Saturday, October 31, 2009

နေမျိုးဆေး နဲ့ မင်းထင်ကိုကိုကြီး ရဲ့ ကဗျာ


အသံထွက်သော အရာများ


ဖား

ခုံဖိနပ်

လင်းကွင်း
ဓါတ်စက်

တွံတေးသိန်းတန်

အမွေ

မာမီ နဲ့ ကျွန်တော့် ချစ်သူ


(နေမျိုးဆေး)

***

စင်အောက်က လူ


ဘာရယ်မဟုတ်

တငုတ်တုတ်နဲ့

ကျုပ်တို့မတော့ ညောင်းလှပြီ


(မင်းထင်ကိုကိုကြီး)


***
နေမျိုးဆေး
ကဗျာကတော့ ကျောင်းပြီးမှ မဟေသီထဲမှာ ဖတ်ခဲ့ရတာ။
စာသားတွေ အကုန် အလွတ်မရတော့ဘူး။ နည်းနည်း ကျန်သေးတယ်လို့ ထင်တယ်။
ရသလောက်လေးပဲ ချရေးထားလိုက်တယ်။
သူ့ idea လေး လှလွန်းလို့ပါ။

သိတဲ့သူ ရှိရင် ပြင်ပေးသွားနိုင်ပါတယ်။

ကူးမထားလိုက်မိတာ နောင်တရလိုက်တာ။


မင်းထင်ကိုကိုကြီး
ကဗျာကိုတော့ အလယ်တန်းလောက်မှာ ဖတ်ခဲ့ရတယ်။
'92/3 ပတ်ဝန်းကျင် မြားနတ်မောင် မဂ္ဂဇင်းမှာလို့ ထင်တာပဲ။

သေချာ မမှတ်မိတော့ဘူး။
အဲဒီတုန်းက သူ့ pen name နောက်မှာ မြန်မာ့ရုပ်သံ ဆိုတာတောင် ပါသေးတယ် လို့ ထင်တယ်။
နောက်ပိုင်း သူ ဒါရိုက်တာ လုပ်တော့ နာမည်ကြားတာနဲ့ ဒီကဗျာကို ကိုယ် သတိရမိတယ်။

သူ့မှာ ညောင်းမယ့်သာညောင်းတယ် အဲဒီတုန်းက ၄, ၅ နှစ် ရှိသေးတာ။

***

တကယ်တော့ ကဗျာတွေကို သိပ် စိတ်မဝင်စားဘူး။

ဖတ်ရတာလည်း ပျင်းတယ်။

ဖတ်မိတဲ့ ကဗျာအရေအတွက်က နည်းနည်းပဲ ရှိတယ်။

အဲဒီလို ကဗျာပုံစံမျိုးလေးတွေ ပိုကြိုက်တယ်။


မလိုအပ်ဘဲ အလွန်အကျူး ဖွဲ့နွဲ့ထားတာမျိုး မဟုတ်ဘဲ ထိထိရောက်ရောက် ရေးနိုင်တဲ့ အချစ်ကဗျာတွေလည်း ကြိုက်ပါတယ်။
ဘဝကို ငိုချင်းချနေတတ်တဲ့ ညည်းချင်း ကဗျာမျိုးတွေ ဖတ်ရရင်တော့
စိတ်ညစ်မိတာ ဝန်ခံရမယ် (ကိုယ့်ဘာသာ အလိုလိုမှ ညစ်ရတဲ့ထဲ)

ကဗျာတွေကို ဘာလို့ ဒီလောက်တောင် မှတ်မိနေလဲ ဆိုတော့ ကြိုက်တဲ့ ကဗျာတွေက နည်းနည်းပဲ စိတ်ထဲရှိလို့ ရှိသမျှလေးကို မှတ်မိနေတာ ထင်တယ်။


***

Thursday, October 29, 2009

... ဖတ်ဖို့

ကိုယ် ငယ်ငယ်လေးတည်းက စာအုပ်တွေကို စွဲလမ်းတယ်။

စာမဖတ်တတ်ခင်က လူကြီးတွေကို "ပုံပြောပြ" ဆိုပြီး အလုပ်ပေး၊ အိမ်မှာရှိတဲ့ ပေဖူးလွှာ၊ ရှုမဝ မဂ္ဂဇင်းဟောင်းတွေ ဆွဲယူလာ၊ ကာတွန်းပါတဲ့ စာမျက်နှာတွေ လှန်ပြီး "စာဖတ်ပြ" ဆိုပြီး အလုပ်ပေးတတ်တယ်။ မိဘတွေ၊ အဘိုးအဘွားတွေ၊ ဦးလေးအဒေါ်တွေ၊ အိမ်မှာနေရင်း ကျောင်းလာတက်တဲ့ ဆွေမျိုးနီးစပ် အစ်မတွေ ဘယ်သူမှ မကျန်ဘူး။

အဲဒီ မဂ္ဂဇင်းတွေထဲက ကာတွန်းအောင်ရှိန်ရဲ့ စံပ၊ မယ်ခ နှစ်မျက်နှာ ကာတွန်းတစ်ခုကိုဆို ကြိုက်လွန်းလို့ အထပ်ထပ် ဖတ်ပြခိုင်းရာကနေ အလွတ်ပါ ရသွားရော။ အိမ်ကို ဧည့်သည်လာရင် (လူကြီးတွေကလည်း မြှောက်ပေးတော့) အဲဒီ စာအုပ်ကို ကိုင်ပြီး စာပဲဖတ်တတ်သလိုလိုနဲ့ အလွတ်ရွတ်ပြီး ကြွားရတာ အမော။ (ဒါတွေကတော့ ကိုယ့်မှတ်ဉာဏ်နဲ့ မမှတ်မိတော့ပါဘူး။ လူကြီးတွေ အပြောနဲ့သာ မှတ်မိရတော့တာ။)

အဲဒီအချိန်တည်းက ဖေဖေက ကိုယ့်အတွက် စာအုပ်တွေ ဝယ်ပေးနေခဲ့ပြီ။ စာပေဗိမာန်ကထုတ်တဲ့ တေဇ၊ ရွှေသွေး ပေါင်းချုပ်တွေ အမြဲဝယ်ပေးနေခဲ့တယ်။

(ကြုံလို့ ပြောရရင် '88 မတိုင်ခင်ထိ ကိုယ်တို့မြို့မှာ သတင်းစာ နေ့ချင်းရနေတာ သတိရမိတယ်။ အဲဒီကိစ္စ လူကြီးတွေကို မေးမယ် မေးမယ်နဲ့ သေချာလဲ မမေးဖြစ်ပါဘူး။ စိတ်ထင်တော့ အဲဒီတုန်းက ပခုက္ကူလေယာဉ်ကွင်းကြောင့်လို့ ထင်တာပဲ။)

အော်... အဲဒီတုန်းကတော့ ညကျ "ကြောင်နဲ့ ကြွက်" ကာတွန်းကား လာမယ်တဲ့ ဆိုလည်းပျော်၊ "သစ်တောက်ငှက်ကလေး ဝူဒီ" လာမယ်ဆိုလည်းပျော်၊ "ပရေရီမြက်ခင်းပေါ်က အိမ်ကလေး" လာမယ် ဆိုလည်းပျော်၊ ပျော်စရာတွေ တယ်ပေါတာပဲ။ (အဲဒါကတော့ နည်းနည်းကြီးတဲ့ အရွယ်ပေါ့လေ။) ခုတော့လည်း ဟက်ဟက်ပက်ပက် ပျော်တယ်ဆိုတာ မရှိတော့ပါဘူး။ ထီ ဆုကြီး ပေါက်ရင်တောင် ငယ်ငယ်က ကာတွန်းကား ကြည့်ရတာလောက် ပျော်မယ်မဟုတ်ဘူး ထင်တယ်။

ထားပါတော့။ အဲလို စာအုပ်တွေ ဖေဖေ ဝယ်ပေးရင်လည်း သိပ်ပျော်တာပဲ။
ဖတ်ပြရမယ့် လူကြီးတွေကတော့ ပါးစပ်က အမြှုပ်ထွက်အောင် ဖတ်ပြရတော့မှာကို သိတော့
ပျော်ချင်မှ ပျော်မယ်။


ဖေဖေဆိုရင်လည်း စာဖတ်ပြရတာတင် မကဘူး။ ပုံပြင်ကို အမျိုးမျိုး တီထွင်ပြီးပြောရတာ။
သူ့ဘိုးဘိုးရဲ့ မြင်းကြီးကို ခိုးစီးပြီး (အဲဒီထဲမှာ မြင်းကလည်း အလိုတူ အလိုပါရယ်) မနက်အစောကြီး အလည်လျှောက်သွားတဲ့ "ယုန်ကလေး ဖိုးခွေး" တို့၊ လူကြီးတွေ စကားကို နားမထောင်ဘဲ တစ်ယောက်တည်း လျှောက်သွားလို့ စုန်းမကြီးဆီ ရောက်သွားတဲ့ "ရွှေလိပ်ပြာလေး မရှပ်တေး" တို့ ဆိုတာ တကယ့် စာစောင်လေးတွေထဲက ဇာတ်လမ်းလိုပဲ။ ဖေဖေက အဲဒါမျိုးတွေ ပြောရတာ သိပ်ဝါသနာပါတယ်။ ရီလဲ ရီရတယ်။


နောက် ထူးခြားတာ... ကိုယ် ခုချိန်ထိ မှတ်မိနေမိတာ တစ်ခုက ဝယ်လာပေးတဲ့ စာအုပ်တွေ
ရှေ့ဆုံး စာမျက်နှာမှာ "သမီး .... (ပြီးတော့ ကိုယ့်ရဲ့ အိမ်နာမည်) ဖတ်ဖို့" လို့ ဖေဖေက အမြဲရေးတယ်။ အဲဒီ ရှေ့ဆုံး စာမျက်နှာက "သမီး .... ဖတ်ဖို့" ဆိုတာကို မေမေဖတ်ပြတော့ ကိုယ်က မေးမိတယ်။ "ဖတ်ဖို့ လို့ ဘာဖြစ်လို့ ရေးတာလဲ မေမေ" လို့။ မေမေက "ဖေဖေက သမီးကို ချစ်လို့ပေါ့" လို့ ပြန်ဖြေတယ်။


ထူးဆန်းတယ်။ မေမေ အဲလို ပြောတော့ (ချစ်လို့ ဖတ်စေချင်တာ။ ချစ်လို့ ဝယ်ပေးတာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ မတွေးမိဘဲ) ကလေးအတွေးနဲ့ ကိုယ် ဘာတွေးမိလဲ ဆိုတော့ ဖတ်ဖို့ ဆိုတဲ့ စကားလုံးမှာ ချစ်တယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးလဲ ရှိတယ်လို့ တွေးမိသွားခဲ့တယ်။

အသက် တော်တော်ကြီးလို့ အဲဒီ စကားလုံးနှစ်လုံးရဲ့ ဆိုလိုရင်းကို သေချာသိတဲ့ထိ "ဖတ်ဖို့" ဆိုတဲ့ စကားလုံးမှာ ချစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ တွဲပြီးပါတယ် လို့ ခံစားနေရတုန်းပဲ။

စာအုပ်ဆိုင်တွေမှာ "သမီးဖတ်ဖို့" "သားဖတ်ဖို့" "ချစ်သူ ဖတ်ဖို့" ဆိုတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ စာအုပ်တွေကို တွေ့တိုင်း "...ဖတ်ဖို့" ဆိုတာ ချစ်တယ် လို့ ပြောတာ ဆိုတဲ့ အတွေးမျိုးကို ဖျတ်ခနဲ တွေးမိနေတုန်းပဲ။

***

Tuesday, October 27, 2009

A Card


(မပို့ဖြစ်ခဲ့ဘူး)

Sunday, October 25, 2009

Rudyard Kipling ရဲ့ ကဗျာတစ်ပုဒ်

If

If you can keep your head when all about you
Are losing theirs and blaming it on you;


မင်းအသိုင်းအဝိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ မင်းကြောင့်လို့ ဝိုင်းဝန်း ပြစ်တင်ကြတဲ့အခါ
ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ် ဆိုရင်

If you can trust yourself when all men doubt you,
But make allowance for their doubting too:


အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့

မင်းကိုယ်မင်း ယုံကြည်မှုအပြည့်ရှိမယ် ဆိုရင်

If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or being hated don't give way to hating,
And yet don't look too good, nor talk too wise;


စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်းနေနိုင်မယ် ဆိုရင်

ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကား ကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူး ဆိုရင်

ဒါမှမဟုတ်
မင်းကို လူတကာက ဝိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေပြန်မပွားဘူး ဆိုရင်

ပြီးတော့
မင်းကိုမင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာရှိဆန်လွန်းတဲ့ စကားတွေလည်း မပြောဘူး ဆိုရင်

If you can dream---and not make dreams your master;
If you can think---and not make thoughts your aim,


စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်…
အတွေးအခေါ် စိတ်ကူးတွေဟာ မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ် ဆိုရင်

If you can meet with Triumph and Disaster
And treat those two impostors just the same:


အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့ ခံယူထားနိုင်မယ် ဆိုရင်

If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and building up with worn-out tools;


မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညစ်တွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ် ဆိုရင်


ဒါမှမဟုတ်
မင်းဘဝတစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့် ဖြည့်ဆီးခဲ့ရတဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့ နောက်မှာ အင်မတန်သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့ ပြန်လည် တည်ဆောက်နိုင်မယ် ဆိုရင်

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings,
And never breathe a word about your loss:


မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်

ပြီးတော့ အစကနေ ပြန်စနိုင်မယ် ဆိုရင်
ပြီးတော့တစ်ခါ ဆိုးလှတဲ့ကံကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူး ဆိုရင်

If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on!"


သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားမယ် ဆိုရင်

အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်

If you can talk with crowds and keep your virtue,
Or walk with Kings---nor lose the common touch,


လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ် ဆိုရင်
ဒါမှမဟုတ်
မင်းဧရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့် မာန်မာန သွေးမကြွဘူး ဆိုရင်

If neither foes nor loving friends can hurt you,


ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်


If all men count with you, but none too much:


လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်


If you can fill the unforgiving minute
With sixty seconds' worth of distance run,


တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ် အဖြစ် အသုံးချနိုင်မယ် ဆိုရင်

Yours is the Earth and everything that's in it,
And---which is more---you'll be a Man, my son!


မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတစ်ယောက်ပဲပေါ့။

Rudyard Kipling


(Translated by Aung San Su Kyi)


***
email ကနေ ရတဲ့ ကဗျာပါ။
ကြိုက်လို့ ပြန်တင်ပါတယ်။

အနီရောင်နဲ့ ရေးထားတဲ့ စာသားတွေကို အကြိုက်ဆုံးပါပဲ။
ဘာဖြစ်လို့ ဆိုတော့ တခြား အကြောင်းအရာတွေက တွေ့ရ မြင်ရ ကြားရလွယ်ပြီး၊
အဲဒီလို အကြောင်းအရာမျိုးကျတော့ တွေ့ရ မြင်ရ ကြားရခဲတယ် ထင်လို့ပါ။

ဥပေက္ခာ သဘောတရားပဲလို့ ခံစားမိပါတယ်။
လောကကြီးမှာ နေတတ်ဖို့ အတော်လိုတာ။

လူတစ်ယောက်ကို "အများနဲ့ တန်းတူ လေးစားပါတယ်။ ခင်မင်ပါတယ်"
ပြောကြည့် ကြိုက်တဲ့လူ မရှိဘူး ဆရာ။ သူ့ကိုမှ အထူးတလည် ရှိစေချင်တာမျိုး၊ သူ့ကို သူလို့ပဲ မှတ်ရမယ်။ အများနဲ့ ရောထွေး မတွေးရဘူး ဆိုတဲ့ ပေါကြောင်ကြောင် စကားမျိုးတွေ ကြားရနိုင်တယ်။ (လွန်းထားထားတို့ dialogue တွေ ထင်တာပဲ)

လူတွေဟာ တန်ဖိုးထား လေးစားတာနဲ့ ဒွေးရောယှက်တင် ရောနှောတာကို ကွဲကွဲပြားပြား နားမလည်ကြဘူး။ အလေးအနက် အသိအမှတ်ပြု ဆက်ဆံတာနဲ့ လုပ်ဇာတ်ကြီး တစ်ခုလို အပေါ်ယံလေး ဟန်ဆောင်တာကို ခွဲခြားပြီး မသိကြဘူး။ ကိုယ်တော့ အဲလိုပဲ ခံစားရတယ်။

ဆိုတော့...

လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့် စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူး ဆိုရင်

ဆိုတဲ့ စာသားကို တွေ့လိုက်ရတော့ အတော် ကြိုက်သွားမိပါတယ်။
ပြီးတော့ ဒီအရည်အချင်းကတော့ အလိုလို ရှိပြီးသားလို့ တွေးမိလိုက်သေး။


Poet ပြောသလို mature ဖြစ်တဲ့ စိတ်အထာနဲ့တော့ ဟုတ်ချင်မှ ဟုတ်မယ်။
ကိုယ့် မူ အတိုင်း စိတ်နဲ့ မတွေ့တဲ့ အရာတွေကို ပေယျာလကံ လုပ်တတ်တဲ့စိတ်၊
အချဉ်ပေါက်လွယ်၊ အမြင်ကပ်လွယ်တဲ့ စိတ်နဲ့ ဖြစ်လိမ့်မယ်။

***

Top 10 in my mind !

1) မောင်










2) Bill Gates



အကြောင်းပြချက် ရေးစရာ လိုမယ် မထင်ပါဘူး။
ကျွန်တော် လုပ်မယ်လို့ စိတ်ဆုံးဖြတ်တဲ့ အရာမှန်သမျှကို ကျွန်တော် လုပ်နိုင်တယ် တဲ့။


3) A J Cronin



သူ့စာတွေကို စိတ်ဝင်စားရာကနေ သူ့ life ကိုပါ စိတ်ဝင်စားလာမိတယ်။ သူရေးသမျှမှာ စိတ်အဝင်စားမိဆုံးကတော့ Autobiography ပြောလို့ရတဲ့ "Adventure in the Two Worlds" ပဲ။ အဲဒီထဲကမှ စိတ်အဝင်စားမိဆုံး အပိုင်းက အောင်မြင်နေတဲ့ ပထမ professional ကနေ စာရေးဆရာဘဝကို ပြောင်းခဲ့တဲ့
တဆစ်ချိုးအကွေ့ပါပဲ။ မိဘမဲ့ လူငယ်တစ်ယောက်အနေနဲ့ အစောပိုင်းကာလမှာ ဘယ်လောက်တောင် ခက်ခဲခဲ့လည်း နောက်ပိုင်းမှာတော့ သူရွေးချယ်ခဲ့တဲ့ ဘဝနှစ်ခုလုံးမှာ အံ့မခန်း အောင်မြင်ခဲ့တယ်။ ဘာလုပ်လုပ် ပြောစမှတ်ဖြစ်လောက်အောင် အောင်မြင်ခဲ့တဲ့လူ။

4) Don Vito Corleone (Marlon Brando)



ကိုယ်က ရုပ်ရှင်ထက် စာအုပ်တွေကို ပိုကြိုက်တော့ Marlon Brando ဆိုတာထက် God Father, Don Corleone ဆိုတာကိုပဲ ပိုစိတ်ဝင်စားမိတယ်။
ယောက်ျားပီသတဲ့သူ၊ သစ္စာရှိတဲ့သူ၊ အောက်တန်းကျတဲ့ နည်းနဲ့ အနိုင်မယူတတ်တဲ့သူ၊ ဉာဏ်ကောင်းပြီး သတ္တိရှိတဲ့သူ၊ တိကျပြတ်သားတဲ့သူ၊ ပြီးတော့ ... သတ်ရဲတဲ့သူ၊ သေရဲတဲ့သူ။

ကြုံလို့ပြောရရင် ကိုယ် ဦးချစ်မောင်ကို ခံစားလို့ မရတာ တကယ်တော့ ဘာမှ မဆန်းဘူး။

5) Michael Corleone (Al Pacino)



အဖေကို ဆက်ခံနိုင်တဲ့ အရည်အချင်းရှိတဲ့ သား
တွေကို သဘောကျတယ်။
Cronin မှာ သား (၃) ယောက် ရှိတယ်။
ဒေါက်တာဝင်းဝင်းရှိန် (ဝင်းဝင်းလတ်) မှာ သား (၃) ယောက် ရှိတယ်။

Don Corleone မှာလည်း သား (၃) ယောက် ရှိတယ်။

ကိုယ်သဘောကျတဲ့ လူတွေမှာ တိုက်တိုက်ဆိုင်ဆိုင် သား (၃) ယောက်စီ ရှိတယ်။
နောက် အပြင်လောကမှာလည်း ရှိသေးတယ်။ တော်တဲ့လူတွေမှာ သား (၃) ယောက်စီ ရှိတတ်တာလား မသိဘူးလို့ အူကြောင်ကြောင် တွေးမိတယ်။ တချိန်က ကိုယ်လဲ အားကျခဲ့ဖူးတယ်။ ခုတော့ မကျတော့ပါဘူး။

6) Brad Pitt



အလယ်တန်း ၇ တန်း၊ ၈ တန်းလောက်က Interview with the Vampire ကြည့်ပြီး ကြိုက်ခဲ့တာ။
Jennifer နဲ့ Jolie ထက် ကိုယ်က အများကြီး စောပါတယ်။
Hollywood Star ဆိုတော့ ဘာမှတော့ သိပ်ပြောစရာ မရှိပါဘူး။
သူဘာဝတ်ဝတ် စတိုင်ကျတာ။ ဘယ်လိုနေနေ ကြည့်ကောင်းတာလောက်ပဲ ပြောစရာရှိပါတယ်။
ထူးခြားတာ ဆိုလို့ သူ့မိဘတွေက ငယ်လင် ငယ်မယားတွေ ဆိုတယ်။ ခုချိန်ထိပေါ့။

7) Keanu Reeves



သူ့ကိုလည်း Pitt နဲ့ မရှေးမနှောင်းလောက်မှာပဲ ကြည့်ဖြစ်တာ။
Speed မှာလေ။ Bus ကားအောက် ဝင်ပြီး time bomb ဖြုတ်ရတဲ့ ရဲ အရာရှိ Jack ဆိုတာ။
Hollywood က မင်းသားတွေ ဘာမှ သိပ်ပြောစရာ မရှိဘူး။
ကြည့်လို့ အဆင်ပြေရင် ကြိုက်လိုက်တာပါပဲ။

8) BYJ



သူ့ကားတွေ သိပ်မကြည့်မိပါဘူး။ ကြည့်ရသလောက် ကြိုက်ပါတယ်။
Winter Sonata ကိုတော့ လုံးဝကို မကြိုက်ပါ။
ဘိုးတော်ဘုရားခေတ်က ဇာတ်လမ်းမျိုး အတင်းကြီးပဲ မို့လို့။

ကိုယ် ပထမဆုံး ကြည့်ဖူးတာ Winter Sonata လဲ မဟုတ်၊ Hotel လဲ မဟုတ်ဘူး။
ဟိုတယ်ကားကတော့ ခုထိ မကြည့်ဖူးပါဘူး။
ဆရာမနဲ့ ကားလေ။ နောက်တော့ သူ ဦးနှောက် ကင်ဆာနဲ့ ဆုံးသွားတယ်။
မတုန်မလှုပ် အေးတိအေးစက်၊ ခေါင်းမာမာ ပုံစံနဲ့ ဘဝနာခဲ့တဲ့၊ အထက်တန်းလွှာထဲကို ဝင်ဆန့်ချင်တဲ့ လူငယ်တစ်ယောက် အကြောင်း။

အပြင်မှာ တွေ့ရင်တော့ ကြိုက်မယ် မထင်ဘူး။ မိန်းမနဲ့ တူလို့။

9) Zaw Win Htut



မြန်မာပြည်က တစ်ယောက်လောက်တော့ ထည့်ဦးမှလို့ စဉ်းစားမိတော့... တော်တော် ခေါင်းစားပါတယ်။ မင်းသားတွေ တစ်ယောက်မှ ကြည့်လို့ မရဘူး။ လွင်မိုး တစ်ယောက်လောက်တော့ ကြည့်ရ သလိုလို ရှိတယ်။ ဒါပေမဲ့ သူ့လည်း မကြိုက်တော့ မထည့်ချင်တာနဲ့။ အဆိုတော်ထဲကပဲ စဉ်းစားရပါတယ်။

သူနဲ့ ပတ်သတ်လို့ ခေါင်းထဲ ပေါ်လာတာ တစ်ခုရှိတယ်။
ဆရာမ မေငြိမ်း ရေးတဲ့ အသံသစ် ပြတိုက် ထဲမှာ ဖတ်ခဲ့ရတဲ့ သူ့အမျိုးသမီးကို ပေးခဲ့တဲ့ စာ ကလေး။ (Not Sparrow)

သူက စပြီး ကမ်းလှမ်းတော့ အသက်ကလည်းငယ် သီချင်းလဲ ဆိုနေပြီဆိုလား ... ဆိုတော့ အကျင့်စရိုက်ချင်းကလဲ တူမှာ မဟုတ်ဘူး ဆိုပြီး
မေခိုင်က ငြင်းလိုက်တယ်။... အဲဒီမှာ သူ စာရေးခဲ့တယ်။

"... ကိုယ် နောက်ဆုတ်သွားတာ မဟုတ်ဘူးနော်။
မေခိုင် စိတ်ညစ်မှာ စိုးလို့ နေရာမှာတင် ရပ်စောင့်နေတာ"

နောက်တော့လည်း စောင့်ရကျိုးနပ်သွားရော နေမှာပေါ့။

10) Cze Republic



အချစ်ဦးပေါ့။ ၁၆ နှစ်ကတည်းက Euro '96 မှာ အားပေးလာရတာ။
ပွဲစဉ်တွေမှာ သူတို့ ပျော်လျှင် ပျော်ခြင်း၊ သူတို့ ဝမ်းနည်းလျှင် ဝမ်းနည်းခြင်း၊ သူတို့ စိတ်လှုပ်ရှားလျှင် စိတ်လှုပ်ရှားခြင်းနဲ့ တစိတ်တည်း တဝမ်းတည်း ဖြစ်လာခဲ့တာ။

Final မှာ ဂျာမနီကို penalty နဲ့ ရှုံးတော့ ဂိုးသမား ထိုင်ကျသွားတဲ့ပုံကို မျက်စေ့ထဲက မထွက်တော့ဘူး။ ကိုယ့်စိတ်ထင် penalty ကိုပဲ ၅ လုံးစီ တကျော့တည်း မကဘူး ထင်တယ်။

အရေးကြီးတဲ့ တလုံးကို တယောက်က ကန်သွင်းမယ် ဆိုတော့... ကျန်တဲ့သူတွေ အားလုံးက မကြည့်ရဲလို့ စက်ဝိုင်းပုံ ဝိုင်းလို့ တယောက်ပုခုံး တယောက်ဖက်ပြီး တူတူ ခေါင်းတွေငုံ့ထားကြတာလဲ ဘယ်လို အမှတ်ရနေမိမှန်း မသိဘူး။ အဲဒီတည်းက အမျိုးတွေလို စိတ်ထဲမှတ်နေခဲ့တာ။ တကယ်တော့ နာမည်တွေတောင် နှစ်ယောက် ထက် ပိုမသိခဲ့ပါဘူး။

ကျောင်းပြီးကာစကတော့ Euro 2004 ကို ကြည့်ဖြစ်ပြန်တယ်။
ငယ်ချစ်ဦးမို့ သူတို့ကိုပဲ attention ပေးပြီး ကြည့်မိပြန်ရော။
ရှုံးပွဲ မရှိနဲ့ တောက်လျှောက် တက်လာခဲ့ပြီးမှ ရှုံးထွက်ပွဲလည်း ရောက်ရော တန်းပြီး ရှုံးတော့တာပါလား။
အသည်းကွဲတယ် ဆိုတာ အဲဒီမှာ နားလည်သွားတယ်။

နောက်နေ့မနက် အိပ်ရာနိုးတော့တောင် "ညက Cze အသင်းတော့ ရှုံးသွားရှာပြီ" ဆိုတဲ့ စိတ်နဲ့ နိုးခဲ့ရတယ်။

***
နှစ်သက်မိသော အမျိုးသားများ ဆိုတဲ့ post ကို ရေးပေးဖို့
ဖြူတုတ်လေး က tag လို့ပါ။
သူ မတဂ်လည်း ရေးမလို့ပါပဲ။

ခုလည်း gtalk မှာ ပြောရင်း ဒီ post အကြောင်းလည်း သိရော ရေးစရာတွေ အများကြီးရှိလို့ ရေးချင်လှချည်ရဲ့ ဆိုပြီး တောင်းတောင်းပန်ပန် tag ခိုင်းတဲ့ Addy ကို ဆက် tag လိုက်ပါတယ်။

***

Saturday, October 24, 2009

တရားချ ခံရခြင်း

ညက သူငယ်ချင်းတစ်ယောက်က အကြာကြီး တရားချတာ ခံလိုက်ရတယ်။
ကိုယ်ရေးကိုယ်တာကိစ္စအတွက်ပါ။ virtual world ကဟာနဲ့ မဆိုင်ပါဘူး။

ပထမ gtalk ကနေ ပြောရာက နောက်တော့ ပြောမရ ဆိုမရ ဖြစ်နေတယ် ထင်လားမသိ။

ဖုန်းခေါ်ပြီး ဆက်ပြောတယ်။


ည 12 နာရီ ကျော်တဲ့ထိ။

ဒါတောင် ငါ နက်ဖန် ရုံးသွားရမယ် ဆိုပြီး ဖြတ်လိုက်လို့။

မဟုတ်ရင် ဆက်ပြောဦးမှာ။


ပြောလိုက်တာတွေကတော့ စုံနေတာပဲ။

များလွန်းတော့လည်း ဟုန်သွားပြီ။

ဘာတဲ့ လျှပ်စစ်နဲ့ ရှော့ခ် ရိုက်လို့ ရတဲ့ဟာကို လည်လှီးဖို့ ကြံစည်နေတယ် ဆိုလား။

မဟုတ်ပါဘူး။ သူ့အလိုလျောက် သက်တမ်းကုန်သွားတာကို စောင့်နေတာပါ ပြောလဲ လက်မခံဘူး။


မျက်နှာကျောက တင်း၊ စကားပြောက ပြတ်တောင်း၊

ဒီကြားထဲ စကားက တတ်တတ်နဲ့ ပြောလိုက်ရင် "တိ" ကနဲ ပြတ်တော့မယ့် အသွားတွေက သုံးတတ်ခဲ့တာ ဆိုတော့ အရေးကြုံမှ "ငါက ကြင်နာတတ်တဲ့သူပါ" သွားပြောတော့ ယုံမယ့်သူ မရှိတော့ဘူး။

(ယုံမယ့်သူ မရှိတော့ဘူး ဆိုတာ... ဘယ်သူ့မှ သွားပြောဖူးလို့ မဟုတ်ဘူး။

ဒီလူတွေကမှ မယုံတာ ကျန်တဲ့ ဘယ်သူကမှ ယုံမှာ မဟုတ်ဘူး လို့ တွက်ကြည့်မိတာ)


အော် စိတ်ထဲမှာ ဘာရှိတယ် ဆိုတာ ဘယ်သူမှ မသိပါဘူး။

"I am just a poor girl. never lucky in the affair like that..." blah blah တွေ ပြောကြည့်တော့လည်း

"လာညည်းပြမနေနဲ့။ နင့် ဘယ်သူမှ မသနားဘူး" လို့ ပြောတယ်။


ခက်တာ...

ဘယ်လိုမှလည်း ကိုယ့်အမြင်ကို အဆိုတင်သွင်းလို့ မရ။ ပယ်ချည်း ချနေတော့တာပဲ။

နင့်ဟာနင် ငဲ့တာတွေက များနေတာ... တို့

ပါးပါးလေးနဲ့ ချည်ထားတာ... တို့

အမယ်.. အနုပညာနဲ့ တော်တော် ဝေးတဲ့သူ မို့ပဲ။ မှတ်တောင်ထားရဦးမယ်။ ဝတ္ထုထဲ ပြန်သုံးဖို့။

ဘယ်တုန်းတည်းက ပြောချင်နေတယ် မသိဘူး။


ကိုယ့် Personal Affair သက်သက်ပါ။

စကားလဲ မစပ်ပါဘူး။ တကယ်တော့ စကားလဲ စပ်စရာ မလိုပါဘူး။

ကမ်းပါးပြိုတယ်ဟေ့ ပြောရာကနေ နွားမပေါင်ကျိုးတာ ရောက်ချင်ရောက်မှာပဲ။


သူ့ဘာသာ ကိုယ့် ဖြစ်စဉ်တွေကို မသင်္ကာရာကနေ ဟိုမေးဒီမေးနဲ့ နောက်ဆုံးမှာ ပြောစရာ ရသွားတော့တာပဲ။ ဘယ်လို သဘောထားလဲ ပြောရရင်တော့ သူငယ်ချင်းမို့ ချစ်တဲ့ မျက်စေ့နဲ့ ကြည့်တော့ ဘာတွေပဲ လာပြောပြော ချစ်ပါတယ်။
(အဲလိုတွေ ထည့်ထည့်ရေးနေတာ သူ့ရီးစားတော့ ကျေနပ်ရဲ့လား မသိဘူး။)

ကျေးဇူးလည်း တင်ပါတယ် လို့ ပြောချင်ပေမယ့် အဲဒီစကား သိပ်မမိုက်ပါဘူး။


ဒါပေမဲ့ "My main point is I want you to be a Straight person" လို့ ပြောတော့ အဲဒါ ကိုယ့်ကို နှက်ထားမှန်း သိရက်သားနဲ့ ကျေနပ်နေတာပါပဲ။

အမြင်မတူတာကတော့ တပိုင်းပေါ့။


You are saying, "I'm so pity the fish so I hit its head and let it die." ဆိုတာ ပါသေးတယ်။

ဗမာလိုရော၊ ဘိုလိုရော စုံနေတာပါ့ပဲ။

အရင်ကတော့ soup လုပ်ပြီးရင် အိုးလိုက်ချပြီး သောက်နေကျ။

ပန်းကန်လုံးတစ်လုံး ဆေးရသက်သာ နည်းလား ဆိုပြီ။

နောက် အဲလို အိုးစွပ်ခွက်စွပ် မစားတော့ပါဘူး။


နောက်ကျမှ အိပ်ရာဝင်ဖြစ်ပြီး တော်တော်နဲ့ အိပ်မပျော်ဘူး။

သူပြောတာတွေ ပြန်စဉ်းစားမိပြီး...


အဲလို ထင်ရင် မှားသွားမှာပေါ့။

အိပ်လိုက်တာ တချိုးတည်းပဲ။ ၇ နာရီ ခွဲခါနီးမှ နိုးတယ်။

ရုံးကို ၁ဝ မိနစ်နီးပါး နောက်ကျပြီးမှ ဝင်တယ်။


***

ကံများ ဆိုးချင်တော့ နောက်ကျကာမှ MD က အပေါက်ဝမှာ ရပ်နေတယ်။

ပိုပြီး ကံဆိုးချင်တော့ သူနဲ့ကိုယ် အင်္ကျီ အရောင်က ဆင်တူနေသေး။


ခုတလော လုပ်သမျှတွေကလည်း အဆီအငေါ်မတည့် တော်တော်ဖြစ်နေတယ်။

ကိုယ်ရေးကိုယ်တာ affair တွေက သိပ်အဆင်မပြေရတဲ့ထဲ... ရှိတဲ့ သူငယ်ချင်းလေး နှစ်ယောက်နဲ့ တပိုင်းက ကိုယ့်ဘက်က မဟုတ်ဘူး။ ငါ့ကိုများ မိစ္ဆာမကြီး ထင်နေကြလား သွားမေးရင်လဲ မေးတော့မှ ပြောစရာ စကားလုံး အသစ်ရသွားဦးမယ်။ ကိုယ့်ရှူးကိုယ်ပတ်...


ကိုယ်ရေးကိုယ်တာ အဆင်မပြေလို့ ကိုယ်မရေးကိုယ်မတာ တာတွေ မနေနိုင် မထိုင်နိုင် လုပ်တော့လည်း တရားစွဲ မခံရတာပဲ တော်ဦးမယ်။ တကယ်တော့ ကိုယ် အာရုံများလို့ ရတဲ့သူ မဟုတ်ဘူး။ အဲဒီအချိန်မျိုးမှာ အမြဲတမ်း လွဲတတ်တယ်။ ဒါပေမဲ့ ဘယ်လို အငြိမ်မနေနိုင်တဲ့ ဇာတာလဲ မသိဘူး။


ပုံမှန်အားဖြင့်တော့ ကိုယ်ရေးကိုယ်တာကို ဝေဖန်ခံရရင် မကြိုက်ပါဘူး။

ဒါပေမဲ့ ချွင်းချက်တွေတော့ ရှိပါတယ်။

နည်းနည်းပါးပါးပဲ ရှိတဲ့ ချစ်တဲ့ သူငယ်ချင်းတွေက ချွင်းချက်ပေါ့။


တကယ်ဆို အဲဒီ ညနေမှာ online ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေခဲ့တာ။

ဒီကြားထဲ ညကျ မမျှော်လင့်ဘဲ အပြောခံလိုက်ရပေမယ့် စိတ်တော့ မဆိုးပါဘူး။

စိတ်မကောင်းတော့ ဖြစ်မိတယ်။

ငါ့ကို နားမလည်ပါလား လို့။


***

ခု Tina Arena ရဲ့ I wanna know what love is... အပြန်ပြန် နားထောင်မိတယ်။


ကြားဖူးတယ် မဟုတ်လား။


"တားဆီးလို့ မရနိုင်တာ အချစ်၊ ကစားဖူးသလား ထိုးစစ်၊ အားလုံးနဲ့ ရှင်းရန် အဆင်သင့်၊ နောက်မဆုတ်နဲ့ ဆက်ချစ်..."
ဆိုတာ ဇော်ဝင်းထွဋ် ဆိုခဲ့တဲ့ သီချင်း။


***

လောကကြီးကို စိတ်ကုန်တယ်။

shopping ထွက်လိုက်ဦးမယ်။


***

သူငယ်ချင်းကိုတော့ ချစ်ပါတယ်။

ဒါပေမဲ့ သူအဲလိုပြောတော့ ဝမ်းနည်းတာပဲ။


***

ယုန်ကလေးက နားရွက်ထောင်




ဆုံးမစာ

ကိုယ့်မှာ သတိ မရှိဘဲနဲ့ သူများကို သတိပေးလို့ မရ။
ကိုယ့်မှာ တရား မရှိဘဲနဲ့ သူများကို တရားချလို့ မရ။
ကိုယ့်မှာ ပညာ မရှိဘဲနဲ့ သူများကို ပညာပြလို့ မရ။
ကိုယ့်မှာဖြင့် ဘာမှ မရှိဘဲနဲ့ သူများကို ဖြည့်ဆည်းချင်လို့ မရ။

(ကိုယ့်ဘာသာ တရား ပြန်ချထားတာ။)


***

Monday, October 19, 2009

Then & Now !

ပျင်းလို့ တင်တဲ့ post !



(Choa Chu Kang MRT က Handicap Ramp မှာ - ရိုက်ပြီးမှ သတိထားမိတယ်)

ဒီလို အချိန်အခါမျိုးမှာ ဓါတ်ပုံတင်တာ မိုက်မဲရာ
တော့ ကျချင် ကျလိမ့်မယ်။

သို့သော်လည်း လူ့ဘဝကြီး ဒါတွေ လိုက် ဂရုစိုက်နေရရင်ဖြင့် အလုပ်မဟုတ်ဘူး ထင်တာပဲ။

ဒါပေမဲ့ ဟို တပတ်က အိမ်ကလူတွေနဲ့ အပြင်ထွက်စားပြီး ရိုက်လာတဲ့ group ဓါတ်ပုံတချို့ကို အိမ်က ညီမလေးတွေက face book ကနေ tag နဲ့ ပို့ပေးတော့ ကိုယ် tag တွေကို ကမန်းကတန်း ပြန်ဖြုတ်ရပါတယ်။ ကိုယ့်ကိစ္စကို အရေးမစိုက်လှပေမယ့် သူများတွေ ကိုယ်နဲ့ ငြိပြီး အချောင်ပါကုန်မှာ စိုးလို့ပါ။

အဲဒီပုံတွေ တကူးတက tag လုပ်ပြီး ပို့ပေးတဲ့ ညီမလေးကိုတောင် အဲဒီအကြောင်း သေချာ ရှင်းမပြရသေးဘူး။ သူက ပို့ချင်လို့ tag ပေးတာ ကိုယ်က ဖြုတ်ပစ်တယ် ထင်တော့မယ်။

(ဆုံးရှုံးသွားတဲ့ အခွင့်အရေး။
face book မှာ ဓါတ်ပုံတွေ မရှိလို့တော့ ဘာမှ ဖြစ်မသွားပါဘူး။ ကိုယ် fb ကို သိပ်လဲ familiar ဖြစ်လှတာ မဟုတ်ဘူး။ သိပ်လဲ မသုံးတတ်ဘူး။ ကိုယ်ကစလို့လဲ ဘယ်သူ့မှ add မလုပ်ဖြစ်လှဘူး။

ဒါပေမဲ့ တစ်ခုတော့ စဉ်းစားမိတယ်။ ဘဝဘဝက သူတပါး
ရဲ့ အခွင့်အရေးတွေကို အုံနဲ့ ကျင်းနဲ့ ပိတ်ပင်ခဲ့မိလို့များ ဒီဘဝ မြန်မာနိုင်ငံလို နေရာမျိုးမှာ လူလာဖြစ်ခဲ့ကြသလားလို့ပါ။)

ကိုယ့်အတွက် အရေးမစိုက်ဘူးဆိုတာက လူတွေနဲ့ နေသရွေ့ ဒါမျိုးတွေ တကွေ့မဟုတ် တကွေ့ ကြုံမှာပဲလို့ ယူဆမိလို့ပါ။

ဒါ့ထက်ပိုတာ တစ်ခုက ကိုယ့်အနီးဆုံး လူတွေရဲ့ ကိုယ့် အပေါ်ထားတဲ့ ယုံကြည်မှုကို သေချာနေလို့ပါ။ ဘယ်သူဘာပြောလို့မှ နားယောင်မယ့်သူ တစ်ယောက်မှ မပါဘူး။
အကုန် ဦးနှောက်နဲ့ချည်းပဲ။


***

Sunday, October 18, 2009

ဝဋ်ကြွေး၊ သံသရာ နှင့် အမေး အဖြေ

ZT said...

ဝဋ်တို့ ကံကံ၏ အကျိုး ဆိုတာတွေနဲ့ ပတ်သက်လို့ စဉ်းစားလို့ မရတဲ့ ကိစ္စတစ်ခု ရှိတယ်။ ကိုယ်စဉ်းစားလို့ မရတဲ့ ကိစ္စတစ်ခုကို တခြားသူတွေပါ ရောပြီး ခေါင်းစားခိုင်းလိုက်ဦးမယ်။

ဥပမာ Mr.Y ကို Mr.Z က သတ်တယ်။
အတိတ်ဘ၀ တုန်းက Mr. Y က Mr. X ကို သတ်ခဲ့ဖူးမယ်။ အဲဒီအတွက် Mr. Y မှာ အတိတ်ဘ၀က ၀ဋ်ရှိလို့ အခု ဘ၀မှာ Mr. Z သတ်တာ ခံရတယ်လို့ ပြောလို့ရမယ်။

Mr. X အနေနဲ့လည်း အတိတ်ဘ၀က Mr. W ကို သတ်ခဲ့ဖူးလို့ Mr. Y က သူ့ကို သတ်တာ ခံရတယ်လို့ ပြောရမယ်။ Mr. W အနေနဲ့လည်း အတိတ်ဘ၀က Mr. V ကို သတ်ခဲ့ဖူးလို့ Mr. X က သူ့ကို သတ်တာ ခံရတယ်လို့ ပြောရမယ်။ အဲဒီလိုမျိုး အစဉ်အဆက် အရှေ့ကို လိုက်သွားမယ် ဆိုရင် သံသရာ အစမှာ ပထမဦးဆုံး အသတ်ခံရတဲ့ Mr. A ဆိုတာ ရှိမှာပဲ။ သံသရာအစ ဖြစ်တဲ့အတွက် သူ့မှာ ၀ဋ်ရှိမှာ မဟုတ်ဘူး။ သူ့မှာ ၀ဋ်မရှိဘဲ သူဘာလို့ အသတ်ခံရသလဲ။

ကတ်သီးကတ်သတ် မေးတာတော့ မဟုတ်ပါဘူး။ ခေါင်းထဲမှာ ဒီကိစ္စကို စဉ်းစားနေတာ ကြာပြီမို့ တစ်ယောက်ယောက်ဆီမှာ အဖြေရှိသလား သိချင်လို့ပါ။ မမေးသင့်ဘူးတော့ မဟုတ်ဘူး ထင်ပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်က သူဟောသမျှ ဆန်းစစ်ပြီးမှယုံလို့ ကာလာမသုတ်မှာ ဟောသွားလို့ တွေးမိတာလေး ပြောပြတာပါ။

တစ်ယောက်ယောက်မှာ အဖြေရှိရင် ပြောပြပေးပါ။ ကျေးဇူး အထူးတင်ပါတယ်။

***
Anonymous said...
ကိုယ့်အထင်ပြောရရင် Mr. A အသတ်ခံရတာက သူမကောင်းတာတွေ လုပ်တာများလို့ အကုသိုလ်ဖိစီးပြီး သူများသတ်တာခံရတာ နေမှာပေါ့။ ပြီးတော့မှ ဒေါသအလျောက် သတ်မိတဲ့ Mr. B က ဝဋ်ပြန်လည်တာ နေမှာပေါ့..

ဟီး ကိုယ်ထင်တာပြောပြတာပါ။

ဟို ဒိုမီနိုကစားသလိုမျိုးလေ။
စီတန်းထိဆက်ပြီး ပုံဖော်ထားတဲ့ ကဒ်လေးတွေ
တခုပြီးတခု ဆက်ကာဆက်ကာ လဲကျသွားဖို့ ပထမဆုံးကဒ်ကို ထိတို့လိုက်တာက လက်ချောင်းလေးဖြစ်ဖြစ် ဘောလုံးလေးဖြစ်ဖြစ် အခြားအရာ တခုခုက စလိုက်တာပေါ့။ အဲ့ဂလိုဖြစ်မယ်။ ဘာပဲဖြစ်ဖြစ်လေ စေတနာဆိုတာ တကယ်အကျိုးပေးတာနော်..
သူများ စိတ်ဆင်းရဲအောင် မနေနိုင်မထိုင်နိုင် ကြိုးစားအားထုတ်နေတဲ့သူ ဆိုရင် အခုလဲ အချိန်ကုန် လူပန်း၊ နောင်လဲ ဒီစေတနာရဲ့ အကျိုးပေးကြောင့် ကိုယ်ပြန်ပြီး စိတ်ဆင်းရဲစရာအကြောင်း ပေါ်ကို ပေါ်လာမှာပါ။ အဲ့ဒါတော့ ယုံတယ်။
***
Rita said...
ဟားဟား စက်ဖွင့်ဖွင့်ချင်း ရီမိတယ်။
အမေးနဲ့ အဖြေကို တကယ်သဘောကျလို့ပါ။

Anonymous ဖြေသွားတာ ဆီလျော်တယ်လို့လဲ ထင်မိပါတယ်။ ဝေးဝေးမကြည့်ပါနဲ့။ အဇာတသတ်နဲ့ ဗိမ္ဗိသာရမင်းကိုပဲ ကြည့်ပါ။ ဗိမ္ဗိသာရဟာ ကိုZT ပြောတဲ့ Mr. A နေရာကပဲ။ နောက်ပိုင်း ဆွေစဉ်မျိုးဆက် အဖသတ်သားတွေအဖြစ် မင်းဆက် ဘယ်နှစ်ဆက်ရယ်လို့ ပါးစပ်ရာဇဝင်တော့ ကြားဖူးပါတယ်။ ခိုင်ခိုင်မာမာ မသိပါ။

ဆိုတော့ ဒီသံသရာမှာ Mr. A နေရာက ဗိမ္ဗိသာရဟာ သူက ဖခင်ဖြစ်သူကို သတ်ခဲ့တာ မဟုတ်ဘူး။ တခြား အကုသိုလ်ကြောင့် သားဖြစ်သူရဲ့ အသတ်ကို ခံရတာပဲပေါ့။ အဇာတသတ်အနေနဲ့ ကြည့်ရင်လည်း သူ့ အကုသိုလ်ဟာ သူ ရွေးချယ်ခွင့်ရှိတဲ့ထဲကနေ သူကိုယ်တိုင် ရွေးချယ်ခဲ့တာပဲ။ အဖသတ်သားသာ မဖြစ်ခဲ့ရင် အဲဒီ ဘဝမှာတင် ကျွတ်တမ်းဝင်နိုင်တယ် ဆိုတယ် မဟုတ်လား။ (ကံ = အလုပ် ဆိုတာ တကယ့်ကို ကိုယ်ပိုင်ဥစ္စာပဲ။ ကိုယ်တိုင် ရွေးချယ်နိုင်ခွင့်ရှိတဲ့ အရာပဲ)

ဒါကို ကြည့်ရင် Anonymous ပြောသလိုပါပဲ။
ဝဋ် ဆိုတာ တူသော အကျိုးပေးလို့ ဆိုကြပါစို့။ တူသော အကျိုးပေးဆိုတာ အဖြစ်အပျက်အားလုံး ဆင်တူပြန်ဖြစ်တယ်ရယ်လို့တော့ မဟုတ်ဘူးထင်တယ်။

ဥပမာ။ ။ ဒေဝဒတ်က ဘုရားကို ခြေမသွေးထွက်အောင် ပြုခဲ့တယ်။ တကယ်တမ်း သူ့ရည်ရွယ်ချက်က အသက်ကို လုပ်ကြံတာလေ။ ဘုရားရှင်တို့မည်သည် သူတပါးက လုပ်ကြံလို့ အသက်သေရိုးထုံးစံ မရှိလို့သာ မဟုတ်လား။ အဲဒီအဖြစ်မှာ ဖြစ်စဉ်သာ တူကြေးဆို ဒေဝဒတ်သည် သူများက သူ့ကို ပြန်လုပ်ကြံခံရရုံနဲ့တင် ပြီးတော့မှာပေါ့။ ဒါပေမဲ့ သူ့အကုသိုလ်က ကြီးလွန်းလို့ ငရဲတန်းရောက်တယ် ဆိုတယ်။

နောက်တခုက ကိုZT မမေးပေမယ့် သုံးသွားတဲ့ စကားလုံး "သံသရာ"

အဲဒီ ကိစ္စတော့ ကိုယ်လဲ ခုထိ စိတ်ထဲ မကျေလည်သေးပါဘူး။ သံသရာအစ လို့ ကိုZT သုံးသွားပေမယ့် ဘုရားဟောမှာ ဒီလို မလာဘူးရှင့်။ သံသရာသည် အဆုံးအစမထင်/ အဆုံးအစမရှိ လို့လာတယ်။ လူဘယ်က စဖြစ်တယ်လို့ ဘုရား မဟောဘူးဆိုတယ်။

အဲဒါ ဘာဖြစ်လို့ ဆိုတော့ ဒီသံသရာ စက်ဝန်းဟာ အဆုံးအစ မရှိလို့ပါ တဲ့။ စက်လုံးတစ်လုံးကို အဆုံးအစ သတ်မှတ်လို့ မရသလို သံသရာကိုလည်း အဆုံးအစ သတ်မှတ်လို့ မရပါတဲ့။

ဒါကိုတော့ ကိုယ်လဲ ဉာဏ်မမီပါဘူး။

ဘုရားရှင်တို့ မည်သည် "ဟုတ်မှန် အကျိုးရှိ" နှစ်တန်သော စကားကိုသာ ဆိုတယ် ဆိုတော့ ဒီကိစ္စဟာ ဟုတ်မှန်ရာ ဖြစ်သော်လည်း ဝေနေယျ သတ္တဝါတွေအတွက် အကျိုးမရှိနိုင်လို့ ဟောမသွားဘူးလို့ ယူဆရမလို ဖြစ်နေပါတယ်။
(အဆုံးအစမရှိ ဆိုတာ သက်ရှိတွေရဲ့ ဖြစ်စဉ် သံသရာကို ဆိုပါတယ်။ individual တဦးတယောက်ချင်းရဲ့ ဘဝသံသရာကတော့ ဘဝဆက် ပြတ်အောင် ဖြတ်နိုင်ရင် ပြတ်တယ် ဆိုရမယ်ပေါ့။ ဒါက တဦးချင်းစီရဲ့ သံသရာအဆုံး ဖြစ်မှာပေါ့။)

ကိုZT ရော၊ Anonymous ကိုရော သိပ်ကျေးဇူးတင်ပါတယ်။
***
စဉ်းစားစရာ ဖြစ်တယ် ယူဆလို့ post အဖြစ်ပြန်တင် လိုက်ပါတယ်။
ကိုZT ကို
ရော၊ လာဆွေးနွေးတဲ့ Anonymous ကိုပါ သိပ် ကျေးဇူးတင်ပါတယ်။

***

Friday, October 16, 2009

ပြုသူအသစ် ဖြစ်သူအဟောင်း

အခါတပါး၌ နတ်သားတစ်ပါးသည် ...

(ကြိုပြီး ဝန်ခံထားစရာတော့ ရှိပါတယ်။ ဒီ ဇာတ်ကြောင်းမှာ အမည်နာမတွေနဲ့ အသေးစိတ် အဖြစ်အပျက်တွေကို ကိုယ် သိပ်မမှတ်မိတော့ဘူး။ ကိုယ်မှတ်မိနေတာက အဲဒီက ပေးချင်တဲ့ message ပါပဲ။ ဒီဇာတ်လမ်းကို မကြာခဏ ကြားခဲ့ ဖတ်ခဲ့ဖူးပါတယ်။ နောက်ဆုံး ဖတ်ဖြစ်ခဲ့တာကတော့ ဒေါက်တာ မတင်ဝင်း ရေးတာပါ။)

နတ်သားဟာ ပျင်းပျင်းရှိတာနဲ့ လူ့ပြည်ကို လှမ်းမျှော်ကြည့်မိပါသတဲ့။
(စိတ်ထဲ ဒီနတ်သားနှယ် ကိုယ့်လို ဖြစ်မှာပဲ တွေးမိတယ်။ အားနေ အကျိုးရှိရာရှိကြောင်း မလုပ်ဘဲ လူ့ပြည် လှမ်းကြည့်တယ်)။

အဲဒီမှာ သူဟာ အချင်းချင်း ချစ်ကြည်လေးစားစွာ အတူ သတင်းသုံးနေတဲ့ ရဟန်းနှစ်ပါးကို တွေ့ပါတယ်။ သူ့စိတ်ထဲမှာ ဒီရဟန်းနှစ်ပါးရဲ့ အချင်းချင်းထားတဲ့ ယုံကြည်လေးစားမှုကို စမ်းသပ်ကြည့်ချင်တဲ့ စိတ် ဖြစ်မိပါတယ်တဲ့။ (တကယ် သိရတော့ သူ့ ဘာအကျိုးရှိမှာမို့တဲ့လဲ)

ဒါနဲ့ သူဟာ မိန်းမယောင် ဖန်ဆင်းပြီး ပထမရဟန်းတပါးရဲ့ ဘေးကနေ လိုက်ပြီး၊ အတူနေ ဒုတိယရဟန်းကို ထင်ယောင်ထင်မှားဖြစ်အောင် ပြုပါတယ်။ ဒီ အယောင်ဆောင် မိန်းမဟန်ကို ပ- ရဟန်းက မမြင်ရပါဘူး။ ဒီလိုနဲ့ တိုတိုပြောရရင် အရင်က ယုံကြည်လေးစားစွာ အတူ သီတင်းသုံးလာတဲ့ ရဟန်းနှစ်ပါးဟာ အထင်အမြင်လွဲမှား၊ အငြင်းပွားပြီး သံသယတွေနဲ့ ကွဲကွာသွားတယ် ဆိုပါတယ်။

အဲဒီတော့မှ အလကားနေရင်း စမ်းသပ်လေ့လာချင်တဲ့ နတ်သားမှာ သူ့ပယောဂနဲ့ အချင်းချင်း ချစ်ကြည်လေးစားလာတဲ့ သီတင်းသုံးဖော် ရဟန်းနှစ်ပါးမှာ သံသယတွေနဲ့ ကွဲကွာကြလေတယ် ဆိုပြီး နောင်တ အကြီးအကျယ်ရတယ် ဆိုတယ်။

သီလစင်ကြယ်သူကို ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အကုသိုလ်၊
ချစ်ခင်နှစ်သက်သူတို့ကို သံသယတွေနဲ့ ကွေကွင်းစေတဲ့ အကုသိုလ်။
ဒီ အကုသိုလ်တွေကြောင့် သူ နတ်ပြည်က သေလွန်တော့ ငရဲမှာ ကြာမြင့်စွာ ခံရတယ် ဆိုပါတယ်။

နောက်ဆုံးဘဝကိုရောက်တော့ အဲဒီနတ်သားဟာ သူကိုယ်တိုင် ရဟန်းတစ်ပါး ဖြစ်လာခဲ့ပါတယ်။
အဲဒီမှာ ဝဋ်ကြွေးကို အကြေ ဆပ်ရပါတယ်။

အဲဒီ ရဟန်း ဘယ်နေရာကို သွားသွား၊ ဘာကို လုပ်လုပ် သူ့နံဘေးမှာ တကယ်မဟုတ်တဲ့ မိန်းမအရိပ်ယောင်တစ်ခုဟာ ကပ်ပါနေခဲ့ပါတယ်။ တကယ့် အစစ်အမှန် မိန်းမ မဟုတ်တဲ့ သူ့ ဝဋ်ကြွေးကြောင့် ဘေးလူတွေသာလျှင် မြင်ရတဲ့ ဝဋ်ကြွေးရုပ် ဖြစ်ပါတယ်။ ဘေးက လူတကာကတော့ ဒီရဟန်းဟာ သင်္ကန်းပင် ဝတ်ထားပေမယ့် သွားလေရာရာမှာ မိန်းမက ကပ်ပါနေတော့တာပဲ ရယ်လို့ ကဲ့ရဲ့သင်္ဂြိုဟ် စကားဆိုကြပြီး၊ မကြည်ညိုကြ မကိုးကွယ်ကြလို့ ဆွမ်းကွမ်းအတွက် အင်မတန်မှ ခက်ခဲခဲ့တယ် လို့ ဆိုပါတယ်။

နောက်ဆုံး သူ ရဟန်းကိစ္စပြီးမှ ဒီ မိန်းမသဏ္ဍာန်ဟာ ပျောက်ကွယ်သွားခဲ့တယ် လို့ ဖတ်ခဲ့ရဖူးပါတယ်။

***
ကိုယ်တွေးမိတာ...
ဇာတ်ကြောင်းကို တိတိကျကျတော့ မမှတ်မိတော့ပါဘူး။
ဇာတ်လမ်းမှာ နတ်သားရဲ့ ပယောဂကြောင့် စိတ်ညိုညင်ပင်ပန်းစွာ ကွဲကွာသွားတဲ့ ရဟန်းနှစ်ပါးရဲ့ အတိတ် မပါခဲ့ဘူးလို့ ထင်ပါတယ်။

ကိုယ်ကတော့ ဗုဒ္ဓဘာသာကြောင်းအရ ဖြည့် တွေးကြည့်ချင်ပါတယ်။
မိန်းမတစ်ယောက်နဲ့ အထင်လွဲမှားခံရတဲ့ ပ-ရဟန်းမှာ ဒီနတ်သားလိုပဲ အတိတ်ဘဝက မကောင်းမှုတစ်ခုခု ရှိခဲ့လို့ ဆပ်ရတာ ဖြစ်ပါလိမ့်မယ်။ သူဟာ ကြွေးဟောင်းရှိလို့ ဆပ်လိုက်ရတာပါပဲ။
ယုံကြည်လေးစားသူရဲ့ အထင်လွဲမှားမှုကို ခံရတယ်။ ချစ်ကြည်ရင်းနှီးတဲ့ အပေါင်းအဖော်နဲ့ ကွေကွင်းရတယ်။ ဒါဟာ အတိတ်က သူတို့ရဲ့ ကံအကြောင်းတရားအရ ပြန်ဆပ်လိုက်ရတဲ့ ကြွေးဟောင်းဖြစ်မှာပါပဲ။

အဲဒီအချိန်မှာ ကိုယ့်အလုပ်ကို မလုပ်ဘဲ မဆိုင်တဲ့ သူများကိစ္စ အာရုံစိုက်ပြီး ဒီနှစ်ယောက်ကြား ငါဝင်စမ်းသပ်လိုက်ရင် ဘယ်လိုနေမှာပါလိမ့်ရယ်လို့ နတ်ပြည်ကနေ စိတ်ထွေပြား ပျံ့လွင့်စွာနဲ့ ဆတ်ဆော့လိုက်တဲ့ နတ်သားကတော့ ကြားထဲက ကြွေးသစ်တင်သွားတော့တာပဲ။

သူ့အလှည့်ကျတော့ ဆတ်ဆော့မယ့်သူ မရှိတော့ဘူးထင်ပါရဲ့။ ဝဋ်ဖက် မရှိတော့ဘူး။ အကုသိုလ်တူတဲ့သူ မရှိတော့ဘူး ပြောရမယ်ထင်ပါတယ်။ တကယ့်လူစင်စစ်က မနှောင့်ယှက်ရပါဘဲ အရိပ်အယောင်သာ လာထင်တယ်။ (စကားအဖြစ် အရိပ်အယောင်လို့ သုံးတာပါ။ တကယ်က ဘေးလူတွေ အနေနဲ့ တကယ့် မိန်းမစစ်စစ်ကို မြင်ရသလို မြင်ကြရတယ် ဆိုပါတယ်။)

ဝဋ်ကြွေးရှိရင်တော့ ဘုရား၊ ရဟန္တာသော်မှ ကြေအောင် ဆပ်ကြရတာပဲ။ ဖြစ်သူတွေက အဟောင်းတွေပါ။ ဘယ်သူပဲ ဖြစ်ဖြစ် အကြွေးရှိလို့ ဆပ်ရမယ့် အတူတူ ကိုယ်က မနေနိုင်မထိုင်နိုင် ကြားဝင်ရင်တော့ အကြွေးသစ်ကို ရတော့မှာပေါ့။

***
တိုက်ဆိုင်တာတွေ ရှိနေသေးလို့ ဆက်ပြီး တွေးကြည့်ချင်သေးတယ်။

အဲဒီ အဖြစ်တွေမှာပဲ အတိတ်ဆိုတာကို ဖယ်ထားကြည့်ရင်တော့ ပ-ရဟန်းသည်လည်း သူ့လက်ရှိဘဝမှာ သီလစင်ကြယ်သူ ဖြစ်ပါတယ်။ နတ်သားတဖြစ်လဲ ရဟန်းသည်လဲ ထို့အတူပါပဲ။ နောက်ကြောင်းကိုသာ ပြန်မစဉ်းစားရင် သူတို့မှာ အသားလွတ်ကြီး ခံလိုက်ကြရတယ်လို့ ထင်စရာ ရှိပါတယ်။

လောကမှာ လက်ရှိ ကိုယ်ဘာမှ အမှားမလုပ်လဲ အထင်လွဲ အမြင်လွဲ၊ အပြောခံ အဆိုခံ ဆိုတာ မသေမချင်း ကြုံရမှာပါပဲ။
အကြွေးရှိတော့ ဆပ်ရတာပ။ ဗုဒ္ခဘာသာဝင်တွေ အတွက်တော့ သိပ်မဆန်းပါလေ။

သို့သော်လည်း...
သူ့အကျိုးနဲ့ သူ့အကြောင်း၊ သူ့သဘောသူဆောင်၊ သူ့ကြမ္မာ သူစီရင်မယ့် ကိစ္စမှာ ဆိုခဲ့ပြီးတဲ့ နတ်သားလို "ဓါးခုတ်ရာ လက်ဝင်လျှို" ရင်တော့ ခံရတဲ့သူများက ပစ်ချလိုက်ရမယ့် ကြွေးအဟောင်းကို ပြုလုပ်သူများ
အနေနဲ့ ကိုယ့်ခေါင်းပေါ်ပြောင်းတင်သလို ဖြစ်တော့မှာပဲ လို့ တွေးနေမိပါတော့တယ်။

***
ဝန်ခံချက်။ ။ လတ်တလော အရေးကိစ္စများပေါ် တည်မှီ၍ ရေးပါသည်။
***

Wednesday, October 14, 2009

ရွှေတိဂုံဘုရားပေါ်မှာ...


(ပဲနဲ့)

အဲဒီ လက်ကိုင်ပုဝါလေး ဘယ်လိုလုပ် ကိုယ့်လက်ထဲ ရောက်လာလဲ ဆိုတော့...
အဒေါ်ဝမ်းကွဲက အဲဒီတုန်းက ရန်ကုန်မှာ ဥပဒေ တက်နေတယ်။
ဘယ်နှစ်လဲ ဘာလဲဆိုတာတော့ မသိတော့ပါဘူး။
တခါတုန်းက ရေးဖူးတဲ့
အဒေါ်ဝမ်းကွဲပါ။
သူက အဲလိုမျိုး ရိုက်ခိုင်းတာ။

Tuesday, October 13, 2009

လွမ်းတဲ့ မှတ်တမ်း

အဲဒီ တစ်နေ့က မိုးဖွဲဖွဲ ရွာတဲ့နေ့ပေါ့။
ပျင်းပျင်းရိရိနဲ့ ကိုယ်​ ရုံးသွားတဲ့အချိန်...


လမ်းထိပ်ကိုရောက်တော့ တူတူ လျှောက်လာတဲ့ မိန်းကလေး တစ်ယောက်ကို ကောင်လေးတစ်ယောက်က လာကြိုတယ်။ မြန်မာအတွဲလို့တော့ ကိုယ်မထင်ပါဘူး။ ဒီကအတွဲပဲ ထင်ပါတယ်။
သိပ်တော့ မသေချာဘူး။ ကိုယ်က လူကဲခတ်ညံ့တယ်လေ။


သူတို့နှစ်ယောက်က ကိုယ့်ရှေ့က လျှောက်နေကြတော့ ကိုယ်လဲ နောက်ကနေ စိတ်ဝင်တစား ကြည့်နေမိတယ်။ ကောင်လေးက
သူ့မိန်းကလေးရဲ့ ထီးကိုရော... လွယ်ထားတဲ့ အိတ်ကိုရော သူပဲယူပေးတယ်။

မြင်ယောင်ကြည့်စမ်းပါ။
မိုးတဖွဲဖွဲအောက်မှာ
ချစ်သူစုံတွဲလေး တူတူ လမ်းလျှောက်နေတဲ့ပုံစံကို...
အရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်း ကောင်လေးတစ်ယောက်က သူ့မိန်းကလေးရဲ့ အိတ်ကို လွယ်ပြီး မိန်းကလေးကို ထီးမိုးပေးနေတဲ့ ပုံစံကို...


ကိုယ်တောင် ပြုံးမိတယ်။

နောက် ကောင်လေးဖုန်းက မြည်လာတော့ ထီးတဖက်နဲ့ မအားတဲ့ ကောင်လေးက သူ့မိန်းကလေးကို ဖုန်းကိုင်ခိုင်းတယ်။ ကောင်မလေးက ပထမတော့ ဖုန်းကို သူ့ကောင်လေး နားမှာ ကပ်ပြီး ပေးသေးတယ်။ မမီမကမ်းနဲ့ ဆိုတော့ နောက်တော့ ကောင်မလေးက သူပဲ ယူပြီး ပြောလိုက်တယ်။

ဘာမှတော့ မဟုတ်ပါဘူး။
ဒါပေမဲ့ ကိုယ့်မျက်စေ့ထဲမှာတော့ တော်တော် ချစ်စရာကောင်းတဲ့ မြင်ကွင်းပဲ။


***
အဲဒီတော့...

မင်းကို
ကိုယ် လွမ်းတယ်။

***
ဒီစကားတွေ ကိုယ်တောက်လျှောက်ပြောတော့ တဖက်မှာ တိတ်တဆိတ် ပြုံးနေခဲ့လိမ့်မည် ထင်သည်။
နောက်တနေ့မနက်
တစ်ကြောင်းတည်းသာ ပါသည့် စာတစ်စောင် ရောက်နှင့်သည်။

"အချိန်တွေ အကြာကြီး တစ်ယောက်တည်းဖြစ်နေစေခဲ့တာကို ခွင့်လွှတ်ပါ။"


***
အချစ်ဆိုတာ...
တခါတလေတော့

ဖြေလျော့ပစ်ခါမှ ရစ်ပတ်လာ
လွင့်ပါးစေကာမှ နှောင်ဖွဲ့လာ
ရှင်းထုတ်ပစ်ကာမှ ရှုပ်ထွေးလာ
ဝေးဝေးပြေးကာမှ နီးကပ်လာ

***


... ကြင်နာသူ ရင်ခွင်မှာ ခိုဝင်နားဖို့ ကြိုနေပါ
ရင်မှာ မေးချင်နေသော စကား

အရင်လို ကိုယ့်ကို ချစ်သေးလား


***

Saturday, October 10, 2009

မ ဆိုတာ "မြတ်"

ဒီတခါ မြန်မာလို

1. What is your name : မြတ်

2. A four Letter Word : မြတ်မြတ်နိုးနိုး

3. A boy's Name : မျောက်မူးလဲ (ညက ကိုကေ့ သားလေး အကြောင်း ဖတ်မိပြီးတော့...)
4. A girl's Name : မိုးဟေကို

5. An occupation : မေ့ဆေး ဆရာဝန်
6. A color : မီးခိုး
7. Something you'll wear : မျက်တောင်တု
8. A food : မုန့်လင်မယား

9. Something found in the bathroom : မျက်နှာသုတ်ပုဝါ
10. A place : မောင်းမကန်
11. A reason for being late : မျက်စေ့လည်နေလို့

12. Something you'd shout : မတရားဘူး !!!!

13. A movie title :
မောင်
14. Something you drink : မိုးရေ

15. A musical group : မြို့မ

16. An animal : မြွေ

17. A street name :
မင်းဓမ္မလမ်း
18. A type of car : မာစီဒီးစ်ဘင့်ဇ်

19. The title of a song : မောင့် မူပိုင်ရှင်

20. A verb : မျက်စေ့နောက်


***
ဒီတခါ မနေနေနိုင် မြှောက်ပေးလို့...

***
Update :
Steve Evergreen said...
1. What is your name : မောင့်ရဲ့ မြတ်

2. A four Letter Word : မြိုးမြိုးမြက်မြက်
3. A boy's Name : မာနမင်းသား
4. A girl's Name : မဟေသီ
5. An occupation : မှော်ဆရာ
6. A color : မှုံပြာရီမှိုင်း
7. Something you'll wear : မြပုဝါ
8. A food : မင်းလေး ချက်တဲ့ မုန့်ဟင်းခါး
9. Something found in the bathroom : မှိုတက်နေတဲ့ နံရံလေးဖက်
10. A place : မြိုင်သာယာ
11. A reason for being late : မောင့် ကြောင့်
12. Something you'd shout : မောင် တော်တော်ဆိုး
13. A movie title : မမင်းဖြူမှန်မှန်ပြော
14. Something you drink : မေတ္တာရေ
15. A musical group : မင်းမနိုင် တေးဝိုင်း
16. An animal : မြွေပွေး
17. A street name : မပြန်လမ်း
18. A type of car : မောင်းလို့ရရင်ပြီးရော
19. The title of a song : မြခွာညို
20. A verb : မေ့မရ

***

Thursday, October 8, 2009

Poor Fish !

ဒီနေ့မနက်
အိပ်ရာကထတော့ ရေနွေးတည်ဖို့ မေ့တယ်။
ခါတိုင်း နိုးတာနဲ့ တည်နေကျ... ပြီးမှ ရေမချိုးခင် ကော်ဖီဖျော်တယ်။
ဒါမှ ရေချိုးပြီးလို့ breakfast စားချိန်ကျ သောက်ဖို့ အနေတော်ပဲ။

နေ့တိုင်းလုပ်နေကျကို လုပ်ဖို့ မေ့တယ်။

ရေချိုးပြီးလို့ အဝတ်စားလဲတော့မှ သတိရတယ်။
ရေနွေးလည်း မတည်ဘူး၊ ကော်ဖီလည်း မဖျော်ရသေးဘူး ဆိုပြီး...
ဒါနဲ့ ကော်ဖီ တခွက်စာပဲ အရင်တည်ပြီး၊ စားရင်သောက်ရင်း စဉ်းစားမိတယ်။

ညနေ ရေကျက်အေးလုပ်ဖို့ ထပ်တည်လိုက်ဦးမယ်လို့...
electric kettle ရှိပေမယ့် ကြီးနေလို့ ရိုးရိုးအိုးနဲ့ နည်းနည်းပဲတည်မယ် ဆိုပြီး လျှာရှည်ပြီးသကာလ... မြန်မြန်ပြီးအောင် gas ကို နည်းနည်း မြှင့်ပြီး တည်လိုက်တာ...

ရုံးကိုလာတော့ ပိတ်ဖို့မေ့ပြီး ဒီတိုင်း ပစ်ထားခဲ့တယ်။
ငါးမိနစ်လောက် လမ်းလျှောက်ပြီးတော့မှ အိမ်မှာကျန်ခဲ့တဲ့ ညီမလေးတယောက်ကို အလန့်တကြား ဖုန်းလှမ်းခေါ်ရတယ်။ သူကလဲ တော်တော်နဲ့ မကိုင်တော့ ကိုယ့်မှာ ရှေ့ပဲဆက်ရမလား၊ နောက်ပဲ ပြန်လှည့်ရမလားနဲ့...

နှစ်ခါလောက် ဆက်တိုက်ခေါ်ပြီး ကိုင်တော့မှ... ဟင်း ချရတယ်။
သူကလဲ တန်းသိတယ်။ "အစ်မ မီးဖိုလား" တဲ့။

***
ခုတလော လုပ်သင့်တာတွေ မလုပ်ဘူး။
* အကျိုးရှိမယ့်စာ များများ ဖတ်ရမယ်။
* အချိန်ကို အလေးထားရမယ်။
* ဘာသာစကား တိုးတက်အောင် လုပ်ရမယ်။
* နိုင်ငံတကာ သတင်းပလင်းလေး နားစွင့်ရမယ်။
(ရုံးနဲ့နီးတဲ့ အိမ် ပြောင်းလာတာ ဘာလုပ်ဖို့လဲ။ ဒါတွေ လေ့လာဖို့ မဟုတ်လား။)

မလုပ်သင့်တာတွေတော့ လုပ်နေတယ်။
* အကျိုးမရှိမယ့်စာ (ရုံးတွင် ရာထူးတက်ရန် အထောက်အကူမပြု၊ လစာတိုးရန် အထောက်အကူမပြုသော စာများကို ဆိုလိုပါသည်။) အများကြီး ဖတ်နေတယ်။
* အားတိုင်း ကွန်ပျူတာနဲ့ မျက်နှာချင်းဆိုင်နေတယ်။
(ဟီးဟီးဟားဟားတွေ လုပ်တယ်။)
* ဘယ်တုန်းကမှ မကြည့်ချင်တတ်တဲ့ ဗမာကားတောင် ကြည့်မိနေသေးတယ်။
(တခါကြည့်ရင် မိနစ် ၂၀၊ နာရီဝက်နဲ့ ၂ ရက်ရှိပြီ။)
* ဘလော့က အတင်းတွေပဲ လိုက်ဖတ်နေမိတတ်တယ်။
(ဘလန့်ချက်နဲ့တောင် ဝယ်လိုက်သေးတယ်။)

***
တော်မှ တော်မှ...
ကိုယ့်အကြောင်း လူသိတယ်။


Wednesday, October 7, 2009

R for Rita

R for Rita

1. What is your name : Rita
2. A four Letter Word : Rose
3. A boy's Name : Ronny
4. A girl's Name :
Rebbecca
5. An occupation : Radiotherapist
6. A color :
Royal Purple
7. Something you'll wear : Ring
8. A food : Roast Duck
9. Something found in the bathroom :
Running Water
10. A place : Rome
11. A reason for being late : Red on Traffic Signal! (:P)
12. Something you'd shout : Ridiculous !!!!!
13. A movie title : Road to Singapore
14. Something you drink :
Red Bull (တကယ် မသောက်ပါဘူး။ လျှောက်ရေးထားတာ)
15. A musical group : Rolling Stone
16. An animal : Rabbit
17. A street name : Royal Road
18. A type of car : Rolls Royce
19. The title of a song : Right Here Waiting
20. A verb : Radiate

မနေနေနိုင် ရေးထားတဲ့ N for Nay ဆိုတဲ့ post လေးကို အားကျလို့ ရေးကြည့်မိတာ။

***
Update :
Steve Evergreen said...
1. What is your name : Rita

2. A four Letter Word : Riot
3. A boy's Name : Rat tail
4. A girl's Name : Rodent
5. An occupation : Robbery
6. A color : Rusty brown
7. Something you'll wear : Red panties
8. A food : Rotten tomato
9. Something found in the bathroom : Razor
10. A place : R.I.P
11. A reason for being late : Reluctant to come
12. Something you'd shout : Revenge!
13. A movie title : Road to Perdition
14. Something you drink : Rum
15. A musical group : Red Hot Chili Peppers
16. An animal : Rhesus monkey
17. A street name : Road to nowhere
18. A type of car : Rover69
19. The title of a song : River of no return
20. A verb : Roar

***

My Currnet Status !

ဒီရက်ပိုင်း တော်တော်ကို concentration နည်းနေလိုက်တာ။
ကိုယ့်ဟာကိုယ် ဘာလုပ်နေလို့ လုပ်နေမိမှန်းတောင် မသိဘူး။
ရူးခါနီးနေပြီလား လို့ ရယ်စရာလုပ် တွေးမိတယ်။
မမေ့သင့်တာတွေ မေ့တယ်။ မလုပ်သင့်တာတွေ လုပ်တယ်။
တယောက်ယောက်က တခုခု လာပြောရင် အဓိပ္ပါယ်ကို အတော်တွေးယူမှ ရတယ်။

ဆိုင် မဆိုင်တော့ မသိဘူး။
ကြည်အေးဝတ္ထု ဖတ်တာ ခဏရပ်ထားမှ လို့ တွေးမိတယ်။
တကယ်တော့ ဒါလဲ တွေးစရာ မလိုတဲ့ ကိစ္စပဲ။
ဘာလို့ဆို ဘယ်ဟာကိုမှ တောက်လျောက် ဆက်တိုက်လုပ်သွားလို့ မရဘူး။
လုပ်နေရင်း ခဏခဏ ရပ်ထားရတာချည်းပဲ။

သူငယ်ချင်းတယောက်ကတော့ အဲဒါ Alzheimers စနေတာပေါ့ လို့ ပြောတယ်။
တော်သေးတယ်။ ပြောတဲ့လူက ဆရာဝန် မဟုတ်လို့။
ဆရာဝန်က ပြောရင် အဟုတ်မှတ်နေဦးမှာ။
ခါတိုင်း စကားတစ်ခွန်း အတင်မခံပေမယ့် ခုတော့ အယ်လဇိုင်းမားက ဒီအရွယ်မှာ ဖြစ်လို့လား လို့တောင် ပြန်မပက်မိခဲ့ဘူး။

မလုပ်သင့်တာတွေ လုပ်တယ်။
လုပ်သင့်တာတွေတော့ သိရက်သားနဲ့ မလုပ်ဘူး။
တယောက်က ပြောတယ်။
မျက်စေ့ဖွင့်ကြည့်စမ်းပါ။
ကမ္ဘာကြီးက ကျယ်လွန်းလို့ တချက်လောက်မှ လှည့်မကြည့်ရင် ကိုယ့်မှာ ဘာတွေလိုနေလဲ မသိနိုင်ဘူး တဲ့။

နေပါစေတော့။ ကြည့်ချင်ပါဘူး။
လိုနေတာတွေသိရင် လိုက်လုပ်နေရဦးမယ်။
မလုပ်နိုင်ရင် guilty ဖြစ်နေဦးမယ်။

မျက်စေ့မှိတ်ပြီး အိပ်နေပါရစေ။

***
ခုလဲ ရုံးကနေတောင် ပို့စ်တင်ဖို့ လုပ်နေပြန်တာ ပုံမှန် မဟုတ်ဘူးလို့ပဲ ပြောရမလား။
ဒီလို အခြေအနေမှာတောင် အလုပ်တဖက်နဲ့ ပို့စ်တင်နိုင်သေးတယ်လို့ပဲ ဖြေတွေးရမလား ဆိုတာ မသိတော့ပါဘူး။

(ဘာပဲဖြစ်ဖြစ် ပို့စ်တင်ပြီးရင် ဘယ်လို comment တွေလာမလဲ ကြိုတွေးလို့တော့ ရနေတယ်)

:)

***

Tuesday, October 6, 2009

Charles Baudelaire ရဲ့ ကဗျာတစ်ပုဒ်

နိဗ္ဗာန်ဖြစ်ဖြစ် ငရဲဖြစ်ဖြစ်
ဘာအရေးလဲ

လာ...
ခုန်ချကြမယ် အမှောင်ထဲ

မသိမှုရဲ့ ချောက်ထဲမှာ
ငါတို့ ... အသစ်တစ်ခု တွေ့ရှိမှာ အသေအချာ

(Translated by မောင်သစ်ဆင်း)

ဒီကဗျာကို မောင်သစ်ဆင်း ရေးတဲ့ "တရား" ၀တ္ထုတိုထဲက ဖတ်ခဲ့ရပါတယ်။

မူရင်းကဗျာဟာ ပြင်သစ်ကဗျာဆရာ Charles Baudelaire ရေးတဲ့ "Voyage" ဆိုတဲ့ ကဗျာရဲ့ တစိတ်တပိုင်းဖြစ်တယ် လို့ ဖတ်ဖူးပါတယ်။

ခု net မှာ Baudelaire ရေးတဲ့ ကဗျာတွေ ရှာကြည့်တော့ "Voyage" ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးတဲ့ ကဗျာ မတွေ့ရဘူး။

Title မှာ voyage ဆိုတဲ့ စကားလုံးပါတာတော့ ၃ ပုဒ်လောက်တွေ့မိတယ်။

* Invitation to the Voyage
* The Invitation to the Voyage
* Voyage to Cytherea

အင်္ဂလိပ်စာက မတတ်ရတဲ့ကြားထဲ ရုံးမှာ ရှာဖတ်မိတာဆိုတော့...အထက်က ကဗျာနဲ့ အဓိပ္ပါယ်တူတဲ့ စာကြောင်းကို ရှာမတွေ့မိဘူး။
ဒါမှမဟုတ် ကိုယ်ပဲ ကဗျာခေါင်းစဉ် အမှတ်မှားသလား...

***
တစ်ယောက်က မေးဖူးတယ်။
"တကယ်လို့ ခုန်ချပြီးမှ ဘာမှ မရှိခဲ့ရင်ရော" တဲ့။

ကိုယ်ပြန်ဖြေလိုက်တယ်။
"ဘာမှ မရှိတာဟာ အသစ်ပဲ" လို့။

(စာကြွင်း။ ။ ကိုယ် တကယ်ပဲ အဲဒီလို ယုံကြည်လို့ ပြောခဲ့မိတယ် မထင်ပါ။)

***

Sunday, October 4, 2009

နွမ်းလျအိမ်ပြန်

"လူ့ဘ၀ဆိုတာ အဓိပ္ပါယ် ကင်းမဲ့တယ်လို့ အလ်ဒတ်စ် ဟတ်စလေ ပြောဖူးတယ်။ အဲဒါကို တင်မေ သိပ်ယုံတာပဲ။ ပြီးတော့ ကလေးတွေကို ဘယ်လို အယူအဆ အတွေးအခေါ်တွေ ရှိလာအောင် သင်ပေးမလဲ ဟင်။ တခြားကလေးတွေ နေတဲ့ကျောင်းကို ပို့ပြီး အသက်ကြီးလာတော့ တခြားလူတွေ နေသလို နေခိုင်းမလား။"

"တင်မေ့ သဘောကျ မွေးပေါ့ကွယ်"

"အဲဒီတော့လည်း တင်မေလို ဖြစ်လာပြီး လူတွေနဲ့ မတူသလို ဖြစ်နေမှာ စိုးတယ်။"

"တော်ပါတော့ မေရယ်။ မင်းဟာက အတွေး တ၀က်ပြတ်ကြီးပဲ။ ဘယ်တော့မှ အဆုံးမှ မသတ်ပဲ။"

"တင်မေ့ဘ၀ဟာလည်း တ၀က်ပြတ်ပါပဲ။"

***
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။


လှမ်းမီပေမယ့်

မောနေပါ့မယ် ခူးမလွယ်ဘူး

မြေ၀ယ်လျောင်းစင်း မောင့်ခြေရင်းက

သက်ဆင်းကြွေလွင့် ခရေပွင့်လေ...


အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

***

ဆရာက မောလျသည့် လေသံကလေးဖြင့် "ကြွေပွင့်ဆိုတာ ဘယ်သူလဲကွယ်" ဟု မေးလေရာ...

"ကိုကျော်နဲ့ ပေးစားမယ် ဆိုတဲ့ မိန်းကလေးလေ။"

တင်မေသည် ပေါ့ပေါ့ ပြောလိုက်သလောက်ပင် စိတ်ထဲကလည်း ပေါ့ပေါ့ပင် ရှိ၏။
အချစ်သည် သေခြင်းလို ပြင်းထန်ပြီး၊ သ၀န်ကြောင်စိတ်သည် မြှုပ်သည့် ကျင်းပမာ ကြမ်းကြုတ်သည် ဆိုသည့် ကဗျာလေးသာ မှန်သောသစ္စာတရား ဖြစ်လျှင်တော့ တင်မေသည် ကိုကျော်ကို ချစ်လည်းမချစ်၊ သူ့ကောင်မလေးကိုလည်း သ၀န်မကြောင်ဟု ဆိုရပေတော့မည်။

ကိုယ့်ဘာသာလည်း ၀န်ခံ၊ ဖွင့်ပြီးလည်း ပြောမိသေးသည်မှာ...
"ဒီကောင်မလေးဟာ ကိုကျော့်အဖို့ တင်မေ့ထက် ပိုပြီး သင့်တော်တာပဲ။"

သူ့ကောင်မလေး၏ ထင်ရှားသည့် ဂုဏ်မှာ အိမ်ရှင်မကောင်း ဖြစ်နိုင်ခြင်းပင်။
မိခင်၏ ကြင်နာခြင်းမျိုးနှင့် သူနာပြုဆရာမ၏ အပြုစုမျိုးကို မိန်းမ၏ အချစ်အပြင် ရရှိပေဦးမည်။
ဘယ်လောက်တော်သည့် ယောက်ျားမျိုးပဲ ဖြစ်ဖြစ်၊ အချစ်သက်သက်ထက် အချော့ကို မက်မောသည်ဟု ထင်မိလေသည်။

ပြီးတော့ ကိုယ့်မယားသည် သိပ်ပြီး မသိတတ်ရ။ လင်သည်၏ အကြွင်းမဲ့ တပည့် ဖြစ်ရပေမည်။
ယောက်ျားမှာ စိတ်ကူး အဆန်းအသစ် ရလာသည်ဆိုလျှင် လွယ်လွယ်လိုက်ပြီး ထောက်ခံတာထက် ကိုယ့်ကိုယ်ကိုယ် အညံ့စားထားပြီး ကြမ်းကြမ်းကြီးလည်း မဟုတ်ဘဲ ပါးနပ်စွာ ခံငြင်းပေးရမည် ထင်သည်။ သည်တော့မှ ယောက်ျား၏မာနသည် ဖွံ့ဖြိုးပြီး သူ့ကိုယ်သူ ကျေနပ်စိတ် ပေါ်လာစေနိုင်လိမ့်မည်။

(ကြည်အေး - နွမ်းလျအိမ်ပြန် မှ)

(စာကြွင်း။ ။ အဲဒီ Theory ကို ခုထိ နားကို မလည်နိုင်သေးဘူး။
ဘာကို ပြောချင်မှန်းကို မသိတာ။)

***

ဖတ်စရာ ရှိတာ၊ ကြည့်စရာ ရှိတာ၊ လုပ်စရာ ရှိတာတွေ ပစ်ပြီး ခုတလော "နွမ်းလျအိမ်ပြန်" ကို ရောက်တဲ့နေရာက ကြုံသလို အပြန်ပြန် ဖတ်နေမိတယ်။

***
ဟိုအဝေးမှာ

မင်း...


ရှိသလား ... ချစ်သူရယ်...


တလက်လက် လင်းတဲ့ ကြယ်ကလေး ဆီမှာလေ...

(Rita - လွင့်ပါးပျောက်ရှ မှ)

***
Update :

အိမ်ထောင်ရေးကိစ္စကို သူပြောသွားတာ ဟောင်းနေတဲ့ အကြောင်းပေါ် အခြေခံပြီး ပြောတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့အတွေးအခေါ်(တင်မေ)ကတော့ အဲဒီခေတ်ရဲ့ ရှေ့ကို အနှစ် ၄၀ လောက်မက ကြိုပြီး ပြေးနေတာလို့ ခံစားရတယ်။

'64 ခုနှစ်ဆီက အရေးအသားလေ။
(တကယ်ရေးခဲ့တဲ့ အချိန်က 1945 ၀န်းကျင်လောက်မှာ ဖြစ်နိုင်ပါတယ်... 1964 က 1st publication လုပ်တဲ့အချိန်)
ဂျူးတောင်မှ '86 လောက်ရောက်မှ "အမှတ်တရ" ကို ရေးတာ မဟုတ်လား။

တင်မေက '64 ခုနှစ်တည်းက living together လုပ်နေပြီ။
:)

(မှတ်ချက်။ ။ အဲဒီဝတ္ထုနှစ်ခုလုံးမှာ living together ကို အသားပေး ရေးထားတယ်လို့ ကိုယ်လုံးဝ မခံစားရပါ)

တင်မေ ပြောသွားတဲ့ အကြောင်းအရာတချို့က အဲဒီခေတ်က မြန်မာမှုစနစ် အိမ်ထောင်ရေးကို ထင်ဟပ်ထားပေးမဲ့ သူ့ character က လုံးဝကို အဲဒီထဲက ခွဲထွက်ထားတယ်။

ကြည်အေး ၀တ္ထုတွေ ဖတ်ရတဲ့အခါ အဲဒီ taste မျိုး အမြဲတမ်းရတယ်။ ကိုယ်ကတော့ စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်တတ်တဲ့သူမျိုးဖြစ်တော့ သူရေးတဲ့ အကြောင်းအရာတွေ၊ character တွေနဲ့ ခေတ်ကာလကို ယှဉ်ကြည့်ရင် မအံ့သြဘဲကို မနေနိုင်ဘူး။

***