Sunday, December 13, 2009

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၁)

2000 လောက်မှာ ရေးဖြစ်တဲ့ (so-called) essay
မနှစ်က ဒီလို ချိန်လောက်မှာပဲ blog မှာ တင်ထားခဲ့သေးတယ်။
အဲဒီတုန်းက blog မှာ ဘယ်သူနဲ့မှ သိပ်မသိသေးဘူး။
နန်းညီဆီသွားတော့ သူက ပြန်လာပြီး comment ပေးသွားတယ်။

***
ပြန်တင်ချင်စိတ် ပေါက်လာလို့ ပြန်တင်လိုက်တာ။
အဲဒီ အရေးအသားတွေ ပြန်ဖတ်ရတာတော့ ရီချင်မိတယ်။
အဲဒီ (so-called) essay ရဲ့ နောက်ပိုင်းနား (အပိုင်း -၆) ကတော့ "ချစ်ခြင်း၏ အနုပညာ" ကို စိတ်ထဲစွဲပြီး ရေးခဲ့မိတယ်။

တပိုင်းလုံး ခြုံပြောရင်လဲ style က ဟိုမရောက် ဒီမရောက် လို့ ထင်မိတယ်။
ငယ်ငယ်က အများဆုံး လွှမ်းမိုးခဲ့တာ ဂျူး ပါပဲ။

***
post အသစ် တင်လို့ post အဟောင်း ကိစ္စ ပြီးသွားပြီလို့တော့ မဟုတ်ပါဘူး။
ပြောချင်တာ ရှိရင် လာပြောပါဦး။ နားထောင်ချင်ပါသေးတယ်။ အသံတွေကို...

***

အစကတော့ 1st December မှာ ကဗျာ အဟောင်းတစ်ပုဒ်ကို ပြန်တင်မလို့ဟာ။
နေ့ရွှေ့ ရက်ရွှေ့ လုပ်လိုက်မိတာ... ကွေးသောလက် မဆန့်ခင် ကိစ္စနဲ့ တိုးတော့တာပဲ။
ခု အဲဒီ ကဗျာ တင်မယ် လုပ်တော့ ပြန်ဖတ်ကြည့်ပြီး မတင်ချင်တော့ဘူး။

ဒါနဲ့ပဲ...

***


pic from Here

မြောက်မြားလှစွာသော အရောင်များအနက် ကိုယ့်အတွက် နှစ်သက်မက်မောဖွယ် အကောင်းဆုံးမှာ အဖြူရောင်သာ ဖြစ်ပါသည်။


အဖြူရောင်သည် လူတစ်ယောက်၏ အသွင်အပြင်ကို ပိုမို လင်းလက် တောက်ပစေသည်…
ရိုးစင်းမှု၊ သန့်စင်မှု၊ ပကတိဖြစ်မှု၊ အိနြေ္ဒကြီးမှု စသည်တို့ကို အဖြူရောင် အတွင်း၌ ထွင်းဖောက် မြင်နိုင်သည်ကပင်လျှင် အလွန် နှစ်သက်ဖွယ် ကောင်းနေပြီ ဖြစ်သည်…


ထိုကဲ့သို့ ဂုဏ်သတ္တိများဖြင့် အဖြူရောင်သည် လူတစ်ယောက်၏ အသရေကို အရောင်တင်ပေးနိုင်သည်ဟု ယူဆပါသည်။ ထို့ထက်ပို၍ ဆန်းကြယ်သည်ကား အဖြူရောင်ကို ဝတ်ဆင်ထားချိန်၌ ခံစားရသည့် ခံစားမှုပင် ဖြစ်ပါသည်…

စွန်းထင်း ညစ်ပေလွယ်သော ထိုအရောင်ကို အနည်းငယ်မျှပင် အစွန်းအထင်း မဖြစ်စေလိုသော စိတ်… မသိမသာကလေး ညစ်ထေး ပေရေသွားမှာကိုပင် စိုးရိမ်နေမိသော စိတ်တို့ဖြင့် တယုတယ တသသ ဂရုတစိုက် နေရသည့် ခံစားမှု …

အမြတ်တနိုး အရိပ်တကြည့်ကြည့် ထိန်းသိမ်း စောင့်စည်းကာ နေထိုင်ရသည့် ခံစားမှု…

…ထိုကဲ့သို့သော ခံစားမှုများလောက် နူးညံ့ သိမ်မွေ့ ဆန်းပြားသော အရာကို အခြား မည်သည့် အရောင်ကမျှ ပေးစွမ်းနိုင်ခြင်း ရှိသည် မထင်ပါ…

အဖြူရောင်ကို ဝတ်ဆင်ထားချိန်၌ ဖြစ်လေ့ရှိသည့် တစုံတရာကို မြတ်မြတ်နိုးနိုး ယုယုယယ အရိပ်ကြည့် ဂရုစိုက်နေရသည့် ခံစားမှုမျိုးကို အလွန်နှစ်သက် မက်မောပါသည်… ဖော်ပြပါ ခံစားမှုများကို ကျေနပ်စွာ ခံစားနေချင်ခြင်းသည်ပင်လျှင် အဖြူရောင်ကို စွဲလမ်းရသည့် အကြောင်းရင်းဖြစ်၏…

အဖြူရောင်က ကိုယ့်ပင်ကို ဗီဇစိတ်အချို့ကိုပင် ပြောင်းလဲ သွားစေနိုင်စွမ်းပါသည်..
တဆိတ် ကျေးဇူးပြုပြီး သံသယ မဝင်စေလိုပါ…


ယခင်က ကိုယ်သည် မိမိသာလျှင် ဂရုစိုက်ခံလို အယုယခံလိုပြီး ကိုယ့်ကိုများ ကိုယ့် ပတ်ဝန်းကျင်က အရိပ်တကြည့်ကြည့် ရှိနေကြမည် ဆိုလျှင် လောက၌ အရာခပ်သိမ်း ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့သူဖြစ်၏…

*
(အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ တိုက်ခိုက်

ခူးယူခဲ့ပြီး ပြန်တော့
မစိုက်မိဘူး)


*
သို့သော် ကိုယ်ကချည်း ရယူနေရခြင်း ၊ ရရှိနေရခြင်း နှင့် ရချင်နေရခြင်းတို့ များသည်ထက် များပြားလာသောအခါ အလွန်ပင် ငြီးငွေ့ စိတ်ပျက် ပင်ပန်းလာပါသည်…

ထိုအချိန်မှ စ၍ အဖြူရောင်မှ ပေးစွမ်းနိုင်သော ခံစားမှုများကို စတင် ငြိတွယ် စွဲလမ်းလာခြင်းဖြစ်ပြီး ထိုသို့ စွဲလမ်းလာချိန်မှ စ၍ ကိုယ့် အဇ္ဈတ္တတို့ တဖြည်းဖြည်း ပြောင်းလဲ လာပါသည်…

*
ကိုယ်ကပင် စတင်၍ တစုံတရာ အပေါ်မှာ ငြိတွယ်နေချင်သည်…
ဂရုစိုက် အရိပ်ကြည့်နေချင်သည်…
လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးရင်း ကျေနပ် နှစ်သိမ့်နေချင်သည်…


အဖြူရောင်ကို ဝတ်ဆင်ရင်းမှ အမြတ်တနိုး ဂရုစိုက်နေရသည့် အတွေ့အကြုံကို သဘောတကျ နှစ်ခြိုက်မိသောအခါ အတ္တဆိုသည်များကို ငြီးငွေ့လာခဲ့တော့သည်…

လောကမှာ ကိုယ်က တဖန် ပြန်လည်၍ ဖြည့်ဆည်း ပေးဆပ်နေရခြင်းက ပို၍ စိတ်ကြည်နူး ချမ်းမြေ့စရာ ကောင်းသည်ဟု ခံယူလာခဲ့ပါသည်။

*
ထို့နောက်တွင်တော့ အဖြူရောင်ဆန်သော လူသားတစ်ယောက်ကို ကိုယ် စွဲလမ်းမြတ်နိုးလာခဲ့မိပါသည်။

(to be continued)

8 comments:

  1. အဖြူရောင် ဒဿနတွေ ကောင်းလှချည်လား။ အစ်မလည်း အဖြူရောင်ကြိုက်တယ် ဒါပေမဲ့ Yita ရေးထားတဲ့ ဒဿနတွေကြောင့်တော့ မဟုတ်ဘူး။ လူက အသားညိုတော့ အဖြူရောင်ဝတ်တော့ ပိုပေါ်တယ်လေ အဲဒါကြောင့် ကြိုက်တယ်ထင်တယ် အဟိ..။ ဘာကြောင့်ကြိုက်တယ်ဆိုတဲ့ ရပ်တည်ချက် တိတိကျကျ မရှိလို့ ကြိုက်လို့ ကြိုက်တယ်လို့ပဲ ပြောရလိမ့်မယ်။

    ReplyDelete
  2. White...White...White...
    Colorless......
    Original color before dye..
    Very sensitive to any others.
    I lost my own white during the struggle life.
    You can find my status icon.
    You can dye me by using the base color blue,red and yellow as your desire.

    Thanks for sharing,

    BINO

    ReplyDelete
  3. မရီတာ
    မကြိုက်ပါဘူး
    ဒီအက်ဆေးကို
    ဒါပေမယ့် ဖတ်ရင်းနဲ့ တေဇာရဲ့ အစိမ်းရောင်ဆိုတဲ့ အက်ဆေး ကိုသတိရမိတယ်
    (ယှဉ်ပြောတာမဟုတ်)
    ပြီးတော့ စာကြောင်းတွေကြားထဲက အီးတွေနဲ့ မြားတွေက အာရုံနောက်တယ်

    ReplyDelete
  4. အဖြူရောင် ကြိုက်လို့ အဖြူရောင် ဒဿနတွေ လာဖတ်ပါတယ်..

    ReplyDelete
  5. အင်း အရင်ကတော့ အဖြူရောင်ကြိုက်သေး ငယ်လည်းငယ်သေးကိုး ... ခုတော့ အရောင်စုံသွားပြီ
    ပြန်ဖြူချင်လို့လည်းမရတော့ဘူး .. အဖြူဆိုတာ အလွမ်းတွေထဲ ကျန်ခဲ့ပါပြီလေ ... အသက်တအားကြီးသွားရင်တော့ တဖန်ပြန်ဖြူသွားဦးမလားမသိ ..?

    ReplyDelete
  6. အဲ့တုန်းက ဘာပြောခဲ့လဲ မမှတ်မိတော့ဘူး.. ဒါမယ့် ခုထိ အဖြူရောင်မကြိုက်သေးဘူးဗျ..

    ReplyDelete
  7. ADDY ပြောတဲ့
    (ပြီးတော့ စာကြောင်းတွေကြားထဲက အီးတွေနဲ့ မြားတွေက အာရုံနောက်တယ်)

    ဆိုတာ အစက နားမလည်ဘူး။ ရုံးရောက်မှ နားလည်တယ်။ ရုံးက ကွန်ပျူတာမှာ အဲဒါတွေ ပေါ်တယ်။ အိမ်မှာတုန်းက ဘာမှ မမြင်ရဘူး။

    ReplyDelete