2008 ခုနှစ် ကုန်ခါနီး လောက်မှာ သူ့ကို စ သတိထားခဲ့မိသည် ထင်ပါသည်။
အဲဒီတုန်းက blog တွေ စဖတ်ချိန်။ သိပ်အများကြီးလည်း မဖတ်မိသေး။ ဖတ်မိသမျှကိုလည်း မှန်မှန် မရောက်ဖြစ်သေး။ သို့သော် ဖတ်ခဲ့မိသမျှ နေရာတွေမှာ သူ့နာမည်နဲ့ comment တချို့ကို တွေ့ရသည်။ မှတ်မိလွယ်တဲ့ နာမည်မျိုးနဲ့။ ဘာဖြစ်လို့မှန်း မသိ pen name ကို ကြည့်ပြီး သူ့ blog ကို နိုင်ငံရေး blog လို့ (မဆီမဆိုင်) ထင်သွားသေး၏။ နာမည်ရင်းမဟုတ်မှန်း သိသာစေတဲ့ pen name နဲ့ တက်ခဲ့တဲ့ ကျောင်းနာမည်ကို ထည့်ထားခြင်းက ထင်သွားစေခဲ့တာလည်း ဖြစ်နိုင်သည်။ ကိုယ်တိုင်က အာရုံအမှားတွေ ရတတ်တာကြောင့်လည်း ဖြစ်နိုင်သည်။
နောက်တော့ သူ့စာတွေ ဖတ်ဖြစ်ပါသည်။
သိုင်းဝိုင်းဖွင့်ဆိုလေ့ရှိသော စာများ။ ကြိုက်တာလည်းရှိ၊ မကြိုက်တာလည်းရှိ။ ဒါပေမဲ့ အမြဲတော့ ဖတ်ဖြစ်ခဲ့သည်။ ကိုယ်တွေလို ပြောရိုးပြောစဉ်ပုံစံနဲ့ ရေးလေ့မရှိ။ ဘယ်တော့မဆို မဂ္ဂဇင်းတစ်စောင်စောင်ကို ပို့တော့မည့်ဟန်ဖြင့် ရေးသည် ထင်မိသည်။ သူရေးသော အကြောင်းအရာ၊ စကားလုံးတို့ထက် သူရပ်တည်သည့် ရှုထောင့်ကို ကိုယ် ပိုနှစ်သက်ပါသည်။
သူ့အဇ္ဈတ္တကို သူ့စာတွေထဲမှာ ရိုးရှင်းစွာပင် မြင်နိုင်သည်။ သူရေးသောစာတွေ ဘယ်လိုပင် သွယ်ဝိုက်လည်း သူ့မှာ မာယာ ပရိယာယ်ရှိသည့် အငွေ့အသက်ကို မခံစားရ။ သူ့ ကွေ့ဝိုက်ခြင်းသည် သူညွှန်းဆိုရာ အရာတစ်ခုကို တိုက်ရိုက်ထိမှန်သွားမည် စိုးသော ညှာတာချင်သည့် အတွင်းစိတ်ကြောင့်ဟု ကိုယ်ကတော့ ယုံမှတ်၏။ မစားဘဲရှောင်သော အစားအသောက်တစ်ခုခု၏ အနံ့အသက်ကို ရလျှင် ချက်ချင်းပင် ရိပ်မိသကဲ့သို့၊ ကိုယ့်မှာ မရှိသော အရည်အသွေးတစ်ခု သူ့ဆီမှာ ရှိတာကို စာဖတ်ရင်းက အကဲဖမ်းမိခဲ့ပါသည်။
မနှစ်ဆီက သူရေးသော ပို့စ်တစ်ခုကို ကိုယ် ပြန်လှန်ချေပ ရေးခဲ့ဖူးသည်။
ရန်တွေ့ဟန်ပါသည်ဟု ပြောနိုင်သော်လည်း တကယ်တော့ စကားနိုင်လုခြင်းသာ ဖြစ်ပါသည်။ (သူရေးသော ပို့စ်ကို အစာမကြေသည့်၊ သူနဲ့ရော ကိုယ်နဲ့ပါ သိသည့် စီနီယာ အစ်မတစ်ယောက်က ကိုယ်ပြန်ရေးသော ပို့စ်က အားပျော့သည် ဆိုသည်။ ကိုယ်က အဲဒါ တကယ် ရန်တွေ့ချင်လို့ မဟုတ်ပါဘူး လို့ ပြန်ပြောရသည်) ဒါကို သူလည်း နားလည်သည်ဟု တထစ်ချ ယုံကြည်သည်။
အဲဒီ ပို့စ်နောက်ပိုင်း သူနဲ့ကိုယ် gtalk မှာ တခါတရံ စကားပြောဖြစ်ခဲ့ပါသည်။ အဲဒီအခါတိုင်း ကိုယ် သူ့ကို ရည်ရွယ်ရေးသော ပို့စ်နှင့်ပတ်သတ်လို့ စိတ်ဆိုးဟန် မရှိပါ။ ကိုယ်ကမှ စကားစပ်လို့ ပြောဖြစ်သေး၏။ အဲဒီပို့စ်ရေးတုန်းက ပရိယာယ် မသုံးဘူး (ဟန်ဆောင်စေချင်သည့်သဘော မဟုတ်ပါ။ ရိုးရိုးစင်းစင်းပြတာထက်၊ ခပ်ပါးပါးတင်ပြတတ်ဖို့ ဆရာလုပ်ခြင်းမျှသာ)၊ ကိုယ်ရေးတဲ့စာကို မကာကွယ်တတ်ဘူး စသဖြင့်... ကိုယ်ပြောတော့ သူက ပြန်ပြောသည်။ ကိုယ့်ဘာသာကိုယ်တောင် မကာကွယ်တတ်ဘူး။ ရေးတဲ့စာဆို ပြောမနေနဲ့တော့ တဲ့။
ကိုယ့်အနေနဲ့တော့ သူရေးတဲ့ အဲဒီ ပို့စ် အတွက် မကျေမနပ်ဖြစ်လှတယ် မရှိပါ။ အကျင့်ပါနေသော စိတ်ဖြင့် ပြန်ကလိခြင်းမျှသာ။ မကျေမနပ်ဖြစ်တယ် ဆိုရင်တောင် သူ့ကိုဝေဖန်ကြသော အမျိုးသမီးအများစုကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ comment page ပိတ်ပစ်ပြီး နှုတ်ဆိတ်သွားခြင်းအတွက်သာ ဖြစ်မည်။ လုပ်ရပ်တစ်ခုကို လူနှစ်ယောက် အတူတူလုပ်သည့်တိုင်အောင် သက်ရောက်မှု ကွဲပြားမည် ထင်သည်။ ဥပမာ ကိုယ်လိုလူမျိုးက ထိုသို့ လုပ်ပါက ငါတကော ကောတာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ လုပ်တော့ ဆိတ်ဆိတ်နေချင်လို့ လို့ ကိုယ် ကိုယ်တိုင်က မှတ်ယူမိသည်။
သူ့စာတွေမှာ ဒေါသသံကို မတွေ့ဖူးပါ။ သူ စိတ်ပျက်တာတွေ့လျှင် ခပ်ညည်းညည်း ပြောမည်။ သူ့ကိုယ်သူ အမှတ်မရှိသူဟု ခပ်ပါးပါး ပြောမည်။ သူက ရန်လိုမည့်အစား ဥပေက္ခာပြုမည့်သူသာ ဖြစ်၏။ သူ ဖြောင့်မတ်ကြောင်းကို သူ့စာတွေက တဆင့် ကိုယ် သိပါသည်။
စာဖတ်လျှင် စာရေးသူကို သိသည် ဟု ကိုယ်ပြောတော့ ကိုယ့်ရဲ့ တခြားသူငယ်ချင်းတစ်ယောက်က အမှန်အတိုင်း မသိနိုင်ဘူး ဟု ငြင်းဖူး၏။ စာရေးတဲ့လူတွေဟာ သူတို့ ဖြစ်နေတာထက် သူတို့ ဖြစ်ချင်တဲ့ပုံစံ၊ လိုချင်တဲ့ပုံစံကိုသာ စံပြုရေးသည်ဟု သူ ပြောခဲ့သည်။ မင်းသိင်္ခ ရေးတာတွေ ဖတ်ပြီး သူ့ကို လူထူးဆန်းကြီး၊ လူစွန့်စားကြီးလို့ ထင်သလား ဟု သူငယ်ချင်းက ကိုယ့်ကို မေးခဲ့ဖူးသည်။ အဲဒီလို မဟုတ်ဘူး ဟုသာ ကိုယ် ပြန်ဖြေခဲ့သည်။ သူငယ်ချင်းကို သေချာ ရှင်းမပြခဲ့မိ။ အဲဒီအချိန်က စကားလုံးရှာမနေချင်တာရယ်။ အပြင်က သူငယ်ချင်းဆိုတော့ ဘယ်ချိန်ပြန်ပြောပြော ပြောလို့ရတာရယ်နဲ့ ဒီတိုင်း ပစ်ထားလိုက်သည်။ "လူတစ်ယောက်ကို သူရေးတဲ့စာတွေ ဖတ်ပြီး သိလို့ရတယ်" ဆိုတာ ကိုယ့်ဆိုလိုရင်းက ရေးထားတဲ့အတိုင်း အမှန်ထင် ယုံမှတ်ပြီး သိနိုင်တယ် ပြောချင်တာ မဟုတ်ပါ။
ဒါပေမဲ့ သူ့ကိုတော့ဖြင့် ကိုယ်သိပါသည်။ သူ ဖြောင့်မှန်ပြီး ဟန်မဆောင်တတ်တာ၊ အေးဆေးသော စိတ်သဘောထားကောင်းရှိတာ၊ ကူညီတတ်တာ (ကူညီလိုက်လို့ သူစိတ်ညစ်ညူးရ အကြည်ဓါတ်ပျက်ရသည့် အနေအထားမျိုးကြုံရင်တောင် ရန်လိုစကား မပြောတာ) တွေ ကိုယ် သိနေပါသည်။ မှန်ပါသည်။ ကိုယ့်သူငယ်ချင်း အဆိုအရ ဒါတွေက စာမျက်နှာပေါ်မှာ ဟန်လုပ်ရေးလို့ ရနိုင်ပါသည်။ အကောင်းအမွန်တွေချည်း ရေးလို့ စာရေးသူဟာ သူရေးထားတဲ့ စာတွေအတိုင်းပဲဟု ယုံကြည်မည့်သူ ကိုယ် မဟုတ်ပါ။ သို့သော် သူ့ကိုတော့ ယုံပါသည်။
အားလုံးနဲ့ ဆိုင်တဲ့ ပြဿနာတစ်ခု ဖြစ်တုန်းက အကုန်လုံး တစ်ယောက်တစ်ပေါက်နဲ့ ထကြွ ပူညံ ယိုင်နဲ့နေကြသလောက် သူ့ဆီက ဘာတစ်ခွန်းမှ မကြားရ။ ကိုယ်က ဖြေရှင်းမှ ရမည့် ပြဿနာကြီးတစ်ခုပမာ အတင်း စကားစပ်ပြီး သူ့ကို ပြောမိသည်။ သူက ဘာမှဖြစ်ပြမနေနဲ့ ပြောသည်။ တင်ပေးရင် စင်ပေါ်တက်ပြေးနေလိမ့်မယ် တဲ့။ ဒီတိုင်းသာ ထားလိုက် ဟု ပြောသည်။ ကိုယ်က စိန်ခေါ်သည် ထင်လျှင် တိမ်ပေါ်လိုက်ချင်သည့် စိတ်နှင့် သွေးကြွတတ်၊ ကိုယ့်ဘာသာ (ဘာမှမဟုတ်ဘဲ) ထင်တစ်လုံး ရှိတတ်တော့ တစ်ခုခု လုပ်ချင် သက်သေပြချင်နေသည်။ ကိုယ့်ကို သူ သေချာ သတိပေးပါသည်။ အရမ်းကာရော စွတ်မလုပ်ပါနဲ့။ တစ်ဖက်က အငြိုးအတေးကြီးသူ ဖြစ်လိမ့်မည်တဲ့။
အဲဒီကိစ္စတွေအားလုံး ပြီးသွားချိန်မှာ ပြန်စဉ်းစားကြည့်တော့ သူ မှန်ပါသည်။ ဘာမှမဟုတ်တာတွေ အဟုတ်လုပ်မိကြသည်။ သူက အေးဆေးပေမယ့် ယိုင်နဲ့တတ်သူ မဟုတ်။ တိတ်ဆိတ်ပေမယ့် မဆိုင်သလို နေမည့်သူ မဟုတ်။ ပြီးတော့ သူ ခန့်မှန်းတာ မှန်ပါသည်။ အငြိုးတကြီး ဖြစ်တာ ခံရလိမ့်မည် တဲ့။ :) ကိုယ်ကတော့ လုပ်ချင်တာ လုပ်ပြီးသွားရင် ဘာကိုမှ မမှုပါ။ ဒါပေမဲ့ သူသိရင် ဘာများပြောဦးမလဲတော့ သိချင်မိသည်။ စေတနာကောင်းဆိုတာဟာ အသိဉာဏ်က တိုက်ရိုက် လာသလား၊ စိတ်နှလုံးက တဆင့်ခံ လာသလား ကိုယ်မသိပါ။ ဒါပေမဲ့ သူ့ချင့်ချိန်နိုင်စွမ်းကိုရော၊ မထိခိုက်စေလိုသည့် စိတ်သဘောကိုပါ ကိုယ် ခံစားလို့ ရပါသည်။
ကိုယ် လူကဲခတ်လျှင်တော့ လွဲခဲပါသည်။ အဲဒါ တော်ခြင်း၊ မတော်ခြင်းနှင့် ဘာမှ မဆိုင်ပါ။ လူတယောက်ချင်းစီမှာ ပါလာတတ်တဲ့ မတူညီတဲ့ အားသာချက်တစ်ခုစီပဲ ဖြစ်မည်။ ထိုအချက်အားဖြင့် သူ့ကို အကဲဖြတ်မိပါသည်။ စိတ်သဘောထား မှန်ကန်သည်။ ဖြောင့်မှန်သည်။ ပရိယာယ်မရှိ စသဖြင့်...
ဒီလိုနဲ့ တစ်လတိတိ သူ့ကို မတွေ့မိတော့။ သူ့ contact acct. တစ်ခုကို ကြေညာပြီး ဖျက်လိုက်သည်။ အစကတော့ အမှတ်တမဲ့ပါပဲ။ ခဏတဖြုတ် နေမှာပဲ ထင်မိသည်။ နောက်တော့ တစ်ယောက်က သူ့အကြောင်းလာမေးတော့မှ ကိုယ် နည်းနည်း သံသယနှင့် စဉ်းစားမိလာသည်။ ဘာများ ဖြစ်ပါလိမ့်။ သူနဲ့နီးစပ်သည် ထင်မိတဲ့လူတွေကို လိုက်မေးကြည့်တော့ သူတို့လည်း မသိ။ ဖုန်းနံပါတ်ကိုပါ ခေါ်မရတော့ဘူး ပြောလာတော့ တစ်ခုခု အဆင်မပြေဖြစ်ခဲ့သလား၊ ဖြစ်နေသလား တွေးလာမိပါသည်။
သူ့ဘာသာ အေးအေးနေချင်လို့ အားလုံးကို သူ့စိတ်ကြိုက် အဆက်အသွယ်ဖြတ်သွားတယ် ဆိုရင်ဖြင့် သူနဲ့ စကားမပြောရမှာကိုလည်း ကိုယ် မပူပါ။ ကိုယ့်စာတွေ သူ လာမဖတ်တော့မှာကိုလည်း ကိုယ် မပူပါ။ သူနဲ့ကိုယ့်ကြားမှာ စစ်မှန်သော်ငြား ရှုပ်ထွေးမနေသော ကြိုးများသာရှိသည်။ အချိန်မရွေး ဖြေချလိုက်နိုင်သော စာရေးဖော်ဟူသည့် ပတ်သတ်မှုကြိုး။
သို့သော် တိတ်ဆိတ်နေတတ်သော သူ့အတွက် ပြဿနာတစ်စုံတစ်ရာကို တစ်ယောက်တည်း ခံစားနေရမှာတော့ စိုးမိသည်။ ကိုယ့်ဘက်က တစ်ခုခုလုပ်ပေးနိုင်တာ ရှိရက်သားနဲ့ မသိလိုက်ရလို့ လုပ်မပေးလိုက်နိုင်မှာ စိုးမိသည်။ သူ စိတ်မချမ်းသာစရာ ကြုံနေရသလား ဆိုတာ ဒီ ၃/၄ ရက်မှာ ကိုယ် တွေးနေမိသည်။
ဆုတောင်းတာကို ကိုယ်မယုံပါ။ သို့သော် ရုတ်တရက် အဆက်အသွယ်ဖြတ်သွားတဲ့ ဘာမှန်းမသိတဲ့ အကြောင်းရင်းအတွက် စိုးရိမ်မကင်းဖြစ်ရင်း သူ့ကို အဆင်ပြေ ပျော်ရွှင်ချမ်းမြေ့စေချင်သည့် ဆန္ဒတော့ ပြင်းပြင်းပြပြ ဖြစ်နေမိပါသည်။
***
ဘာမှ မဖြစ်ဘူး အကောင်းကြီး အလတ်ကြီး ပူမနေနဲ့ 
ReplyDeleteဖတ်ပြီး ဘယ်သူ့ ကိုရည်ညွန်းရေးမှန်း မသိဘူး။
ReplyDeleteအဲလိုပဲ.. တခြားသူတွေ ဘလော့တွေမှာ တစ်ယောက်ယောက်ကို ရည်ညွှန်းရေးကြတယ်ဆို ဘယ်သူ့ ကိုပြောနေမှန်း ကိုယ့်ဘာသာ ဖော်ရလေ့ မရှိတာ ကိုယ် ဘလော့တွေကို အတော်ဖတ်ဖြစ်တယ်ဆိုပေမယ့် အဲလိုဖတ်လိုက်တာဟာ အပေါ်ယံလောက်ပဲဖတ်မိလို့ လားလို့ တောင် ထင်မိပါရဲ့။
ကျနော်ကတော့ သူ့ကို စာတွေ ဆက်ရေးစေချင်တယ်။
ReplyDeleteသူ အေးဆေးသွားရင် ပြန်လာလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်။
ကျနော်ထင်တဲ့သူနဲ့ မမှားဘူးဆိုရင်ပေါ့။
မရီတာ သူငယ်ချင်း စာရေးဖော်တွေကို ခုလို သတိတရ ရှိတာ ပီတိဖြစ်ရပါတယ်။
ကိုယ်သိတယ် သူ့ကို ...း)
ReplyDeleteအိမ်ရောက်မှ နောက်တစ်ခေါက် ပြန်ဖတ်မယ်။
နောက်တွေ့ရင် ပြောလိုက်ပါ
ReplyDeleteသတိရ ပါတယ်လို့
ညီမ ရီတာ..
ReplyDeleteစာရေးဖေါ်ဆိုတဲ့ ကြိုးထူထူတချောင်းကြောင့် ကိုယ်လဲ သူ့အတွက် အဲဒီလိုမျိုးလေး ရေးချင်နေတာပါ...
အခု ညီမက ကိုယ်ရေးချင်နေတဲ့ စာလုံးတွေ အတော်များများကို ရေးချပေးသွားတဲ့အတွက် ကျေနပ်ပြီး ကျေးဇူးတင်နေပါတယ်...။
ညီမရေးထားတာကို သူ ဖတ်မိခဲ့ရင်၊ ပြီးတော့ ကျန်တဲ့ စာရေးဖေါ်တွေရဲ့ ကော်မန့်တွေကို ဖတ်မိခဲ့ရင် အရင်ကလို စာတွေ ပြန်မရေးဖြစ်တောင်မှ သူ့ကို အခုလို နားလည်ကြတဲ့ ချစ်ခင်ကြတဲ့ စာရေးဖေါ်တွေ ရှိနေပါလားဆိုတဲ့ အသိနဲ့ သူ ကျေနပ်သွားမှာ သေချာပါတယ်...။
ဒီပိုစ့်လေးအတွက် ညီမရီတာကို ကျေးဇူး အများကြီး တင်ပါတယ်...။
တောက ကောင်လေးတစ်ယောက်ကိုပြောတာဆိုရင် အစ်မဆင်ကလည်း သတိရနေပါတယ်...
ReplyDeleteသူဘာဖြစ်လို့ ဆက်မရေးဖြစ်တော့တာ သိချင်မိတယ်။ ဘယ်အကြောင်းအရာကများ သူ့ကို စာဆက်မရေးဖြစ်အောင် တွန်းအားပေးခဲ့သလဲ ဆိုတာပါ။
ReplyDeleteထူးတော့ထူးဆန်းသား။ ကိုယ်ဘလော့မလုပ်ခင်ကတည်းက သူ့စာတွေကို ရင်းနှီးတယ်။
ကိုယ်တို့တွေ ဘုန်းကြီးကျောင်းမှာ ဆုံဖူးတယ်။ တရားစခန်းအတူဝင်ဖူးတယ်။ ရုပ်ရှင်တစ်ကားကို တစ်ဖွဲ့တည်းအနေနဲ့ အတူကြည့်ဖူးတယ်။ စာပေဟောပြောပွဲမှာ ဆုံဖူးတယ်။ အဲသည့်အထိ သူ့ကို ကိုယ်သတိမထားမိဘူး။ ဘလော့ဂါဘယ်သူဆိုတာ ကိုယ်မသိခဲ့ဘူး။
လူနဲ့နာမည်နဲ့ တွဲသိပြီးနောက်ပိုင်းမှာ တစ်ခါမှကို မဆုံဖြစ်တော့ဘူး။
ဖြစ်နိုင်ရင် သူ့ကို စာတွေ ဆက်ရေးစေချင်မိတယ်။ အမြဲတမ်းမဟုတ်ရင်တောင် စိတ်ကူးပေါ်တဲ့အခါလေးဖြစ်ဖြစ်ပေါ့။
ဒီပို့စ်လေးရော၊ ကော်မန့်တွေပါ သူဖတ်မိရင် သိပ်ကောင်းမှာ။
ရီတာရေ မအယ်လည်း ခဏခဏ သတိရတယ်။
ReplyDeleteမြန်မာပြည်များ အပြီး ပြန်သွားလား
စိတ်ဆင်းရဲနေတာလားပေါ့။
မအယ်
နှုတ်တော့ ဆက်သွား သား..။ ဘာကြောင့်မှန်း မသိတာ တခုပဲ။
ReplyDeleteဟင်...မသိဘူးတော့...အဲ သိတော့ နဲနဲ သိသလိုပဲ၊ ဟို အုံ့ပုန်းချစ် စာတွေရေးတဲ့ တယောက်လား...?
ReplyDeleteဟိုကလေးအဖေပါနဲ့ဆို နှစ်ယောက်
ReplyDeletesidebarတောင် ကြည့်ချင်စိတ်မရှိတော့ဘူး
ရီတာပြောတဲ့တစ်ယောက်နဲ့ တိုက်ဆိုင်ရင်ပေါ့။
ReplyDeleteငါးကြော်တိုင်း သတိရတယ်။ သူရေးထားတဲ့ကဗျာလေးကို သွားနောက်မိလို့လေ။
ဖိုးသင်္ကြန်...
ReplyDeleteside bar လေး ကြည့်ချင်စိတ် ရှိအောင် ဘာလုပ်ပေးရမလဲ ဟင်... မသိလို့ မေးတာပါ။
လူတော မတိုးတော့တဲ့ ရွာက အနူကြီးကို ပြောလိုက်ပါ။
ဓါတ်ပုံဆရာ သင့်ကို အလိုရှိသည်...
မှ... ဇူလိုင်
မှတ်ချက် ။ ကလေးအဖေ မဟုတ်ပါ။ ငှဲငှဲ...
I remember himmmmmmmmmmm.
ReplyDeleteHay... coming back .
If u don't want to come back.
contact with mail.
we r siblings of engineer group.
come back.
ဟုတ်ပ
ReplyDeleteစာမရေးတော့တာလုံးဝစိတ်မကောင်းဘူး
ဒါပေမယ့်
သူစိတ်ပါလာမှရေးပါစေတော့လေလို့
သဘောထားပြီး
အတင်းအကျပ်မတောင်းဆိုတော့ဘူး
contactတွေဖြတ်တောက်ပြီး
အေးဆေးနေချင်သရွေ့နေပါစေဦးလေဆိုပြီး
ပထမပိုင်းတော့ပူပန်စိတ်သံယောဇဉ်နဲ့
ဆက်သွယ်သေးတယ်
နောက်တော့အေးလူစွာနေချင်သူကို
့မနှောင့်ယှက်ချင်တာနဲ့
ဆက်သွယ်မှုကိုရပ်တန့်ထားခဲ့တယ်။
စာရေးသူအချင်းချင်းဆိုတော့လဲခက်သားလားနော်
သံယောဇဉ်ကအကိုရယ် အမရယ် မောင်ရယ် ညီမရယ်လို့ခံစားခင်မင်ရတော့လည်း.........
အင်းးးး
အစစအရာရာအဆင်ပြေပါစေ
ပျော်ရွှင်ပါစေလို့ပဲ
၂ယောက်စလုံးအတွက်ဆန္ဒပြုမိပါတယ်
ကလေးအဖေအတွက်ရောပေါ့
သိပ်တော့မပူနဲ့သူငယ်ချင်းရေ
ReplyDeleteနီးစပ်ရာအသိုင်းအ၀ိုင်းကပြောကြားချက်အရတော့
နေကောင်းကျန်းမာအလတ်ကြီးတဲ့
:)
ကိုယ်ကတော့
ReplyDeleteဒေါ်ရီတာ့ သူငယ်ချင်း ကိုမသိပါ
ထင်တာတယောက်တော့ရှိသည် ထင်တယ်ဆိုတာကလဲ ထင်တာပါပဲလေ နော် သိတာမှမဟုတ်တာ အဲ့တော့ အဲ့လူနဲ့ပတ်သက်ပြီး ပြောစရာမရှိပါ
ဒေါ်ရီတာ ကိုပဲပြောတော့မယ်
ဒီပိုစ့်ကို ဖတ်ပြီးတော့ ဒေါ်ရီတာ ကို စာတကယ် ရေးရင်ကောင်းမယ်လို့တွေးမိတယ်
ဒေါ်ရီတာ က စာဘတ်နာတယ်
အတွေးရှိတယ် အရေးရှိတယ်
အဂတိ တော့ လျော့ရမယ်
(ချစ်လို့ပြောတယ်မှတ်ပါ)
ခုလောလောဆယ်တော့ ဒီလောက်ပဲ ဝေဖန်အုံးမယ်
နောက်မှ
2008 ကုန်ခါနီးလောက် ကဆိုတော့ ဒို့တော့ မသိဘူး ဒါပေမဲ့ စာရေးဖော် သူငယ်ချင်း ကို သတိတရရှိတဲ့ ညီမ ကိုတော့ လေးစားပါတယ်
ReplyDeleteရွှေစင်
Some are never ever come back again.
ReplyDeleteThey have gone the way their choice.
Leave them.
But some are not.
I would like to recommend you to see the movie "HACHIKO, A DOG'S STORY" if you have a time.
A dog named HACHIKO! not Ritako.
This very special friend would accompany his master to the train station every day and return each afternoon to greet him.
Sadly his Master departs one day, pass away and never returns to the same.......
BINO
rita ရေးထားတာသိတ်ကောင်းတယ်.. ရီတာမှ ဟုတ်ရဲ့လားလို့တောင်အောက်မေ့တယ်။
ReplyDeleterita ပြောတဲ့အတိုင်းပါဘဲ။
ReplyDeleteမတွေ့တာ အတော်ကြာပြီ။ ဒါပေမယ့် ညနေက တွေ့ခဲ့လို့ သတိတရ ကွန်မန့်လာရေးတာပါ။ ပြုံးလို့ရွှင်လို့ အတော်စိတ်ချမ်းသာနေပုံ ရပါတယ်။ စိတ်မပူပါနဲ့။ :D
ReplyDeleteမမရီတာ
ReplyDeleteအမပြောသလိုဘဲ သူ့ကိုစာတွေ ဆက်ရေးစေချင်ပါတယ်.... ကိုယ်ရေးကိုယ်တာနဲ့ ဘလော့လောကကို တကန့်စီထားချင်တဲ့ သူ့ကို မေလေး ကိုယ်ရေးကိုယ်တာကိစ္စတွေ မမေးခဲ့ဖူးသလို အခုစာမရေးချင်တဲ့ကိစ္စကိုလည်း မသိချင်ယောင်ဆောင်ပီး မမေးဘူး.. သူကိုအကို့ရင်းတစ်ယောက်လိုဘဲခင်မင်မိပါတယ်.. သူ့ကျမ်းမာစွာနဲ့စင်ကာပူမှာ အလုပ်လုပ်နေဆဲပါအမ...
သည်ပို့စ်မှာ သူ့ comment တွေ့လိုက်ရသေးတယ်။ သူနဲ့ပတ်သက်ပြီး အဲဒါ recent အဖြစ်ဆုံးလို့ထင်တယ်။
ReplyDeletehttp://www.mogokthar.com/2009/07/blog-post_09.html