Saturday, January 31, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (အဆုံး)

minceymarble.net

ယခင် post မှ အဆက်..

"အချစ် သည် စိတ်ခံစားမှု သက်သက် မဟုတ်ဘဲ အတတ်ပညာတစ်ခု ဖြစ်သည်" ဟူသော ဂျူး၏ အဆိုကို တဆိတ် ကိုးကားလိုပါသည်။

"ချစ်ခြင်း၏ အနုပညာ" ၀တ္ထုတို၌ အချစ်၏ အတတ်ပညာကို သစ်ပင်စိုက်ပျိုးခြင်းနှင့် နိမိတ်ပုံပြုကာ အလွန်ကောင်းမွန်သော presentation ကို ပြသခဲ့သည်။ "ချစ်ခြင်း" ကို သင်္ကေတပြုဖို့ရာ သစ်ပင်ထက် ဆီလျော်သင့်မြတ်သော နိမိတ်ပုံ မရှိနိုင် ဟုထင်ပါသည်။

သစ်ပင်တစ်ပင်ကို စိုက်ပျိုးရတာနှင့် တူသည်။ အချစ်၌ အတတ်ပညာ ရှိရသည်။
အနုပညာကို ဖန်တီးရတာနှင့် တူသည်။
အချစ်၌ အတတ်ပညာ ရှိရသည်။
*
သက်ရှိပင် ဖြစ်စေ ၊ သက်မဲ့ပင် ဖြစ်စေ...မိမိ ချစ်ခင်မြတ်နိုးသော အရာကလေးတစ်ခုကို တိုးတက်မြင့်မားလာအောင် .. သူ့ရဲ့ လိုအပ်ချက် မှန်သမျှကို လိုလေသေးမရှိ ဖြည့်စွမ်းပေးရန် တတ်သိနားလည်ပြီး မြေတောင်မြောက်ပေးနိုင်ခြင်းမှာ အချစ်၏ အတတ်ပညာပင် ဖြစ်သည်။ ၄င်းအချက်သည်ပင် "ချစ်ခြင်း၏ အနုပညာ" ၏ Theme ဖြစ်၏။

စိတ်ခံစားမှု သက်သက်သာ ရှိမည် ဆိုလျှင် ထို ချစ်ခြင်း၌ တာဝန်ယူလိုစိတ် ကင်းလိမ့်မည်။
အချစ်သည် တာဝန် (အချစ်=တာဝန်) ဖြစ်သည်ဟု ဆိုလိုရင်းမဟုတ်ပါ။ အချစ်စိတ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ခြင်းသာ ဖြစ်ပါသည်။

အကျဉ်းအားဖြင့် ဆိုရသော်.. (မည်သူနှင့် မည်သူ့ကြားတွင်မဆို ရှိသော) အချစ်သည် တာဝန်ယူ ထိန်းသိမ်း စောင့်ရှောက် ဖြည့်ဆည်း မြှင့်တင် ပေးလိုသည့် ဆန္ဒကလေးသာ ဖြစ်ပါသည်။
*
အချစ်သည် ပကတိ အဖြူရောင်ပင် ဖြစ်သည်။
*
ချစ်သူ၏ ဘ၀တွင် ကိုယ်မှ မရှိမဖြစ်ပါဘူးဟု ကိုယ့်ဘက်က ယုံမှတ်လာသော အချိန်တွင် ရယူပိုင်ဆိုင်လိုသော ဆန္ဒ ဖြစ်ပေါ်လာပါသည်။ ဤသည်မှာ သူ့အတွက် အကောင်းဆုံး မှန်သမျှ ကိုယ်ကသာ ဖန်တီးပေးနိုင်သည်ဟု ယုံကြည်ခြင်းကြောင့်သာ ဖြစ်၏။

ကိုယ့်ချစ်သူကို ကိုယ်ကသာ ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးလိုခြင်းမှာ ချစ်သူတွေ၏ တကိုယ်ကောင်းဆန်မှု ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့သော် ...
ထို တကိုယ်ကောင်းဆန်မှုသည်ပင် အလွန်တရာ
ဖြူစင်သော အတ္တ
အလွန်တရာ
လှပသော စေတနာ
အလွန်တရာ ချစ်စရာကောင်းသော ကိုယ့်ကိုကိုယ် အထင်ကြီးမှု လည်းဖြစ်၏။
*
အချစ်သည် ကမ္ဘာတည်သရွေ့ ရှည်လျားမည့် ပုံပြင်တစ်ပုဒ် ဖြစ်သည်
*
စာကြွင်း

(လောကမှာ သေချာမှသာ ပြောကြစတမ်း ဆိုလျှင်တော့ လူ့စကားသံတွေ ဆိတ်သုဉ်းကုန်လိမ့်မည်။
အချစ်ဆိုတာကို မသိပါ။ သို့သော်...

သူ့ကို ချစ်တဲ့ အချစ်နဲ့သာ ရှင်သန်လှုပ်ရှား နေချင်တယ်။
သူ့ကို ချစ်နေတဲ့သူအဖြစ် ကိုယ့်ကိုကိုယ် သတ်မှတ်ထားချင်တယ်။
သူ့ကို ကိုယ်ချစ်နေတယ်လို့ (သူအပါအ၀င်) တလောကလုံးကို အသိအမှတ်ပြုခိုင်းထားချင်တယ်။
သူ့ကိုပဲ အမြတ်တနိုး အရိပ်တကြည့်ကြည့် ချစ်နေချင်တယ်။
ကိုယ့်ရဲ့ မဟောင်းနိုင်တဲ့ အိပ်မက်တစ်ခုအဖြစ် ထပ်ခါထပ်ခါ အိပ်မက်နေချင်တယ်။

အင်မတန် တင်းကြပ်တဲ့ ဥပဒေကို ပြဋ္ဌာန်းထားတဲ့ ...ချိုးဖျက်ဖို့ ခဲယဉ်းပြီး ကြီးလေးတဲ့ အပြစ်ဒဏ် ကျခံရစေနိုင်တဲ့ စာချုပ်တစ်ခုပေါ်မှာ သူ့ကို ကိုယ် ချစ်နေကြောင်း ခံဝန်ချက်ထားချင်တယ်။

အဲဒီ အကြောင်းတွေကြောင့်
(သေချာသည်ဖြစ်စေ.. မသေချာသည်ဖြစ်စေ)
သူ့ကို
ချစ်တယ်
_________________________________________________________
2ooo ခုနှစ် အလယ်လောက်မှာ ရေးဖြစ်တယ်... စာဖတ်တဲ့ သူငယ်ချင်းတွေကြားမှာတော့ နည်းနည်း hot ဖြစ်ခဲ့တာပေါ့..ဒီစာလေးကို မြန်မာပြည်ကနေ တကူးတက သယ်လာခဲ့မိတာ..Identity ပြသလိုဖြစ်နေတဲ့ စာပိုဒ်တချို့ကိုပဲ ဖြုတ်ပြီး အရင်းအတိုင်းနီးပါးပဲ တင်ထားပါတယ်..

ထုံးစံအတိုင်းပါပဲ .. ရေးပြီးကာစ အဲဒီအချိန်ကတော့ တော်တော်ဟုတ်လှပြီ..ငါကွ ဆိုပြီး လက်မထောင်ချင်ခဲ့တဲ့ အရေးအသားတွေပေါ့လေ... ခုနေပြန်ဖတ်တော့ ဘာတွေမှန်းကို မသိဘူး.. ရီလဲ ရီချင်တယ်..
၁၀ စုနှစ် တစ်ခုစာ နီးပါး ကြာခဲ့ပြီလေ။

ရှည်တာ အပြင် တကယ်တမ်း တစုတစည်းတည်း ဖတ်ရင် ဟိုရောက်ဒီရောက်နဲ့ harmony မဖြစ်တာမို့ တူရာစာပိုဒ်တွေ ခွဲစုပြီး အပိုင်းလိုက်ပဲ တင်လိုက်ရတယ်။ (လုပ်စားတာ .. တပေါင်းတည်း သွားမဖတ်ကြနဲ့နော် ..မှားမယ်)

ပြန်တင်တဲ့ အချိန်မှာ ပြင်တော့ ပြင်ချင်တယ် .. ဒါပေမယ့် idea တွေ လုံးဝကို ခန်းခြောက်နေပြီ..
(အချစ် ဆိုတာ အရင်ကလို နှလုံးသားကို လိပ်ပြာကလေးတစ်ကောင် ဖြစ်အောင် မတတ်စွမ်းနိုင်တော့ဘူးကွယ်)

ဘာပဲဖြစ်ဖြစ်..ငယ်ငယ်က အရေးအသားတွေဟာ နေရာတော်တော်များများ အူကြောင်ကြောင် နိုင်ပေမယ့် အတွေးနောက်ကို အရေးက လိုက်နိုင်ခဲ့သေးတယ်..ခုတော့ တွေးမိတာတစ်ခုကို ဘယ်လို presentation နဲ့ပြရမလဲဆိုတာ စဉ်းစားရင် အကြိမ်ကြိမ် ကြိတ်စက်ထဲက ထွက်လာတဲ့ ကြံဖတ်တွေသာ ပြေးမြင်မိတော့တယ်။

(အော် .. အသက် ၂၀ လောက်တုန်းကတော့ အချစ်ကို အဲဒီလို ..... ခဲ့ဖူးတယ်)

Thursday, January 29, 2009

If you fall in love...

www.diamanteluz.com

ချစ်မိပြီဆိုရင်


၁) အချိန်ပြည့်ထက်တောင် ကျော်လွန်ပြီး သူ့အကြောင်းတွေချည်း တွေးမိနေလိမ့်မည်။
(အချိန်ပြည့်ထက် တကယ်ကို ကျော်နိုင်ကောင်းပါတယ်..ဘာဖြစ်လို့ဆိုတော့ တချိန်တည်း နှစ်ထပ်ကွမ်း
သုံးထပ်ကွမ်း အတွေးတွေ ထပ်ပြီး တွေးနေမိတတ်လို့ပါ)

၂) ပြောသမျှစကားမှာ သူအကြောင်း မပါ, ပါအောင် နားထောင်သူ အမြင်ကပ်ရလောက်အောင် အတင်း ဇာတ်သွင်း ပြောနေမိလိမ့်မည်။
(ခင်မင်ရင်းနှီးသော သူများကို ပြောမိပါက ပွင့်ပွင့်လင်းလင်း ဆဲသမျှ မကြာခဏခံရမည်)

၃) မတွေ့တာကြာပါက ကယောင်ကတမ်း ဖြစ် ဖြစ်လာမည်။
(ဥပမာ- အိမ်ရှေ့မှာရပ်ပြီး တံခါ့းဖွင့်ဖို့ သော့ထုတ်ရမှာကို ဖုန်း ထုတ်ပြီး contact folder ကို ဖွင့်မိနေခြင်းမျိုး၊ အမြဲသုံးနေကျ email password ကို အကြာကြီး ငိုင်ပြီး စဉ်းစားနေမိခြင်းမျိုး)

၎) နံပါတ် (၃) ၏ အကျိုးဆက် အဖြစ် သူရှိသမျှ နေရာတွေ ခြေရာခံမိမည်...
(ဖုန်းတော့ တော်ရုံခေါ်မိမည် မဟုတ်)
(internet ကန့်သတ်မဲ့ ဇုံတွင်နေရသူ ဖြစ်ပါက... online တခွင် ပြဲပြဲစင်အောင် လိုက်ရှာမည်။ Skype မှာလား..vzo မှာလား..gtalk မှာလား..(သို့) social network တွေ သုံးသူဖြစ်က .ning မှာလား...friendster မှာလား...facebook မှာလား...suboo မှာလား... Twitter မှာလား.. ဘယ် အချိန်က ဘာလုပ်ပြီး ဘယ်သူနဲ့ ဘာတွေ Q သွားလဲ)(internet က နယ်မြေတွေ သိပ်မကျွမ်းလို့ သိပ်ထည့်မရေးနိုင်ဘူး)

၅) သူ သုံးနေကျတွေ သူကြိုက်တတ်တာတွေ သူ ရှာနေတာတွေ သူ လုပ်နေသမျှတွေ အကုန် အကုန်
ကို စိတ်ဝင်တစားနဲ့ လိုက်မှတ်နေမိရုံမက လိုက်ပါလုပ်မိနေမည်။
(ဥပမာ- သူ့ laptop မှာ တင်ထားတယ်ဆိုတဲ့ anti-virus freeware က စ ကိုယ့် စက်မှာ ချက်ချင်းကောက်ပြီး install လုပ်မိမည်။ သူ့ အကြိုက် အဆိုတော်တွေရဲ့ သီချင်းတွေ စက်ကတောင် မနိုင်အောင် DL လုပ်ပြီး ဘေးလူ ငြူစူအောင် ဖွင့်ဖြစ်နေမည်။ စာရိုက်လျှင်..(သို့) တစ်ယောက်ယောက်နှင့် စကားပြောလျှင် သူသုံးနေကျ အသုံးအနှုန်း အခေါ်အဝေါ်တွေ အလိုလို ပြန်သုံးမိလာမည်။)

၆) တိုက်ရိုက် တွေ့ဖြစ်ကြရင်တော့ သူလုပ်သမျှ ကန့်လန့်တိုက် ပြောချင်ပြောမိမည်။
(ဟင် ဒီ ရေမွှေးကြီးကတော့ အနံ့လဲ သိပ်မကောင်းဘဲနဲ့...ဟင် ဒီ software ကတော့ tech geek တွေ recommend လဲ မလုပ်ဘဲနဲ့... ဟိုလိုလုပ်တာကတော့ အချိန်ကုန်ရုံပဲ...ဒီလိုလုပ်တာကတော့ အလကားပဲ..အာရုံပဲ)

၇) ကိုယ်ပိုင် စိတ်ကူးထဲမှာတော့ "သူ အမြတ်တနိုး စိုက်ပျိုးတဲ့ သစ်ပင်ကလေးကစလို့ ရေလောင်းပေးချင်နေလိမ့်မည်"။ သူ့ အိမ်မွေးတိရစ္ဆာန်လေးက စလို့ သံယောဇဉ်တွေ ထားမိနေမည်။

၈) အလုပ်လုပ်ရင်းတောင် မြင်ယောင်နေလို့ ခါတိုင်း နာရီဝက်နဲ့ ပြီးတဲ့ အလုပ် ၃ နာရီ မက ကြာလိမ့်မည်။

၉) သူနဲ့ ပတ်သတ်တဲ့ ငယ်ဘ၀က အကြောင်း (သို့) တော်ရုံလူ သိပ်မသိနိုင်တဲ့ စိတ်ဝင်စားဖွယ် မိသားစု အလေ့အထ တစ်ခုခု အကြောင်းကို ရင်းနှီးသူတစ်ယောက်ယောက်ထံမှ သိရပါက ထီပေါက်သလောက် ၀မ်းမြောက်ကြည်နူး ရှိနေမည်။ အတွေးထဲ စားမြုံ့ပြန်မဆုံး ဖြစ်နေမည်။
(ရီးစားဟောင်း အကြောင်းသိရပါက တပတ် ဆယ်ရက် ဆိုသလို စားမ၀င် အိပ်မပျော် ဖြစ်နေမည်)

၁၀) သူ စိတ်ဆိုးပါက ရပ်တည်ရာ မြေကြီး မရှိတော့သလို... သူ့ဒေါသကို မြင်ရပါက တကမ္ဘာလုံး သွက်သွက်ခါ သလို... သူ ဥပေက္ခာပြုတာ ခံရပါက တလောကလုံးကို ဆုံးရှုံးလိုက်ရသလို ခံစားတတ်လာမည်။

၁၁) သူပြန်ကြည်လာတဲ့ အချိန်မှာတော့ သူ့ အပြုံး တစ်ချက်နဲ့တင် ကျန်တာ အားလုံး မှေးမှိန် ကုန်၍ တလောကလုံးကိုတောင် ခလုတ်မှတ်ပြီး ၀င်တိုက်ကိန်း ရှိလေသည်။

မှတ်ချက်။ ။ အသက် (၂၀) အောက် လူငယ်များသာ ဖတ်ရန် ...

(မိခိ သို့ ...)

My Little Pet !



ရုံးက အပြန် Kallang Way တလျှောက် လမ်းလျှောက်လာရင်း တွေ့ခဲ့တာ... သူငယ်ချင်းနဲ့ ဖုန်းပြောရင်း သူ့ကို ရေမြောင်းထဲမှာ တွေ့လိုက်လို့ ဖုန်းပြောတာတောင်ရပ်ပြီး အမိအရ ဓာတ်ပုံရိုက်ယူခဲ့တာ...

ကျွန်မ ကြောင်ကလေးနဲ့ သိပ်တူတာပဲ
အဲဒီလိုပဲ သုံးရောင်ခြယ်...ဖြူတဲ့နေရာမှာ ဆွတ်ဆွတ်ဖြူ...အနက်ရောင်နေရာမှာ လုံးဝနက်...အ၀ါရောင်နေရာမှာ လုံးဝ
ဝါ (ကျွန်မ ကြောင်ကလေးကို ကောင်းကောင်းသိတဲ့ ကျွန်မ သူငယ်ချင်းကိုပြတော့ သူတောင် အံ့သြလို့...)

လူတူမရှား ကြောင်တူမရှား လောကကိုး..

အဲဒီလိုပဲ ခေါင်းလေးမှာ အ၀ါနဲ့ အနက်ကြားနေတယ်
ကျွန်မ ကြောင်ကလေးလိုပဲ မျက်လုံးမှာ အမဲကွက်လေးနှစ်ဖက် ရှိဦးမလား သူ့ကိုတော့ မျက်နှာသေချာ မကြည့်ခဲ့ရလို့ မသိဘူး (အဲဒီ အမဲရောင်လေးတွေ ကွက်နေလို့ တချို့က "မျက်မှန်" လို့လဲ ခေါ်ကြတယ်)

ကြောင်ကလေးကို ကျွန်မ နောက်ဆုံးနှစ် (Aug 2003) လောက်မှာ မွေးခဲ့တာ... ကျွန်မ အရင်က ကြောင် လုံးဝ မချစ်တတ်ဘူး...သူတို့ကို မွေးတဲ့ထိလည်း မချစ်ဘူး... အိမ်မှာလည်း ကြောင် မမွေးပါဘူး။ သူတို့ အမေကိုတော့ ကျွန်မ အဒေါ်က ထမင်းတွေ ဘာတွေ ကျွေး ကျွေးနေတော့ အိမ်နောက်ကိုတော့ ခဏခဏလာတယ်..ကျွန်မက ရှုပ်လို့ မကြိုက်ဘူး။

ဒီလိုနဲ့ အိမ်မှာ သူတို့ကို မွေးရော ဆိုပါတော့.. စိတ်ညစ်လိုက်တာ မပြောပါနဲ့တော့ ...မွေးတာလဲ သုံးကောင်တောင်မှ...တစ်ကောင်က အမေတူ..မီးခိုးရောင်၊ နောက် ဖြူဖျောဖျောနဲ့ တစ်ကောင်၊ နောက်ဆုံး ကတော့ သုံးရောင်ခြယ်ကလေးပေါ့...

သူ့အမေကလည်း မွေးပြီး မခွာတော့ဘူး...ကျွန်မက နေရာရွှေ့ပစ်ချင်တာ အဖြစ်ကလဲ မရှိ.. ကျွန်မအဒေါ်ကလည်း အကောင်ငယ်လေးတွေ ဆိုတော့ သနားလို့ထင်တယ်.."သူ့ဘာသာနေတာ ညည်းပွေ့ထားရလို့လား" တဲ့။ ပွေ့သာထားရရင်တော့ ..ဟင်း ဟင်း... မိုးမီးလောင်လို့ သိကြားမင်းတောင် နေစရာ မရှိ ဖြစ်သွားမယ်။

မျက်စိပွင့် နားပွင့်တဲ့ အရွယ်လဲ ရောက်ရော...အဲဒီ သုံးကောင် ဆော့လိုက်တာဆိုတာ လျှပ်စီးလက်သလား ထင်ရတယ်...(အဲဒါကြောင့်မို့ထင်တယ်..အကုန် ယောက်ျား စောစောရကုန်တယ်)

ကျွန်မကျောင်းက ပြန်လာရင် သူတို့နဲ့ တရန်..ခြေထောက်လာဆွဲ သွားနဲ့ လာခြစ်...ကျွန်မက အသည်းတယားယားနဲ့ .. ကိုင်ကလဲ မကိုင်ရဲ...တံမြက်စည်းနဲ့ ခြောက်ထုတ်ရတာ...(အမှန်ကတော့ ရိုက်ထုတ်တာပါ..နာတော့ မနာပါဘူး)... သိပ်မုန်းတာပဲ... ကြောင်ဆိုတဲ့ သတ္တဝါများ...

တရက်တော့ ကျွန်မ လှမ်းထားတဲ့ အ၀တ်တွေ ဆွဲချပြီး လုံးထွေး ဆော့နေကြတာနဲ့ ကျောင်းမသွားခင် မနက်စောစော ရေနဲ့ပက်ပြီး ဆုံးမ ပစ်လိုက်တယ်...ဒါပေမယ့် သိပ်လဲ မစိုပါဘူး ... လျှပ်စီးလက်နေကြတဲ့ ဟာတွေဆိုတော့ လှစ်ကနဲဆို ထွက်ပြေးကြတာ တန်းနေတာပဲ...

အိမ်မီးဖိုခန်းထဲမှာ သိပ်လဲ မသုံးဖြစ်တဲ့ မီးသွေးမီးဖို တစ်ခုရှိတယ်။ အဲဒီပေါ်မှာ ဝါးဆန်ကာလေးတစ်ခုလဲ မှောက်ထားတယ်။

ကျောင်းအားရက်
တရက်မှာ ကျွန်မ အဲဒီ အခန်းထဲမှာ ရှိနေတုန်း အဲဒီ မီးဖိုပေါ်က ၀ါးဆန်ကာလေးပေါ်ကို သုံးကောင်သား ကုတ်ကတ်တက်နေကြပါရော...ခဏနေတော့ အောက်ဆင်းဆော့လိုက် ..အပေါ်ပြန်တက်လိုက်နဲ့ ၊ ဆန်ကာခုံးလေးက သေးသေး၊ သူတို့ကလည်း သေးသေးလေးတွေ ဆိုပေမယ့် နေရာ ကျဉ်းကျဉ်းကို ကုတ်ကပ်နေကြတာ...သုံးကောင်သား မျက်လုံးပြူးပြူး နားရွက်ကားကားနဲ့...
ကျွန်မ အဲဒါကို ကြည့်ရင်း စိတ်ထဲမှာ ဘယ်လို ချစ်သွားမှန်း မသိဘူး...

အဲဒီအချိန်ကစလို့ အဲဒီ ကြောင်ကွက်ကွက်လေးက ကျွန်မ အချစ်ဆုံး ကြောင်ကလေး ဖြစ်လာတာပဲ။
ဟုတ်တယ် .. အဲဒီ တစ်ကောင်ပဲ ချစ်တာ...သူက အဝဆုံး အလှဆုံးလေ။

သူကြီးလာတော့ သိပ်မဆော့တော့ဘူး...နောက်တစ်နှစ်လောက်ကြာတော့ သူ ကလေးလေးတွေ မွေးတယ်..ပထမဆုံးမွေးတာ နှစ်ကောင်..သိပ်မကြာဘူး တစ်ကောင်က ဆုံးသွားတယ်...မျက်စေ့ရှေ့တင်ဆိုတော့ သိပ် ဝမ်းနည်းတာပဲ...သူမွေးတာတွေ သိပ် အဖတ်မတင်ဘူး..ကျွန်မ ဒီကိုလာတော့ တတိယအကြိမ်မွေးတဲ့ ကလေး တစ်ကောင်နဲ့ပဲ ကျန်ခဲ့တာ..

နာဂစ်တုံးက သူတို့ကို သိပ်ပူရတာပဲ...အိမ်နဲ့ ဖုန်းအဆက်အသွယ်ရတော့လဲ ချက်ချင်း မမေးရဲဘူး..စိတ်ထဲမှာ မလွတ်လောက်ဘူးပဲ ထင်မိတယ်..အိမ်ဘေးက သစ်ပင်တွေ အကုန်လဲတယ် ပြောတာကိုး...၃, ၄ ခါဆက်ပြီးတော့မှ ကျွန်မ အဒေါ်ကို မေးရတယ်။ "အမလေး ဘာမှ မဖြစ်ဘူး" တဲ့...သူမွေးတဲ့ ကလေးကတောင် ကလေးလေးတွေ ဆက်ပေါက်နေတယ် ပြောတယ်။

ခုဆို သူ ၅နှစ်ခွဲတောင်ရှိပြီ

*
မသေခင်ထားခဲ့ရတာတွေ အများကြီးပဲနော်။

Wednesday, January 28, 2009

အဖြူရောင်များ ... သို့မဟုတ်အချစ်အကြောင်း အက်ဆေး (၅)

https:/.../-sp/Pure-White-Posters_i1384880_.htm

ယခင် post မှ အဆက်

*
အချစ်ဆိုတာ တကယ်တော့ တစ်ယောက်ရဲ့ ကံတရားအတိုင်း တစ်ယောက်က ဝေမျှခံစားသွားချင်တာ...
တစ်ယောက်ရဲ့ ဘ၀လမ်းခရီးကို တစ်ယောက်က ပတ်သတ်ပါဝင် လျှောက်လှမ်းရင်း ကြုံတွေ့လာရမယ့် အတွေ့အကြုံ အဆိုးအကောင်း မှန်သမျှကို အတူတကွ ရင်ဆိုင်လက်ခံပြီး ကူညီဖြေရှင်းပေးချင်တာ...
အဲဒါပါပဲ...

အဲဒီ ဆန္ဒကလေးကို အချစ်လို့ခေါ်တာပဲ ဖြစ်ပါတယ်
*
ပိုင်ဆိုင်လိုခြင်းတော့ ရှိပါသည်... ရှိကို ရှိရပါလိမ့်မည်...
(ရယူခြင်း မဟုတ်ရင် အချစ်ကဘာလဲ)
*
သို့သော် ပိုင်ဆိုင်လိုခြင်းသည် ခြယ်လှယ်လိုခြင်း မဟုတ်...ချုပ်ကိုင်လိုခြင်း မဟုတ်...
ဖြည့်ဆည်းလိုခြင်း ၊ မျှဝေလိုခြင်း ၊ တာဝန်ယူလိုခြင်း ၊ ထိန်းသိမ်းစောင့်ရှောက်လိုခြင်းသာ ဖြစ်ပါသည်...

အချစ် ၌ အကြောင်းပြချက်မရှိ... ဒါကိုတော့ လက်ခံရလိမ့်မည်... အကြောင်းပြချက်ရှိလျှင်လည်း ရိုးသားမှု မရှိနိုင်ပေ။

သို့ပေမယ့် အချစ်၌ အချိန်တစ်ခုတော့ဖြင့် ရှိပါသည်...လူနှစ်ယောက် ချစ်သူတွေ ဖြစ်သွားဖို့ ကန့်သတ်လို့မရတဲ့ အချိန်တစ်ခုပေါ့...
ထိုအချိန်မှာ ဘယ်အရာကမှ (အခြားမည်သူ တစ်ဦးတစ်ယောက်ကမှ) သူတို့နှစ်ယောက်ထက်ပိုပြီး သူတို့နှစ်ယောက်အတွက်
အရေးမကြီးနိုင်သော အချိန်ဖြစ်၏။
ဒါဟာ သူတို့အတွက် အခြေအနေလည်း ဖြစ်ပြန်ပါသည်...
*
အချစ် ဆိုတာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် တာဝန်ယူလိုတဲ့ ဆန္ဒပါပဲ... ဒါသိပ်ကို သေချာပါသည်။
*
အချစ်၌ မျှော်လင့်ခြင်းလည်း ရှိ၏။
ထို မျှော်လင့်ခြင်းမှာ "ကိုယ် ချစ်ရသူရဲ့ လိုအပ်ချက် မှန်သမျှ ဖြည့်ဆည်းပေးရန်" ပင် ဖြစ်သည်။
*
ကိုယ်က ပေးလိုက်ရပေမယ့် လျော့ပါးသွားတယ် မရှိဘဲ ပေးလိုက်ရတာထက် အဆပေါင်းများစွာ ပြီးပြည့်စုံသွားသလို ကျေနပ်နေနိုင်တဲ့သူ ရှိတယ် ဆိုရင် အဲဒါ "အချစ်ရှိတဲ့ သူ" ပါပဲ...
*
အချစ် ဆိုတာဟာ သူ့ကို ပေးနိုင်သလောက် ကိုယ့်မှာ ပြည့်စုံတဲ့ အရာ ဖြစ်ပါတယ်
*
to be continued

ဂျူး နှင့် ကိုင်ပေါက်ခြင်း

(scalpelorsword.blogspot.com)

ကြားဖြတ် post တစ်ခုပါပဲ
တင်ဖို့ အစီအစဉ် မရှိပါဘဲ စိတ်ကူးပေါက်လို့ တင်မိတာ

*
သူငယ်ချင်းတစ်ယောက်က ဒီ တပတ်အတွင်းမှာ "http://www.scribd.com" က တိုက်ရိုက် ဖတ်လို့ ရတဲ့ စာအုပ်စာရင်းရှည်ကြီး တစ်ခု ပို့ပေးတယ် .. ဘယ်လောက် သဘောတွေ့သွားလဲ ဆိုတာ ပြောပြစရာတောင် လိုမယ် မထင်.. (နိုင်ဝင်းရေ ကျေးဇူး စကြ၀ဠာ.. Sweep 1st prize ပေါက်သလိုပါပဲကွာ)

*
အဲဒီထဲက ဂျူးရဲ့ "မြရဲ့ လ" ဆိုတဲ့ ၀တ္ထုတို တစ်ပုဒ်ကို ကျွန်မ ပြန်ဖတ်ဖြစ်တယ်
အဲဒီ ၀တ္ထုကို ပထမဆုံး ဖတ်ဖူးတာ ၁၀ တန်းဖြေကာနီးမှာ.. Guide မမ က သူ ပန်းဆိုးတန်းက ၀ယ်လာတာ ဆိုပြီး ထုတ်ပြလို့ ကောက်ဖတ်ပစ်လိုက်တာ တစ်ထိုင်တည်း...

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ ဂျူးရဲ့ ၀တ္ထုတိုတွေ တော်တော်များများကို ကြီးမှ ပြန်နားလည်လာတာ များပေမယ့် "မြရဲ့ လ" ကိုတော့ ဖတ်ဖတ်ချင်းပဲ နားလည်ပြီး ခံစားလို့ရသွားတယ်..

ဒါကလဲ ကျွန်မက အညာသူကိုး.. အဲဒါကလဲ အကြောင်းတစ်ချက်ပေါ့
ထားပါလေ...ပြောချင်တာက ဇာတ်လမ်း မဟုတ်ဘူး... ဇာတ်လမ်းထဲမှာ ပါတဲ့ ယောက်ျားတွေရဲ့ Characteristic ကို..

*
မြ ရဲ့ လ (ဂျူး)

["...သူခိုး ဓားပြ မရှိဘူးလို့ ကြွားချင်တာလား မြရဲ့ .. မြတို့ မြို့မှာ မရှိပေမယ့် မြတို့ဆီက လူဆိုးလူကောက်တွေကို တခြားမြို့မှာ ရှိတဲ့ ထောင်ကို ပို့ပေးနေတာကိုး..."

"မဟုတ်ဘူးလေ အဲဒီလို ဆိုလိုချင်တာမဟုတ်ဘူး... မြတို့မြို့မှာ ထောင်ဟာ အရေးမကြီးဘူး.. အဲဒါကို ပြောမလို့"


လူဦးရေ လေး ငါးထောင်လောက်သာ ရှိသည့် မြို့ကလေးမှာ ထောင်ဟာ အရေးကြီးနေလျှင်တော့ ထိုမြို့သည် အမေရိကန် ရုပ်ရှင်ကားတွေထဲကလို ဒုစရိုက်မြို့ကလေးသာ ဖြစ်တော့မှာပေါ့။ သို့သော် ကျွန်တော် ဘာမှ မပြောပါ။ မြ ဘာပြောချင်သလဲ ဆိုတာကို ကျွန်တော် သိဖို့ မကြိုးစားခဲ့ပါ။

*
ကျွန်တော်နှင့် မြ ကတောက်ကဆ စကားများပြီးလျှင် ကျွန်တော်ကသာ ဗြုန်းကနဲ အလျှော့ပေးပြီး ထထွက်သွားရသည်ချည်းပင် ဖြစ်ပါသည်..........ဟု ကိုယ့်ကိုကိုယ် လုံခြုံစွာ ဆင်ခြေပေးမိ၏။
ညဥ့်နက်မှ အိမ်သို့ ပြန်ဝင်လေ့ရှိပြီး အိမ်သို့ ရောက်သည့် အခါတိုင်း ကျွန်တော့် ဒေါသတွေက ပြေပြီးပြီ။ မြကို ပုံမှန်အတိုင်း နူးညံ့သာယာစွာ စကားပြောဖို့ အဆင်သင့် စိတ်ထားမျိုးဖြင့် ကျွန်တော် အိမ်ပြန်လာလေ့ရှိပါသည်။
သည့်အတွက် ကျွန်တော်သည် သဘောထားကြီးမြတ်သော ယောက်ျားအဖြစ် ကျေနပ်
ဂုဏ်ယူလေ့လည်း ရှိပါသည်။
သို့သော် ယခု အချိန်ကျမှ ကျွန်တော် မှန်းဆပုံဖော် တွေးမိပြန်သည်မှာ... ကျွန်တော်နှင့် စကားများ ရန်ဖြစ်ပြီးနောက် ကျွန်တော် အိမ်မှ ထွက်ခွာသွားသော အချိန်တိုင်း မြသည် သူမ၏ ဒေါသများ ၊ နာကြည်းမှုများ ၊ ၀မ်းနည်းမှုများ ကို ဘယ်လို ဖြေဖျောက် လမ်းလွှဲယူသလဲ။

.... မျက်နှာချင်းဆိုင် ရန်တွေ့ဖြေရှင်းချင်သေးသော သူမရင်ထဲမှ စကားများကို ဘယ်မှာ သွန်ချ၍ ပြီးဆုံးစေခဲ့သလဲ။

ဒါတွေကို ကျွန်တော်မသိပါ။

...ကျွန်တော် မရှိသည့် အချိန်ကာလ အတွင်း မြ၏ ဒေါသတို့ကို ဘယ်အရာဖြင့် လမ်းကြောင်းလွှဲပစ်ခဲ့ရသလဲ ဟု မြကို ကျွန်တော်မမေးမိ။


ပထမပိုင်း ကာလများဆီကတော့ မိန်းမတစ်ယောက်၏ ဒေါသကို လမ်းကြောင်းလွှဲပေးစရာ ပစ္စည်း ကိရိယာ အစုံအလင် မီးဖိုချောင်ထဲမှာ ရှိသည် ဟု စိတ်ချထားခဲ့၏။ မြသည် ကြက်ဥများကို ပေါက်ခွဲပစ်နိုင်သည်။ ဖန်ခွက်များ၊ ကြွေပန်းကန်များကို ပေါက်ခွဲပစ်နိုင်သည်။ သို့သော် နောက်ပိုင်းမှာ ထိုသို့မဟုတ်မှန်း ကျွန်တော် သိလာခဲ့သည်။

မြသည် ကျွန်တော့်အပေါ်သက်ရောက်နေသော သူမ၏ ဒေါသအတွက် ဘယ်အရာဖြင့် အစားထိုး ပေးခဲ့သလဲ ။ ဘယ်အရာအပေါ် လမ်းလွှဲပေးခဲ့သလဲ ကျွန်တော် မသိနိုင်တော့သည့် အရာသာ ဖြစ်ပါသည်။

...
ကျွန်တော်သည် မြ၏ ဖြစ်နိုင်ခြေများကို တွက်ချက်စဉ်းစား အဓိပ္ပါယ်ကောက်ရန် ဘယ်တော့မှ ခေါင်းအေးအေး သွေးအေးအေး တည်ငြိမ်နိုင်တော့မည် မဟုတ်ပါ။
...
ကျွန်တော် မြကို နားလည်ခဲ့သည် ဟုများ တစ်ခါတုန်းက ကိုယ့်ကိုကိုယ် ထင်ခဲ့မိပါသလား။ ဒါဆိုလျှင် ကျွန်တော်သည် အလွန်မှားယွင်းသော လူတစ်ယောက်သာ ဖြစ်ပါလိမ့်မည်။ ]

မြ ရဲ့ လ (ဂျူး)


*
အကြောင်းအရာတခုကို အသဲအသန် ပုံစံနဲ့ စလာပြီး..တဖက်က အလေးအနက် တုံ့ပြန်တော့မှ...သဘောထားပဲ ကြီးသလိုလို...နားငြီးပဲ မခံနိုင်တော့သလိုလို...အဖက်ပဲ မလုပ်ချင်သလိုလိုနဲ့..ပြီးပြီးရော စကား ဖြတ်ပစ်တတ်တာလဲ ကိုယ့်အတွက်တော့ stupid work ပဲ

*
အဲဒါ သဘောထားကြီးတာ မဟုတ်ဘူး။ အနိုင်နဲ့ ပိုင်းတာလို့ ခေါ်တယ်။

*
ကိုယ့်ဘာသာ တဖက်သတ်ကြီး ပြောချင်ရာပြော.. အပြောခံရတဲ့ တဖက်လူက ဘာမှန်းမှ မသိရ.. သေချာရှင်းပါဆိုတော့လည်း ရူးချင်ယောင်ဆောင်ပြီး ဟိုစကားလွှဲ ဒီစကားလွှဲ ...
သေချာလဲ သိခွင့်မရ.. ရှင်းဖို့လဲ အခွင့်အရေးမပေး...

ဒီလိုနဲ့ပဲ စတဲ့သူက ပြီးလွယ် ပျောက်လွယ် ၊ စိတ်သဘောထား ကြီးမြတ်သူလိုလို ဘာလိုလို...
အလကား နေရင်းထိုင်ရင်း ပြဿနာ အရှာခံရလို့ အကြောင်းရင်းကို သိအောင် ဇွတ်မေးတော့ မေးတဲ့သူကပဲ ရစ်တာ..ကြပ်တာ.. လျှာရှည်တာ.. မိန်းမပီသတာ.. စကားများတာ ဖြစ်ရပြန်ရော..

ကျန်သေးတယ်။
နည်းနည်းလေး အပြောခံရတာကိုတောင် ခံနိုင်ရည်မရှိဘဲ ကယောင်ကတမ်း ဖြစ်နေတာ..တဲ့
(တခါမှ မကြားဖူးဘူး..အဲဒီလို မှတ်ချက်မျိုး.. ထူးထွေသည့် အံ့ရာ)

*
အဲဒီလို ယောက်ျားမျိုးတွေများ ကျွန်မတော့ ဂျူးရဲ့ အပေါ်က စာလုံးတွေ အပြန်ပြန် အလှန်လှန်သာ ဖတ်ခိုင်းချင်တော့တာပဲ...

ဖြစ်နိုင်ရင် ပြာချပြီးသာ တိုက်လိုက်ချင်တယ်...

Tuesday, January 27, 2009

အိမ်ပြောင်း အလွမ်း

(Bishan မှာ နေခဲ့တဲ့ block)

2009 ဇန်န၀ါရီလ ၄ ရက်နေ့က ၈လ တိတိ နေခဲ့တဲ့ Bishan ကနေ အလုပ်နဲ့ နီးရာ AJ ဘက်ကို ပြောင်းလာခဲ့တယ်...


ကျွန်မ S'pore ကို ရောက်ခဲ့တာ ကံကောင်းလွန်းလို့ မထင်ပေမယ့် နေခဲ့တဲ့ အိမ်တွေနဲ့ တွေ့ခဲ့တဲ့ လူတွေ အကုန်လုံး သိပ်အဆင်ပြေခဲ့တာမို့ ကံကောင်းလိုက်တာလို့ အမြဲ တွေးခဲ့မိတယ်..

တကယ်တော့ ကျွန်မက လူတိုင်းနဲ့ လိုက်လျောညီထွေ နေဖို့ သိပ်အာရုံ ရှိလှတာ မဟုတ်ပါဘူး
ရင်းနှီး ခင်မင်လွယ်တဲ့ သူလည်း မဟုတ်ပြန်ဘူး.. ဒါကြောင့် နေခဲ့ပြီး နှစ်အိမ်လုံးမှာ အစစ အဆင်ပြေခဲ့တာ ကံကောင်းလွန်းလို့ လို့ပဲ ယူဆမိပါတယ်...

AMK မှာ အလုပ်မရခင် နှစ်လတိတိ နေခဲ့ပြီး ... Bishan ကို အလုပ်ရပြီး နောက်တနေ့ ပြောင်းလာခဲ့တယ်..
AMK မှာက နှစ်လတည်း နေခဲ့ရတာအပြင် ပြောင်းတော့လည်း သူငယ်ချင်းနဲ့တူတူမို့ ...ပြီးတော့ အလုပ်ဝင်ကာစမို့ ပြောင်းခဲ့ရတော့ သိပ် ၀မ်းပမ်းတနည်း မဖြစ်လှဘူး... Bishan St 13 က ကျောင်းတွေနားနီးတော့ ခြောက်ကပ်ကပ်မို့ AMK Ave 8 က စည်စည်ကားကားဆိုင်တွေကို လွမ်းရတာက လွဲရင်ပေါ့...

(Bishan အိမ် အ၀င်လမ်းလေး... ရုံးစောစော ဆင်းဖြစ်တဲ့ တစ်ရက်က ရိုက်ဖြစ်တယ်)

Bishan ကနေခွာတော့ ၈ လတောင် နေခဲ့ရတဲ့ နေရာ.. စိတ်တူကိုယ်တူ လူတွေ နဲ့ တူတူ နေခဲ့ရတဲ့နေရာ ဖြစ်တဲ့ အပြင် Bishan အိမ်က စာချုပ်စေ့လို့ ပြန်အပ်ပြီး ပြောင်းကြတာဖြစ်တော့ တယောက်တနေရာစီ ခွဲပြီး ပြောင်းခဲ့ရတာမို့ ပိုပြီး လွမ်းခဲ့ရတယ်...မပြောင်းခင် တစ်လလောက် အလို အိမ်ရှာကတည်းက ကြိုပြီး လွမ်းနေတဲ့ အလွမ်းဟာ တအုံ့နွေးနွေးနဲ့ မပြီးနိုင် မစီးနိုင်...

(အိမ်ရှေ့က မြက်ခင်းရှိတဲ့ ကွင်းပြင်ကျယ်... ITE ဘေးကပေါ့..photographer ကတော်တော့ မြက်ခင်းပြင် အကျယ်ကြီးက မပေါ်ဘူး ဖြစ်သွားတယ်)

ပြောင်းခဲ့တဲ့နေ့က မိုးကလဲ အုံ့တုံ့တုံ့နဲ့ မို့ ပြော မပြောချင်တော့ပါဘူး... ငှားလာတဲ့ Taxi Driver က ဗမာလား တန်းမေးတယ်.. ပြီးတော့ S'pore မှာ ပျော်လားတဲ့ ...ထုံးစံအတိုင်း ကျွန်မကတော့ မတင်မကျ so-so ပဲ ပြောဖြစ်တယ်..(အဲဒီ စကားလုံးလေး သင်ပေးခဲ့တဲ့ "YUE, Cyber English Center" က ဆရာ ဦးမျိုးမင်းဦး ကို သိပ်ကျေးဇူးတင်တယ်)

အဲဒီ Taxi Driver ကပဲ ထပ်ပြောတယ်..S'pore မှာ ဘာ fighting မှ မရှိဘူး ..သိပ် အေးချမ်းတယ် ..စိတ်ပူစရာမရှိဘူး တဲ့...(ဟုတ်ပါပြီ ဆရာရယ် .. မှတ်ထားပါမယ်) .. ကျွန်မနဲ့ သူငယ်ချင်းနဲ့ စကားတပြောပြော လုပ်နေတော့ "You two are happy lor?" နဲ့ တော်တော် ပျော်နေတယ်များ မှတ်နေလားမသိ...

AJ အိမ်ရောက်တော့ အိမ်ခံ ညီမလေးတွေ အကုန်ထွက်ကြိုကြတယ်...သူတို့က အဲဒီမနက်ပိုင်း အိမ်မှာ ဆွမ်းကပ်ကြတာမို့ ညစာကို သူတို့အိမ်မှာပဲ စားပါလို့ မပြောင်းလာခင်ကတည်းက ကြိုပြီး offer လုပ်ထားတာမို့ သူငယ်ချင်းနဲ့ ကျွန်မ ညစာကို သူတို့တွေနဲ့ တူတူ စားဖြစ်တယ်.. ဆွမ်းကပ်ဖို့ ဟင်းလျာတွေကို သူတို့ကိုယ်တိုင်ပဲ ချက်ကြတယ်.. အော ဒီလိုဆိုတော့လဲ ကျွန်မရဲ့ ကံကောင်းမှုကြီးဟာ ခုထိ အဆုံး မသတ်သေးဘူးပေါ့...

သူငယ်ချင်း ပြန်ခါနီးမှာ တစ်ယောက်တည်း ကျန်ခဲ့မှာ လို့ပြောပြီး မျက်နှာငယ်လေး လုပ်နေတော့..သူက ကလေးလဲ မဟုတ်ဘဲနဲ့ ဘာညာပြောပြီး..ချန်ထားခဲ့တယ်...

အဲဒီညက အိမ်သစ်မှာ နေသားမကျတာရယ်..အိမ်ဟောင်းက လူတွေကို သတိရတာရယ်နဲ့ တော်တော်နဲ့ မအိပ်ဘဲ online တက်တယ်.. gtalk မှာ programmer အစ်ကိုတစ်ယောက်နဲ့ တွေ့တော့ အိမ်ပြောင်း feeling တွေ ပြောဖြစ်တယ်...အစ်ကို အိမ်ဘယ်နှစ်ခါ ပြောင်းပြီးပြီလဲ ဆိုတော့ တစ်ခါပြောင်း နှစ်အိမ် တဲ့.. ကျွန်မတော့ နှစ်ခါပြောင်း သုံးအိမ်လို့ ပြောတော့ သူက "ကိစ္စ မရှိပါဘူး" တဲ့ ..."စာဆိုမှာ သုံးအိမ်ပြောင်းသော မိန်းမ လို့မှ မရှိတာ...သုံးကျောင်း ပြောင်းသော အရှင် လို့ပဲ ရှိတာ" တဲ့...

ဟားဟားဟား .. ရယ်လိုက်ရတာ

အဲဒီ ညကပဲ အဲဒီ အစ်ကိုရော.. gtalk မှာ Availiable ဖြစ်နေတဲ့ သူတွေရော... India မှာ MA တက်နေတဲ့ ဦးဇင်းတစ်ပါးပါ မကျန် အကုန် လိုက်မေးပြီး သကာလ ... "ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော" လို့ အိမ်ဟောင်းက အပေါင်းအဖော်တွေကို လွမ်းဆွတ်သော အားဖြင့်
Blog က side bar မှာ ထည့်ခဲ့တယ်...

(မြက်ခင်းပြင်ကို ပေါ်အောင် တကယ်တော့ အပေါ်စီးကနေ ရိုက်ခဲ့ရမှာ.. ကျွန်မက ဘေးကနေ zoom ဆွဲပြီး ရိုက်ခဲ့မိတယ်)

နောက်တစ်ရက်မှာပဲ gtalk မှာ အိမ်ဟောင်းက ခင်ခဲ့တဲ့ ညီမလေး တစ်ယောက်နဲ့တွေ့တော့ သူရော ကိုယ်ရော အိမ်ဟောင်းကလူတွေကို လွမ်းကြောင်းနဲ့ နေရာသစ်တွေမှာတော့ အဆင်ပြေကြောင်း
အငမ်းမရ ပြောဖြစ်ကြတယ်.. (ကျွန်မ တကယ်ကို အဲဒီ အချိန်မှာ သူတို့နဲ့ နေခဲ့ရတဲ့ ကာလတွေကို သိပ်သတိရနေတာ)

ပြောင်းပြီးတဲ့ တပတ်အတွင်းမှာပဲ အိမ်သစ်မှာ ပထမဆုံး အကြိမ်
ညီမလေးတွေထဲက တစ်ယောက်က အုန်းနို့ခေါက်ဆွဲ ချက်ကျွေးတယ်... ၂ ရက်, ၃ ရက်နေတော့ နောက်တစ်ယောက်က ကြာဇံဟင်းခါး ချက်ကျွေးတယ်..

အဲဒါတွေလဲ စားပြီးရော ခုနပြောတဲ့ side bar က "ဒုက္ခ သစ္စာ" တစ်ကြောင်းကို ဖြုတ်ပစ်လိုက်ပါရော...(တရား ရှိလိုက်ပုံများ)

အင်း ခုတော့လဲ ဘယ်ရောက်ရောက် ခဏနဲ့ adapt ဖြစ်လွယ်တဲ့ ကျွန်မ ဒီအိမ်သစ်မှာပဲ ဟိုး အရင်ကတည်းက နေလာခဲ့တဲ့ ကိုယ့်အိမ်ကိုယ်ရာလို ဖြစ်နေပြန်ပြီ...

Singapore မှာ တကယ့်ကို အခန်းဖော်တွေနဲ့ ပတ်သတ်ပြီး ကံကောင်းနေတုန်းပဲ...

( AMK ကနေ Bishan ... ခု AJ ထိ...အားလုံးသော အတူနေ အခန်းဖော်များကို ကျေးဇူးတင်လျက် )

(PS - တစ်ခုရေးဖို့ ကျန်သွားတယ်

အိမ်ပြောင်း ကိစ္စနဲ့ ကိုယ်ဘာသာ စိတ်ရှုပ်နေတုန်း အကြောင်းရင်း ဘာမှန်းမသိ ၊ အကျိုးသင့် အကြောင်းသင့် ဘာမှ မရှိတဲ့
စိတ်အနှောက်အယှက် ဖြစ်စရာ ရန်တွေ့စာတစ်စောင် ရောက်လာလို့ စိတ်ထဲမှာ တော်တော် မကောင်းဖြစ်ရသေးတယ်... အဲဒါကြောင့် side bar မှာ "ပြဿနာများကို ငါ မရှာသော်လည်း..." အစချီတဲ့ note နှစ်ခုကို ဗမာလိုရော အင်္ဂလိပ်လိုရော တင်ခဲ့မိသေးတယ်...

အဲဒါလည်း အုန်းနို့ခေါက်ဆွဲစားပြီးတော့ ဖြုတ်ပစ်လိုက်တာပါပဲ) :)

Sunday, January 25, 2009

အဖြူရောင်များ ... သို့မဟုတ်အချစ်အကြောင်း အက်ဆေး (၄)


lifesimages.wordpress.com

ယခင် post မှ အဆက်

ကျွန်မက အဖြူရောင်ကို နှစ်ခြိုက်စွဲလမ်းနေသည့် အချိန်မှာမှ သူကလည်း ပို၍ပင် အဖြူရောင် ဆန်နေခဲ့တော့သည်...

သူ့ရဲ့ မည်သို့သော အပြုံးမျိုးပင် ဖြစ်စေ..မည့်သည့် အချိန်မှာပင် ဖြစ်စေ..ကျွန်မကို ရင်ခုန်နှစ်သိမ့်စေပါသည်..သူ့ရဲ့ အဖြူရောင် အပြုံးတစ်ချက်နဲ့တင် ကျွန်မအတွက်တော့ ကျန်တဲ့ အရာအားလုံး မှေးမှိန်သွားခဲ့ပြီ...

ကျွန်မတို့ ဝေးကွာနေသည့် ကြားကာလ အချိန်တွေ ရှိမနေခဲ့ဘူး ဟူ၍ပင် ထင်မှတ်ရပါသည်...

*
(ချစ်သူ..
မနေ့တနေ့ကလိုပဲနော်
ဒီအပြုံးတွေနဲ့ ခံစားမှုတွေ နိုးထစေလို့

မင်းနဲ့ ငါ့ရဲ့ အကြောင်းကို

မဟောင်းသေးဘူးပဲ ထင်မိတယ်)

*
လူတစ်ယောက်ကို နှစ်ရှည်လများ မမေ့မပျောက်နိုင်အောင် တွယ်တာစွဲလမ်း နေစေသည့် အကြောင်းရင်း တစ်ခု ရှိသည်ဆိုလျှင်..အဲဒါ "အချစ်" ကလွဲလို့ ဘာများဖြစ်နိုင်ပါဦးမလဲ..

*
သစ်ပင်တစ်ပင်ကဲ့သို့ တဖြည်းဖြည်း မြင့်မား ခိုင်မြဲလာတတ်သော အချစ်သည် ပင်လယ်ဒီရေကဲ့သို့ တမုဟုတ်ချင်း ပြောင်းလဲတတ်သည့် တပ်မက်စွဲလမ်းမှုလို အတက်အကျ မမြန်ဘဲ လွန်ကဲစွာ ငုပ်လျှိုး သိုသိပ်တတ်လေသည်။

သို့သော် ...
သစ်ပင်တစ်ပင်ကဲ့သို့ အချစ်သည် ဖွင့်လှစ်ပြသရန် လိုအပ်လာသောအခါ ...
မီးတောက်မီးလျှံများကို သူ့ရင်ခွင်ထဲမှာ နှစ်လကြာရှည်စွာ သိမ်းဆည်းထားခဲ့ရသည့် နှစ်ချို့ မီးတောင်တစ်လုံး ပေါက်ကွဲသည်ထက်ပင် ပို၍ ပြင်းထန်ပြတ်သား နိုင်သည်။

အချစ်သည် ပုန်းကွယ်တတ်၏... ထို့အတူပင် အချစ်သည် လွင့်စင် ပေါက်ကွဲတတ်၏...

အချစ်သည် သိုသိပ်၏... အချစ်သည် ရုန်းကြွ၏...

အချစ်သည် မျိုးစေ့ကလေးမှ သန္ဓေတည်ကာ တဆင့်ချင်း မြင့်မားလာတတ်သည့် နှစ်ရှည် သစ်ပင်ဖြစ်၏...
အချစ်သည် အင်မတန် ခြောက်ခြားစရာကောင်းသောာ Atom Bomb တစ်လုံး ဖြစ်၏...

အချစ်သည် လွင်ပြင် မြေညီမှာ တည်ရှိနေတတ်သည့် တငြိမ့်
ငြိမ့်သာ စီးဆင်းလာတတ်သည့် စမ်းချောင်းတစ်ခုဖြစ်၏...
အချစ်သည် အသူရာနက်သည့် ကမ်းပါး
ချောက် အတွင်း အရှိန်ပြင်းပြင်း ကျဆင်းနေသော ရေအလျဉ် ဖြစ်၏...

*
အချစ်သည် မည်သို့ပင် အဓိပ္ပါယ် ဖွင့်ဆိုစေကာမူ မပြည့်စုံနိုင်စကောင်းသော အရာဖြစ်၏...
အချစ်သည် အချစ်ဟူသော စကားလုံး အားဖြင့်ပင် အမျိုးမျိုး အပြားပြားသော အဓိပ္ပါယ်ကို ဆောင်ကာ ပြည့်စုံစွာ တည်ရှိနေ၏...

အချစ် ဟူသော အရာ၌ အချစ်ကလွဲပြီး ဘာမှ မရှိ...

to be continued

Wednesday, January 21, 2009

One After Another !


photo.net.au/music/

ကျွန်မ ငယ်ငယ်တုန်းကပေါ့... ငယ်ဆို မူကြိုတောင် မတက်သေးတဲ့ အရွယ် ဖြစ်ပါလိမ့်မယ်... အိမ်မှာ ဘဘ (မေမေ့ ရဲ့ ဖေဖေ) တီးတဲ့ ပတ္တလားက တန်းစီနေတဲ့ ဝါးပြားလေးတွေကို ကြည့်ပြီး ပြောတယ်တဲ့ .. "မေမေ.. ဘဘရဲ့ ပတ္တလားက .. တစ်ခုပြီးတော့ တစ်ခု..
တစ်ခုပြီးတော့ တစ်ခု..နော်" လို့..

*
စီနီယာတော့ ဒီတပတ်ပဲ ပြန်သွားလေပြီ.. ဇာတ်လမ်းကလည်း ပြန်ကတည်းက စလေပြီ..
မနက်စောစော ရုံးရောက်တာနဲ့ မန်နေဂျာက "ဟေ့ 'မင်း' မလာဘူးလား..ဒီနေ့" တဲ့.. "လာဘူး..ခွင့်ယူပြီး ပြန်သွားပြီ" ဆိုတော့.. "Stair Case က comment က...ဘာဖြစ်တာ ညာဖြစ်တာ" နဲ့ .."ပြန်ခါနီး remind တော့ မလုပ်ဘူး" နဲ့ ...

ခဏနေတော့ Stair Case ရဲ့ consultant's comment ကို စီနီယာရဲ့ computer ထဲက ရှာပေးပါ..ပြောတော့ တဘက်က computer ကို သွားဖွင့်ရတယ်.. အဲဒီမှာ System ပုံးက မီးလင်းပြီး monitor က power ကို မရဘူး .. ဟို wire ကြိုးလှုပ် ...ဒီ wire ကြိုးလှုပ်နဲ့... လုပ်ရင်း consultant's comment က email နဲ့လာတာကို သတိရပြီး..မန်နေဂျာကို သေချာပြန်မေးတော့မှ ..ဟုတ်တယ်.. တော်သေးတာက အဲဒီပုံကို စီနီယာဆွဲတာပေမယ့် ပို့တာက ကျွန်မ ပို့တာမို့ comment က ကျွန်မ mail ထဲမှာ..

ဒါနဲ့ တမီးငြိမ်းသွားရော.. မန်နေဂျာလဲ အဲဒီ comment နဲ့ cover letter နဲ့ အစည်းအဝေးသွားတက်ရော...
သူပြန်မလာခင် MD က calculation တွေလာပေးပြန်ရော... လုပ်နေတုန်း ..တင်ထားတဲ့ ပုံတွေအတွက် email တွေ တစ်ခုပြီး တစ်ခု ၀င်လာပါရော..

တော်တော် ရှည်ရှည်လျားလျား ရေးထားတဲ့ email တွေရှင် ...
Main Con က Archi ပုံ ဟောင်းတွေ မှားချပေးတာမှာ ကျွန်မတို့ကလဲ အဟောင်းကိုပဲ follow လုပ်ပြီး ဆွဲတော့ သူတို့ Architect နဲ့ Project Director ဆီ ရောက်တဲ့အခါ အကုန်တလွဲ...email ကတော့ Main Con ကို ပုံမှား ပေးရကောင်းလား ပြောထားတာတဲ့ mail ပါပဲ.. ဒါပေမယ့် ပုံနဲ့ ဆိုင်တာတွေကလည်းပါတော့ အကုန် လိုက်ဖတ်ရတော့တာ..

နေ့လည်စာစားပြီးလို့ မန်နေဂျာလဲ ပြန်ရောက်ရော အဲဒါတွေ အကုန်ပြန်ပြ အကုန် ပြန်ဆွဲဖို့ပြင်ရ.. MD တွက်ခိုင်းထားတာ မပြီးသေး.. ဖုန်းက တစ်ခုပြီး တစ်ခုဝင်...Comment ထဲက မရှင်းတာတွေ email ပြန်ပို့ပြီးမေး..email ကလဲ တစ်ခုပြီး တစ်ခုဝင်...မေးထားတာ ပြန်မဖြေဘဲ တင်ထားတာတွေကိုပဲ Comment ပေးပြီး တစ်ခုပြီးတစ်ခု ပြန်ချနေ... ဒီကြားထဲ Quotation တွေ ပေးဖို့ Calculation တွေကို Quotation ပို့မယ့်သူက နောက်ကနေ တစ်ခုပြီးတစ်ခု ပြန်လာမေး...တွက်ပြီးသမျှ memory recall လုပ်ပြီး ပြန်ပြောရ ရှင်းရ.. တစ်ခုပြီး တစ်ခုကို မဟုတ်ဘူး ... တစ်ခုမှ မပြီးသေးခင် နှစ်ခု သုံးခု လေး, ငါး, ခြောက်ခု..

email အသစ်ဝင်လို့ ငါမေးထားတာ ပြန်ဖြေတာလား ဆိုပြီး မအားတဲ့ ကြားက ဖွင့်ကြည့်မိပါတယ်..."Office Closure Notice" တဲ့ Partner Co. တစ်ခုက ၀င်လာတာ... ဘာလုပ်ရမှာလဲ .. မအားရတဲ့ ကြားထဲ .. email လေး ဖွင့်ကြည့်တာများလို့ မထင်လိုက်နဲ့... တကယ် အလုပ်များရင် ယားတောင် မယားအားဘူး..

အဲဒါနဲ့ မနက်က Stair Case ကိစ္စ mail ထပ်ဝင်လာရော.. reject ဆိုပြီး..ထင်တဲ့အတိုင်း မန်နေဂျာက amend လုပ်ဖို့ လာပြောတယ်...ဆွဲပေးနိုင်မလားတဲ့..(စီနီယာ လုပ်လက်စမို့ အဲဒီလို မေးတာပါ..မြန်မာပြည်မှာ ဆိုရင်တော့ ဘယ်မေးမလဲ... understood ပဲ... မမေးခင်က လုပ်ကိုလုပ်ရမှာ).. calculate လုပ်နေရင်းက can can can လို့ပြောလိုက်ရတယ်... မ can လို့မှ မရတာ...

ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တပင်တည်း ဆိုတော့ (ဖုန်းရယ်, email ရယ်, Comment ရယ်, calculation ရယ်, Drawing တွေရယ်, MD ရယ်, မန်နေဂျာရယ်, Quotation ရိုက်ပို့ရမယ့်သူရယ်)

ဆက်တိုက်ပဲ ဒါပေမယ့် ဘာမှ မပြီးဘူး...ဆက်လုပ်လဲ မပြီးမယ့် တူတူ ၆ နာရီ ထိုးတော့ ထပြန်လာလိုက်တယ်... ဆွဲရန် ၅ ပုံ...တွက်ရန် တစ်ခု...တင်ရန် မမှတ်မိတော့ ... မေးရန် အများကြီး...

ထိုနည်းနှင်နှင် ဖြစ်တာ ၃ ရက်လုံးလုံး ဆိုတော့ လူက ချာချာလည်ချင်နေပြီ...
ဒီနေ့လည်း MD က တစ်ခုလာပြောပြီး တစ်ယောက်က စီနီယာရဲ့ computer သွားဖွင့်တော့ "အင်း အဲဒီ ကိစ္စ ငါ့ ဘက်လှည့်လာဦးမှာ" လို့ တွေးလို့မှ မဆုံးသေးဘူး... (သူဖွင့်တော့လဲ ပထမ monitor က မပွင့်ဘူး နောက်တော့ ဘာလုပ်လိုက်လဲ မသိဘူး ရသွားရော)..."မစ္စကို, စင်ကာပူ ဂျင်နရယ် hospital ရဲ့ canopy ပုံရှာပေးပါလား" ဆို လာတော့တာပဲ...computer တစ်ခုလုံး မွှေတာလဲ မတွေ့တော့ နောက်ဆုံး လက်လျှော့ပြီး စီနီယာ ဆီ email ပို့ရတော့တယ်...

ဒီနေ့တော့ dinner ရှိတာ မလိုက်တော့ဘူးပြောပြီး ၅ နာရီခွဲတာနဲ့ ထပြန်လာရော... အရသာရှိလိုက်တာ...calculation ကြီးကြီး တစ်ခုနဲ့ ပုံသေးသေး နှစ်ခုပဲ ဆွဲခဲ့တယ်...
နက်ဖန် ဘယ်လို လာဦးမလဲ မသိဘူး

*
"တန်းစီနေတာပဲ" တို့...
"စီတန်းနေတာပဲ" တို့ မပြောတတ်ခင် ငယ်ငယ်တည်းက "တစ်ခုပြီးတော့ တစ်ခု ... တစ်ခုပြီးတော့ တစ်ခု..." လို့ စကားလုံး ရအောင်ရှာပြောခဲ့တဲ့ အဲဒီ ကလေးမလေး ကြီးလည်းလာရော Blogger.com က အလကားရတဲ့ စာမျက်နှာတွေပေါ်မှာ post တွေ "တစ်ခုပြီးတော့ တစ်ခု...တစ်ခုပြီးတော့ တစ်ခု..." လျှောက်တင်နေပါရောတဲ့ကွယ်...

*

Sunday, January 18, 2009

အဖြူရောင်များ ... သို့မဟုတ်အချစ်အကြောင်း အက်ဆေး (၃)



www.leijonstedt.com

ယခင် post မှ အဆက်...

"အချစ်" ဆိုတာ ဘယ်လို ခံစားမှုမျိုးလဲတော့ ပြောမပြတတ်ပါ...

သို့သော် သူ့အပေါ်မှာ ရှိနေသည့် ခံစားမှုတွေကိုတော့ "အချစ်" ဟု ခေါင်းစဉ်တပ်လျှင် ဆီလျော် သင့်တော်မည် ထင်ပါသည်။

အမြဲတမ်း တွေ့နေချင်တာ...
စကားသံတွေ နားထောင်နေချင်တာ...
ကိုယ့်မျက်စေ့အောက်မှာပဲ သူ့ကိုထားပြီး သူ့မျက်စေ့အောက်မှာ ကိုယ်ပဲ ရှိနေချင်တာ...
စကားတစ်ခွန်းမှ မပြောရတောင် တိတ်တိတ် ဆိတ်ဆိတ် ရင်ခုန်နေရုံ သက်သက်ပဲ ဖြစ်ဖြစ် ငေးမောနေချင်တာ...
သူ့အတွက် လိုအပ်သည့် အရာအားလုံး လိုအပ်ချိန်တိုင်း ဆောင်ကြဉ်း ပေးအပ်နိုင်ချင်တာ...
ကိုယ်ဟာ သူ့အတွက် ချမ်းမြေ့ နှစ်သိမ့်ရာ ဖြစ်နေချင်တာ...

ထိုကဲ့သို့သော ခံစားမှုမျိုးကိုမှ အချစ်ဟု ခေါင်းစဉ် မတပ်လျှင် မည်သို့သော ခံစားမှုမျိုးကို အချစ် ဟု ခေါင်းစဉ်တပ်ပါမည်လဲ...

"အချစ်" ဆိုတာ ဘာလဲတော့ မသိပါဘူး... တကယ်ကို မသိပါဘူး...
ဒါပေမယ့် သူ့အပေါ်မှာ ရှိနေတဲ့ ခံစားမှု အားလုံးဟာ အချစ် လို့သာ ထင်ပါတယ်...

ဒီ့ထက် သေချာတာ တစ်ခုက အဲဒီ အချစ် ဆိုတဲ့ အရာကို သူ့တစ်ယောက်တည်း ဆီကသာ ရချင်တယ် ဆိုတာပါပဲ...

*
(အဆုံးစွန်ဆုံးထိ ပြောရရင် ... သေဆုံးပြီး တစ်နေ့မှာတောင် ကျွန်မရဲ့ ရုပ်ကြွင်းကို သူ့အချစ်နဲ့သာ လောင်ကျွမ်းပြာကျ စေချင်ပါတယ်)

*
to be continued...

အဲဒီ အချိန်မှာ...


photo from here

အလင်းရောင်တွေ တဖိတ်ဖိတ်လက်
ထိန်းချုပ်ခက်တဲ့ ခံစားချက်နဲ့
ပျော်ရွှင်မှုတွေခုန်ပေါက်
နှလုံးသားတောင် မြောက်ကြွနေတယ်…

အဲဒီအချိန်မှာ
နေရောင်ခြည်က မြူးကြွ
စူးရှတဲ့ ရင်ခုန်သံနဲ့
ပန်းပွင့်တွေက ကခုန်
လိုချင်တာတွေအကုန်ရနေတယ်…

အဲဒီအချိန်မှာ
လျှပ်စီး တတွဲ
ရင်ထဲ ပြက်သွား
လက်ကနဲထင်
မတင်မကျ
ခဏလေးပဲ…

အဲဒီအချိန်မှာ
နာရီတွေ ရပ်တန့်
မိနစ်တွေပျက်စီး
ကာလ အမြီးရှည်ရိုက်ချိုး
အချိန်တွေ ရှေ့မတိုးကြနဲ့…

အဲဒီအချိန်မှာ
လမ်းစမ်းလျှောက်တဲ့ ခံစားချက်နဲ့
အင်မတန်နက်တဲ့ ကမ်းပါးစွန်းမှာ
မိုက်မဲစွာရှေ့ဆက်
ဘာအတွက်မှလဲ မဟုတ်ဘဲနဲ့…

အဲဒီအချိန်မှာ
တငွေ့ငွေ့ ကျွမ်းလောင်
အပူရောင်တွေဆူပွက်
တမင်သက်သက် ကြွေကျ
တခြား ဘာကိုမှလဲ မရချင်တော့…

အဲဒီအချိန်မှာ
တစုံတရာကပြုစား
ခြေလှမ်းမှားတဲ့ ရင်ခုန်သံ
ပန်းနုရောင်နဲ့ ခြယ်မှုန်း
အလှဆုံးပါကွယ်…

အဲဒီအချိန်မှာ
သတိတရားတွေမေ့ပစ်
ထစ်ချုန်းမိုးသံကြားယောင်
အမှောင်တွေနဲ့မွန်းကြပ်
နားထောင်ရန်ခက်လှချည့်

ပါးစပ်ဖွင့်ထားတဲ့ ပင်လယ်ထဲ
အသိမဲ့ ပြေးဝင်
ဘာကိုမှလဲ မမြင်မိတော့…

+

+

မိုးကြိုး တစ်ချက် ပစ်ခတ်
ဆက်သွယ်ချက်တွေ ဆွံ့အ
မပွင့်ခင်က ကြွေကျ
နိုးထလာတဲ့ အိပ်မက်
ကျည်ဆံတွေက ထုတ်ချင်းဖောက်
ရင်ဝကို အရောက်မှာလေ…


မင်းရဲ့ အသံတွေပျက်သုဉ်း

ငါလဲ

(ခဏတော့)

သေဆုံးသွားပါတယ်…

*****
(1998 လောက်က ရေးထားမိတယ် ထင်ပါတယ်... ဘယ်အချိန်ကို ညွှန်းပြီး ရေးထားမှန်း ကိုယ်တိုင် မမှတ်မိတော့တဲ့ ကဗျာ) :D

Friday, January 16, 2009

လွင့်ပါးပျောက်ရှ


www.current.com

ဟိုတုန်းကလို...

*
သူ့ကျောပြင်အစွန်းနားမှာ ပါးအပ်လို့ တိတ်ဆိတ် ငြိမ်သက်နေချင်မိ...

ကန်ရေပြင်နဲ့ ၀င်တော့မယ့် နေမင်းကို အတူငေးရင်း သူ ရန်စလာတော့မှာကို ဟန်ဆောင် ရန်ဖြစ်ပစ်လိုက်ဖို့ စကားလုံးတွေ ကြိုရွေးနေချင်မိ...

သူ့ အပြုအမူ တချို့ကို နားမလည်နိုင်ရင်းကပဲ နားလည်ဟန်ဆောင် ချစ်စနိုး ပြုံးရယ်ချင်မိ...


သူ့ အကျင့်စရိုက် တချို့ကို စိတ်ပူ နှာခေါင်းရှုံ့ချင်ရင်းကပဲ (ကိုယ်မတတ်နိုင်ပါဘဲ) ပြုပြင် သိမ်းသွင်းချင်မိ...


ပြင်းပြင်းထန်ထန် ပြောတတ်တဲ့ သူ့ စကားသံကို မျက်လွှာချ နားထောင်ရင်း ပြန်လည် ၀မ်းနည်းချင်မိ...

ကိုယ့်ကို ကန့်လန့်တိုက် ပြောတိုင်းမှာ သူရှေ့ဆက်လို့မရအောင်ကို ခွင့်လွှတ် လိုက်လျောချင်မိ...


ရုံးက ပြန်လာလာချင်း အဆောတလျင် online ပေါ်တက်မိတဲ့အခါမျိုးမှာ သူပြောတတ်တဲ့ "ရေ အရင် သွားသောက်လိုက်ပါဦး" ဆိုတဲ့ စကားမျိုးကို ထိခိုက် ကြည်နူးစွာ နားထောင်ချင်မိ...

စိတ်ကောင်းဝင်ချိန်တချို့မှာ အားပေးတတ်တဲ့ စကားသံ ခပ်တိုးတိုးကို ပြန်လည် ကြားယောင်ချင်မိ...


အချိန်တိုင်းလို ဆူပူအော်ဟစ်ချင်တဲ့ သူ့ရှေ့မှာ ယောင်ယမ်း ခြေလှမ်းမှားချင်မိ...

ပြုံးရယ်ချော့မော့ စကားမဆိုခင်မှာပဲ ပြေလျော့ ခွင့်လွှတ်ချင်မိ...

အမြဲ သူပြုံးနေကျ လှောင်ပြုံးတစ်ခုရှေ့မှာပဲ ရှက်အမ်းစွာ ပြုံးရယ်ရင်း အရှုံးပေးချင်မိ...


သူ အမြတ်တနိုး စိုက်ပျိုးတဲ့ သစ်ပင်ကလေးတွေကို ရေလောင်းပေါင်းသင်ပေးချင်မိ...


သူ စိတ်ဓါတ်ကျတိုင်း တမ်းတ စကားဆိုရာ ကိုယ် ဖြစ်ချင်မိ...

*
ဟိုး အရင်ကလို...


*
အို...အခုတော့... ဖြစ်နိုင်မယ် ဆိုရင်လေ သူ့မေမေနားကို အသာသွားပြီး
"သူ ငယ်ငယ်က အကြောင်းတွေ ပြောပြစမ်းပါ မေမေရယ်" လို့ ပုံပြင်ရှည် တစ်ပုဒ်လို မဆုံးတမ်း နားထောင် လွမ်းမောချင်မိ...


*
(ဟိုးအဝေးမှာ... မင်း ရှိသလား ချစ်သူရယ်... တလက်လက်လင်းတဲ့ ကြယ်ကလေးဆီမှာလေ...)

*

Thursday, January 15, 2009

I Made the Right Choice


www.pixelgirlpresents.com

I Made the Right Choice
`````````````````````````````````````
I left my home and my friends,
I left whom I loved,
To be successful in life,
People said I made the right choice.

I lost my friends,
I was alone in my town,
But success was waiting for me,
People said I made the right choice.

I met someone great,
I left her alone,
Because I had to make money,
People said I made the right choice.

I became guest in my family,
I missed everyone all the time,
But I made good money,
People said I made the right choice.

I couldn't be there when needed,
I missed every moment I wanted to be there,
But my bank balance was going high,
People said I made the right choice.

I couldn't celebrate their happiness,
I couldn't share their sorrows,
But my salary increased,
People said I made the right choice.

I couldn't even say good byes, to whom I loved,
I will never forgive myself for that.
But I get handsome salary every month,
People said I made the right choice.

I could never say I ll b there for you,
I never knew where I ll be going next,
But I kept on earning good money,
People said I made the right choice.

I was forgotten by my ... year old child,
I had to buy gifts to hug him,
But I could afford any gift he wanted,
People said I made the right choice.

I was only thought of when money was needed,
I became disturbance in my own house,
But could give them blank cheques,
People said I made the right choice.

Soon I will die,
And wont be remembered as part of something,
But there will be still money in my bank,
People will still say....'I made the right choice'.
_____________________________________________________________

သူငယ်ချင်း ပို့လိုက်တဲ့ email ပါ... သူပို့တဲ့ mail တွေ ကျွန်မရဲ့ blog ပေါ် ရောက်တာ တော်တော်များပါပြီ။
သူပို့တဲ့ mail တွေ အားလုံးလိုလို blog ပေါ် တင်ရလောက်အောင် ထိုက်တန်ပါတယ်။
ဒါပေမယ့် အကြောင်းကြောင်းကြောင့် ကြိုက်မိသမျှကိုတော့ မတင်ဖြစ်ခဲ့ပါ။

ခုလဲ ဒီကဗျာလေးပို့ပေးတော့ စောဒက တက်စရာတွေနဲ့ အတူ နှစ်လည်း နှစ်သက်မိတာမို့ တင်ဖြစ်သွားပါတယ်။ ကဗျာရေးသူ ဘယ်သူဆိုတာ မသိပါ။
စောဒကတက်ခြင်း post ကို နောက် holiday တွေကျမှပဲ တင်ဖြစ်ပါတော့မယ်။

"ကျွန်မတို့ အများကြီး ရွေးချယ် ခဲ့ကြရတယ်" လို့များ ထင်ပါသလား။
(ကဗျာကိုတော့ နှစ်ခြိုက်မိပါတယ်)


Tuesday, January 13, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၂)



ယခင် post
မှ အဆက်....

သူက ကျွန်မရဲ့ အိပ်မက်ဟောင်းတွေကို စိုးမိုးခဲ့တဲ့သူ

ကျွန်မရဲ့ ရင်ခုန်သံတွေကို ထွန်းညှိခဲ့တဲ့သူ

ကျွန်မရဲ့ ဘ၀လမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ

အနှစ်နှစ် အလလက တွယ်တာ စွဲလမ်းခဲ့ရပြီး မြတ်နိုး တန်ဖိုးထားခဲ့ရသူ
...

သူက အင်မတန်မှပင် အဖြူရောင်ဆန်ပါသည်


အဖြူရောင်ကဲ့သို့ ကြည်လင် သန့်စင်သည်... ထို့ကြောင့် သူ့ကို ကျွန်မ ဂရုတစိုက် ယုယ လိုပါသည်
အဖြူရောင်ကဲ့သို့ ရိုးရှင်း သက်ငြိမ်သည်... ထို့ကြောင့် သူ့ကို ကျွန်မ တသသ အရိပ်ကြည့် နေချင်သည် အဖြူရောင်ကဲ့သို့ ပကတိ သိမ်မွေ့သည်... ထို့ကြောင့် သူ့ကို ကျွန်မ အမြတ်တနိုး ချစ်ခင်သည် အဖြူရောင်ကဲ့သို့ ကျွန်မ၏ စိတ်နှလုံးကို ပေါ့ပါးလွတ်လပ်ကာ ချမ်းမြေ့ နှစ်သိမ့်စေသည်... ထို့ကြောင့် ကျွန်မ သူ့ကို လေးလေး နက်နက် တန်ဖိုးထားပါသည်

*
(အချစ် ဆိုတာ ပေးလိုက်ရတာချည်း မဟုတ်သလို ရရှိလိုက်တာချည်းလဲ မဟုတ်တဲ့ တိုက်ရိုက် လဲလှယ်တဲ့ စနစ် တစ်ခုလို့ သိခွင့်ရလိုက်တယ်)

*
အဲဒါ သူ့ဆီမှာတွေ့ရှိ
ကိုယ် ရှာဖွေမိတဲ့ အချစ်ပေါ့

(to be continued)
______________________________________________________________

ဝန်ခံချက်။
----------
တတိယ စာကြောင်း "
ဘ၀လမ်းညွှန် ဆိုင်းပုဒ်တွေကို အလွဲလွဲ အမှားမှား ဖြစ်အောင် တတ်စွမ်းခဲ့တဲ့သူ" ဟူသော စာသားမှာ ၁၉၉၄/၅ တ၀ိုက်တွင် ထုတ်ဝေသော "မြားနတ်မောင် မဂ္ဂဇင်း" ပါ "ဆရာ မြမြင်းမိုရ်" ၏ "အချစ်ဟောင်း" ကဗျာမှ စာသား ဖြစ်ပါသည်။

Sunday, January 11, 2009

Structure


Structure_Steel_Lift Shaft (Bishan St 13)


Structure_Steel (Orchard Mrt)


Structure_Steel (Orchard Mrt)


Structure_Steel (Orchard Mrt)


Structure_RC (AJ Mrt)

Paper Mill မှာ လုပ်တုန်းက စာရွက်မြင်တာနဲ့ bk လား... yk လား... gk လား... gsm (gram per meter squared) ဘယ်လောက်ရှိမလဲ ... စာရွက်သားက ငါတို့နဲ့ယှဉ်ရင် ... ...

Generator Trading ဘက်ရောက်တော့ တွေ့သမျှကို ဒီ sound proof ကတော့ ဆူညံလှချည်ရဲ့...ငြိမ်လှချည်ရဲ့ ... cylinder က ဘယ်နှစ်လုံး...Engine ကဘာလဲ ... Alternator ကဘာလဲ... ဆီစားနှုန်းကဘယ်လိုလဲ ... CO ကဘယ်ကလဲ ... အင်း ငွေဈေးက ဒီလောက်ဆိုတော့... ...

ခုတော့လဲ သွားလေရာ Structure တွေပဲ မျက်စေ့ထဲ မြင်နေပြန်ပေါ့...

Tuesday, January 6, 2009

စာမျက်နှာ ၁၅



အတိတ်တွေက မှုန်ဝါးပေမယ့်

ငါ့တို့နှစ်ဦး ဇာတ်လမ်းမှာ
တချို့နေရာက
အကောင်းအတိုင်း ရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက်

အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်


အဓိပ္ပါယ်မရှိတာ သိပေမယ့်

တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ

အမှတ်တမဲ့ မင်းကို လွမ်းပါတယ်


အပေါ်ယံ ရှပ်ထိသော ဒဏ်ရာမဟုတ်တော့

လွယ်ကူစွာနဲ့ ငါ
မေ့မရဘူးကွယ်


တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်

နှစ်တွေ လတွေက အတော်ကြာပြီပဲ

ဘယ်ဆီကို မင်းရောက်နေမလဲ

ဘာတွေကို မင်း လုပ်နေမလဲ

ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ်
ပြန်လွမ်းမောရင်းနဲ့
ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
_________________________________________________

ဒီသီချင်းကို Desktop ပေါ်တင်သွားတာ ကြာလှပြီ
တွေ့နေပေမယ့် မဖွင့်ဖြစ်ဘူး
ဒီနေ့မှပဲ ဖွင့်ကြည့်ဖြစ်တယ်

ထူးခြားတဲ့ သီချင်းတစ်ပုဒ်လို့ ခံစားရပါတယ်

ဖြစ်နိုင်ရင်တော့ ဘာဖြစ်လို့များ အဲဒီ ခေါင်းစဉ်တပ်ရတာလဲ သိချင်မိတယ်
၁၅ ယောက်မြောက် ရည်းစား အကြောင်းမို့လို့လား
(သီချင်းရေးတဲ့သူကပဲ သိမှာပေါ့လေ)
လေးဖြူ အသံက ကျွန်မ နှစ်ခြိုက် စွဲလမ်းတတ်တဲ့ အသံမျိုးထဲမှာ မပါ ပါဘူး
ဒါပေမယ့် သူ့အသံက ခံစားမှု တစုံတရာ ဖြစ်စေနိုင်စွမ်းတဲ့ အသံပါ

ပြီးတော့ လာသေးတယ်
"တွေ့ရင်မှတ်မိဦးမယ် ထင်ပါတယ်" တဲ့... ဒါပေမယ့် သူ့ အသံထဲမှာကိုပဲ မှတ်မိဦးမှာကို သေချာနေတဲ့ ပုံမျိုးနဲ့ကိုများ...

နောက်တခုက...
"အဓိပ္ပါယ် မရှိတာ သိ
ပေမယ့်
တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လဲ

အမှတ်တမဲ့ မင်းကို လွမ်းပါတယ်" ဆိုတဲ့ အပိုဒ်ကလေး

စာသားတွေ ချစ်စရာလို့ ထင်မိပါတယ်
အဓိပ္ပါယ်မရှိတာ သိပေမယ့်....တဲ့
အင်းလေ ဒီကိစ္စမျိုးဆိုတာ အဓိပ္ပါယ် ရှိဖို့မှ မလိုတာနော်
ပြီးတော့ စောဒက တက်ချင်သေးတယ်
ဘယ်အလွမ်းပဲဖြစ်ပစေ
အမှတ်တမဲ့နဲ့ လွမ်းလို့ရတယ် ကျွန်မတော့ မထင်ဘူးရှင်
ဘယ်အလွမ်းမဆို အမှတ်တရနဲ့သာ လွမ်းရတာချည်းပဲ

ဘာပဲပြောပြော တခါနားထောင်ရုံနဲ့ သီချင်းတစ်ပုဒ်ကို စွဲလမ်းနှစ်ခြိုက်ဖို့ ခဲယဉ်းလာပြီဖြစ်တဲ့
ဒီအသက်အရွယ်မှာ အဲဒီ သီချင်းလေးကတော့ ဘာစကားလုံး ဆန်းဆန်းတွေမှ မပါဘဲ ကျွန်မရင်ကို တိုက်ရိုက် ထိခတ်နိုင်ပါတယ်

ဒီသီချင်းကို နားထောင်ပြီးရင်တော့ (ဘယ်သူမဆိုလေ)
မှုန်ဝါးပေမယ့် တချို့နေရာတွေမှာ အကောင်းအတိုင်းရှိနေသေးတဲ့ အတိတ် တပိုင်းတစကို သတိရမိလိမ့်မယ် ထင်ပါတယ်။