဲ့တဲ့ပုံ ရေးထားပါတယ်)

ဝတ္ထုတိုမှာ ပြောသွားတာလား၊ သူ့အမှာစာမှာ ပြောသွားတာလား မမှတ်မိပေမယ့် စိတ်ထဲမှာ ကျန်နေခဲ့တဲ့ အကြောင်းတစ်ခုတော့ရှိတယ်။ အဲဒါ "သူတို့တွေဟာ ကျန်ရစ်သူတွေကို (အထူးသဖြင့်ကတော့ သူတို့ကို ဒီလို အဖြစ်မျိုး ရွေးချယ်ဖို့ အကြောင်းဖန်လာစေသူကို ဖြစ်မှာပေါ့) သူတို့အဖြစ်အတွက် နောင်တရပြီး ကျန်ခဲ့စေချင်တဲ့ ဆန္ဒမျိုးရှိကြတယ်" ဆိုတာပါ။

***
နောက်တခေါက်ကတော့ ၁၀ တန်းအောင်ပြီးမှာ ဖတ်ရတဲ့ ကြည်အေး ရဲ့ "နွမ်းလျအိမ်ပြန်" မှာ။ ကိုယ့်ကိုယ်ကိုယ် ရေထဲဆင်း သေဖို့လို့ မြရာကုန်းချောင်းနား သွားသွားကြည့်နေပြီးမှ မအောင်မြင်ဘဲ ပြန်ပြန်လှည့်လာခဲ့တဲ့ တင်မေ။ အဲဒီထဲက အတွေးအရေးကလေး တစ်ခုတော့ စွဲနေတုန်းပဲ။ လူဟာ မသေခင်ခဏမှာတော့ ဘဝကို တွယ်တာတဲ့ ဇောနဲ့ ကြောက်လန့်ရုန်းကန်မိမှာပဲ... အဲဒီတခဏကို မာနနဲ့ ယှဉ်တွေးပြီး ရှက်နေမိလို့ ချောင်းထဲဆင်းဖို့ တွန့်ဆုတ်ခဲ့ရတယ် ဆိုတာ...

"တင်မေ ရေထဲ ကျသွားလျှင် ခုလိုပင် အသံမြည်၊ ရေပန်းစင်၊ ဂယက်ထ၊ မြုပ်ချီပေါ်ချီဖြစ်ကာ... နောက်ဆုံး နစ်ပြီး၍ သုံးလေးရက်ကြာသော်... ခုန ဇလပ်သီးလိုပင် ရေပေါ် ပေါလောပေါလော မျောလိုရာကို မျောရပေမည်။ တစ်ခုပဲ ကွာမည်။ မိမိက သက်ရှိသတ္တဝါဖြစ်၍ သေခြင်းနှင့် ရှင်ခြင်းကြားထဲက အလွန်တရာ သေးငယ်လှသည့် အချိန်ကလေးမှာ နောင်တတရား ဖြစ်ပေါ်ပြီး ကြောက်ရွံ့ရုန်းကန်မှု ရှိချင်ရှိလာမည်။ သည်တစ်ချိန်ကလေးကို မုန်းကာ သတ်သေဖို့ရာကို တင်မေ မာနကြီးခဲ့ခြင်း ဖြစ်လေသည်"

လူတစ်ယောက်ရဲ့ အဇ္ဈတ္တကို ပြဆိုတဲ့ အဲဒီ အတွေး နဲ့ အရေးဟာ ဘယ်လောက်များ အနုစိတ်လိုက်ပါလိမ့်။

***
နောက်တခေါက်ကတော့ တကယ့် အဖြစ်အပျက်ပါပဲ။

သူ့ကိုစသိတော့ ကိုယ်ကျောင်းမပြီးခင် တစ်နှစ်/ နှစ်နှစ်လောက်က ထင်ပါတယ်။ အတိအကျ မမှတ်မိတော့ဘူး။ ကိုယ့်အဒေါ်နဲ့ ဝန်ကြီးဌာနတူ။ သူက နယ်မှာ တာဝန်ကျရာကနေ၊ အခန်းချင်းကပ်ရပ်က ကိုယ်တို့ရဲ့ အသိတစ်ယောက်နဲ့ အတူတူ နိုင်ငံခြား သင်တန်းတစ်ခုသွားကြဖို့ ဖြစ်လာတော့ အိမ်မှာဝင်ထွက်ရင်း သိကြတာ။

သူ့အမျိုးသားနဲ့ သူနဲ့လည်း တကျောင်းတည်းထွက်၊ အမျိုးသားက တခြားဘက်က ရာထူးကြီးကြီးနဲ့။ ကလေး ၃ ယောက်လည်း ရှိတယ်။ သူ့အမျိုးသားက ကိုယ်တို့ နယ်ဘက်မှာ ငယ်ငယ်က နေခဲ့ဖူးတယ်ဆိုတယ်။ ကိုယ့် အဒေါ်ထက် ဂျူနီယာကျပေမယ့် အဒေါ်ကိုလည်း သိတယ် ဆိုတယ်။ ဒီလိုပဲ သူတို့ မသွားခင် ပြင်ကြ ဆင်ကြတာတွေနဲ့ အိမ်ကိုလည်း ဝင်ထွက် ဆွေမျိုးစပ် နေကြတာဆိုတော့ မှတ်မှတ်ထင်ထင်ပဲ။

နောက် ကိုယ် နောက်ဆုံးနှစ်မှာလား၊ ကျောင်းပြီးကာစလား မသိ။ သူ suicide လုပ်တဲ့ သတင်းကို ကြားရတယ်။ ဒီလိုကိစ္စနဲ့ ပတ်သတ်လို့ ပထမဆုံး နီးနီးစပ်စပ် ပတ်သတ် မြင်တွေ့ခဲ့ရတဲ့ထဲကဆိုတော့ ကြားကာစမှာ ရှော့ခ်တောင်ရချင်တယ်။ အကြောင်းရင်းကို သိတော့ ပိုဆိုးရောပဲ။ စက်ရုံမှာ သူတာဝန်ယူရတဲ့ အပိုင်းက စက်အသစ်တစ်ခု ပျက်စီးတာနဲ့ ဆိုင်တယ် ဆိုတယ်။

ကာယကံရှင်က လူကြီးတစ်ယောက်ဖြစ်တော့ ကျန်တဲ့ သတင်းတွေကို လူကြီးတွေဆီကပဲ တဆင့် သိခဲ့ရတယ်။ သိရသမျှမှာတော့ ပြဿနာကို ဒီလိုနည်းနဲ့ ဖြေရှင်းရလောက်တယ်လို့ ခုထိ မထင်မိဘူး။ ပြီးတော့ ကမ်မီကယ်နဲ့ ပြီးထားတဲ့သူ တစ်ယောက်၊ သုံးသွားတဲ့ ပစ္စည်းက ဆာလဖျူရစ်အက်ဆစ်။ ကလေးတွေ စာမေးပွဲ နီးချိန်မှာ။

ဘဝမှာ အတော် တုန်လှုပ်ခဲ့ရတဲ့ သတင်းပဲ။
ဗမာပြည်ရဲ့ အကောင်းဆုံးကျောင်းက ထွက်တဲ့သူတစ်ယောက်။ ဘာမဟုတ်တာလေးနဲ့။
စိတ်ရှိတိုင်းသာ ပြောရရင်တော့ တနွယ်ငင်တစင်ပါ ဖြစ်ကုန်တော့မှာပဲ။ (ကိုပေါ ပို့စ်တစ်ခုက comment တစ်ခုမှာ အဲဒီအကြောင်း စာဖတ်သူတစ်ယောက်က ပို့စ်နဲ့ ဆက်စပ်လို့ လာရေးသွားတာ ဖတ်ခဲ့ရဖူးတယ်)

အဲဒီလိုတွေ ကြားတိုင်းမှာ စိတ်မသက်မသာနဲ့ ကိုယ် အမြဲ စဉ်းစားမိတာ တစ်ခုရှိတယ်။
သူတို့ ဘာကြောင့် သက်တောင့် သက်သာနည်းကို မသုံးကြတာလဲ ဆိုတာ...
အဲဒီအခါ လွန်းထားထားရဲ့ ပြောသွားခဲ့တဲ့ msg က ဝင်လာတယ်။
"သူတို့က ကျန်ရစ်သူတွေကို သူတို့အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ..."
တဲ့။
သက်သက်သာသာ ဖြစ်သွားပါတယ်လေ လို့တောင် ဖြေမတွေးစေချင်လောက်အောင် နောင်တရစေချင်ခဲ့တာများလား။

မဗေဒါ Park Yong Ha အကြောင်းရေးတော့ သူ့ဘလော့မှာ အထက်က လွန်းထားထားရဲ့ အဆိုကို မှတ်ချက်သွားရေးခဲ့သေးတယ်။ မဗေဒါ ပြန်ပြောတဲ့ အချက်မှာ "သူတို့အနေနဲ့ ကျန်ရစ်ခဲ့သူတွေရဲ့ စိတ်ကို ဆုံးဖြတ်လို့ မရနိုင်ဘူး" ဆိုတာရယ်၊ "သူတို့ သေချင်လောက်အောင် စိတ်ဓါတ်ကျနေချိန်မှာ ခံစားချက်မှန်သမျှကို ဖွင့်ဟပြောပြလို့ရနိုင်မယ့်သူ တစ်ယောက်ယောက် အနားမှာသာ ရှိနေခဲ့ရင် ဒီအဖြစ်မျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်" ဆိုတာရယ်ကို သဘောတူမိတယ်။

သွားနှင့်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တဲ့သူတွေရဲ့ "ကျန်ရစ်သူတွေကို သူတို့အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ..." ဆိုတဲ့ စိတ်အနေအထားကိုလည်း ဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ ဒါပေမဲ့ ဘယ်လောက် အဓိပ္ပါယ်မဲ့တဲ့ အတွေးပါလိမ့်။

***
မနှစ်ဆီက ကြည့်ဖြစ်တဲ့ Taxi Driver ကားကိုလည်း သတိရတယ်။
အဲဒီထဲက Robert Deniro ရဲ့ အပြုံးကို တော်တော်နဲ့ မျက်လုံးထဲက မထွက်ဘူး။ ပတ်ဝန်းကျင်နဲ့ တသီးတခြားဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ယူဆမှတ်ထင်နေတဲ့ လူတစ်ယောက်ရဲ့ ပြိုကွဲနေတဲ့ အပြုံးမျိုးကို သူ ဘယ်လိုများ ပြုံးတတ်ပါလိမ့်လို့ တွေးရင်း သူတို့ သရုပ်ဆောင်တဲ့ အတတ်ပညာကိုလည်း တုန်လှုပ်ချီးမွမ်းမိပါတယ်။ အဲဒီကားက ကိုယ်ကြိုက်လေ့ရှိတဲ့ ရုပ်ရှင်အမျိုးအစားလည်း မဟုတ်ပါဘူး။ ကြည့်ပြီး မကြိုက်ပေမယ့် မမေ့နိုင်ဘဲ သတိရနေတတ်တဲ့ အမျိုးအစားပါပဲ။

ကိုယ့်ဘာသာ လုပ်ကြံတယ် ဆိုတာ သေချင်လို့ ဆိုတာထက်
* သူတို့ ရှင်သန်ခဲ့တယ် ဆိုတဲ့အကြောင်း ပတ်ဝန်းကျင်ကို prove လုပ်ချင်တာ၊
* အသက်ရှင်စဉ်တုန်းက သူတို့ကို မေ့ထားတယ်လို့ သူတို့ထင်မြင်တဲ့ ပတ်ဝန်းကျင် (ဒါမှမဟုတ်) သူတို့ကို နာကျင်စေခဲ့တဲ့ ပတ်ဝန်းကျင်ကို သူတို့ ရှင်သန်ခဲ့တဲ့အကြောင်း ဂရုပြုမိစေချင်တာ၊
* တနည်းအားဖြင့် ရှင်စဉ်က ဂရုမစိုက်ခဲ့မိလေခြင်း၊ မှားလေခြင်းလို့ နောင်တပူပန်လို့ ကျန်နေခဲ့စေချင်တယ် ဆိုတာဟာ ကျန်ရစ်သူတွေအတွက် ဘယ်လောက် အဓိပ္ပါယ်မဲ့တဲ့ အတွေးဖြစ်ဖြစ် သူတို့ကတော့ အဲဒီလို တွေးသွားခဲ့မှာပဲလို့ လက်ခံမိတယ်။


***
အဖန်ငါးရာ ငါးကမ္ဘာ ဆိုတဲ့ ကိစ္စကိုတော့ ကိုယ့်အနေနဲ့ ယုံတယ်လည်း မဟုတ်၊ မယုံဘူးလည်း မဟုတ်တော့ ပြောစရာ မရှိလှပါဘူး။

ဒါပေမဲ့ လူရယ်လို့ ဖြစ်လာပြီဆိုရင် ဘယ်အရာမဆို ကောင်းဆိုး၊ နိမ့်မြင့်၊ တက်ကျ ဆန့်ကျင်ဘက်တွေကို ရောမွှေလို့ ရင်ဆိုင်ရတာပဲ ယူဆမိတော့... ငြင်းပယ်သူ ရှိရင် လက်ခံသူ ရှိမယ်။ မေ့လျော့သူရှိရင် သတိရအောက်မေ့သူ ရှိမယ်။ မုန်းသူ ရှိရင် ချစ်သူ ရှိမှာပဲ။

ဆိုတော့... သွားနှင့်သူတွေအနေနဲ့ ခံစားစေချင်သူတွေကို သူတို့ ခံစားစေချင်တဲ့အတိုင်း လုပ်သွားနိုင်တယ်ပဲ ထားပါတော့... တဖက်မှာ သူတို့ မခံစားစေချင်တဲ့သူတွေမှာလည်း သူတို့ မခံစားစေချင်တဲ့ပုံစံနဲ့ ခံစားနေရလိမ့်ဦးမယ် ဆိုတာကို မမေ့သင့်ဘူး။ ဥပမာ - ရန်သူတွေကို နာကျင်စေနိုင်ခဲ့တယ် ဆိုရင် မိတ်ဆွေတွေမှာလည်း ပူဆွေးနေရဦးမယ်။ ကိုယ်ချစ်ခင်ရသူတွေကို နောင်တရစေချင်တာဆိုရင်လည်း မုန်းတီးရသူတွေက ဝမ်းသာကြလိမ့်ဦးမယ်။

လဲဖို့ရာ မတန်ပါဘူး။

***
ဆက်မရေးချင်တော့ဘူး။

"(ယုံကြည်ရတဲ့ သူငယ်ချင်းက စိတ်ကျရောဂါကို ထိထိရောက်ရောက် ပျောက်စေနိုင်တယ် ထင်တာပဲ)

ဟုတ်တယ်။
အဲဒါကို ကိုယ်လည်း ယုံကြည်တယ်။
သူတို့ အဲလို ဖြစ်ခါနီးမှာ နွေးထွေးမှု တခုခု ယုံကြည်မှီခိုရာ တခုခုကို ရလိုက်ရင် သူတို့ အဲဒီလမ်းကြောင်းကနေ လွဲသွားမယ် လို့ ယူဆမိတယ်။"

(အဲဒါ မဗေဒါဆီမှာ ရေးဖြစ်ခဲ့တဲ့ comment ပါ)

***

33 comments:

  1. ကိုယ့်ကိုယ်ကို သေကြောင်းကြံတယ်ဆိုတာ ဘ၀ကို အရှုံးပေးသွားတယ်လို. ထင်မိပါတယ်

    တကယ်ဆို ဘ၀ဆိုတာ တိုက်ပွဲတစ်ခုပါပဲ

    လူတွေတောင်ပြောကြသေးတယ်

    ဘ၀ဆိုတာ တိုက်ပွဲ ၊ ခယ်မဆိုတာ လိုက်ပွဲတဲ့

    အကယ်၍ ကျွန်တော်သာ ကုလို.မရနိုင်တဲ့ ကင်ဆာရောဂါဖြစ်ခဲ့ရင်တော့ ကိုယ့်ကိုကိုယ် သတ်မသေပါဘူး

    အကြောင်းနှစ်ချက်ကြောင့်ပါ .....

    ပထမက တရားကို တတ်နိုင် သလောက် မှတ်သွားမယ် နောက်ဆုံးအချိန်မှာလည်း တရားထူးတစ်ခုရသွားနိုင်ပါတယ်၊

    နောက်တစ်ချက်က suicide လုပ်ရင် insurance ကို ကျန်ရစ်တဲ့ မိသားစုက claim လုပ်လို.မရပါဘူး

    ဒါကြောင့် ကျွန်တော့်မိန်းမ ကို ကျွန်တော် ပြောလေ့ပြောထရှိတဲ့ စကားကတော့ ငါအသက်ရှင်တုန်းမှာ မင်းကို HDB အိမ်ကျဉ်းလေးမှာပဲထားနိုင်တယ် ၊ ငါသေသွားလို.ရှိရင် ငါ့ရဲ့ အလုပ် နဲ. ကိုယ်ပိုင်ထားတဲ့ insurance က မင်းတစ်ယောက် ကွန်ဒို တောင်ဝယ်နိုင်ပါတယ် ၊ အမယ် မပြောကောင်းမဆိုကောင်း silk air နဲ.ခရီးအသွားမှာပျက်ကျခဲ့ရင် ကားတောင်ဝယ်စီးနိုင်သေး (MAI စီးလို. တစ်ခုခုဖြစ်ခဲ့လို. ဗမာဆိုပြီး ကျပ်နဲ.ရှင်းရင်တော့ မတတ်နိုင်ဖူးပေါ့ )

    ကိုယ်သေသွားပြီးမှ ကိုယ့်မိန်းမ နောက်ယောင်္ကျားယူခဲ့ရင်လည်း မတတ်နိုင်ဖူးပေါ့ ၊ ကိုယ်မှမသိတော့တာ


    မရီတာကြီး တစ်ယောက် ကျန်းမာ ရွှင်လန်းပါစေ ၊

    ReplyDelete
  2. အရေးထဲဗျာ
    စီးပွားတွက် တွက်ပြီး suicide မလုပ်ပါဘူး လာပြောတဲ့သူက ရှိသေး။

    :)

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete
  4. ကိုယ့်ကိုယ်ကိုယ် လုပ်ကြံတဲ့ သူတွေနဲ့ ပတ်သတ်ရင် သဘောထားအမြင် နှစ်မျိုး ရှိလိမ့်မယ်။

    တစ်မျိုးက ဘေးလူက သူတို့ကို မြင်တဲ့ အမြင်။ ဘဝကို အရှုံးပေးသွားတယ်။

    နောက်တစ်ခုက ကာယကံရှင် ကိုယ်တိုင်ရဲ့ သဘောထား။ ဘဝကို သူတို့သဘောကျ (အနိုင်နဲ့) ပိုင်းဖြတ်ချလိုက်တယ်။ အဲဒါက ကာယကံရှင်ကိုယ်တိုင်ရဲ့ သိသိသာသာ မဟုတ်ရင်တောင် မသိစိတ်ထဲမှာ ရှိနေနိုင်တဲ့ သဘောထား။

    ReplyDelete
  5. ထွက်ပေါက်မရှိတဲ့ အခြေအနေတခုခုကနေ ရုန်းမတွက်နိုင်တော့တဲ့ အခြေအနေမျိုးမှာ လွတ်ထွက်နိုင်မဲ့ လမ်းတခုကို ရွေးလိုက်ကြတာနေမှာပါ.
    အခြေအနေမဆိုးခင် ( လုပ်ဖို့ အကြံဝင်လာတာနဲ့ ) သိနားလည်တဲ့ ဆရာဝန် (သို့ ) Therapist ဆီေ၇ာက်ဖို့ အရေးကြီးပါတယ်။

    ReplyDelete
  6. ရီတာရေ
    စိတ်ဝင်စားစရာကောင်းတယ်
    သုံးသပ်ထားတာစုံတော့ဘာပြောရမှန်းတောင်မသိတော့ဘူး...

    ReplyDelete
  7. ဟိုတလောက ဒီနိုင်ငံ မှာ right to die ဆိုတဲ့ forum လုပ်မလို. ရဲက ခွင့်မပြုဖူးလို. ကြားမိလိုက်တယ် ၊ တကယ်တော့ လူတစ်ယောက်စီရဲ့ ကိုယ်ပိုင် အခွင့်အရေး/ဆုံးဖြတ်ချက်လိုပဲ ထင်မိပါတယ်

    lethal injection ထိုးပြီး အဆုံးစီရင်တဲ့ Euthanasia ကလည်း suicide တစ်မျိးပဲလား?

    မရီတာ ဘယ်လိုထင်ပါသလဲ ?

    လူတွေရဲ့ အတွေးအခေါ်တွေကလည်း ကြောက်စရာကောင်းလောက်အောင် ပြောင်းလဲလာပါတယ်

    ကျွန်တော် အောက်မှာ internet မှ copy & paste လုပ်ထားပါတယ် ၊

    Euthanasia: The intentional killing by act or omission of a dependent human being for his or her alleged benefit. (If death is not intended, it is not an act of euthanasia)

    Arguments For Euthanasia:

    * It provides a way to relieve extreme pain
    * It provides a way of relief when a person's quality of life is low
    * Frees up medical funds to help other people
    * It is another case of freedom of choice

    Arguments Against Euthanasia:

    * Euthanasia devalues human life
    * Euthanasia can become a means of health care cost containment
    * Physicians and other medical care people should not be involved in directly causing death
    * There is a "slippery slope" effect that has occurred where euthanasia has been first been legalized for only
    the terminally ill and later laws are changed to allow it for other people or to be done non-voluntarily.

    ReplyDelete
  8. မရီတာ ရေ

    ဘာပြောရမှန်းတောင် မသိဘူး ဟိုးအပေါ်က စီးပွားတွက် တွက်နေတဲ့ ဆရာသမား နဲ့ မရီတာ ရေးတာ ဘဲ ရီချင်တယ်

    ရွှေစင်ဦး

    ReplyDelete
  9. တဦးချင်းစီရဲ့ ဆုံးဖြတ်နိုင်တဲ့ ကိုယ်ပိုင်အခွင့်အရေးဆိုတာကိုတော့ စောဒက တက်စရာ မရှိပါဘူး။

    ကျွန်မရဲ့ သဘောသဘာဝကိုက ဆွဲဆောင်သိမ်းသွင်း ဝါဒဖြန့်လိုစိတ် မရှိဘူးလို့ ကိုယ့်ဘာသာ ယူဆမိပါတယ်။

    နောက်တခုက သတ်သေချင်တဲ့လူကလည်း အဲဒီအကြောင်းတော့ တိုက်ရိုက်ကြီး ဘယ်သူ့မှ ဖွင့်ပြောတိုင်ပင်မယ် မထင်ဘူး။ (ဖွင့်ပြောရင်တော့လည်း ဘယ်သူမှ မြှောက်ပင့်အားပေးမယ်မထင်မိဘူး။ မင်းဖြစ်ရင် မင်းခံရမှာ မင်းသဘောပဲလို့တောင် ဘယ်သူမှ ပြောမှာ မဟုတ်ဘူး။ ဘယ်သူမဆို နှစ်သိမ့်တားမြစ်မိမှာပဲ။ ဒါကတော့ တကဏ္ဍပေါ့)

    ကျွန်မ သုတေသနလည်း မလုပ်ဖူး၊ ဆေးပညာ၊ စိတ်ပညာ၊ ဥပဒေကြောင်းလည်း ကျွမ်းကျင်သူမဟုတ်တော့ လူ့သဘောသဘာဝကို စိတ်ဝင်စားစူးစမ်းချင်သူတစ်ယောက်အနေနဲ့ပဲပြောနိုင်ပါလိမ့်မယ်။

    သတ်သေချင်တဲ့လူတွေအနေနဲ့ သူတို့ ကြံစည်ခါနီးမှာ တယောက်ယောက်ကို ဖွင့်ဟကြတယ်လို့တော့မထင်မိဘူး။ ဖွင့်ပြောတယ်ဆိုရင်လည်း သေချာတယ် တကယ်လုပ်ဖို့ ဆန္ဒမရှိလို့ တားမြစ်နှစ်သိမ့်မယ့်သူကို ရှာတာနေမှာပဲ။ တကယ်လုပ်မယ့်သူကတော့ တားမှာစိုးလို့ကို မသိအောင် ပိပိရိရိ လုပ်ဖို့များတယ်လို့ ထင်တယ်လေ။ ဒီတော့ ပြောရကြေးဆိုရင် ကိုယ်က စွက်ဖက်ချင်တာတောင်မှ စွက်ဖက်ခွင့် မရနိုင်လောက်တဲ့ သူတို့ရဲ့ အခွင့်အရေးသက်သက် ဖြစ်နေတော့တာပါပဲ။

    Euthanasia (mercy killing) နဲ့ ပတ်သတ်လို့ မြန်မာပြည်မှာ တက်ဖူးတဲ့ အင်္ဂလိပ်စာသင်တန်းတစ်ခုမှာ ဆွေးနွေးခဲ့ရဖူးတယ်။ ဘာတွေပြောခဲ့မိမှန်း အသေးစိတ်ကိုတော့ မမှတ်မိတော့ဘူး။

    ကာယကံရှင်ရဲ့ ရွေးချယ်မှုနဲ့ ကာယကံရှင်က မရွေးချယ်နိုင်တဲ့ အနေအထားဆိုရင် ကာယကံရှင် မိသားစုရဲ့ ရွေးချယ်မှုအတိုင်းပါပဲ။

    ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဒါကို ကုပေးတဲ့ ဆရာဝန်က လုပ်ရမယ်ဆိုရင် အဲဒီဆရာဝန်တော့ ကိုယ်မဖြစ်ချင်ဘူး။ အဲဒီဆေးကို သူတို့လက်ထဲ ထည့်ပေးရမယ့်သူတောင်မှ မဖြစ်ချင်ဘူး။ ဒါက ဘာသာရေးနဲ့ပတ်သတ်တဲ့ အစွဲအလမ်းကြောင့်လည်း ပါတာပေါ့။

    ReplyDelete
  10. ကိုယ့်ကိုကိုယ်သေကြောင်းကြံရဲတာကိုပဲ အံ့သြစရာပေါ့နော်..။
    အလည်ရောက်ပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။

    ReplyDelete
  11. စက်ရုံက ပစ္စည်းအသစ်ပျက်လို့ ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားတဲ့လူနဲ့ ပတ်သက်တဲ့ ကွန်မင့်ကို ကျနော်လည်း သတိရမိပါတယ်။

    ဒါထက် ကျနော်လည်း အဲဒီ တက္ကစီဒရိုင်ဘာကားကို ကြည့်တဲ့အခါတိုင်း ရောဘတ်ဒီနဲရိုး ရဲ့ အပြုံးမျက်နှာကြီးကို ကျောချမ်းလွန်လွန်းလို့ဗျ။

    ရီတာ သုံးသပ်ထားတာလေးကို သဘောတူနှစ်ခြိုက်မိသလို အောက်မှာ ကွန်မင့်ပေးထားတဲ့ ကိုကိုစန်းရဲ့ အမွေစားအမွေခံလေးလည်း ဖြစ်ချင်စိတ်ပေါ်မိပါတယ်။ ကျနော့်နံမည်နဲ့သာ ကိုကိုစန်း အာမခံထားရင်တော့ သူ့ကို ဘတ်ဂျက်အဲယားလိုင်း လက်မှတ်ဝယ်ပေးပြီး အပန်းဖြေ ခရီးတွေ မကြာမကြာ လွှတ်ဖြစ်မလားမသိဘူး။

    ReplyDelete
  12. ငယ်ငယ်တုန်းက လမ်းထဲကအစ်မတစ်ယောက် (သူဆယ်တန်းဖြေထားတုန်း) ငမိုးရိပ်တံတားပေါ်ကနေခုန်ချသွားတာ ကြားရတော့ တော်တော်အံ့သြမိတယ်။ ဘာအကြောင်းကသူ့ကို အဲလိုဖြစ်အောင်တွန်းပို့တာလဲလို့ ကလေးအတွေးနဲ့ တွေးမိသေးတယ်။ ကိုယ်တော့ အဖန်ငါးရာငါးကမ္ဘာကို ကြောက်တာနဲ့ပဲ လုပ်ဖြစ်မှာ မဟုတ်ဘူး။ (တကယ်တော့ ဘုရားဟောကျမ်းဂန်မှာ မပါဘူးလို့ သိရပါတယ်)
    သေချာတာက အဲလိုသေသွားသူများက အကုသိုလ်စိတ်နဲ့ဆုံးပါတာဖြစ်လို့ ဘ၀ကူးမကောင်းနိုင်ဘူးပေါ့။ နောက်အမှတ်ရနေတဲ့ဇာတ်လမ်းတစ်ပုဒ်က ဂျူးရဲ့ “ကံကြမ္မာကို မယုံကြည်ကြသူများ” ထဲမှာ ဇာတ်ကောင်တစ်ယောက်ရဲ့အမေ ဆွဲကြိုးချသွားတာ။
    အဲလိုမျိုးသတင်းကြားကြားချင်းဆို အံ့သြတုန်လှုပ်မိတယ်။ ပြီးရင် ဘာကြောင့်များပါလိမ့်ဆိုတာ ဆက်တွေးမိတယ်။
    ဗုဒ္ဓဘာသာအရဆိုရင် အတိတ်ဘ၀မှာ ပါဏာတိပါတာကံ ကျူးလွန်ဖူးသူတွေဟာ ယခု(အကျိုးပေးမယ့်) ဘ၀မှာ သူတစ်ပါးကဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ သတ်ပြီး သေရတဲ့ ကံပါလာသူများလို့ ဆိုနိုင်ပါတယ်။ ဆေးပညာရှုထောင့်နဲ့တော့ အမြင်နဲနဲများ ကွာနေမလား မသိဘူး။ ဆေးပညာအနေနဲ့ကျတော့ စိတ်ကြောင့်လို့ပဲ ယူဆကြမှာပေါ့နော်။

    ReplyDelete
  13. အင်း ဘယ်လို ပြောရမလဲနော်။ မြန်မာလို တစ်မျိုးတည်း သီးသန့် တတ်တာဆိုတော့ မြန်မာလိုပဲ ပြောတော့မယ်
    suicide လုပ်လုပ် မလုပ်လုပ် လူက သေမျိုးချည်းပဲလေ သေချာကြည့်ရင် နေ့တိုင်းသေနေတာပလြေ။ အဲဒီတော့ မသေခင် တန်ဖိုးရှိတဲ့ ဘ၀ကို အကောင်းဆုံးဖြတ်သန်းသင့်တယ်လေ။ ဒါပေမယ့် သတ်သေနိုင်လောက်တဲ့ အကြောင်ခိုင်လုံရင် သေပါစေဗျာ။ အားလျော့တယ်ပြောပြော ညံ့ဖျင်းတယ် ပြောပြော လောကကောင်းကျိုး မလုပ်နိုင်ပဲ အများကို ထိခိုက်တဲ့ အမှားတွေ ချည်းပဲ လုပ်နေရင်တော့ သေလိုက်တာ ကောင်းပါတယ်။ ဒါမှ အများပြည်သူ ကိုယ့်ကြောင့် ဒုက္ခမရောက်ရမှာလေ။ ကျွန်တော် ဆို ရင်တော့ ကိုယ့်တစ်ယောက်ထည်းအတွက် ထိခိုက်မှာ ဆိုရင် ပြန်ကြိုးစားမယ် သတ်မသေးပါဘူးဗျာ။ အဲ တစ်ခုတော့ရှိတယ် အဲလိုမှ မဟုတ်ရင်တော့ လား ဟင်း ဟင်း

    အားလုံးကို လေးစားခင်မင်လျက်

    ReplyDelete
  14. ကိုယ်ကြားသိခဲ့ဘူးတဲ့ သေကြောင်းကြံသူတွေကတော့
    တဖက်သားကို နောင်တရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့ကြတာမဟုတ်ဘူး။
    တချို့က ရွာမှာ စော်ကားခံရလို့ ဗိုက်နဲ့ကျန်ခဲ့တာ မိဘဆွေမျိုးပတ်ဝန်းကျင်ကို အရှက်ရစေလို့ လုပ်ကြတာ
    တချို့ကလဲ သူတို့ရဲ့ အကျင့်စာရိတ္တကို စော်ကားခံရလို့ စိတ်ဆင်းရဲလို့ လုပ်ကြတာ
    တချို့ကလဲ အကြွေးမဆပ်နိုင်တော့လို့ လုပ်ကြတာ
    အမျိုးမျိုးပေါ့..

    ရီတာပြောသလိုလဲ တချှိုသူတွေက ကျန်ရစ်သူတွေ နောင်တရစေချင်လို့ လုပ်တာဆိုတာ ဖြစ်ကောင်းဖြစ်ပေမဲ့ ဒါကတော့ အနဲစုလုပ်ရပ်ဖြစ်ပါလိမ့်မယ်။

    ငယ်ငယ်က အဲလို သေကြောင်းကြံတဲ့ ဆေးစာအုပ်တွေကို စိတ်ဝင်တစားဖတ်ဖြစ်တယ်။ အများအားဖြင့်တော့ စိတ်ကျရောဂါရနေသူတွေမှာ အဖြစ်များတယ် တချို့ဆို ငယ်ငယ်ထဲကကို ခဏခဏသေကြောင်းကြံဖူးကြတာလဲ ကြားဖူးတယ်။ ကိုယ့်လက်ကိုယ်သွေးကြောကို ဓားနဲ့လှီးပီးတော့ပေါ့။ မအောင်မြင်တဲ့သူရှိသလို အောင်မြင်သူတွေရှိတယ်။ မအောင်မြင်သူတွေဟာ အထူးသတိထားစောင့်ကြပ်ပီး ဖျောင့်ဖျဖို့လိုအပ်တာတွေလဲ ဖတ်ဖူးခဲ့တယ်။

    ဒီတော့ ကိုယ့်ကိုကိုယ် သေကြောင်းကြံစည်မှုတိုင်းမှာ ကျန်ရစ်သူတွေအတွက် ထည့်သွင်းစဉ်းစားပီး သေကြောင်းကြံသူရှိသလို ဘာကိုမှမစဉ်းစားပဲ ကိုယ့်ဘာသာကိုယ် အကြောင်းမဲ့ (ခိုင်လုံမှုမရှိဘူးလို့ အများကမြင်ပေမဲ့ သူ့မှာကျတော့ ခိုင်လုံနေတာလဲဖြစ်ချင်ဖြစ်မှာပေါ့) သေကြောင်းကြံသူတွေရှိတာပါပဲ။

    နဂို စိတ်အခံအားနဲသူ စိတ်ကျလွယ်သူတွေဟာ ဘ၀ကိုလွယ်လွယ်နဲ့ အရှုံးပေးတတ်ကြတာ။ ဒါတွေကိုမိဘဆွေမျိုး သူငယ်ချင်းတွေက သိထားရင် သူ့စိတ်ဓာတ်တွေ အဆုံးထိမရောက်အောင်ဖျောင်းဖျ နွေးထွေးကြင်နာမှုတွေပေးဖို့လိုကြောင်း စာအုပ်အချို့မှာဖတ်ဖူးတယ်။

    ReplyDelete
  15. ညီမ မြတ်နိုး ပြောတာတွေကို ကြိုက်တယ်

    ReplyDelete
  16. မမြတ်နိုး ပြောတာတွေ လက်ခံပါတယ်။

    သိစိတ်၊ မသိစိတ် စတာတွေကလည်း ဆန်းကြယ်ရှုပ်ထွေးလွန်းလို့ ကာယကံရှင် ကိုယ်တိုင်တောင် ဘာမှန်း ညာမှန်း ဝေခွဲနိုင်မယ် မထင်ဘူး။

    ဒါပေမဲ့ တခုတော့ ရှိတယ်။ သေကြောင်းကြံစည်မှုတွေမှာ ကျန်ရစ်သူအတွက် ထည့်စဉ်းစားတယ်ဆိုတာကတော့ နည်းနည်း စဉ်းစားစရာကောင်းတယ် ထင်မိတယ်။

    ဥပမာ - လက်သည်မဖော်နိုင်ဘဲ ကိုယ်ဝန် ဆောင်ရတဲ့ ကိစ္စမျိုး။ ဒီကိစ္စမျိုး ဖြစ်လာတဲ့အခါ နှစ်ဦးသဘောတူ ကျူးလွန်ကြပါတယ် ဆိုရင်တောင်မှ မိန်းကလေးကို အပြစ်တင်ဖို့ ခက်ပါတယ်။ ထားပါတော့ ဒါက တကဏ္ဍ။

    တဘက်သတ် စော်ကားတာ ခံရတယ် ထားပါဦး။ ဒီလိုနဲ့ ကိုယ့်ကိုယ်ဝန်ကြောင့် မိဘမောင်ဖွား အရှက်ရမှာစိုးလို့ သတ်သေလိုက်ပါပြီတဲ့။ သူတို့အနေနဲ့ ဒါက အသိုင်းအဝိုင်းကို ထည့်စဉ်းစားတယ် ဆိုရင်တောင် အရာရောက်တယ်တော့ ပြောမရပြန်ဘူး။ သေသူကို ဝေဖန်ရတာ နဲနဲတော့ ကသိကအောက်ဖြစ်မိပါတယ်။ ဒါပေမဲ့လည်း ကျွန်မ အမြင်ကို ပြောချင်လို့ပါ။

    ကျွန်မခံစားမှုကို ပြောရရင် ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် လုပ်ကြံပြီး သေသွားတဲ့သူ တစ်ယောက်ရှိတာနဲ့၊ လက်သည်မဖော်နိုင်ဘဲ ကိုယ်ဝန်ဆောင်ရသူ တစ်ယောက်ရှိတာဟာ အရှက်ရစေပုံခြင်း၊ နာကျင်ခံစားရစေပုံခြင်း သိပ်မကွာဘူး။ ဒီနှစ်ခုသာ တပြိုင်တည်း တထပ်တည်း ဖြစ်လိုက်လို့ကတော့ ပြီးရောပဲ။ အဲဒီအချိန်မှာ ဖြစ်မယ့် ခံစားမှုကို စိတ်ကို ကူးကြည့်လို့မရတာ။ ဒါပေမဲ့ ဒီလို ကိုယ်ဝန်ကြောင့် သတ်သေကြတဲ့ မိန်းကလေးမျိုးအတွက် solution တစ်ခုခု ထုတ်ပေးပါဆိုရင်တော့လည်း မထုတ်ပေးနိုင်ပြန်ဘူး။

    သေချာတာကတော့ လက်သည်မဖော်နိုင်တဲ့ ကိုယ်ဝန်ကြောင့် (မြန်မာ အသိုင်းအဝိုင်းရဲ့ ထုံးစံတွေအရ) ကျန်တဲ့မိဘအသိုင်းအဝိုင်းကို ဂုဏ်သိက္ခာကျစေမှု၊ အရှက်ရစေမှုက သတ်သေလိုက်တာနဲ့တော့ ပျောက်မသွားဘူး ဆိုတာပဲ။ ပိုဆိုးဖို့ပဲ ရှိတယ်။ ဒီတော့ ဒီလို case မျိုးမှာ သတ်သေသူက ကျန်ရစ်သူ အတွက် စဉ်းစားပြီး လုပ်တယ် ဆိုတာ စဉ်းစားစရာတော့ ဖြစ်နေတယ်။

    ReplyDelete
  17. မရွှေစင်ဦး နဲ. ကိုပေါ ကွန်.မန်. ကိုဖတ်ပြီး ရယ်မိပါတယ်

    ကိုပေါရဲ့ မှတ်ချက်ကြောင့် ကျွန်တော် ကျောနည်းနည်း ချမ်းသွားပါကြောင်း ပြောလိုပါတယ်

    Euthanasia နဲ. ပတ်သက်လို. လူတစ်ယောက်က ဆရာတော်တစ်ပါး (ဘွဲ. မမှတ်တော့ပါ) ကို လျောက်ထားတာကို ကျွန်တော် သတိရသလောက် ရေးချင်ပါတယ်

    လူတစ်ယောက်ဟာ လုံးဝ ကုလို.မရနိုင်တဲ့ အခြေအနေ - ဥပမာ brain death ဖြစ်နေ လို. သူ.ကို ဆွေမျိုးများ က မကြည့်ရက်လို. ဆေးထိုးသတ်တာ အပြစ်ရှိ/မရှိ လျောက်ထားတာ ဆရာတော် က လုပ်ခိုင်းသူသာမက ဆရာဝန်ပါ အပြစ်ရှိကြောင်း ပြန်လည်ဖြေကြားပါတယ် အထူးသဖြင့် မိဘ တစ်ယောက်ယောက် က အဲဒီလို ဖြစ်နေရင် သား ၊ သမီး ဖြစ်သူက ဆုံးဖြတ်ချက်ပေးရင် မိဘကို သတ်တဲ့ ကံကြီး ထိုက်ကြောင်း ဆရာတော် က ဆက်လက်ပြောပြပါတယ် ၊ မိဘကို သနားပြီး ဝေဒနာ မခံစားစေချင်လိုသော်လည်း မိဘကို သေလိုသော ဆန္ဒ (နောက်ဆုံးဆေးထိုးတဲ့အချိန်မှာဖြစ်တဲ့ ဆန္ဒ/ကံ) က အပြစ်ကြီးစေပါတယ်

    ဆရာဝန် ကလည်း သားသမီးတွေရဲ့ အဆုံးအဖြတ် ကြောင့် လုပ်ရတာဖြစ်ပေမဲ့ နောက်ဆုံး lethal injection ထိုးသွင်းတဲ့ အချိန်မှာ သေစေလိုသော ဆန္ဒရှိလို. အပြစ် ဖြစ်ကြောင်း ဟောကြားတော်မူပါတယ်

    လူဆိုတာ ကိုယ့်ကိုကိုယ် အချစ်ဆုံးဖြစ်ပြီး suicide လုပ်သွားတယ် ဆိုတာကိုတော့ ကျွန်တော် တော်တော်အံ့ညြမိပါတယ် ၊ တစ်ချို.က လက်ရှိခံနေရတဲ့ ရောဂါ ၊ စီးပွားရေး ပြဿနာတွေ ပြီးသွားမယ် ဆိုပြီး suicide လုပ်ကြတာပါ ၊ ဒါပေမဲ့ ဗုဒ္ဓဘာသာအရ နိဗ္ဗိန် မရမချင်း ဘ၀အသစ်ဖြစ်ပြီး ကျင်လည်ရမယ် ဆိုတာ သဘောပေါက်ရင် အဲဒီလို သတ်သေတာမျိုးကို ရှောင်ရှားကြမယ်လို. ထင်ရပါတယ် ၊


    ကျန်းမာ ရွှင်လန်းကြပါစေ

    ReplyDelete
  18. နောက် ဘယ်သူမှ လာမပြောပေမယ့် ဒီ post ရေးဖြစ်စေခဲ့တဲ့ မင်းသား Park Yong Ha အကြောင်းလည်း တွေးရင်းတွေးရင်း ရေးချင်လာမိတယ်။ တကယ်တော့ အထက်မှာ ပြောခဲ့သလို သေဆုံးသွားတဲ့လူတစ်ယောက်၊ အထူးသဖြင့် ဒီလို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံပြီး သေသွားတဲ့လူတစ်ယောက်ကို နောက်ကနေ ဝေဖန်ရတာ စိတ်ထဲမှာ တမျိုးကြီးတော့ ဖြစ်မိတယ်။ မတရားသလိုလို ဘာလိုလိုပေါ့။ ထားပါတော့။

    သူ့အနေနဲ့ ဒီကိစ္စဖြစ်အောင် တွန်းပို့တဲ့အထဲမှာ ကိုယ်တော့ အဓိကကျတဲ့ ၂ ချက်ပဲ တွေ့တယ်။ (သတင်းအချက်အလက်ကတော့ မဗေဒါဆီမှာ ဖတ်ခဲ့ရတာပါ။) တစ်ခုက သူ့ဖခင် ကင်ဆာ နောက်ဆုံးအဆင့်နဲ့ နောက်ဆုံးအချိန်ရောက်နေတာ၊ နောက်တစ်ခုက သူလုပ်တဲ့ စီးပွားရေး ပျက်ပြီး ကြွေးတင်နေတာ။

    စဉ်းစားကြည့်လေ အဓိပ္ပါယ်မရှိလေပဲ။ ဘာလို့ဆို သူက နာမည်တက်နေဆဲ အချိန်။ ဒီအချိန်မှာ သူပါ နာမည်ကျနေတယ်၊ ကားတွေ သိပ်မရိုက်ရတော့ဘူး ဆိုရင်တောင်မှ နားလည်ပေးလို့ ရဦးမယ်။

    ခုတော့ နာမည်က ရှိနေတုန်း၊ ရိုက်ဖို့ကားတွေလည်း တန်းစီနေတုန်း၊ သူများလို သရုပ်ဆောင် အလုပ်တခုတည်းတောင်မှ မဟုတ်ဘဲ သီချင်းဆိုတာပါ အောင်မြင်နေတယ်ဆိုတယ်။ ဒီလိုအချိန်မှာ သူ့ကိုယ်သူ ခလုတ်မထိ ဆူးမငြိအောင်တောင် စောင့်ရှောက်လို့ နေရဦးမယ်။ မိသားစုမှာရှိတဲ့အကြွေးက သူဒါတွေလုပ်မှ ပြန်ဆပ်နိုင်မှာ မဟုတ်ဘူးလား။

    အဖေကိစ္စကတော့ ပုံမှန်အရဆို ဘယ်သူမဆို ကြုံကြရမယ့် ကိစ္စပဲ။ ဒီလိုပြောရင် ကိုယ်ချင်းမစာရာကျသလိုတော့ ဖြစ်မယ်။ ဒါပေမဲ့ ပုံမှန်သဘာဝအတိုင်းတွက်ရင် သားသမီးတိုင်းလိုလို ကြုံကြရမှာတွေ။ သူ ဒီလိုလုပ်ပြီး သူ့အစာအိမ်ကို ရောဂါဖြစ်နေတဲ့ အဖေဆီ ပေးပြီး အဖေလုပ်သူ ပြန်ကျန်းမာလာရင်တော့လည်း တမျိုးပေါ့။ ခုတော့ မသေခင်မှာ သေလုမျောပါးရောဂါ ဖြစ်နေတဲ့ အဖေက သားအတွက်နဲ့ သောကတွေထပ်လာရတယ်။ ဒါမျိုးဆိုတာ ကျန်းကျန်းမာမာနဲ့တောင် ဘယ်လောက် ခံစားရခက်မလဲ။ ပြီးတော့ အားကိုးနေရတဲ့ သား မဟုတ်ဘူးလား။

    နောက် အကြွေးကိစ္စ။ ဖတ်ရသမျှတော့ သူ့အိမ်မှာ သူပဲ ဆယ်လစ်ဘရစ်တီ။ သူလုပ်မှ ဖြစ်မယ့်ကိစ္စ။ ဒါ့အပြင် နာမည်နဲ့ အရွယ်ရှိတုန်းမှာ သူလည်း လုပ်နိုင်တဲ့ကိစ္စ။ နာမည်ကျနေချိန် ဖြစ်ရင်တော့ ဘာမှ မတတ်နိုင်ဘူးပေါ့။

    သူလုပ်မှရမယ့်၊ သူလည်း လုပ်နိုင်တဲ့ ကိစ္စမှာ သူက သေသွားတော့ ကျန်တဲ့လူတွေက အကြွေးနဲ့ ကျန်ခဲ့ရော။ ဘယ်လိုဆပ်မလဲ။ သေလို့ စိတ်ထိခိုက်ရတာက တမျိုး၊ အကြွေးကိစ္စက တမျိုး။ နောက် သူ့ပရိုဂျူဆာတွေ။ သူ ခေါင်းဆောင်လုပ်ပြီး ရိုက်ရမယ့်ဆဲဆဲ ကားတစ်ကား ရှိတယ်လို့ သိရတယ်။

    ဒုက္ခ။
    ဆက်ကို မရေးချင်တော့ဘူး။
    သွားလေသူကို ဝေဖန်ရတာလဲ တယ် မမိုက်ဘူး။

    ReplyDelete
  19. @kokosan ပြောတာတွေက (ဗုဒ္ဓ) ဘာသာရေးရှုထောင့်ကဆိုရင်တော့ ဟုတ်ပါတယ်။

    တခြားဘက်က (တခြားဘာသာ ဖြစ်စေ၊ လူမှုရေး ရှုထောင့်က ဖြစ်စေ) ကြည့်တော့ အငြင်းပွားဖွယ်တော့ ဖြစ်နေနိုင်ပါတယ်။

    ဒါပေမဲ့ kokosan ပြောတာမျိုးများ ကြုံလာခဲ့ရရင် ဘယ်လိုမှ ဆုံးဖြတ်နိုင်မယ် မထင်ဘူး။ ဆုံးဖြတ်နိုင်တဲ့သူတွေကိုလည်း ဗုဒ္ဓဘာသာတွေ ဖြစ်ပစေဦးတော့ အပြစ်မတင်လိုပါဘူး။ လူမှုကိစ္စတွေကလည်း ဒီခေတ်မှာ ရှုပ်ထွေးလွန်းတယ်။ နောက် လူနာကို ညှင်းဆဲထားတာနဲ့ တူတယ်ဆိုတဲ့ တဘက်ရှုထောင့်ကလည်း ရှိသေးတယ်။

    ဒါကြောင့် ဒီ post ရေးတော့ ဘာသာရေး အချက်အလက်တွေကို ထည့်မရေးဘဲ ထားခဲ့တာ။ ကျွန်မအပါအဝင် တော်တော်များများသော ဗုဒ္ဓဘာသာ ဆိုသူများကလည်း စာအုပ်ထဲက အကြောင်းလောက်သာ သိကြတာကိုး။ အဖန်ငါးရာ ငါးကမ္ဘာ ဆိုတာကိုက အငြင်းပွားကြတုန်း ရှိသေးတယ်။ ဗုဒ္ဓဘုရားဟောနဲ့ ဘုရားဟောတယ်လို့ ထင်ရတဲ့ အကြောင်းအရာတွေကို ကိုးကားပြီး ထည့်ရေးရင် ဒီကိစ္စမျိုးကို ဘာသာရေးနဲ့ ဘောင်ခတ်လိုက်သလိုလည်း ဖြစ်မှာစိုးလို့ပါ။

    ReplyDelete
  20. kokosan ပြောတဲ့ထဲမှာ ပါဏာတိပါတာနဲ့ ငြိတယ် ဆိုတာ ပြောထားတော့ ကျွန်မလည်း တွေးမိတာ တစ်ခုရှိတယ်။ mercy killing မှာ ပါဏာတိပါတာကတော့ ဗုဒ္ဓဘာသာကြောင်းအရ ထင်ရှားတဲ့ အချက်လို ဖြစ်နေတာပေါ့လေ။

    ဒါပေမဲ့ ငယ်ငယ်က ဖေဖေပြောဖူးတာ။ ဗုဒ္ဓဘာသာအရ လူမှာ အသက်ရှင်ခွင့်ရသရွေ့ တရားထူးရနိုင်တယ် ဆိုတယ်။ တရက် တမနက် တမိနစ် ဖြစ်ပစေဦးတော့ ဒီအချိန်အတွင်းမှာ ဒီလူ ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူး။ နေရသမျှက မြတ်တယ် ဆိုတယ်။

    ဒီတော့ အသက် ၉၀၊ ၁၀၀ နေပြီး သေသွားတဲ့လူတွေကြည့်ပြီး အော် ဒီအရွယ်ကတော့ သေပျော်ပါပြီ ဆိုတာမျိုး၊ အသက်ရှည်ရုံမက ဘဝအကျိုးပေးလည်း ကောင်းတဲ့ လူတစ်ယောက် သေသွားပြီးနောက်မှာ သူကတော့ ဘဝမှာ နေရတာ တန်သွားပါပြီလေ။ သေပျော်ပါတယ် ဆိုတာမျိုးက မပြောသင့်ဘူး လို့ ဆိုတယ်။ အကြောင်းက သူတို့ ဘယ်လောက် ထပ်နေရရင် သူတို့ဘဝမှာ ဘယ်လောက် အကျိုးထပ်ရှိမယ် ဆိုတာကို ကိုယ်က မသိနိုင်လို့တဲ့။ သေရင်တော့ ပုထုဇဉ်တွေမှာ အစက ပြန်စရတာကိုး။ ဘယ်ဘဝရောက်လို့ ရောက်မှန်းလည်း မသိ။

    သူ့ဘာသာ မီးစာကုန် ဆီခန်းလို့ ဆုံးပါးသွားတာကိုတောင်မှ ကိုယ်က သေပျော်ပါတယ် သေထိုက်ပါတယ်တွေ ဝင်မပြောသင့်ဘူးဆိုတဲ့ ဒီအခြေခံတွေနဲ့ရော၊ ပါဏာတိပါတာလို ထင်ရှားတဲ့ အချက်တွေနဲ့ရောကြောင့် အဲဒီလို အရေးကိစ္စမျိုးမှာ ဆေးပေးရတဲ့သူတောင် မဖြစ်ချင်မိပါဘူး။ ကြုံလည်း မကြုံချင်မိဘူး။

    ReplyDelete
  21. မရီတာ ပြောတာလက်ခံပါတယ် ၊ ဒါပေမဲ့ ကျွန်တော်မိဘများကိုတော့ ကျွန်တော်ခုကတည်းက ပြောထားတယ် ၊ အဲဒီလို အခြေအနေဖြစ်လာရင်တော့ ကျွန်တော့် အနေနဲ. lethal injection နဲ.ထိုးဖို. ဘယ်တော့မှ မဆုံးဖြတ်ဖူးလို. ပြောထားခဲ့ပါတယ် အဲဒီလို အခြေအနေမျိုးလည်း ဖြစ်မလာပါစေနဲ.လို. ဆုတောင်းနေပါတယ်

    ကျွန်တော်လည်း ဘာသာရေး နဲ. အတတ်နိုင်ဆုံး မဆွေးနွေးဖို. ဆုံးဖြတ်ထားပါတယ် ၊ ဘလော့တစ်ခုမှာ ဘာသာရေးအကြောင်း ၀င်ရေးရင်းနဲ. ကျွန်တော်လည်း အချိန်တွေ တော်တော်ကုန်ပြီး သင်ခန်းစာ နှင့် နောင်တလည်း ရနေပါပြီ

    ငယ်ငယ်ကပြောသလို " သားမှားပါပြီ မေမေရယ် ဆိုသလိုပေါ့ "

    မရီတာ နှင့် စာဖတ်သူအပေါင်း ကျန်းမာရွှင်လန်းပါစေ

    ReplyDelete
  22. ဘာသာရေးကို မဆွေးနွေးစေချင်တာတော့ မဟုတ်ပါဘူး။ ဒါကို ထိလိုက်လို့ ငြင်းရခုန်ရမှာကိုလည်း မဖြုံလှပါဘူး။ အဓိပ္ပါယ်တလွဲကောက်ပြီး လာပြောနေကြမယ်ဆိုရင်တော့ အဖက်လုပ် ပြန်ပြောနေရတာ ပင်ပန်းတာ အမှန်ပဲ။ ပြောလည်းမပြောချင်ဘူး။ မမီတဲ့လူက မီကို မမီတာ။ ထားပါတော့။

    ဒါပေမဲ့ ခု post က ကျတော့ လူ့အသိုင်းအဝိုင်းအားလုံးနဲ့ ဆိုင်တဲ့ကိစ္စ၊ ဘာသာဝင်အမျိုးမျိုးမှာ ဖြစ်လေ့ရှိတဲ့ လူမှုကိစ္စသက်သက်ဖြစ်နေလို့ ဗုဒ္ဓသာသာဆိုတာနဲ့ ဘောင်ခတ်ပြီး မပြောချင်ခဲ့တာပါ။ ဒီလိုကိစ္စမျိုးကို ကိုယ့်ဘာသာ ရှုထောင့်ကချည်း တွက်ပြီး ရေးနေရင်လည်း ဘောင် သိပ်ကျဉ်းသွားမှာပါပဲ။

    နောက် kokosan ပြောတဲ့ mercy killing ဆိုလည်း ဒီအတိုင်းပါပဲ။ လူမှုအသိုင်းအဝိုင်းအမျိုးမျိုးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တော့ ကိုယ့်ဘာသာရေးကို မဏ္ဍိုင်ထားပြီး ပြောရင် တခြား ဘာသာတွေအနေနဲ့ကျတော့ အငြင်းပွားစရာ ဖြစ်နိုင်တာကို ဆိုလိုတာပါ။ အငြင်းပွားစရာဆိုတာက ဘာသာရေးနဲ့ ပတ်သတ်တဲ့ အငြင်းပွားစရာကို ပြောချင်တာ မဟုတ်ပါဘူး။ mercy killing နဲ့ တိုက်ရိုက်ပတ်သတ်တဲ့ လူမှုကိစ္စကို အငြင်းပွားရနိုင်တာကို ပြောတာပါ။ စံတွေက မတူကြဘူးလေ။

    ReplyDelete
  23. (မမြတ်နိုး ဆီမှ)

    http://kamarnilar.blogspot.com/2008/11/blog-post_1699.html
    သတ်သေသူတွေဟာ အများအားဖြင့် ကိုယ့်ကို သူများ စွပ်စွဲတာတွေ
    ဒါမှမဟုတ် ကိုယ့်အကြွေးမပေးနိုင်တော့လို့ ..အစရှိသဖြင့် အမျိုးမျိုးသော အကြောင်းတွေကပိုများပါတယ်။
    ညီမ အပေါ်က လင့်မှာဖတ်ကြည့်ပါ။
    ဂျပန်နိုင်ငံဟာ ကိုယ့်ကိုကိုယ်သတ်သေသူတွေဟာ အင်မတန်များပါတယ်။ တကဘာလုံးမှာ သူအများဆုံးပဲ။
    ဟိုးလွန်ခဲ့တဲ့ ၂လလောက်တုန်းက ခရီးသွားရင်း ဂျပန်ပရော်ဖက်ဆာနဲ့စကားပြောဖြစ်တာ ကိုယ့်ကိုကိုယ်သတ်သေသူများအကြောင်းပါပဲ။ သူတို့တွေက ပိုက်ဆံမရှိရင်တော့ သိတ်သေမိမှာပဲတဲ့။ ဒါနဲ့ ကိုယ်လဲပြောလိုက်တယ်။ ပိုက်ဆံမရှိတိုင်းသတ်သေမယ်ဆိုရင် ကိုယ်တို့နိုင်ငံအလောင်းတွေ ပုံနေမှာပဲလို့။

    ကိုယ်ထင်တာတော့ လူတွေရဲ့စိတ်ထား ခံယူမှုတွေအပြင် ဘာသာရေးအဆုံးအမတွေနဲ့ပက်သက်လိမ့်မယ်ထင်တယ်။ ဆေးပညာရှူထောင့်အရဆိုရင်တော့ စိတ်ကျရောဂါ ရှင်တွေမှာပဲ ဖြစ်လေ့ရှိတဲ့ရောဂါတမျိုးပေါ့။ ပီးတော့ စိတ်သိပ်ခက်ထန်တဲ့သူတွေ ကိုယ့်စိတ်ကို မထိန်းနိုင်သူတွေမှာ ဖြစ်လေ့ရှိတဲ့သဘောလို့ အမတော့ ထင်တယ်။ တချို့သေကြောင်းကြံသူတွေကျတော့ အခြေအမြစ်ခိုင်မာမှုမရှိပြန်ဘူး။ အဲဒါတွေဟာ ပြောရဆွေးနွေးရသိပ်ခက်တယ်။

    ReplyDelete
  24. (မမြတ်နိုး ဆီမှ)

    ညီမပြောသလို သူများစော်ကားခံရလို့ ကိုယ့်ကိုကိုယ်သတ်သေတာ.. သူ့အနေနဲ့ .. သူ့မိဘအတွက်စဉ်းစားလို့သော်၎င်း သူကိုယ်တိုင်လဲ ဘယ်လိုမှ ရပ်တည်နိုင်တဲ့စွမ်းအား တနည်းအားဖြင့် ကဲ့ရဲ့မှုတွေအောက် အထင်သေးတဲ့မျက်ဝန်းတွေအောက်မှာမနေရဲလို့ဖြစ်နိုင်ပါတယ်။ ဒါတွေက ဖြစ်နိုင်ချေတွေပေါ့။ သေပီးသူတွေရဲ့ အတွေးကို ကောက်ချက်ချဖို့ဆိုတာ ကာယကံရှင်မှမရှိတော့တာ ခက်ပါတယ်။

    ဘာကြောင့်ပဲ သတ်သေသေ ကိုယ့်ကိုကိုယ်သတ်သေတာ မကောင်းပါဘူး။ သတ်သေလိုက်လို့ပြသနာပြေလည်သွားမယ်ဆိုရင်တော့ ကောင်းတာပေါ့။ ကိုယ်တို့တွေလုပ်နိုင်တဲ့အလုပ်ကတခုပဲရှိတယ်။
    ဘာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်မှာ စိတ်ကျနေသူတွေ တွေ့ရင် သူတို့ကို ဖေးမနားလည် စာနာပေးပီးပံ့ပိုးပေးဖို့လိုတာတော့အမှန်ပဲ။

    ReplyDelete
  25. ဘာမှဝင်မဆွေးနွေးတော့ဘူး .. ဖတ်ပဲသွားတယ်

    ReplyDelete
  26. ဒီနေ. မှ သတင်းထဲမှ ဓါတ်ပုံ ကို သေသေချာချာကြည့်မိတော့မှ ကိုယ်သိတဲ့ မင်းသား ဖြစ်နေတယ်

    အဲဒီ့ မင်းသား ကို On Air အခွေ နှင့် ဟိုတလောက KBS မှာ ပြသွားတဲ့ The Slingshot မှာ ကြည့်ဖူးတယ်

    ပိုလို.တောင် စိတ်မကောင်းဖြစ်မိပါတယ်

    ReplyDelete
  27. အရမ်း စိတ်ဝင်စားစရာ ကောင်းတဲ့ post ပါပဲ။ ကျွန်တော်လည်း စဉ်းစားကြည့်တော့ type သုံးမျိုးလောက် တွေ့လာတယ်။
    Type one
    "သူတို့က ကျန်ရစ်သူတွေကို သူတို့အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ" ဆိုတဲ့ type။ ဥပမာ... မိသားစုဒုက္ခ ခံစားကြရတဲ့ သူတွေမျိုး။ တစ်ချိန်လုံး ရန်ဖြစ်နေတဲ့

    မိဘတွေ ရဲ့ သားသမီးတွေမျိုး။ ဒီtype ထဲမှာ သေတာတောင် ဆိုးဆိုးရွားရွား သေပြတာမျိုးတွေ ရှိတယ်။ သူငယ်ချင်းတစ်ယောက်နေတဲ့ အဆောင်မှာဆို မိန်းကလေး

    တစ်ယောက် သတ်သေတာ လည်ပင်းကို ဓါးနဲ့ ထိုးပြီးသေတာတဲ့။ "... အဖြစ်နဲ့ ပတ်သတ်လို့ နောင်တရစေချင်တာ" လို့ပြောရပေမယ့် သူတို့ ဘဝတွေဟာ

    အရမ်းသနားဖို့ကောင်းတာပဲ။
    Type two
    ကိုယ့်ကို ချစ်တဲ့ခင်တဲ့လူတွေ တော့ရှိပါရဲ့။ ကံကြမ္မာက အရမ်းဆိုးလွန်းတယ်။ ဘာလုပ်လုပ် မအောင်မြင်ဘူး။ လဲကျလိုက်၊ ကျိုးစားပြီး ပြန်ထလိုက်။ ပြန်လဲကျ... ဆိုရင်

    ကြာတော့ ဘဝကြီးက သေတဲ့အထိ ဒီလိုပဲ ခံစားသွားရမှာလား ဆိုပြီး ကံကြမ္မာကို အရှုံးပေးသွားတာမျိုး။ ချစ်တဲ့ခင်တဲ့လူတွေ တော့ရှိနေသေးတော့ ကိုယ်သေရင် သူတို့

    အရမ်း ဝမ်းနဲကြမှာပဲလို့ တွေးရင် သေဖြစ်တော့မှာ မဟုတ်သလို။ ကိုယ်က သူတို့အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတယ်လို့မြင်ရင် သေလိုက်ကြတယ်ထင်တယ်။
    Type three
    အနိုင်နဲ့ ပိုင်းသွားတဲ့ Type ကတော့ တော်တော်တော့ ရှားမယ်ထင်တယ်။ Kurt Cobain ကို တစ်ချို့က အဲ့လို ပြောကြတယ်။

    ReplyDelete
  28. http://suicideandmentalhealthassociationinternational.org/about.html

    ReplyDelete
  29. ညီမရေ... ဟိုတနေ့ ကပဲ မနှစ်က မင်္ဂလာဦးညမှာ ထူးဆန်းစွာ သေသွားတဲ့ သတို့ သားရဲ့ သတို့ သမီး ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သတင်းဖတ်ပြီး အတွေးတွေဆက်နေမိတာ... ဒီကရဲတွေ တော်ချက်ကတော့ မနှစ်ကသတို့ သားဘာကြောင့်သေသွားလဲဆိုတာ ခုထိစုံစမ်းတုန်း... သတို့ သမီး ကိုယ့်ကိုယ်ကို သတ်သေသွားတာ ရင်ကွဲနာကျလို့ လား... ဒါမှမဟုတ်သတို့ သားသေခြင်းမှာ တာဝန်မကင်းလို့ လား... တယောက်ထဲ ရှည်ရှည်ဝေးဝေးတွေ တွေးနေမိသေးတယ်... မနက်လင်းအားကြီး ကောင်မလေးရှိုက်ငိုသံ(အပေါ်က ခုန်မချခင်) ကို ကြားပါလျက် ထွက်မကြည့်ကြတဲ့ အိမ်နီးချင်းတွေကိုလဲ အံ့သြမိသေးတယ်... ဒီလိုအဖြစ်က ပုံမှန်မဟုတ်ဖူးမိုလား... ကိုယ်သာဆို အိမ်ကလူကို အတင်းနှိုးပြီး အသေအချာကို ထွက်ကြည့်မိမှာ...

    သူငယ်ချင်းကောင်းတယောက်က စိတ်ကျရောဂါကို ကုစားပေးနိုင်တဲ့ ဆေးတခွက်ဆိုတာ ထောက်ခံပါတယ် ညီမရေ... အဲဒီထက် ထိရောက်တဲ့ နည်းကတော့ တရားထိုင်တဲ့နည်းပဲပေါ့... တချို့ စိတ်ကျရောဂါတွေက ဘယ်သူနဲ့ မှကို စကားပြောချင်စိတ်မရှိလောက်အောင် ဖြစ်တတ်တာကို...

    ReplyDelete
  30. If a man or a girl who got a depression for so long, he or she commits suicide intentionally.

    BINO

    ReplyDelete
  31. Sorry word for "If".
    I forget to delete it.
    Actually I typed " If I've a pistol and some bullets, I'll shoot my head.
    That is my express desire when I got serious pain on my knee.
    Not at all time.

    BINO

    ReplyDelete
  32. ကိုယ် ကိုယ်တိုင်လဲ ဘယ်လိုမှ ရပ်တည်နိုင်တဲ့စွမ်းအား တနည်းအားဖြင့် ကဲ့ရဲ့မှုတွေအောက် အထင်သေးတဲ့မျက်ဝန်းတွေအောက်မှာမနေရဲလို့ ဆိုတာမှန်တယ် အားလုံးကို ရင်ဖွင့်ဖို့ အကောင်းဆုံးသူငယ်ချင်းမရှိဘူး ရွေးစရာလမ်းပျောက်နေတယ် မိသားစု / အချစ် /ပတ်ဝန်းကျင် အားလုံးကို ကြောက်တယ် ထွက်ပြေးချင်တယ်

    ReplyDelete
  33. အဲဒီအချိန်က အဲလိုတွေ အတွေးပေါက်ခဲ့ပေမယ့် ခုတော့လည်း လူဟာ ကိုယ့်ကြမ္မာကိုယ် ကြိုက်သလိုဖန်တီးခွင့်ရှိတာပဲ လို့တွေးနေမိတယ်။

    ReplyDelete