Monday, March 8, 2010

ရွှေအဆင်း နေပွင့်တဲ့ အရပ်ဒေသ (၆)


ကြိုးကြာငှက်တွေဟာ ကမ္ဘာ့တဘက်ခြမ်းကနေ နောက်တဘက်ခြမ်းကို ပျံသန်းပြီး ဥ ဥကြတယ်။
အကောင်ပေါက်လာတဲ့ ငှက်ကလေးတွေက အချိန်ကျတော့ သူတို့မူရင်းနေရာကို ပြန်ကြတယ်။

***

ငှက်ကလေးတွေဟာ တခါမှ မရောက်ဖူးသေးတဲ့ သူတို့ရဲ့ မူရင်းဇာတိကို
မိုင်ထောင်ချီပြီး ပျံသန်းလာနိုင်တာဟာ ဘာကြောင့်များလဲ။

ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ သူတို့ရဲ့ အသွေးအသားထဲမှာရှိနေတဲ့ ဇာတိမြေရဲ့ ရနံ့ကို မှတ်မိသိရှိနိုင်လို့ပေါ့။


***





ဘယ်တော့မှ ဆန်းသစ်မလာတဲ့ နေရာ...
တနည်း... ဘယ်တော့မှ ရိုးမသွားတဲ့ နေရာ...


ဒီထက်ပိုလို့... ကိုယ်ဘယ်နေရာမှာပဲရှိနေပစေ၊ မျက်စေ့မှိတ်လိုက်ရုံနဲ့ ကိုယ့်အသိအာရုံတွေထဲကတဆင့် အချိန်မရွေး ပြန်ရောက်နိုင်စွမ်းတဲ့ နေရာ...


ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြေရဲ့ ရနံ့က ကိုယ့်အသွေးအသားတွေထဲမှာ ရှိနေတာမို့လို့ပေါ့။

***

ရာသီတပေါင်း၊ ထနောင်းကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော်လည်း မိုးမသည်း။



















ပညာပြပြီး ရိုက်ထားတာတော့ မဟုတ်ဘူး။
ကားမောင်းနေတုန်းမို့ ဖုန်းကင်မရာနဲ့ လက်ကလဲ တုန်သွားလို့ ဒီပုံဖြစ်သွားတာ။


***















နိုင်ငံခြားမထွက်ခင် April 2007 မှာ နောက်ဆုံး ပြန်ဖြစ်တယ်။
ခု ပြန်ရောက်တဲ့ရက်က 10th February 2010 ဆိုတော့ ၃ နှစ်နီးပါး ပြန်မရောက်ဖြစ်တာပေါ့။
ဘာမှမပြောင်းလဲနိုင်သေးတဲ့ နေရာတွေ...

ပြောင်းလဲတာ ဆိုလို့ 88 မတိုင်ခင်က
မှန်မှန်ရတဲ့ မီးနဲ့ သတင်းစာ မှန်မှန် မရတော့တာပဲ ရှိမယ်ထင်တယ်။

သြော် ကျန်သေးတယ်။ 88 မတိုင်ခင်က လေယာဉ်ဆင်းတဲ့ ပခုက္ကူက ကွင်းထဲ ခုတော့ ပုစဉ်းတောင် ဆင်းသေးရဲ့လားမသိဘူး။

***

ထနောင်းပင် (သို့) သနပ်ခါးလိမ်းထားတဲ့ သစ်ပင်
(ထနောင်းပင်ရဲ့ အခေါက်က အဝါရောင်မို့လို့။ ဖုန်းကင်မရာက မကောင်းတာရယ်၊ ကားမောင်းနေတုန်း၊ ဆိုင်ကယ်မောင်းနေတုန်း ရိုက်ခဲ့တဲ့ ပုံတွေဖြစ်တာရယ်နဲ့ သေချာ မမြင်ရတော့ဘူး။ တောင်းပန်ပါတယ်။)


ထနောင်းပင်က သနပ်ခါးလိမ်းထားတဲ့ သစ်ပင်ဆိုရင်၊ ယူကလစ်ပင်က ပေါင်ဒါရိုက်ထားတဲ့ သစ်ပင်ပေါ့။




ဒါတွေကို နှစ်သက်ကြည်မွေ့ပေမယ့်၊ ဘဝမှာ ဒါတွေနဲ့ မလုံလောက်နိုင်တဲ့အခါ ဒါတွေထက်မကတဲ့ အရာတွေနောက်ကို လိုက်မိတယ်။
ဒါပါပဲ...

***
အိမ် (သို့) မေမေ ရှိတဲ့နေရာ...









July လည်း ကြည့်ချင်တယ် ဆိုတာနဲ့ အိမ်ပုံ တင်မလို့ပါပဲ။
ဒါပေမဲ့ မတင်ဖြစ်တော့ပါဘူး။

***

ဂျပန်ပြည်မှ နပန်းသမားလေး :)



second cousin မောင်လေး။ အဒေါ်ဝမ်းကွဲက မွေးတာ။
သူ့မေမေအကြောင်း ဒီဘလော့မှာ နည်းနည်း ရေးဖူးတယ်။
သူ့မေမေနဲ့ ကိုယ်နဲ့ ၁၈ နှစ် ကွာပြီး တူဝရီး၊ သူနဲ့ကိုယ် ၁၇ နှစ်ကွာပြီး မောင်နှမ။ ဒီနှစ် ၇ တန်း။

ငယ်ငယ်တုန်းက အဲဒီကောင်လေးဟာ ကလေးလေး ပေါ့ လို့ ပြောရင် ရယ်စရာကြီး ဖြစ်နေမလား။ တွေ့တွေ့ချင်း ကိုယ်ထိုင်နေတဲ့နေရာလာတော့ သူ့ခါးကို ဖက်ပြီး "အမလေး ဆူမိုနပန်းသမားကြီး ကျနေတာပဲ" လို့ ပြောမိတယ်။ ကိုယ်က သူ့တစိတ်လောက်ပဲ ရှိတယ်။

ကိုယ်သွားတဲ့အချိန်က ကျောင်းပိတ်ချိန် မဟုတ်တော့ မောင်နှမဝမ်းကွဲတွေ ရန်ကုန်မှာ၊ မန္တလေးမှာ ကျောင်းတက်နေကြတယ်။ သူရယ် သူ့အထက်က ညီမတယောက်ရယ်ပဲ တွေ့ခဲ့ရတယ်။ ဝမ်းကွဲတွေထဲမှာတော့ သူတို့ အငယ်ဆုံးပဲ။

အညာမှာတော့ တဝမ်းကွဲ၊ နှစ်ဝမ်းကွဲရယ် မရှိပါဘူး။ အနေနီးရင် အရင်းလိုပါပဲ။

သူ့ကို ကြည့်ရင်း သူငယ်ငယ်တုန်းက ကလေးလေးပေါ့ ဆိုတဲ့ အတွေးကို ခဏခဏ ပြန်တွေးမိတယ်။ သူ ၃/၄ နှစ်အရွယ်တုန်းက ကိုယ့်ဆီ မလိုက်ချင်တဲ့ ကလေးသေးသေးကို ချော့မော့ပြီး ချီခဲ့ရတာ သတိရမိတယ်။

ကိုယ် အလယ်တန်း၊ အထက်တန်းအရွယ်တုန်းက တနှစ်တခါ ပြန်လာလို့ လူကြီးတွေက "ကြီးသွားလိုက်တာနော်။ ကြီးသွားကြပြီနော်" လို့ ပြောရင် ဘာမှ အလေးအနက် မရှိမိပါဘူး။ စိတ်ထဲ "လူပဲ။ ကြီးလာတာ ဘာဆန်းလို့လဲ" လို့များ တွေးခဲ့မိသေးလား မသိ။

ခုမှ ပြန်သတိထားမိပါတယ်။
အဲဒီ စကားသံတွေထဲမှာ နှမျောတသတဲ့ ခံစားမှုတစ်ခု ပါနေသေးတယ်ဆိုတာ...

ကိုယ့်မောင်လေး လူကြီးဖြစ်သွားတာ ကိုယ်တော့ သိပ်နှမျောတာပဲ။

***
ပထမဆုံးစာပိုဒ်က တရုတ်ရုပ်ရှင်ကားတစ်ကား အကြောင်းရေးထားတဲ့ ဒေါက်တာမတင်ဝင်း ဆောင်းပါးတစ်ပုဒ်မှာ ဖတ်ခဲ့ဖူးတဲ့ အကြောင်းအရာပါ။ ကြိုးကြာငှက်လို့ မှတ်မိနေလို့ အဲဒီတိုင်းရေးမလို့ ပါပဲ။ ဒါပေမဲ့ အင်တာနက်မှာ ကြိုးကြာတွေ အကြောင်းရှာတော့ လိုချင်တဲ့ အချက်တွေကို မတွေ့ဘူး။ ဘယ်ချိန်မှာ ဥ တယ်။ ကမ္ဘာ့ဘယ်ဘက်ခြမ်းကနေ ဘယ်ဘက်ခြမ်းကို ပျံကြတယ် ဆိုတာ ရှာမတွေ့ဘူး။ ကိုယ်စိတ်မရှည်တာလဲ ဖြစ်နိုင်ပါတယ်။
ဒါနဲ့ပဲ အဆင်ပြေသလို ရေးထားပါတယ်။

သိတဲ့သူ ပြောသွားနိုင်ပါတယ်။ စိတ်မဆိုးပါ။ :)

***
ဒီ post ရေးရင်း ဘာဖြစ်လို့မှန်းမသိ ဝမ်းနည်းတယ်။

***

16 comments:

  1. ဝမ်းမနည်းပါနဲ့။

    ReplyDelete
  2. 88မတိုင်ခင်က.. 88 မတိုင်ခင်က..... ဖတ်ရပြီး တွေးမိတာက
    88မတိုင်ခင်က.. နဲ့ 88ပြီးနောက် နာမည်သာပြောင်းပြီး
    ဘာတစ်ခု မပြောင်းလဲတဲ့နောက်
    ဘာမှ ပြောင်းလဲခွင့်မရတဲ့နောက်
    ဘာမှပြောင်းလဲလာမှာ မဟုတ်ပါဘူးညီမရယ်။

    ReplyDelete
  3. တို့မရောက်ဘူးတဲ့မြို့မှာ ပခုက္ကူလည်းပါတယ် သိလား....။ တစ်ခေါက်ပြန်တစ်နေရာတော့ ရောက်အောင်သွားမယ် စိတ်ကူးတယ် ။

    ReplyDelete
  4. လွမ်းသွားတယ်...

    ReplyDelete
  5. ကိုယ်ပြန်သွားတုန်းက မြင်သမျှအရာတွေအားလုံးဟာ အရင်ကအတိုင်းပါပဲလားလို့ထင်လာတာ...လားလား..ကလေးတွေနဲ့တွေ့တော့မှ ပါးစပ်အဟောင်းသားဖြစ်သွားတယ်...။ ကိုယ်သွားတုန်းက ပိစိလေးတွေက အခု ကိုယ့်ခါးလောက်တွေ ကိုယ်နဲ့အရပ်ချင်းယှဉ်လို့ရတဲ့သူတွေဖြစ်နေတော့တာ.....။ တစ်ချို့ဆို ကိုယ်မှတ်တောင်မမှတ်မိဘူး...။ အင်းးး...အဲဒီတော့မှ ကိုယ့်အသက်ကိုကိုယ် သတိထားမိတယ်....။

    ReplyDelete
  6. အိမ် ပုံလေးတော့ တင်ပါကွယ်။ ဆရာ့ လက်ရာမို့လို့ လေ့လာချင်ပါတယ်။ တွေ့ချင်မိပါတယ်။ =)

    ReplyDelete
  7. ရွှေက်စက်တှော၊ ပုံဂံ၊ ညောင်ဦး ကပြန်တိုင်း လက်ပံခြေပှောကနေ ဇက်ကူးပြီးတိုင်း ပခုကဿကူကို ဖြတ်သွားနေကျ။ ဈေးထဲကနေလဲ ဖိနပ်တွေ အမြဲတမ်း ဝယ်တတ်တယ်။ ဘုရားကြီးကိုလဲ ရောက်ဖြစ်တယ်။

    ကျွန်တှောအစ်မလည်း အဲသလိုနှမျောနေမလားဆိုပြီး ဝမ်းနည်းသွားပြီ။

    ReplyDelete
  8. အညာပုံတွေကြည့်ပြီး အိမ်ကိုပြန်လွမ်းသွားမိသည်။

    ReplyDelete
  9. တွေ့တွေ့ချင်း ကိုယ်ထိုင်နေတဲ့နေရာလာတော့ သူ့ခါးကို ဖက်ပြီး "အမလေး ဆူမိုနပန်းသမားကြီး ကျနေတာပဲ" လို့ ပြောမိတယ်။ ကိုယ်က သူ့တစိတ်လောက်ပဲ ရှိတယ်။

    miss my nephew.

    88မတိုင်ခင်က.. 88 မတိုင်ခင်က..... ဖတ်ရပြီး တွေးမိတာက
    88မတိုင်ခင်က.. နဲ့ 88ပြီးနောက် နာမည်သာပြောင်းပြီး
    ဘာတစ်ခု မပြောင်းလဲတဲ့နောက်
    ဘာမှ ပြောင်းလဲခွင့်မရတဲ့နောက်
    ဘာမှပြောင်းလဲလာမှာ မဟုတ်ပါဘူးညီမရယ်။

    copied from ma Mon.

    ReplyDelete
  10. I liked your title and got same feeling what you said at the end.

    ReplyDelete
  11. ပုံတွေတစ်ဝကြီးကြည့်ပြီး မရောက်ဖူးတဲ့ အညာကို လွမ်းသွားတယ်။
    “ထနောင်းပင်က သနပ်ခါးလိမ်းထားတဲ့ သစ်ပင်ဆိုရင်၊ ယူကလစ်ပင်က ပေါင်ဒါရိုက်ထားတဲ့ သစ်ပင်ပေါ့” ဆိုတာလေး သဘောကျသွားတယ်။
    ကိုယ်လည်း မပြန်ဖြစ်တာ သုံးနှစ်ကျော်ပြီ။ ဆုတ်ယုတ်လာတဲ့ ပြောင်းလဲမှုတွေကိုပဲ ဘယ်အချိန်အထိ ...
    လွမ်းနေရင်း စိတ်မကောင်းဖြစ်သွားတယ်း(

    ReplyDelete
  12. ရေးထားတဲ့ စာအနဲအကျဉ်းနဲ့ တင်ထားတဲ့ ပုံတွေကြည့်ပြီး၊ အပြတ်ခံစားနာကျင်နေတုန်း....
    ပိုစ့်အဆုံးမှာ အမလဲဝမ်းနဲတယ်ဆိုလို့ ၀မ်းသာသွားတယ်။
    သြော်... ငါတယောက်ထဲ မဟုတ်ပါလားလို့းး))

    ReplyDelete
  13. အင်းပခုက္ကူဘက်တော့ တစ်ခါမှ မရောက်ဖြစ်ဘူး။ မကွေးဘက်တော့ ဓါတ်ပုံတော့ ရိုက်တယ်။ ကားကညခရီးဆိုတော့ မရီတာလောက် ပုံသိပ်မရိုက်လိုက်ရဘူး။

    ပုံတွေကြည့်ရတာ လွမ်းစရာကြီး

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  14. Flamingo ရော Crane ရော မြန်မာလို ကြိုးကြာပဲ ခေါ်တယ်ထင်တယ်။ Flamingos are generally non-migratory birds. လို့ ဆိုကြပါတယ်။

    Migration လုပ်တာ Crane ပါ။

    http://en.wikipedia.org/wiki/Siberian_Crane

    http://www.savingcranes.org/studyingcranemigration.html

    ReplyDelete
  15. ကျေးဇူးပါ အစ်ကို။
    ဒေါက်တာ မတင်ဝင်း ဆောင်းပါးရေးတဲ့ ကားကတော့ The Crane Flying Back တဲ့။ တရုတ်ရုပ်ရှင်ပါ။ 1982 ကကား။ (ကိုဘွိုင်းဇ် ရှာပေးလို့။)

    နောက်မှ ငှက်တွေ အကြောင်း သေချာပြန်ကြည့်ပါဦးမယ်။

    ReplyDelete
  16. Thanks for sharing.

    I've sent about migrant birds to you.

    BINO

    ReplyDelete