Friday, November 20, 2009

ဖြူး

ဖြူး

ဒီလို မိုးတစွတ်စွတ် ရွာတဲ့ အချိန်ဆို ရန်ကုန်ကိုလည်း သတိမရ၊ ဇာတိမြို့ကိုလည်း သတိမရဘဲ အလယ်တန်းတလျှောက်လုံး နေဖူးခဲ့တဲ့ ဖြူး ကို ပို သတိရမိတယ်။


မွေးကတည်းက အသက် ၁ဝ နှစ်လောက်ထိ နေလာခဲ့တဲ့ ဇာတိကနေ ခွာပြီး၊
အောက်ပြည်အောက်ရွာက မြို့တစ်မြို့ကို ကာလ အတော်ကြာကြာ နေဖို့ ရောက်လာခဲ့တယ်။


အဲဒီ အချိန်ဟာ ဘဝမှာ အရေးပါတဲ့ အချိုး အကွေ့လို့ ပြောမယ် ဆိုလည်းရ၊
သူများတကာလဲ ကြုံနေကျ ဖြစ်ရိုးဖြစ်စဉ် အပြောင်းအလဲလေးပါပဲ လို့ သတ်မှတ်မယ် ဆိုလည်းရ...

တကယ်တော့ ကျောင်းစတက်တဲ့ အရွယ်ကတည်းက ဖေဖေ့ဘက်က အဘိုး အဘွားတွေနဲ့ (ဝေမျှတယ် ဆိုတာကို မသိဘဲ) တယောက်တည်း နေလာခဲ့တဲ့ ကိုယ့်အတွက် မိသားစုနဲ့ ပထမဆုံး ပြန်နေခွင့်ရတဲ့ အပြောင်းအလဲ ကာလပါပဲ။

ရာသီဥတု၊ အစားအသောက်၊ ပတ်ဝန်းကျင်၊ လူတွေ၊ စာသင်ခန်းတွေ...
အားလုံးဟာ အသစ်။


တလျှောက်လုံး ကြုံရတော့မယ့် အပြောင်းအလဲတွေရဲ့ အစ ဖြစ်ချင်ဖြစ်လိမ့်မယ်။

အစကတော့ စိတ်ညစ်တယ်။ ကျောင်းအသစ်မှာ အပေါင်းအသင်း အသစ်တွေ၊ စာသင်ပုံ အသစ်တွေ၊ ဓလေ့ထုံးစံ အသစ်တွေ၊ အဲဒီထက် အဓိက ကျတဲ့ အသစ်ကတော့ ရာသီဥတု အသစ်ပါပဲ။

ရာသီဥတု အနေအထား ဆိုတာကလည်း အဲဒီအချိန်က ကိုယ့်အတွက်တော့ စိတ်အခြေအနေကို အတော်လွှမ်းမိုးနိုင်တဲ့ factor တစ်ခုပေါ့။ ခြောက်ခြောက်သွေ့သွေ့နေရောင်ခြည်နဲ့ ကျင့်သားရလာခဲ့တဲ့ နေရာကနေ၊ မိုးရေတွေ၊ မိုးစက်တွေ စိုစိုစွတ်စွတ်နဲ့ အစကတော့ အတော် စိတ်ပျက်သားပဲ။

နေရာဟောင်းက ခွဲထွက်လာရတဲ့ feeling ရယ်၊ အသစ်တွေနဲ့ ကျင့်သားရအောင် ပြန်ကြိုးစားနေရတဲ့ အခိုက်အတန့်ရယ်... စတုတ္ထတန်း ကျောင်းသူတစ်ယောက် အတွက်တော့ မလွယ်ခဲ့ဘူး ဆိုရမယ်။ ပင်ကိုကတော့ သိပ် adept ဖြစ်လွယ်တဲ့သူလည်း မဟုတ်ခဲ့ဘူး။

ခုချိန်ထိ မိုးတွေရွာရင် အဲဒီချိန်က feeling ဟာ မသိမသာ ဝင်လာတုန်းလို့ ကိုယ့်ဘာသာ ထင်မိတယ်။ အဲဒီ အချိန်မှာ မြန်မာနိုင်ငံတွင်းမှာတင် ဖြစ်ရက်နဲ့၊ ပြီးတော့ မိသားစုနဲ့ ဖြစ်ရက်နဲ့ ဒီ feeling မျိုး ဖြစ်သလား ဆိုရင် ဖြစ်တယ် လို့ပဲ ပြောရမယ်။ အသက် ၁ဝ နှစ်၊ ၁၁ နှစ် မှာ ကြုံရတဲ့ အပြောင်းအလဲ ဖြစ်တယ်။

ပြီးတော့ ကိုယ့်အတွေ့အကြုံအရ အညာနဲ့ အောက် ဟာ အတော် ကွာပါတယ်။
အဲလို ကြုံခဲ့ဖူးလို့ ဂျူးရဲ့ "မြ ရဲ့ လ" ကို ဖတ်တော့ ချက်ချင်း နားလည် ခံစားလို့ ရတာ။
နောက် ဂျူး ကိုယ်တိုင်လည်း အညာသူဖြစ်လို့ ဒီဝတ္ထု ကို ဒီလို presentation နဲ့ ရေးဖို့ ဖြစ်လာတာလို့ ပြောလို့ရတယ်။

နောက်တော့ ဝင်းဝင်းလတ် ရဲ့ နောက်ဆုံး ဝတ္ထုရှည်။
"အချစ်၊ အလုပ် နှင့် ဘဝ ကို တည်ဆောက်ခြင်း" လား မသိ။
(ခေါင်းစဉ် သေချာ မသိတော့ဘူး။ ဆရာမ ရုတ်တရက် ဆုံးသွားတာမို့ အဲဒီ ဝတ္ထု ပြီးလည်း ပြီးမသွားဘူး။)
တခန်းလောက် ဖတ်မိတော့ ဘဝ တလျှောက်လုံး အပြောင်းအလဲတွေနဲ့ ကြုံလာခဲ့ရတယ် ဆိုတဲ့ ဇာတ်ကောင် ဆရာဝန် အမျိုးသမီးလေးရဲ့ feeling ကို ရေးထားတာ အတော် ကောင်းတယ်။
ပါးပါးကလေးပါပဲ။ ဒါပေမဲ့ ဆရာမရဲ့ ထုံးစံအတိုင်း အတော်ထိတယ်။
စာရေးသူ
ရဲ့ ငယ်ဘဝ တစိတ်တပိုင်းလဲ ဖြစ်နိုင်တယ်။

အဲဒါ ဖတ်မိတော့လည်း ကိုယ့်ဟာကိုယ် ထင်မိသေးတယ်။ ငါနဲ့ တူပါလား ဆိုပြီး
(နာမည်ကြီး ဇာတ်ကောင်တွေ ကိုယ်နဲ့ တူတယ် ထင်နေတာ စိတ်ကြီးဝင်နေတာလားတော့ မသိ)...

ဒါပေမဲ့ နောက်ဆုံးတော့ ဖြူးမှာ ပျော်ခဲ့ပါတယ်။ 2nd native လို ဖြစ်ခဲ့တယ်။ ၅ နှစ်ကျော်တောင်လေ။
ဖြူးရဲ့ မိုးရာသီထက် ဖြူးရဲ့ ဆောင်းတွင်းနဲ့ နွေရာသီတွေကို ပိုပျော်တယ်။ အဲဒါတော့ သေချာတယ်။

ထ (၁) ကျောင်းရယ်၊ ကျောင်းရှေ့က အုတ်နီနီ ဆေးရုံဝင်းရယ်၊
အဲဒီကနေ ရှေ့ဆက်လျှောက်ရင် စစ်တပ်၊ လမ်းထိပ်ရောက်ရင် ညာဘက်ထိပ်မှာ ကျောင်းနေဖက် သူငယ်ချင်းရဲ့ စားသောက်ဆိုင်ရှိတယ်။ ကပ်ရပ်က စာတိုက်၊ အဲဒီမှာလည်း သူငယ်ချင်း၊ တဘက်ထိပ်က ရဲစခန်း၊ အဲဒီမှာလည်း သူငယ်ချင်း။ အဲဒီ သူငယ်ချင်း ခုတော့ ဆရာဝန် ဖြစ်သွားပြီ။
အပေအတေကောင်။ ဆရာဝန် ဖြစ်တာများ အံ့သြမဆုံးဘူး။

အေးလေ သူကလည်း ကိုယ့်ကို အဲလို တွေးချင်တွေးနေမှာ။
အပေအတေမ၊ ဘယ်လိုလုပ် ဘွဲ့ရသွားတာလဲ ဆိုပြီး။

မထင်ရတာတော့ မဟုတ်ပါဘူး။ သူ ဦးနှောက် အင်မတန် ကောင်းပါတယ်။
ဒါပေမဲ့ ထင်ရတဲ့၊ ကြိုးစားတဲ့၊ ဖြစ်ချင်ကြတဲ့သူတွေ ကျန်ခဲ့ကြတယ်။

ဆက်လာရင် ရုပ်ရှင်ရုံနဲ့ ကပ်လျက် အအေးဆိုင် တစ်ခုရှိတယ်။
သူငယ်ချင်း အဒေါ်ရဲ့ ဆိုင်။ နောက်တော့ ဈေး။ အဲဒီထဲမှာလည်း သူငယ်ချင်းတချို့ရှိတယ်။
ဆက်လာပြီး တံတားနဲ့ မနီးမဝေး ရောက်လို့ ညာဘက်ကို ကွေ့၊ ရထားလမ်းကို ကျော်လိုက်ရင်တော့ အမြဲ တတွဲတွဲ နေခဲ့တဲ့ သူငယ်ချင်း နေတဲ့ ရပ်ကွက်ထဲကို ရောက်မယ်။
(အဲဒီ သူငယ်ချင်း ခုတော့ မြို့က စာတိုက်မှာပဲ အလုပ်ဝင်နေတယ်။)

သူ့မိဘတွေက ကျောင်းက ဆရာနဲ့ ဆရာမတွေ။ ၉ တန်းမှာ ဆရာမ နဲ့ သင်လိုက်ရသေးတယ်။ ဆရာကြီးကတော့ ကိုယ်တို့ ၈ တန်းလောက်မှာ ပင်စင်ယူတော့ ကျောင်းမှာတော့ မဆုံရဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာ ကျူရှင်ကို ဆရာကြီးဆီမှာ ယူတယ်။ အဲဒီအိမ်ကိုလည်း လွမ်းတယ်။

မနေ့က Dr. Zhivago ကြည့်တော့ Lara နဲ့ ပြန်ငြိကြတဲ့ အခန်းမှာ Lara နေတဲ့ သစ်သားအိမ်ကလေးကို ကြည့်ပြီး၊ ကျူရှင်တက်ခဲ့တဲ့၊ ကိုယ့်အိမ်လို နေခဲ့ဖူးတဲ့ အဲဒီ အိမ် နဲ့ ရပ်ကွက်ကလေးကို သတိရမိတယ်။

ဆောင်းဝင်တာနဲ့ ရေနည်းသွားတဲ့ ဖြူးချောင်းရယ်၊ တံတားရယ်၊ ချောင်းဘေးက သာသနာ့ ဗိမာန်ရယ်၊ အဲဒီကနေ အနောက်ဘက်ကို လှမ်းမျှော်ကြည့်လိုက်ရင် မြင်ရတဲ့ ပဲခူးရိုးမရယ်။ နေဝင်ချိန်ဆို အတော်လှတယ်။ ကိုယ်တို့ ၈ တန်းနှစ်မှာ အဲဒီချောင်းထဲ ကျောင်းက အငယ်တန်း ကလေးတစ်ယောက် ရေနစ်ဖူးတယ်။

အဝေးပြေးလမ်းမကြီး ဘေးက ဝဲဒေါင့် ဆိုတဲ့ ရှမ်းရွာကလေးက အကြော်ဆိုင်တွေရယ်။
ကျောင်းဆင်းချိန်၊ ကျူရှင် ဆင်းချိန်တွေရယ်။

ဖတ်ခဲ့တဲ့ စာအုပ်တွေရယ်၊
ကျယ်ကျယ်လွင့်လွင့် စက်ရုံဝန်း တစ်ခုရယ်၊
ညဘက်တွေမှာ ကြားရတဲ့ မီးရထားသံနဲ့ ဥသြသံရယ်။
တကယ်ပဲ ပိုင်ပိုင်နိုင်နိုင် ပျော်ခဲ့ဖူးပါတယ်။
၉ တန်း နှစ်တဝက် ရောက်တော့ အဲဒီကနေ ပြောင်းရပြန်တယ်။

ဒီတခါ မြန်မာပြည် ပြန်ရင် ကိုယ် အဲဒီကို တခေါက်လောက် ပြန်ချင်တယ်။
ဒါပေမဲ့ အရာရာ ပြောင်းကုန်မှာပဲနော်။
သူငယ်ချင်း တချို့လည်း အဲဒီမှာ မရှိတော့ဘူး။
နယ်ထုံးစံ တော်တော်များများတော့ ကျန်ပါသေးတယ်။

ပြန်သွားလို့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါ...
ဖြူးချောင်းတံတားပေါ် စက်ဘီးစီးတဲ့ အခါ...
အကြော်ဆိုင်မှာ ထိုင်တဲ့ အခါ...
ကျောင်းကြီးကို ပြန်ကြည့်မိတဲ့ အခါ...
နေခဲ့ဖူးတဲ့ အိမ်ရှိရာကို ပြန်ကြည့်မိတဲ့ အခါ...

ပျော်တယ် ဆိုရင်တောင် အရင်နဲ့ မတူမှာ သေချာသလောက်ပါပဲလေ။

***

ဒီနေ့ညနေ ရုံး အပြန် စိုစိုစွတ်စွတ် မိုးရေတွေထဲ ဖြတ်လာပြီး၊ ရေဝပ်နေတဲ့ မြက်ခင်းစပ်တွေနဲ့ ကွန်ကရစ် လမ်းလေးတွေ ကြည့်ရင်း ကိုယ့် ငယ်ဘဝကို သတိရတယ်။


***

54 comments:

  1. ကိုယ့်ဇာတိမြေကလွှဲရင် ကိုယ်အသွားချင်ဆုံးမြို့က
    ဖြူးဆိုရင်...ရယ်စရာကောင်းနေမလားပဲ..။။
    တကယ်သွားချင်နေတာ။။
    ကိုယ့်ကို ဖြူးမြို့အကြောင်း ဝေဝေဆာဆာပြောပြ
    မယ့်သူမရှိပေမယ့် စိတ်ထဲမှာ တစ်ဝက်လောက်
    ရင်းနှီးနေသလို..။။
    စပါးစိုက်ခင်းတွေ ရှိတယ်လို့ ကြားဖူးသလို။
    ဘာပဲဖြစ်ဖြစ်...
    ရီတာ ပြောပြနေသမျှ ဖြူးကို စိတ်ထဲ အသေအချာ လိုက်မှတ်ထားလိုက်ပြီ။။

    ReplyDelete
  2. I suddenly go flashback in my childhood.
    But I can't see or remember all.
    Most events are blur.
    I think your IQ is much more than me.

    BINO

    ReplyDelete
  3. မိုးရွာရင်တော့ တခုခုကို သတိရတာ လူတိုင်းပဲထင်တယ်။ Rita တယောက်တည်းမဟုတ်ဘူး။ အစ်မတို့ဘက်မှာတော့ မိုးရွာရင် ကျွဲနွားတွေလည်း ချည်တိုင်ဟောင်းကို သတိရတယ်လို့ ပြောစမတ်ရှိပါတယ်။

    ReplyDelete
  4. I also miss my Phyuu trip with my colleagues.

    ReplyDelete
  5. မိုးရွာရင်တော့အပြင်မထွက်ချင် ။ ပြတင်းပေါက်က မိုးစက်တွေငေးနေရတာပိုပြီးကြိုက်တယ် ။.

    မငယ်နိုင် comment ကရီရပ:)) (မရီတာရေဆောရီး)

    ReplyDelete
  6. ဖြူး ဘိုးဘွားရိပ်သာ ကိုရော ထည့်မရေးဘူးလား ထ(၂) မှာရော သူငယ်ချင်းတွေရှိလား T-ဒေါ်ခင်စိုးဦးတို့ T-ဒေါ်အေးမြင့်တို့နဲ့ရော သင်ဖူးလား။ ဖြူးတောင်ပေါ်ဘုရားပွဲ အကြောင်းလေးလဲ ရေးအုံးလေဗျာ....အားပေးနေပါတယ် :)

    ReplyDelete
  7. Anonymous ဘယ်သူပါလိမ့်။ ပြောနိုင်ရင် ပြောသွားပါဦး။ သိချင်လိုက်တာ။

    ဒေါ်ခင်စိုးဦးနဲ့ ၉ တန်း ကျူရှင် Phys & Mathsသင်ဖူးတယ်။ အဲဒီအချိန်မှာ ဆရာမ ကျောင်းမှာ မရှိတော့ဘူး။ ပင်စင်ယူချိန်တော့ မဟုတ်ပေမဲ့ အလုပ်ထွက်လိုက်သလား၊ ဆေးပင်စင်လား မမှတ်မိတော့ဘူး။ ကျူရှင် တက်ရင်း ဆရာမ အဖေ မွေးနေ့ သွားစားကြတာ မှတ်မိပါသေး။

    ဒေါ်အေးမြင့်က ဘယ်သူလဲ။ ၁ဝတန်း ဆိုရင် အဲဒီမှာ ကိုယ် မရှိတော့ဘူး။

    ဖြူးမှာ ၅ နှစ်ခွဲတောင် နေလာတာ မြသိန်းတန် ဘုရားပွဲ (တောင်ပေါ်) တခါမှ မရောက်ဖြစ်ဘူး။ ကိုယ်က အဲဒါမျိုးကျ ဝါသနာမပါလို့။ :)

    Anonymous ဘယ်သူပါလိမ့်။ ကိုယ့် batch များလား။

    ReplyDelete
  8. ကျွန်တော်က ထ (၂) က ပါ။T-ဒေါ်အေးမြင့်က Eng ကျူရှင်သင်တာလေ။ ၉၈ မှာ ၁၀တန်းအောင်တာပါ...same batch ဖြစ်မလား junior ဖြစ်နေမလားတော့ မသိဘူးဗျ...

    ReplyDelete
  9. '98 batch ဆို တတန်းငယ်မယ်။
    ဒါပေမဲ့ ကိုယ် '98 မှ ၁ဝ တန်းအောင်တာ။

    ထ (၂) မှာ ရင်းနှီးတဲ့ သူငယ်ချင်းတော့ မရှိဘူး။
    အောင်သုခ ဆီစက်က မေသူစိုးလား မသိ။ နာမည်မေ့နေပြီ။ သူကတော့ သူငယ်ချင်းရဲ့ သူငယ်ချင်းမို့ သိတယ်။ သူက ကိုယ်တို့ batch, ကျောင်းပဲ ကွဲတာ။

    အောင်သုခနဲ့ မျက်နှာချင်းဆိုင်လောက်မှာရှိတဲ့ အိမ်ကြီးက ဆရာ ဦးမြင့်ဌေးက ကိုယ့်ဆရာ အရင်းခေါက်ခေါက်ပေါ့။ ဆရာနဲ့ ပတ်သတ်လို့ အမှတ်ရစရာတွေ အများကြီး ရှိတယ်။

    စာလာဖတ်တာ ကျေးဇူးတင်လိုက်တာ။

    ReplyDelete
  10. အမြဲလိုလိုလာဖတ်ဖြစ်ပါတယ် မရီတာ။ အားပေးနေပါတယ် .....

    လေးစားခင်မင်လျှက်

    SK

    ReplyDelete
  11. pauk က ဖြူးကို စိတ်ဝင်စားတယ်လား။ ရေစက်ရှိလို့ ဖြစ်လိမ့်မယ်။ ကိုယ်ကတော့ နေခဲ့ဖူးတာရယ်။ ငယ်သူငယ်ချင်းတွေရယ်ကြောင့် စွဲလမ်းနေတာပါ။ အဲဒါတွေ ဖယ်လိုက်ရင် ဖြူးက တခြားမြို့တွေထက် ဘာမှ မထူးခြားတဲ့ သာမန်နေရာလေးပါပဲ။

    ဥပမာ ပေါက်တို့ မေမြို့ဆို နေလဲ မနေဖူး၊ ဘယ်သူမှ မရှိပေမယ့် စွဲလမ်း နေချင်စရာကောင်းတယ်။

    ဖြူးမှာ စပါးခင်းတွေတင်မကဘူး။ ကြံခင်းတွေလည်း ရှိတယ် ပေါက်။ ၃/ ၄ မိုင်လောက် အကွာမှာ ဇေယျဝတီ သကြားစက် ရှိတယ်လေ။

    ဖြူးအကြောင်း ရေးစရာတွေ ရှိနေသေးတယ်။ ထပ်ရေးဦးမယ်။ ဒါပေမဲ့ ကိုယ်က ဒေသန္တရ observation တော့ ခပ်ညံ့ညံ့ပဲ။ မှတ်ဉာဏ်ကလဲ မကောင်းသေး ဆိုတော့ တချို့ဟာတွေ မေ့နေပြီ။ ဒါပေမဲ့ SK ကို ပြန်မေးပြီး ရေးရတာပေါ့။ =)

    ReplyDelete
  12. good article.
    My grandfather was from Phyu,
    in my childhood,I spent my summer vacation at there 2 or 3 times with my grandparents.
    I also love Phyu Myo.
    I love to swim at Phyu Chaung ( river ) and farouite thing is ridding bicycle with friends( cousins) in evening.

    ReplyDelete
  13. Thank u, Uncle. =)

    ဟုတ်တယ် မငယ် တိရိစ္ဆာန်တွေတောင်မှ သတိရတတ်ကြသေးတယ်။ လူ ဆိုတော့ ပိုဆိုးတာပေါ့။ ခုလို အဝေးမှာ တယောက်တည်း ရှိနေတဲ့ အချိန်ဆို ဆိုဖွယ်ရာ မရှိပြီလေ။

    momiji >>> အစ်မ စိတ်ပါရင် အဲဒီ trip လေး အကြောင်း ရေးပါလား။ ဖြူးအကြောင်း နဲနဲပဲ ဖြစ်ဖြစ် နားထောင်ချင်လို့ပါ။

    amayarko >>> ဒီနေ့ ရုံးမှာ အားနေတော့ ကိုယ်လဲ comment တွေကို ပြုံးပြီး ဖတ်နေမိတယ်။ :D

    ReplyDelete
  14. တောင်ကြီး -ရန်ကုန်သွားရင် ဖြူးမြို့လေးကို ဖြတ်သွားဖြတ်လာ ကြည့်မိတယ်။ တစ်ကယ်တော့ နာမည်ကြီး သကြားစက်ရှိလို့ ကြည့်မိရင်း အနီးအနားက မြို့တွေကို သတိပြုကြည့်မိတာမျိုးပါပဲ။ နောက်ကိုဆိုရင် ကိုယ်ချစ်ခင်နှစ်သက်တဲ့ ဘလောဂ်ဂါလေးကို လွမ်းအောင် ၊ စာတစ်ပုဒ်ဖွဲ့နိုင်လောက်အောင်ပြုစားတဲ့ ဒီမြို့လေးကို ရောက်ရင်ဖြင့် အရင်ကထက် ပိုမိုစိတ်ဝင်စားစွာ ကြည့်မိတော့မယ် ထင်ပါရဲ့.....

    ReplyDelete
  15. ဪ။ မေမြို မန်းလေးကို လွမ်းလိုက်တာ။
    SM

    ReplyDelete
  16. ဘယ်နေရာမှ အကြာကြီး မနေပါဘူး။ မန်းလေးကိုတော့ သံယောဇင်ရှိသား။
    SM

    ReplyDelete
  17. အညာကို ချစ်ကြတဲ့လူတွေကို အံ့လည်းသြ သဘောလည်းကျမိတယ်.. အညာကို သိပ်ခံစားလို့မရလို့

    ReplyDelete
  18. တကယ်တော့ အံ့သြစရာ မရှိပါဘူးလေ။
    လူဆိုတာ ငါ့နေရာ ဆိုတဲ့ အစွဲနဲ့ နေသားကျခဲ့ဖူးတဲ့ နေရာကို တွယ်ဖက်တာပါပဲ။

    အညာကလူတွေကလည်း အောက်ပြည်အောက်ရွာကို ခံစားလို့ ရမယ် မထင်ဘူး။ အထူးသဖြင့် ရန်ကုန်။ အနေကြပ် အသေခက်။ မြေကြီးမရှိ ဘာမရှိ၊ မီးပျက်ရင်တောင် တင်စရာ ရေမရှိ။ အထပ်မြင့်တွေ နေတဲ့သူဆိုရင်ပေါ့။

    ဒီလိုပဲ တိုးတက်တဲ့ နိုင်ငံကလူတွေကလည်း ထင်လိမ့်မယ်။ ဒီလောက်စုတ်ပြတ် လူ့ အခွင့်အရေးမရှိတဲ့ နိုင်ငံကိုများ ပိုက်ဆံကုန်ခံပြီး ခဏခဏ ပြန်ချင်ကြတာ ဘာခံစားချက်နဲ့ များလဲလို့။

    တကယ်တော့ စိတ်အင်နားရှားပါပဲ။
    အတ္တပါပဲ။ ကိုယ်နေနေကျနေရာ၊ ကိုယ်နဲ့ တူရာတူရာတွေ ရှိတဲ့နေရာ၊ ကိုယ့်ကို ချစ်ခင်တဲ့သူတွေ ရှိတဲ့နေရာမို့ တွယ်ဖက်ချင်တာပဲ။

    တချို့တွေ ကြွေးကြော်သလို ဖြူစင်စွဲမက်စွာ စာဖွဲ့လောက်တဲ့ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓါတ်ကြီးလို့ မထင်မိတာတော့ အမှန်ပဲ :D :D

    အဲဒီစိတ်ဟာ အဲဒီလို စာဖွဲ့လောက်တယ်။ နိုင်ငံချစ်စိတ်ဓါတ်ကြီး ဖြစ်တယ် ဆိုရင်လည်း ဠင်းတလောက်တော့ ငှက်တိုင်းလှသတဲ့။ လူတိုင်းမှာ အဲဒီ စိတ်ရှိတယ်။

    လူဆိုတာ နိုင်ငံချင်းယှဉ်ရင် ကိုယ့်နိုင်ငံ၊ မြို့ချင်းဆိုရင် ကိုယ့်မြို့၊ ကိုယ့်မြို့မှာမှ ကိုယ့်ရပ်ကွက်၊ ကိုယ့်လမ်း၊ ကိုယ့်အိမ်၊ ပြီးတော့ ကိုယ်။

    နန်းညီ ပြောတာနဲ့ နဲနဲတော့ သွေဖည်သွားပုံရတယ်။
    စိတ်ထဲရှိတာကို ဆက်စပ်ပြီး ပြောလိုက်တာ။ ရှည်သွားတယ်။ ကိုယ်က စိတ်ထဲ အစာမကြေတာ တစ်ခုရှိရင် အကြောင်းတိုက်ဆိုင်တိုင်း ပြန်ပေါ်လာတတ်တယ်။ စကားပိုတွေကို မယုံတတ်ဘူး။ အဲဒါကြောင့် သိပ်မဆိုင်လှပေမဲ့ ထည့်ပြောလိုက်တာ။
    =)

    ReplyDelete
  19. 20 Nov 09, 09:51
    SK: မရီတာ နဲ့ အမျိုးလာစပ်နေတာ

    20 Nov 09, 09:53
    SK: စပ်သာ စပ်နေတာ မရီတာလည်း ကျွန်တော့်ကို သိမှာမဟုတ် ..ကျွန်တော်လဲ မရီတာကို မသိဘူးဗျ... BTW သိပ်မကြာခင် ဖြူးပြန်အုံးမှာဗျာ... ဘာမှအုံးမလဲ ...:) သီးမွှေးလား မြေပဲယိုလား ...

    20 Nov 09, 10:19
    Rita: SK >>> ထ (၂) ဆိုရင်တော့ မသိဖို့ များပါတယ်။ ဘာမှ မမှာချင်ဘူး။ တစ်ခုမှ မကြိုက်လို့။ ဟားဟား။ ပြန်ပဲလိုက်ချင်တာ။ ကိုယ် မြန်မာပြည်ပြန်ဖြစ်ရင်လည်း ဖြူးကို သွားဖို့ ကြိုးစားဦးမယ်။

    20 Nov 09, 10:22
    Rita: တစ်ခုတော့ မှာချင်တယ်။ လွယ်မယ်ဆိုရင် ဓါတ်ပုံရိုက်လာပေးပါ။ တံတားနဲ့ ဖြူးချောင်း၊ ကျောင်း၊ ဈေး၊ ကျောင်းနဲ့ ဆေးရုံကြားက လမ်းကလေး၊ ပြီးတော့ ရိုးမ နဲ့ ဝဲဒေါင့်။ များသွားပြီ ထင်တယ်။ =)

    20 Nov 09, 10:31
    Rita: အဓိပတိနဲ့ နံပါတ်ဝမ်းက လက်ဖက်သုတ်ပွဲပါ မှာချင်တယ်။ =)

    20 Nov 09, 10:32
    SK: အိုခေ..... ပြီးရင် share လိုက်မယ် ....ဖြူးကတော့ ဒီတိုင်းပါပဲဗျာ ..တနှစ်ထက်တနှစ် ဖုန်ပိုထူလာတာရယ် လမ်းတွေပျက်လာတာရယ် ပဲရှိတယ် ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာမရှိပါဘူး

    20 Nov 09, 10:32
    SK: ဒါပေမယ့်လည်း ကိုယ့်မြို့လေးမို့ ဘာဖြစ်ဖြစ် မပစ်နိုင်ဘူး ချစ်နေရတာဗျ ..ဟဟ

    20 Nov 09, 10:33
    SK: ဟဟ ငပိထောင်းရော..

    20 Nov 09, 10:35
    SK: ဆောင်းတွင်းဆို သိပ်သာယာတာဗျ..ဒါကြောင့်ကျွန်တော်ပြန်ရင် ဆောင်တွင်းပဲပြန်တယ်... မနက်စောစောထ ဖြူးချောင်းဘက်လမ်းလျှောက် .. အကြော်နဲ့ကောက်ညှင်းပေါင်းဝယ်စား.. တခါတလေလဲ ခေါက်မုန့် စားတယ်...ခဲတံဝါးလည်း

    20 Nov 09, 10:36
    SK: စားကောင်းတယ်ဗျာ... ခုတောင်ပြန်ချင်လာဘီ..:)

    ReplyDelete
  20. ဖြူးဈေးမီးလောင်သွားသေးတယ်လေ...။ ဝဲဒေါင့်တော့ ရောက်ဖြစ်ပါသေးတယ် အရင်လို လမ်းတွေကြမ်းတုန်းပဲ

    ReplyDelete
  21. နိုင်ငံရေးသမားတွေကိုမုန်းနေတယ် ထင်ပါ့
    လွှတ်ချလိုက်ပါ ကိုယ်တော်

    ReplyDelete
  22. ရီတာ ရေးထားတာကောင်းလိုက်တာ။ ကိုယ်တောင် ဖြူးကိုကားနဲ့ပဲ ဖြတ်သွားဘူးပေမဲ့ လွမ်းချင်ချင် ဖြစ်သွားမိတယ်

    ReplyDelete
  23. (နာမည်ကြီး ဇာတ်ကောင်တွေ ကိုယ်နဲ့ တူတယ် ထင်နေတာ စိတ်ကြီးဝင်နေတာလားတော့ မသိ)...

    အဲ့တာ ဘိုင်ပိုလာပဲ

    ဘယ်မှာလဲ
    မောင်နဲ့တူတူထိုင်ခဲ့တဲ့ ရေနီမြောင်းတို့
    စစ်တပ် ထိပ်က ရှမ်းခေါက်ဆွဲဆိုင်တို့
    ဈေးထဲက ဖက်ထုပ်ကြော်ဆိုင်တို့
    လဲပါမလာပါလား

    ReplyDelete
  24. နှစ်လကို သုံးခေါက်လောက် ဖြူးကို ကားနဲ့ ဖြတ်ဖြတ်သွားခဲ့တာ နှစ်နှစ်လောက်ရှိမယ်...။

    ကဗျာဆရာရဲ့ အဓိပတိ ထမင်းဆိုင်မှာ ခဏခဏ ထမင်းစားဖူးတယ်..။

    တိုင်းရဲ့ အရှေ့ခြမ်း၊ အနောက်ခြမ်းမို့ ဝမ်းကွဲမြို့လို့ သတ်မှတ်ထားတယ်..။

    ရိုးမကိုကျော်တဲ့လမ်းကြမ်းက သွားရင် ဖြူးနဲ့ တို့နဲ့ နီးနီးလေးလေ.. တဖြောင့်တည်းပဲ.. :)

    ReplyDelete
  25. AMMK: ဖြူးက ထွက်တော့ ၁၅ နှစ် ရှိသေးတာ


    AMMK is offline. You can still send this person messages and they will receive them the next time they are online.
    Addy: သြော်
    မောင်နဲ့မတွေ့သေးဘူးပေါ့
    ဒါဆို မောင်က ရန်ကုန်သားပေါ့လေ
    သတိထားနော်


    AMMK: =)


    Addy: ကျုပ်ကဗျာ ကိုမကြိုက်ဘူးလား
    ခုစာဖတ်နေတယ်
    ရှင့်ကို ပြန်ရှင်းပြဖို့


    AMMK: ကြိုက်ပါတယ်


    Addy: အေဒီ နဲ့ ဘီစီ
    တလက်စတည်း ခရစ်ရှန်နတီ ကိုပါနဲနဲလေ့လာနေတယ်

    ReplyDelete
  26. Oh you are still chatting with your friends. Fair enough!

    ReplyDelete
  27. ဟုတ်တယ်။ ညက Addy နဲ့ ပြောစရာ ရှိလို့ ဝင်ထားတာ။

    ReplyDelete
  28. 22 Nov 09, 14:43
    linn: Ur post "Pyu" make me remember this town. I was posted to this town for a certain period and the people are friendly, always try to help others. Like you, it is also my second native. I remember its

    22 Nov 09, 14:48
    linn: ka-htain & at that time all people donate. I remember shan-o-se. the most is pyu durian, i think it is the best in our country. It has too many stories to tell like our Sayargyi Na-ga U Thein Hlaing.

    22 Nov 09, 14:51
    linn: I want to send u a photo of ur school Myo-ma if u want to, please contact me to my e-mail if u want.

    ReplyDelete
  29. ရီတာက ဖြူးကိုလွမ်း သလို ငါလဲ မန္တလေးကို လွမ်းတယ်ကွာ...

    အဲဒီတုန်းက သူငယ်ချင်းတွေရဲ့ လက်ရှိအကြောင်းအရာ တွေပါ သိသေးတာ မဆိုးဘူးပဲ။ တို့ဆို အဲလောက်အရွယ် တုန်းက သူငယ်ချင်းတွေနဲ့ အဆက်ပြတ်ကုန်ပြီ..


    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  30. 23 Nov 09, 16:59
    ပုလုကွေး: ဒါနဲ့ ဖြူးဆိုလို့ ဒီအချိန်ဆို ဖြူ သီမွှေးငှက်ပျောသီးတွေ ပေါနေလောက်ပီထင်တယ်နော်

    ReplyDelete
  31. နွေးနေခြည်November 25, 2009 at 6:11 PM

    ဖတ်ပြီး အလွမ်းတွေကို ခံစားရတယ် မရီတာ...

    ဖြူးမှာ မြဧရာ စာပေ ရှိတာတော့သိတယ်။ ကျန်တာတော့ မသိပါဘူး။

    ReplyDelete
  32. ဟုတ်တယ် ညီမလေး။
    ဦးမိုးအောင်တို့ဆိုင်ပေါ့။ ဈေးမြောက်ဘက်မှာ ရှိတယ်။
    သူတို့နဲ့ သိလား။

    ReplyDelete
  33. သိသားပဲ.. ဘာမှာပေးရမလဲဗျ.. စာကြည့်တိုက်ကတော့ ပျက်သွားရှာဘီ....

    SK

    ReplyDelete
  34. အဲဒိဘိုးတော်က အရင်ကတော့ ဂျာနယ်တစ်စောင်မှာ ဘောလုံးနဲပတ်သက်တဲ့ဆောင်းပါးရေးတယ် အခုတော့မသိဘူး

    SK

    ReplyDelete
  35. ဟုတ်လား။ မှာစရာတော့ အထူးအထွေ မရှိပါဘူး။
    ကိုယ့်နဲ့တော့ ဟိုမှာနေတုန်းက ကောင်းကောင်းသိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ဖေဖေနာမည်ပါ ထည့်ပြောမှ ပြန် မှတ်မိလိမ့်မယ်။ (ကိုယ့်အိမ်နာမည်ပဲ သိကြတာမို့လို့)။

    စာကြည့်တိုက် ပျက်သွားတယ် ကြားတာတော့ တကယ်ပဲ စိတ်မကောင်းဘူး။ သူတို့တွေ သေချာ လုပ်ခဲ့ကြတာ။

    ReplyDelete
  36. ဖတ်ရတာဝမ်းသာတယ်ဗျာ။ကျနော်လည်းဖြူးသားပဲဗျ။
    ၉၇ မှာ ၁၀တန်းအောင်တယ်။၁၀တန်းပြီးကတည်းက
    ကျောင်းဆက်တက်၊လုပ်ငန်းခွင်ဝင်၊ဒါနဲ့ပဲလက်ချိုးရေလို့ရလောက်အောင်ပဲပြန်ဖြစ်တယ်လေ။
    အခုလိုကိုယ့်မြို့နဲ့ပတ်သက်တာလေးဖတ်လိုက်ရတော့
    စိတ်ထဲတမျိုးပဲ။နောက်လည်းဆက်ရေးနိုင်ပါစေဗျာ။

    ReplyDelete
  37. Testing ဘယ်သူများပါလိမ့်။ same batch ဖြစ်နိုင်တယ်။ ထ ၁ က ထွက်တာလား။

    ReplyDelete
  38. ဟုတ်တယ်ဗျ။ ထ၁ ကပါ။ ဆေးရုံရပ်ကွက်မှာနေတယ်။
    ကျော်သက်ထွန်းလို့ခေါ်တယ်။၁၀ တန်းတုန်းက ဆရာမဒေါ်ခင်မြင့်မြင့်အခန်းမှာတက်တယ်။ ၉တန်းတုန်းက
    ဆရာမ ဒေါ်မူမူလေးအခန်းမှာတက်တယ်။

    ReplyDelete
  39. သိရတာ တကယ်ပဲ ဝမ်းသာမိပါတယ်။
    ၉ တန်းမှာ ကိုယ်က အင်္ဂလိပ်စာ ဆရာမ ရဲ့ အခန်း (ဆရာမ နာမည်တော့ မမှတ်မိတော့ဘူး။ A ခန်းကပါ)။ ဆရာမ ဒေါ်မူမူလေးကို သိတယ်။ Physics သင်တာ။ ၉ တန်းမှာ နှစ်ဝက်ထိပဲ တက်ခဲ့ရတယ်။ ၁ဝ တန်းရောက်တော့ ဖြူးမှာ မရှိတော့ဘူး။

    စာလာဖတ်တာကိုလည်း ကျေးဇူးတင်မိပါတယ်။ ဖြူးအကြောင်း post တင်မိတာ ဖြူးကလူတချို့၊ ဖြူးမှာ နေဖူးခဲ့သူ တချို့ နဲ့ အဆက်အသွယ်တွေ ရခဲ့တာ ဝမ်းသာစရာပါ။

    ReplyDelete
  40. အမရေ.. ညီမလေးကလည်း ဖြူးမြို့ကပါ။ အမရဲ့ ပို့စ်ကိုဖတ်ပြီး အိမ်ကို အရမ်းလွမ်းတာပဲ။

    ReplyDelete
  41. ကျွန်တော် လည်းဖြူး ထ ၁ ကပါပဲ အမ ...၉၉ အောင်တာပါ ..ဆရာမ ဒေါ်ခင်စိုးဦးတပည့်ပါပဲ ....အမက အခုဘယ်မှာလည်းမသိဘူးနော် ...ကျွန်တော်လည်းအမလိုပဲ ပြောင်းလာရတာပါ ....အမှတ်ရနေမိတယ်ဖြူးကို

    ReplyDelete
  42. @Mgbothu, တွေ့ရတာ ဝမ်းသာပါတယ်။ 99 batch ဆို ၂ နှစ်လောက်ငယ်လိမ့်မယ်။ ကိုးတန်းမှာ ခဏလေးပဲ ကျူရှင်ယူခဲ့ဖူးပေမယ့် ဆရာမကိုလည်း သတိရတယ်။ ကျောင်းကိုလည်း သတိရတယ်။ မြို့ကိုလည်းသတိရတယ်။ ခုလောလောဆယ် စင်ကာပူမှာပါ။

    ReplyDelete
  43. တို့လဲ ဖြူးသူပါ။ အထက(၁)မှာအောင်တာ... (၉)တန်းတုန်းက (c) ခန်းမှာ... ဆရာမ ဒေါ်ခင်ရီတိုးအတန်းကပေါ့.. အခုတော့ဆုံးသွားပါပြီ.. ဖြူးအကြောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ်... တို့ ရီတာ့ကို သိသလိုပဲ.. (၉၇) အောင်တာပါ... ကျူရှင်တွေတော့ တူတယ်.. မေသူစိုးကိုလဲ တို့သိတယ်... ဘာပဲဖြစ်ဖြစ် ပြန်တွေ့ရတာဝမ်းသာတယ်... mail ကို add ထားတယ်သိလား....

    ReplyDelete
  44. တို့လဲ ဖြူးသူပါ... ပြန်တွေ့ရတာ ၀မ်းသာတယ်... တို့လဲ ထ၁ ကပဲ.. (၉)တန်းတုန်းက ဆရာမဒေါ်ခင်ရီတိုးအခန်းကပါ... (၉၇) အောင်တာပါ.. မေသူစိုးကိုလဲ တို့သိပါတယ်.. တို့တွေ သိများသိမလား မသိဘူး... ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ။ တို့ mail ကို add ထားတယ်သိလား..

    ReplyDelete
  45. ဆရာမ ဒေါ်ခင်ရီတိုး ဆုံးသွားတယ်။ ကြားရတာ စိတ်မကောင်းလိုက်တာ။ အသက်သိပ်ကြီးမှာ မဟုတ်သေးဘူး။ ၉ တန်းမတက်ခင်တည်းက ဆရာမကို ကောင်းကောင်းသိတယ်။ ၉ တန်းရောက်တော့လည်း သင်ခဲ့ရဖူးတယ်။ တတွဲတွဲနေတဲ့သူငယ်ချင်းရဲ့ အမေက ဆရာမဒေါ်ခင်ရီတိုးတို့လိုပဲ ၉ တန်းက ဆရာမမို့။

    ပြန်သွားဖြစ်ရင်တောင် သိခဲ့ဖူးသူတွေ အတော်လျော့ကုန်ရော့မယ်။

    ReplyDelete
  46. ဒို့လည်း ဖြူးသူပါ။ အင်တာနက်မှာ ဖြူးနဲ့ပက်သက်ပြီး ဘာများရှိမလဲဆိုပြီး လိုက်ရှာရင်းနဲ့ Rita ရဲ့ blog ထဲကို ရောက်လာတာပါ။ ကိုယ့်မြို့လေးကို သံယောဇဉ်ဖြစ်မိကြတယ်ကြားရလို့ဝမ်းသာမိတယ်။ ထ၁ ကနေ ၁၀ တန်းကို ၉၅ က အောင်တာပါ။ ဆရာမ ဒေါ်ခင်ရီတိုးဆုံးသွားတာ မသိလိုက်ဘူး။ စိတ်မကောင်းဖြစ်မိပါတယ်။ မနှစ်က ဗမာပြည်ပြန်တော့ ဖြူးကို ၁ ညအိပ် ပြန်ခဲ့သေးတယ်။ ဒီနှစ်တော့ ဖြူးအထိ ပြန်ဖြစ်မလား မသေချာသေးဘူး။ ၂၀၁၁ ဇန်န၀ါရီက ပြုလုပ်တဲ့ ဆရာကန်တော့ပွဲ ဗွီဒီယိုမှတ်တမ်းကို ဒီမှာ ကြည့်နိုင်ပါတယ်။ http://phyumyoe.wordpress.com/2011/10/16/teachers-day-of-s-h-s-1-phyu-township/
    အလွမ်းပြေပေါ့။

    ReplyDelete
  47. သိခဲ့ သင်ခဲ့ဖူးတဲ့ ဆရာတွေထဲက ဦးစိုးတင်မြင့်နဲ့ ဒေါ်သက်သက်ဝင်း စုံတွဲကို တွေ့လိုက်တယ်။ သူငယ်ချင်းရဲ့ အဖေနဲ့ အမေပေါ့။ ဖြူးမှာနေတုန်းကတော့ ဗိုလ်ချုပ်ရပ်ကွက်ထဲက သူတို့အိမ်က ကိုယ့်အိမ်ကိုယ့်ရာတပိုင်းပါပဲ။ အရင်တုန်းကထက် ဘာမှ သိပ်အရွယ်ကျသွားတယ် မထင်ရဘူး။ ကျန်းကျန်းမာမာရှိသေးတာ တွေ့ရတာ ဝမ်းသာလိုက်တာ။ ဆရာကြီးက နည်းနည်း ပိန်သွားသလိုရှိတယ်။ ဆရာမဟာ ခုထက်ထိ ဆံပင်ကောင်းတုန်းပဲ။ =)

    ReplyDelete
  48. ဒါဆို Rita ဒို့ထက်ငယ်မယ်နဲ့တူတယ်။ ဆရာ ဦးစိုတင်မြင့်သမီးက ဒို့ထက်ငယ်တယ်။ ဘယ်နှတန်းငယ်လဲတော့ မမှတ်မိတော့ဘူး။
    ဟုတ်တယ်။ ဆရာမကို ဆရာကန်တော့ပွဲ ဗွီဒီယိုထဲမှာ သတိထားလိုက်မိတယ်။ အရင်လိုပဲ လှလျက်ပဲနော်။ အရွယ်မကျသွားဘူး။ ဖြူးမှာ ဘယ်နားမှာ နေခဲ့တာလဲ။ ဒို့က ၄ လမ်း ဈေးနားမှာ။ ဒို့အိမ်ရှေ့မှာ အုတ်နဲ့ဆောက်ထားတဲ့ ရေအိုးစဉ်ရှိတယ်။ ရှေ့လ ပြန်တဲ့အခါ ဖြူးအထိပါ ပြန်ဖြစ်ရင် ဘာမှာအုံးမလဲ။

    ReplyDelete
  49. 95 အောင်ဆိုရင် မမေခိုင်လတ်ထက် ၂ နှစ်လောက် ငယ်မယ်။ ဖြူးကို မှာစရာတော့ မရှိပါဘူး။ ပြန်ပဲ လိုက်ချင်တာ။ =) တခါလောက် ပြန်သွားရဦးမယ်လို့ စိတ်ထဲမှာ အမြဲရှိတယ်။ သိခဲ့ဖူးတဲ့သူတွေတောင် သိပ်မကျန်တော့ဘူး ထင်ပါရဲ့။

    ReplyDelete
  50. အမရေ....ဖြူးသားလေး တစ်ယောက်လည်း အမဘလော့ကို လာဖတ်ပြီး ဖြူး ကိုလွမ်းသွားပါတယ်ဗျာ..ကျနော်က ဖြူးမြို့ရဲ့ အရှေ့ဘက်ခြမ်းက သာယာကုန်းရွာကပါ....အမရေ..အခုတော့ဖြူးချောင်းတံတားရဲ့ ဆည်းဆာက ခေတ်မှီလာပြီလို့ပြောရမယ်...အမတို့ တုန်းကလို..စက်ဘီးတွေနည်းသွားပါပြီ..ဆိုင်ကယ်တွေ နဲ့ ဖြစ်နေပြီဗျ..ဟဲ ဟဲ..

    ReplyDelete
  51. ဟုတ်သလား =)
    ဒီတခါ ကြုံလို့ အဆင်ပြေရင် ဖြူးချောင်းတံတားပေါ်ကနေ ညနေခင်းကို ဓါတ်ပုံရိုက်ခဲ့ပါဦး။ ပြီးရင် email နဲ့ ပို့ပေးပါ။ =)

    ReplyDelete
  52. Pyu သားလေးပါ ၂၀၀၁မှာ ထ ၁ ကအောင်ပါတယ် အမှတ်တရလေးတွေ ပြောပြနိုင်တဲ့အတွက်လေးစားမိပါတယ် အိမ်ကိုလွမ်းနေတဲ့ အချိန်မှာ အမစာစုလေးတွေက အားဆေးတစ်ခွက်ပါ pyu ချောင်းသောင်ပြင်မှာ ဘောလုံးကန်ခဲ့တာနဲ့ ထ ၁ kyi pyar ဆောင် သွားတဲ့ လမ်းဘယ်ဖက်က ရေကန်သေးသေးလေး(ဗွတ်အိုင်) ထဲမှာ ရေကူးခဲ့တဲ့ သူငယ်ချင်တွေကို သတိရတယ်ဗျာ .....

    ReplyDelete
  53. ကြည်ပြာဆောင်က တို့တွေတုန်းက အောက်ထပ်က ၆ တန်း၊ အပေါ်ထပ်က ၇ တန်း။ ၆ တန်းတုန်းက ဆရာမ ဒေါ်စန်းစန်း အခန်းက၊ ၇ တန်းရောက်တော့ ဆရာမ ဒေါ်ဌေးဌေးဝင်း အခန်းက။

    ဘယ်ဘက်ခြမ်းဆိုတော့ မြတ်လေးဆောင်တို့ ဘာတို့ ၅ တန်းဆောင်တွေ ခေါင်းရင်းဘက်လား။ အဲဒီနားဖြင့် ချိုင့်ခွက်ဖြစ်နေလို့ ရေဝပ်နေတာသာရှိမှာ၊ ဘယ်လိုများရေကူးတယ် မသိဘူး :D။

    အဲဒီ ကြည်ပြာဆောင်သွားတဲ့လမ်းဆို သဲမြေလည်းမဟုတ်၊ မြေဝါတွေ မြေစေးတွေဆိုတော့ မိုးတွင်းဆို ခဏခဏချော်လဲတဲ့နေရာ။

    ReplyDelete
  54. ဖတ်​ခွင့်​ရတာ ​ကျေးဇူးတင်​ပါတယ်​ ဖြူးမြို​လေး အ​ပေါ်သံ​ယောဇဉ်​ရှိတဲ့အတွက်​လည်း ​ကျေးဇူးတင်​ပါတယ်။

    ReplyDelete