Sunday, June 20, 2010

ချစ်တာ ပဓာန

ချစ်တာ ပဓာန (တေးရေး - မြို့မငြိမ်း)

တူနှစ်ကိုယ် တဲအိုပျက်မှာ နေရ
ရွှေပုံပေါ်မှာ စံရ
ချစ်တာ ချစ်တာ ပဓာနလို့ ဆိုချင်တယ် မောင်ရယ်

ခုလည်း ချစ်ကြမယ် နောင်လည်း ချစ်ကြပါစို့ မောင်ရယ်

ဘယ်သူ ဖျက်ပေမယ့် မပျက်တယ် သက်လယ် စိတ်မှာ မက်မပျယ်

နောင် ရိုးလှသော်လည်း မောင် တိုးလို့ ကြင်မယ်

တယောက်မျက်နှာ တယောက်မြင်ရင် မတင်းတိမ်သေးတယ် ထမင်းမြိန်ဆေးသဖွယ်
တယောက်မျက်နှာ တယောက်မြင်ရင် ချစ်သမျှသဘော လှစ်ဟမပြော သိနိုင်တယ်

ညချမ်း ချိန်ခါဝယ် တူနွှဲ နှစ်ဖြာမောင်မယ်
ကျီစယ်လို့လား ဖိုးရွှေလက မိုးတိမ်ဝမှ သရော်သည့်နှယ်
ထက်မှူး ငွေယုန်ရယ် ရှက်ဘူး လေကုန်မယ်
ရှစ်ကမ္ဘာ့ လှောင်နိုင်တယ်
ချစ်သမျှ အကြောင်းပြိုင်မယ်

ဘယ် သူ ရယ် ဖွယ် ပြောလည်း ဂရုမထားပေါင်
မောင်နဲ့ ချစ်တာ ပဓာနပင် ထင်မိတယ်

အချစ်ကို ယုံစား ပုံကြတယ်
မြင်းမိုရ်ရွှေတောင်လုံး တုံးမှတ်ထင်တယ်
မိုးစွန်ထက်ဖျား သိကြားထံ
ကြယ်ပျံကို လိုသေး မောင် ယူပေးမယ်

ချစ်တာ သူက ပဓာနပဲ တဲ့
ရာ သက် တိုင် ရွယ် မခွာရက် နိုင်တယ်
အိုဘယ့် မမုန်းနိုင် မမုန်းနိုင်
ကပ်လုံး ဆုံး တိုင် တိုင်

အုန်းလှိုင်ကျော သဉ္ဇာလယ်
ချစ် ပင် လယ် ကျော တူ တကယ်မျောမူ
ဆယ် သော သူ မော လိမ့် မယ်

***
အောင်လင်း ရဲ့
ဝတ္ထုကို ပြန်ရိုက်ထားတဲ့ အရိုင်းစံပယ် ကားထဲမှာ စပြီး သတိထားမိတယ်။
အဲဒီ ဝတ္ထုလည်း မဖတ်ဖူး၊ အဲဒီကားကို ကြည့်ဖူးပေမယ့်လည်း မေ့သွားပြီ။
၅ တန်း၊ ၆ တန်းလောက်က ဆိုတော့...

တစ်ခုပဲ မှတ်မိတော့တယ်။ ကျော်သူပြောတဲ့ စကား...
" 'မ' တော့ မွဲပြီ" ဆိုတာ...

ဒါပေမဲ့ ဇာတ်ဝင်သီချင်းကဏ္ဍမှာတော့ ဒီသီချင်းကို ခဏခဏ နားထောင်ခဲ့ဖူးတယ်။
အဲဒီတုန်းက နောက်ခံဆိုပေးတာ နှင်းနှင်းထူး
ဒီသီချင်းလည်း ချစ်သမျှကို ပါပဲ။

download လုပ်ရန်။
တေးဆို - ဟေမာနေဝင်း

***

21 comments:

  1. အပျိုကြီးထင်ပါ့ ၊

    အချစ်အကြောင်းတွေ ၊ အချစ်သီချင်းတွေ တယ်ရေးသကို

    ကြောက်ကြောက် နှင့် မနေနိုင် ၊ မထိုင်နိုင် မန်.လိုက်မိပါသည် ------

    ReplyDelete
  2. ကျော်သူ၊မို့မို့မြင့်အောင်၊မေဆွိ???၊သန်းသန်းစိုး
    မှတ်တော့်မမှတ်မိတော့ဘူး။စာအုပ်ပဲ မှတ်မိတယ်။
    http://www.myanmarebooks.net/wp-content/uploads/2010/02/aung_linayine_sabe.pdf
    မှာဒေါင်းလို့ရတယ်။

    ReplyDelete
  3. @kokosan မှာ နိုင်ငံတကာ အမြင်မရှိတာ ဒီတခေါက် အသေချာဆုံးပဲ။ :)))

    @ပေါက်စီ, အောင်လင်းတော့ သွားမဖတ်နဲ့။ ကိုယ် မဖတ်ဖူးပေမယ့် အာရုံရတယ်။ ဝါဒဖြန့်တာတွေ ပါလိမ့်မယ်။

    ပြီးတော့ သန်းသန်းစိုး မပါဘူးလားလို့ပဲ။ တင့်တင့်ထွန်းနဲ့ နောက်တယောက်။ နာမည်မသိ။

    ReplyDelete
  4. အရိုင်းစပယ်ကို နဝဒေးရုံမှာ သွားကြည့်ဖူးတာ သတိရတယ်။
    တင့်တင့်ထွန်းပါတာ သေချာတယ်။ သူက ပိုက်ဆံကို မြန်မာလို၊ ဘိုလို၊ အိန္ဒိယလိုပြောပြီး တောင်းတဲ့အခန်း မှတ်မိတယ်။ အလယ်တစ်ယောက် ကိုယ်လည်း ဇဝေဇဝါပဲ။
    မေဆွိနဲ့ သန်းသန်းစိုးပါတာ 'ခပ်စိမ်းစိမ်းနေပါ့မယ်' မှာ။
    (လက်တွေ့မှာ တဲအိုပျက်မှာ နေလို့မဖြစ်သော်လည်းဘဲ) သီချင်းကို ကြိုက်ပါတယ်။

    ReplyDelete
  5. @ပေါက်စီ, အောင်လင်း မဖတ်နဲ့ လို့ပြောတာ ကိုယ်က အရင် ဝါဒဖြန့်လိုက်သလိုတော့ ဖြစ်နေတယ်။ လင့်ခ်လာပေးတော့ ဖတ်ပြီးသွားပြီထင်လို့ တမင် ပြောလိုက်တာ။ ဒါပေမဲ့ ဒီဘက်ခေတ် (ဇီးကွက်စီးပွားရေးစနစ်ခေတ်) မှာ လူဖြစ်လာတဲ့ ကလေးတွေကတော့ အဲဒီခေတ်က ဘယ်လောက် ဝါဒဖြန့်တဲ့ စာတွေ ပြန်ဖတ်ဖတ် အဲဒီ ဝါဒတွေ မှိုင်းမိခံရဖို့တော့ မဖြစ်နိုင်ဘူးလို့ ယူဆမိတယ်။

    တကယ်တော့ မဖတ်သင့်တဲ့ စာ ဆိုတာ မရှိပါဘူး။ အဲဒီခေတ်က စာ ဘယ်လိုရေးတယ်၊ သူတို့ ဘယ်လိုတွေးတယ်၊ စာဖတ်သူကို ဘယ်လို ဝါဒဖြန့်တယ်၊ သူတို့ အတွေးအခေါ်က စာဖတ်သူအပေါ် ဘယ်လောက် လွှမ်းမိုးနိုင်တယ် ဆိုတာ သိဖို့ ကြုံရင်၊ စိတ်ပါရင်တော့ ဖတ်ကြည့်သင့်တာချည်းပါပဲ။

    @ဇွန်, မြို့မငြိမ်း သီချင်းတွေဆို အကုန် ညွှတ်နူးစရာပဲလို့ ထင်မိတယ်။ :)

    "ချစ်ရေစင်" မှာလည်း အဲဒီ စာသားလေး ပါပြန်တယ်။

    "ချစ်လျှင် အကျိုး မြတ်နိုး သဒ္ဓါ
    ရွှေမေတ္တာ တူတူဆိုရင်
    တဲအိုပျက်ထဲမှာပင် ပန်းမွေ့ရာ ကျဲတယ်ထင်
    ချစ်သူနဲ့ လွဲခဲ့ရင် ရွှေပုံလည်း ဖွဲအိတ်ထင်

    ချစ်ငွေ့ကြူကြူ ချစ်သူသာပင်
    ဘဝတိုင်း ဖြစ်လေရာ ဆုံပါတော့ နှစ်ကိုယ်ယှဉ်"

    ဆိုတာ :)))

    ReplyDelete
  6. အောင်လင်း ကသိတ်တော်တဲ့သူ

    အဲဒီခေတ်က တိုးတက်တဲ့ အမြင်ရှိတဲ့ လူငယ်တိုင်း အဲဒီ အယူဝါဒ ကိုလက်ကိုင်ထားကြတယ်ထင်တာဘဲ တော်တော်များများ သိသလောက်ပေါ့

    နောက်တော့ အမှန်အမှား သိသွားကြပါတယ်

    ရွှေစင်ဦး

    ReplyDelete
  7. ဟုတ်ပါတယ် အစ်မ။
    တကယ်တော့ မဖတ်ရသေးဘဲ ပြောတာ တရားလက်လွတ်တော့ ဖြစ်တယ်။ ဒါပေမဲ့ မန်ဒါလီ ကို ဖတ်ခဲ့ဖူးတာ ခုမှ ပြန်မှတ်မိတယ်။ အရိုင်းစံပယ် ကိုသာ မဖတ်ဖူးတာ။ မန်ဒါလီ က ရုပ်ရည်မလှရှာတဲ့ မိန်းကလေး အဆိုတော် တစ်ယောက်အကြောင်း။ အရေးအသားသက်သက်ကတော့ တော်မှာ သေချာပါတယ်။ (ကြိုက်တာ မကြိုက်တာကတော့ တကဏ္ဍပေါ့)

    ခေတ်အခါ အခြေအနေလိုက်လို့ အဲဒီခေတ်က ခေတ်စားတဲ့ အယူဝါဒတွေက အဲဒီခေတ်ရဲ့ လူငယ်တွေကို လွှမ်းမိုးတာကတော့ မထူးဆန်းပါဘူး။ ဒါ ဘယ်နေ့ခေတ်ဖြစ်ဖြစ် ဖြစ်နေမှာပါပဲ။

    အဲဒီခေတ်က လူတစ်ယောက်ရေးတဲ့ စာက အဲဒီခေတ် လူငယ်တွေအတွက် သူရဲကောင်းဆန်နေပေမယ့်... ဒီနေ့ခေတ် လူငယ်တွေ ဖတ်ရင် ပိုက်ဆံရှိတဲ့လူတွေကို ဖဲ့ပြီး ရေးထားသလို ခံစားရလိမ့်မယ် ထင်တယ်။ (ကျွန်မအမြင်သက်သက်မို့ မခိုင်လုံပါ)

    မင်းလူ ရေးဖူးတဲ့ ဝတ္ထုတပုဒ် သတိရတယ်။ အဖေက ကွန်မြူနစ်ဆန်တဲ့ ဘာသာပြန်စာရေးဆရာဟောင်းကြီး။ သားက အဖေကို ပြောတဲ့စကား။

    "ဖေဖေတို့ခေတ်က စာရေးဆရာတွေ ပြောလိုက်ရင်၊ ရေးလိုက်ရင် အရင်းရှင်တွေကို မုန်းတယ် မုန်းတယ် တိုက်ဖျက်ရမယ်နဲ့ ဖေဖေတို့လို လူတွေ ကြိုက်လိုက်မှဖြင့်လည်း သူဌေးသမီးတွေချည်းပဲ။ ဘာလို့ ကိုယ်မုန်းတဲ့ အရင်းရှင်တွေရဲ့ သမီးတွေကိုချည်း သွားကြိုက်ကြတာလဲ။ ကိုယ်နဲ့ တန်းတူ ယုံကြည်ရာတူတဲ့ မြေကြီးနဲ့နီးတဲ့ မိန်းကလေးတွေပဲ ရွေးကြိုက်ပါလား" ဆိုတာ...။ ဝတ္ထုနာမည် မေ့သွားပြီ။ သားလုပ်သူနာမည်ကတော့ 'ညီကို' တဲ့။

    စကားလုံးလည်း အတိအကျမဟုတ်ပါဘူး။ အာဘော်လေးမိအောင် ပြန်ရေးထားတာပါ။
    :)))

    ReplyDelete
  8. ညီမ ပြောတာဟုတ်ပါတယ် အဲဒီခေတ် ဝတ္ထုတော်တော် များများက အဲဒီလို အဆုံးသတ်ကြတယ် သူဌေး သမီး တွေနဲ့ ကြိုက်ကြတယ်

    ဒါပေမဲ့ အောင်လင်း ကတော့ သူ့ရီးစား က ဘွဲရအောင် လုပ်ဘို့ ပြောလို့ကို လုံးဝ တက္ကသိုလ် ဆက်မတက်တော့ ဘူး ဘွဲ့ မယူတော့ ဘူးတဲ့ ကြားဘူးတာပါ

    အမတို့ ကလည်း ပခုက္ကူ ဆက်တွေ အမ တို့အဖိုးကလည်း ရဲဘက် ကဘဲဆိုတော့ အောင်လင်း ရဲ့ အဖေ နဲ့ အတူတူ ဘဲလေ

    အောင်လင်း က ဖေဖေ တို့ထက်တော့ အများကြီး ကြီးပါတယ်

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  9. ဟုတ်လား အစ်မ
    အဲဒီအကြောင်းတွေတော့ မကြားဖူးပါဘူး။
    လူရွတ်ပဲ ဖြစ်မယ်။
    :)

    ReplyDelete
  10. ဒီသီချင်းကိုတော်တော့်ကို မနှစ်သက်တာပဲ ..
    စာသားတွေတော့မြို့ မငြိမ်းပီပီ လှပါပေတယ်

    ReplyDelete
  11. ''တကယ်တော့ မဖတ်သင့်တဲ့ စာ ဆိုတာ မရှိပါဘူး။ အဲဒီခေတ်က စာ ဘယ်လိုရေးတယ်၊ သူတို့ ဘယ်လိုတွေးတယ်၊ စာဖတ်သူကို ဘယ်လို ဝါဒဖြန့်တယ်၊ သူတို့ အတွေးအခေါ်က စာဖတ်သူအပေါ် ဘယ်လောက် လွှမ်းမိုးနိုင်တယ် ဆိုတာ သိဖို့ ကြုံရင်၊ စိတ်ပါရင်တော့ ဖတ်ကြည့်သင့်တာချည်းပါပဲ။''

    ကိုယ်လည်း အဲလိုပဲ ယုဆတယ်။ စာတစ်ပုဒ်မှာ သူ့ခေတ်သူ့အခါက အတွေးအခေါ်နဲ့ ခေတ်အခြေအနေတွေ အနည်းနဲ့အများ ပါဝင်နေတော့ ဖတ်ကြည့်ပြီး ကိုယ်မမှီလိုက်တဲ့ ခေတ်စနစ်နဲ့ အတွေးအခေါ်တွေ မှန်းဆကြည့်လို့ ရတာပေါ့။ (မစန္ဒာတို့၊ မိုးမိုး (အင်းလျား) တို့စာတွေမှာ အဲဒီ့တုန်းက ဖော့ရှန် အိရှန်ခေတ်စားခဲ့တာ၊ ဆန်ဆီဆား ဘယ်လောက်နှုန်း ရှိခဲ့တာ အဲဒါမျိုးလေးတွေ သိရတယ်)

    မြို့မငြိမ်းတို့ ခေတ်ကလည်း တူနှစ်ကိုယ်၊ တဲအိုပျက် အသုံးအနှုန်းတွေ ခေတ်စားခဲ့တယ် ထင်တယ်။း)

    ReplyDelete
  12. (ဇီးကွက်စီးပွားရေးစနစ်ခေတ်) ဆိုတာ ဈေးကွက် စီးပွားရေး စနစ်ခေတ် လို.ထင်ပါတယ် ၊

    စာလုံးပေါင်း မှားတာလား ၊ ငေါ့တာလား ၊

    ReplyDelete
  13. တခုမှ မဟုတ်ဘူး။
    အဲဒါ အဋ္ဌာရသ ၁၈ ရပ်ထဲမှာပါတယ်လို့ ဆိုကြတဲ့ ပညာရပ်တစ်ခုကို အသုံးချလိုက်တယ်လို့ ခေါ်တယ်။

    ၁၂ ရပ်မြောက် ပညာ ဖြစ်တဲ့ "ဣတိဟာသာ"။

    :D

    ReplyDelete
  14. မရီတာ …

    ကျွန်တော်ကတော့ အလွမ်း အဆွေး သီချင်း၊ ရုပ်ရှင်တွေကို အရမ်းကြိုက်တယ်။ (ကိုပေါ စကားယူသုံးရရင် မျက်ရည်ငေါက်တောက်ပန်းထွက်လေ ကြိုက်လေပဲ။ )

    ၁၂ ရပ်မြောက် ပညာ ဖြစ်တဲ့ "ဣတိဟာသာ"။ ပညာဥာဏ်နည်းပါးလို့ မကြား၊ မသိလိုက်ဘူး။

    စကားမစပ် Face Book အပါအ၀င် ၀က်ဆိုက်ဒ်တွေမှာ မြန်မာလိုရေးရင် စပေ့ဘား ပုတ်တိုင်း၊ enter ခေါက်တိုင်း PC hang တာ ဘယ်လိုလုပ်ရမလဲ။ ခုတော့ အပြင်မှာ ရေးပြီး copy, paste လုပ်နေရတာ အလုပ်ရှုပ်နေတယ်။ သိသူများရှိရင် ပြောပြကြပါ။

    ReplyDelete
  15. ကိုယ်တော့ မသိပါ။
    ကိုယ်လည်း တခုခုဖြစ်ရင် ဟိုလူမေး ဒီလူမေး လိုက်မေးရတယ်။

    ReplyDelete
  16. ဆရာလေး

    ၁၂ ရပ်မြောက် ပညာ ဖြစ်တဲ့ "ဣတိဟာသာ"

    အဓိပ္ပါယ် ကို ရှင်းပါဦး ၊ ကျွန်တော် တကယ်မသိလို.ပါ ၊

    ကျန်းမာရွှင်လန်းပါစေ ၊

    ReplyDelete
  17. အဋ္ဌာရသ ကို google ကြည့်လိုက်ရင် တွေ့လိမ့်မယ်။

    ReplyDelete
  18. ဟဲ့ ဟဲ့ ကလေးမဟုတ် လူကြီးမကျတွေ
    ရန်မဖြစ်ကြနဲ့လေ

    အဖွားတာ

    မြို့မငြိမ်း စာအုပ် ပါလာပြီနော်
    သီချင်းတောင်းလို့ရပြီ ငှဲငှဲ

    ReplyDelete
  19. "ဣတိဟာသာ"

    ဗဟုသုတရပါသည် ၊ ကျေးဇူးတင်ပါသည်၊

    ReplyDelete
  20. ပါဠိ-မြန်မာ အဘိဓာန်မှာ "ဣတိဟာသာ" လို့တော့ မတွေ့မိဘူး။ "ဣတိဟာသ"လို့တော့ ရှိတယ်။ တိုက်ရိုက်အနက်က “ဤသို့ကား ဖြစ်ခဲ့လေပြီ”လို့ အနက်ရသတဲ့။ အနက်ပွားကတော့ “ရှေးသူဟောင်းတို့ ဆိုခဲ့ပြီးသော ကျမ်း”လို့ ဖွင့်ဆိုကြပါတယ်။

    ReplyDelete
  21. ဟုတ်ကဲ့ ဖြစ်နိုင်ပါတယ်။

    အဋ္ဌာရသ တွေကို သေချာ အနက် မသိပါဘူး။ google ကြည့်တဲ့အခါမှာ Myanmar Wiki မှာ တွေ့ရတဲ့အတိုင်း ထည့်ရေးလိုက်တာပါ။ သူ့မှာကိုက မူကွဲ ၃/၄ မျိုးနဲ့ ရေးထားတယ်။ 'ဣတိဟာသာ' ကိုတော့ 'ရယ်ရွှင်မှု အတတ်' လို့ အနက်ဖွင့်ထားတယ်။

    အဋ္ဌာရသ ၁၈ ရပ်မှာ ဟာသပညာက တစ်ရပ်အနေနဲ့ ပါတယ် ကြားဖူးနားဝ ရှိတော့ ယူသုံးလိုက်တာ။

    ကျေးဇူးပါပဲ။

    ReplyDelete