Tuesday, April 20, 2010
အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ - Myanmar Books Catalogue
Download လုပ်ရန် - အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ
Ning site ကို အလကားသုံးလို့ မရတော့ဘူးလို့ မနေ့က သတင်းကြားတယ်။ ညီလင်းဆက် လုပ်ထားတဲ့ site တွေ Ning မှာ တော်တော်များများ ရှိတယ်။ ကိုယ် အနှမျောဆုံးကတော့ Myanmar Books Catalogue site ပဲ။
မနှစ်ဆီကတော့ အဲဒီမှာ ကိုယ် ဖတ်ဖူးတဲ့ စာအုပ်တွေထဲက တချို့ကို review ပြန်ရေးခဲ့တယ်။ ပြီးတော့ ကိုယ်ပိုင် blog ပေါ် ပြန်တင်မယ် ဆိုပြီး မတင်ဖြစ်ဘူး။ ဟိုတလောက blog ပေါ်မှာ တင်ခဲ့တဲ့ မောင်သစ်ဆင်း ဝတ္ထုတိုများ စာအုပ်မျက်နှာဖုံးကို အဲဒီ site မှာ သွားတင်မယ် ဆိုတာလဲ မတင်ဖြစ်သေးဘူး။
အဲဒီမှာ ရေးဖူးတဲ့ review တချို့ကို ခုတော့ မဖြစ်မနေ ကိုယ့် blog ပေါ် ပြန်ရွှေ့ရတော့မယ်။
အရင်ဆုံးရေးမိတယ်ထင်တာလေးကို ပြန်ရွှေ့လိုက်ပါတယ်။ စာလုံးပေါင်း၊ အထားအသိုနဲ့ တချို့ဟာလေးတွေကလွဲလို့ ဘာမှ ပြန်မပြင်လိုက်ပါဘူး။
ဆရာမ "ဝင်းဝင်းလတ်" ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ"
26th Jan 2009 တုန်းက Myanmar Books Catalogue ရဲ့ ဒီနေရာ မှာ ရေးခဲ့တယ်။
ခုတလော ဘာမှ သိပ် စိတ်မပါဘူး။
အချိန်တော့ နည်းနည်းရသေးတယ် ပြောတယ်။
အဲဒီမှာ ရေးခဲ့ဖူးတာတွေ ဖြည်းဖြည်းချင်း ပြန်ရွှေ့သွားပါမယ်။
***
ဒီဝတ္ထု ကို မဟေသီ မှာကတည်းက စောင့်ဖတ်ခဲ့ရတာ။
၉ တန်းနှစ်တဝက်နဲ့ ကျောင်းပြောင်းရတော့ ကျောင်းအသစ်မှာ စာတွေက ဟိုတမျိုး ဒီတမျိုး မလိုက်နိုင် ဖြစ်နေခဲ့ချိန်မှာတောင် အဲဒီ ဝင်းဝင်းလတ် ရဲ့ အချစ်၏ နောက်ဆက်တွဲ နဲ့ ဟန်သစ် က နီကိုရဲ ရဲ့ (အရင်က မသီတာ) မကြည်ပြာ ကို မနေနိုင် မထိုင်နိုင် စောင့်ဖတ်ခဲ့ရတယ်။ ကိုယ်တော့ မောင်နှမတွေနဲ့ မလုရဘူး။ ဖေဖေနဲ့ လုခဲ့ရတာ။ နောက်တော့ အဲဒီစာအုပ် ၂ အုပ်လုံး ကိုယ်ပိုင် ဝယ်ခဲ့တယ်။ (ခုတော့လဲ ထားခဲ့ရပါပြီလေ။ မသေခင်ကတည်းက)
အဲဒီ ဝတ္ထုမှာလည်း စွဲကျန်ခဲ့တာလေး တစ်ခု နှစ်ခု ရေးပါဦးမယ်။
Dr. ခင်ဦးနွယ် ရဲ့ ex-husband Dr. အောင်သူရ နဲ့ Dr. သက်ဇော်နိုင် ကြားက အကြောင်းကို ပြန်ပြောတဲ့ စကား... "ယောက်ျားချင်း ရင်းနှီးနားလည်မှု" ဆိုတာ...
နောက်တခုက theater ထဲမှာ၊ လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ Dr. ခင်ဦးနွယ်က သူ့ရဲ့ ex-husband, Dr. အောင်သူရ အကြောင်း ပြန် ပြန်ပြောတတ်လေ့ရှိတယ် ဆိုတာနဲ့ ပတ်သတ်ပြီး Dr. ခင်ဦးနွယ်က Dr. အောင်သူရ ကို ရှင်းချက်ထုတ်တဲ့ အခန်း။
တခုလပ် မိန်းမတယောက်အတွက် သွေးတိုးစမ်းချင်သူ တစိမ်းယောက်ျားတွေကြားမှာ "သူကတော့ သူ့အရင် ခင်ပွန်းကို ခုထိ စွဲလမ်းနေတုန်းပဲ " ဆိုတဲ့ အထင်အမြင်ကို အကာအကွယ် တံတိုင်းတစ်ခုအဖြစ် ထားခဲ့တယ် ဆိုတာ။
အဲဒီ အတွေးကလေးကို တော်တော် အထိတ်တလန့်နဲ့ စွဲလမ်းမိပါတယ်။ ဆရာမက တကယ်တော့ တခုလပ်လဲ မဟုတ်ပါဘဲ ဒီအတွေးမျိုးလေး ဘယ်လိုများရခဲ့သလဲ လို့ တော်တော်လေး အံ့သြခဲ့ရပါတယ်။ တခုလပ် ပညာတတ် အရွယ်ရှိ မိန်းမတယောက်ရဲ့ ဘဝကို တော်ရုံမမြင်နိုင်တဲ့ မတွေးနိုင်တဲ့ ရှုထောင့်တမျိုးကနေ တွေးပြလိုက်တာ။ (ကိုယ့်ကို စာရေးဆရာလုပ်ဖို့ လက်လျှော့ သွားစေတာပဲ)
ပြီးတော့ တကယ်လဲ မစွဲလမ်း မနှစ်လိုတော့ပါဘဲ ဒီအထင်အမြင်လေးတစ်ခုအတွက်နဲ့ စွန့်ခွာချန်ရစ်ခဲ့တဲ့ ခင်ပွန်းဟောင်းအကြောင်းကို လူကြားသူကြားမှာ နှစ်လိုနေသေးသယောင် ပြောဆိုပြဖို့ဆိုတာ စိတ်ဓါတ်ခိုင်မာတဲ့ ထက်မြက်ထူးချွန်တဲ့ မိန်းမ တစ်ယောက်အတွက် ဘယ်လောက်များ ခက်ခဲလိုက်မလဲ။ သူ့'မာန' ဆိုတာတွေကို ဘယ်လောက်တောင် ခက်ခက်ခဲခဲ ချပစ် မေ့ပစ်ထားခဲ့ရပါမလဲ။
(ဝတ္ထုထဲက စကားအတိုင်း လိုက်ပြောရမယ်ဆိုရင်တော့... ကိုသူရတို့ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတွေရဲ့ အရှိန်အဝါ ဘုန်းတန်ခိုးကလည်း တယ်ကြီးသကိုး)
ဒီတော့ သုံးတောင်ဝတ် မိန်းမတွေမှာ အခန့်မသင့်ရင် အကာအကွယ်တို့၊ လုံခြုံမှုတို့၊ လူလေးစားမှုတို့ ဆိုတာတွေကို မာန နဲ့ လဲရပါလေရော လို့ မှတ်ချက်ချချင်မိပါတယ်။
အဲဒီထဲက Dr. ယဉ်မျိုးရဲ့ စရိုက်ကိုလည်း နှစ်ခြိုက်မိပြီး ဇာတ်ကောင်တွေ အားလုံးကို အပြင်မှာ တကယ်ရှိနေသလို လပေါင်းများစွာကို စွဲလမ်းနေခဲ့တယ်။
အဲဒီ ဝတ္ထုရဲ့ ဇာတ်သိမ်းပိုင်းကိုတော့ ပြောင်းပစ်ချင်ခဲ့မိပါတယ်။
ဆရာမ car accident နဲ့ ဆုံးတော့ တော်တော် နှမျော စိတ်မကောင်းဖြစ်ခဲ့ရတယ်။
ဆရာမရဲ့ ဝတ္ထုရှည်တွေ စုထုတ်ထားတဲ့ စာအုပ်တစ်အုပ်ပါ ဝယ်သိမ်းခဲ့သေးတယ်။
***
အဲဒါရေးတုန်းက ဝတ္ထုရှည်စာအုပ်ရဲ့ နာမည်ကို မေ့နေလို့ ထည့်မရေးခဲ့ရတာ။
ခုမှ သတိရတယ်။ နာမည်က "နန်းထဲမှာပင် အိုလေ့ မပျော်ရွှင်" တဲ့။
***
15 comments:
  1. ဒီနေ့ ဝင်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာများအကြောင်းရေးထားတာကို ဖတ်ရတာ ၂ခါရှိပြီ...... တို့လည်းမဟေသီမှာ စောင့်ဖတ်ခဲ့ရတာ.... အခုပြန်ဖတ်ချင်နေပြီ... စာအုပ်သွားရှာဦးမှပဲ......... :)
    ReplyDelete
  2. ကိုယ်သိပ်ကြိုက်ပြီး အပိုင်မရှိသေးတာ ဒီစာအုပ်ပဲ။ ကိုယ်ထွက်လာတုန်းက လုံးချင်းမထုတ်ရသေးဘူးထင်တယ်။ ဒီတစ်ခါပြန်ရင် ၀ယ်ခဲ့မယ်။
    ဆရာမဆုံးတုန်းက တို့လည်း တော်တော်စိတ်မကောင်းဖြစ်သွားတာ။ သူ့စာတွေ ထပ်ဖတ်ခွင့်မရတော့ဘူးဆိုပြီး။း(
    ReplyDelete
  3. ကျွန်မလဲ ဇာတ်သိမ်းကိုပြောင်းပစ်ချင်ခဲ့မိတာ...
    ReplyDelete
  4. ဟုတ်တယ်..ကျွန်မလဲပြောင်းပစ်ချင်ခဲ့မိတာ....
    ReplyDelete
  5. I also like this story very much. I think she was died by Cancer but I am not sure.
    ReplyDelete
  6. ဒေါက်တာ ဝင်းဝင်းရှိန် (ခ) စာရေးဆရာမ ဝင်းဝင်းလတ် က 2006 ပတ်ဝန်းကျင်လောက်မှာ NGO တစ်ခုမှာ အလုပ်လုပ်နေဆဲ၊ အင်းစိန်ထောင်မှာ ပညာပေးသင်တန်းတစ်ခုပေးပြီး အပြန် ဘုရင့်နောင် ပိတောက်ချောင်းရဲစခန်းနားမှာ သူစီးလာတဲ့ကားနဲ့ တခြားကားတစ်စီး တိုက်မိပြီး ကွယ်လွန်ပါတယ်။
    အဲဒီနေ့က အင်းစိန်က အပြန် လုပ်ဖော်ကိုင်ဖက်တချို့ကို ကားကြုံခေါ်တင်လာတာမို့၊ ဆရာမက အရင် ကားနောက်ခန်းမှာ ထိုင်နေကျကနေ ကားရှေ့ခန်း၊ ဒရိုင်ဘာဘေးကို ပြောင်းထိုင်ခဲ့တယ်။ လူကြုံပါလာတဲ့လူတွေ လမ်းတဝက်မှာ ဆင်းကျန်နေရစ်တော့လည်း နောက်ကို ပြန်မရွှေ့ဖြစ်တော့ပဲ ရှေ့မှာပဲ ဆက်ထိုင်ခဲ့တယ်။ အခင်းဖြစ်တော့ ဆရာမ စီးလာတဲ့ အခြမ်းကို အတိုက်ခံရတယ်။ on the spot ဆုံးသွားတယ် ဆိုတယ်။
    တချို့ကလည်း အရင်လိုသာ နောက်ခန်းမှာ စီးခဲ့ရင် ခုလောက်ထိ ဖြစ်ချင်မှဖြစ်မယ် ပြောကြတယ်။
    ဘာပဲဖြစ်ဖြစ် သူ့ဆီက အနုပညာရော၊ ဆေးပညာနဲ့ပတ်သတ်တာတွေရော အများကြီး မျှော်လင့်နိုင်သေးတဲ့ အချိန်မှာ ခုလိုဖြစ်ရတာ အတော် ဝမ်းနည်း နှမျောဖို့ကောင်းတဲ့ ဆုံးရှုံးမှုတစ်ခုလို့ ခံစားမိပါတယ်။
    သူဆုံးသွားတော့ မဟေသီမှာ ရေးလက်စ အခန်းဆက် "ဘဝ၊ အလုပ်နှင့် အချစ်ကို တည်ဆောက်ခြင်း" က အပြီးမသတ်သေးဘဲ ကျန်ခဲ့တယ်။
    FYI ပါ။
    :)
    ReplyDelete
  7. So, I am wrong. :(
    Thanks for clearing.
    ReplyDelete
  8. Is it possible to re-post the pdf file of the novel? I wasn't able to download it from the site you've directed at the older post. Thanks millions!
    Alice
    ReplyDelete
  9. အရင် post မှာ ချိတ်ပေးထားတဲ့ scrib က link မှာလည်း ဝတ္ထု အစ/အဆုံး မပါဘူး ဖြစ်နေတယ်။ တဝက်တပျက်နဲ့မို့ ဖတ်မိရင် မဆတ်တငံ့ ဖြစ်နေပါလိမ့်မယ်။ dl မရဘူး ဆိုပေမယ့် ဒီတိုင်း ဖတ်လို့တော့ ရမယ်ထင်ပါတယ်။
    အဲဒီစာအုပ်ကိုလဲ အဲဒီတနေရာမှာပဲ တွေ့မိပါတယ်။ တခြားမှာ တင်ထားတာ တွေ့ခဲ့ရင်တော့ side bar မှာ ဖြစ်ဖြစ်၊ post သပ်သပ် တင်ပြီးတော့ ဖြစ်ဖြစ် ချိတ်ပေးသွားပါမယ်။
    အကောင်းဆုံးကတော့ မြန်မာပြည်ကို လှမ်းမှာတာပါပဲ။
    ;)
    ReplyDelete
  10. http://www.myanmarebooks.net/?p=1404
    ဒီ link မှာ dl ကြည့်ပါဦး။
    ခုပဲ google ကြည့်လိုက်တာ။
    ReplyDelete
  11. ရပါတယ်။ အဲဒီ link မှာ အစ/အဆုံး ပါပါတယ်။
    ReplyDelete
  12. wow that was very fast! Thank you very, very much :)
    -Alice
    ReplyDelete
  13. ကိုယ်တော့ မောင်နှမတွေနဲ့ မလုရဘူး။ ဖေဖေနဲ့ လုခဲ့ရတာ။
    You made me smile.
    BINO
    ReplyDelete
  14. Hi, Sis
    Lazy to log in, register account. Pls help to submit below comment on your blog after you read.
    ဆရာမ "ဝင်းဝင်းလတ်" ရဲ့ "အချစ်၏ နောက်ဆက်တွဲ စာမျက်နှာ"
    - ကြိုက်လွန်:လို့အပိုင်ဝယ်သိမ်:ထားပါတယ်၊ နောက်ဆုံးခန်:မှာ ခင်ဦးနွယ် (မခင်ဦးမေ မဟုတ်) ကိုပေးညားသင့်မညားသင့် အမေနဲ့ ထငြင်းတာ ရန်တောင်ဖြစ်တော့မလို့ ဟိ ကိုက ညားရမယ့်ဘက်က၊ ခါးသီးတဲ့ဘဝမှာ ပျားရည်ချိုလေး၁စက်၂စက်တော့ သောက်ခွင့်ရဦးမှလို့ ကိုယ်ကသဘောရလို့ပါ၊ အမေကတော့ ၁ခါသေဘူးတာတောင် မမှတ်ဘူးလို့ ယူဆတယ် ရီတာကရော? ကြုံလို့ပြောရရင် အရိပ် ဝထ္တုဖတ်တုန်းကလဲအဲလိုပဲ အမေနဲ့ထငြင်းတာ၊ အမေက မိဘဘက်က၊ ကိုယ်က သားသမီးဘက်က ဟီး
    Khayayphyu
    ReplyDelete
  15. ကျေးဇူး ခရေဖြူ
    :D
    ကိုယ်တော့ ဘယ်သူနဲ့မှ မငြင်းခဲ့ရဘူး။ အခွင့်မသာလို့။ အပြင်လောကမှာတော့ ခရေဖြူပြောသလို ဖြစ်သင့်ပါတယ်လေ။ ဒါပေမဲ့ ဝတ္ထုအနေနဲ့ကျတော့ လွမ်းပြီးသိမ်းရင် ပိုထိပြီး ပိုစွဲမယ် ထင်ခဲ့တယ်။ ကလေးတွေလည်း ကြီးမှတော့...
    ReplyDelete