Sunday, November 8, 2009

ချစ်သူ မသိသော အလွမ်းများ



လူကငြိမ်ငြိမ်လေး ထိုင်နေပေမယ့် ကိုယ့်စိတ်တွေ လွင့်နေတယ်။
လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ…
တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…

*
တစ်ပတ်ကြာမယ် လို့ မင်း ပြောခဲ့သလားဟင်…

*
တွေ့နေကျနေရာမှာ အကြာကြီး ထိုင်စောင့်နေမိတယ်…
လာမယ် ထင်လို့တော့ မဟုတ်ပါဘူး…
ကိုယ် လွမ်းနေလို့ပါ…

*
ဒီလိုနဲ့ပဲ အလွမ်းတွေက အဖျားတက်သလို တငွေ့ငွေ့ တက်လာတယ်…
မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…

*
ကိုယ့်စိတ်တွေ တုန်ခါပြီး ပြိုကျတော့မတတ်ပဲ…
ကိုယ် ဘာလုပ်ရမလဲ ဟင်…

*
အတူဖြေခဲ့ဖူးတဲ့ English Placement Test တစ်ခုကို ပြန်ဖြေနေရမလား…
မင်းတက်ခိုင်းတဲ့ သင်တန်းတွေ အကြောင်း ဖတ်နေရမလား…
မင်းပြန်လာရင် ဖတ်ဖို့ ကဗျာ တစ်ပုဒ် ပဲရေးနေရမလား…
ဘယ်လိုလုပ်ရင် ဒီအလွမ်းတွေက သက်သာရာရလိမ့်မလဲ…

တွေ့နေကျနေရာမှာ အတူလုပ်ခဲ့ဖူးတဲ့ အလုပ်တွေ ပြန်လုပ်ကြည့်ရင် အလွမ်းပြေလိမ့်မယ်လို့ ကိုယ် မယုံကြည်ပါဘူး…
အလွမ်းပြေ ဆိုတာ မှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ…

*

ကိုယ်ရေးတဲ့ စာတွေကို၊ ကိုယ့် ကဗျာတွေကို… နားမလည်ဘူးပဲ မင်းအမြဲပြောတတ်တော့…
ခု ကိုယ်က လွမ်းတယ်ပြောလဲ မင်း နားလည်ပါ့မလား ထင်မိတယ်…

လွမ်းတယ် ဆိုတာ…
ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…
မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…
ဒီလိုပြောလိုက်ရင်… ကိုယ့်အလွမ်းတွေ သိပ် ပေါ့ ပျက် သွားမယ် ဆိုတာ သိပါတယ်…

နှလုံးသားချင်း မနီးရင်တော့ အတူတူရှိနေလဲ လွမ်းရတာပါပဲ…
တခါတခါဆို ကိုယ့်မျက်စေ့ အောက်မှာ မင်းရှိနေရက်နဲ့လဲ ကိုယ် လွမ်းနေခဲ့ရဖူးတယ်…

*
တကယ်တော့ လွမ်းတယ်ဆိုတာ…
ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…

*
ခုချိန်မှာ မင်းဘာတွေ လုပ်နေမှာလဲ…
ဘယ်သူ့ အကြောင်းကိုတွေးပြီး … ဘယ်သူနဲ့ အတူ ရှိနေမှာလဲ…

အတွေးတွေ အများကြီး မတွေးပါနဲ့ လို့ မင်းပြောဖူးတာ ပြန်သတိရမိတယ်…
ကိုယ့်မှာ တွေးနေဖို့ အချိန်တွေ မရှိတာတောင် တော်တော်ကြာပါပြီ…

ဒါပေမယ့် ခုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး…

မင်း အကြောင်းတွေက အလိုလို ရောက်လာတယ်…
အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…
ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…

*
လွမ်းနေတဲ့ အချိန်မှာ… ကိုယ်လွမ်းနေတဲ့သူ ဘာများလုပ်နေမှာပါလိမ့် လို့ တွေးရတာ ကိုယ့်အတွက်တော့ စိတ်ဝင်စားစရာပါပဲ။

ဒါပေမယ့်… မင်းပြန်လာတဲ့အခါ… မပြောဘဲ ကိုယ်ပြန်မမေးပါဘူး…
သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။

*
အလွမ်းတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဟင်…
ဒီနေ့ ကိုယ် Baldwin Library ကို သွားတယ်…
MicroStation သင်တန်းကို သွားတယ်…
နေ့လည်စာ စားတယ်…
တွေ့နေကျနေရာကို ရောက်တော့ မင်း ရှိမနေဘူး…

*
မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…
မင်းနဲ့ ဘယ်တုန်းကမှ စကား မစပ်မိခဲ့တဲ့ အကြောင်းအရာ တစ်ခုကတောင်.. လွမ်းစရာပဲ…
ဘာတစ်ခုမှ မတိုက်ဆိုင်ပါဘဲနဲ့လဲ လွမ်းစရာပဲ…

*
ဒီတစ်ခါ မင်းနဲ့ ပြန်တွေ့ရင်တော့ ပြောပြရဦးမယ်…

*
မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
အဲဒီ ချည်တိုင် မှာ ကြိုးတစ်စ ရှိတယ်…
အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…

*
တကယ်တော့ ကိုယ် မသိတတ်ခဲ့တာပါ…
ကိုယ့် ရင်ထဲမှာက ကြိုးတစ်စ ယှက်သမ်းပြီး…
သံယောဇဉ်တွေ အမျှင်တန်းနေခဲ့တယ် ဆိုတာကိုပေါ့...

***
(My Suboo မှာ တင်ပြီးသား post အဟောင်းပါ.. 2008 Jan တုန်းက တင်ခဲ့တာ.. )

မြန်မာပြည်မှာတုန်းက ရေးခဲ့တဲ့ post...
တပတ်ကြာအောင် နယ်ကို ခရီးထွက်သွားတုန်း ရေးခဲ့တာ။

Sept 2008, blog မှာ ဒု- အကြိမ် ပြန်တင်ဖြစ်တယ်။
ခု blog မှာပဲ တတိယ အကြိမ်။

လွမ်းလို့...
:(

***

12 comments:

  1. အလွမ်းကို အဓိပ္ပါယ်ဖေါ်ထားတာ အားလုံးပြည့်စုံပါတယ်...
    ဒါပေမယ့် နောက်တခုတော့ ထပ်ဖြည့်ပါရစေ...
    သူငယ်ချင်း တယောက်က ပြောခဲ့တဲ့ စကားပါ...။

    မျှော်လင့်ထားပြီး ဖြစ်မလာသေးတဲ့ အကြောင်းအရာတခုကို...
    မျှော်လင့်ထားပြီး ရောက်မလာသေးတဲ့ အချိန်ကာလတခုကို...
    ကြိုတင်တွေးတောထားရင်း စောင့်ဆိုင်းနေရတဲ့ နေ့ရက်တချို့ကို...
    မှန်းဆပြီး တမ်းတ (တောင့်တရင်း...) လှမ်းပြီး လွမ်းနေရတာလဲ အလွမ်းတခုပါပဲ တဲ့...။

    ReplyDelete
  2. လိုတဲ့အချို့အပိုဒ်တွေကို ယူသုံးချင်တယ်
    စာရေးဖြစ်ဖို့ တော်တော်အားယူနေတာ
    တိုက်တိုက်ဆိုင်ဆိုင် ကွန်ပျူတာရရချင်း ဖတ်မိတာ
    ဒါဖြစ်နေတယ်။
    မရည်ရွယ်ပဲ ဖတ်မိပေမယ့် လူချင်းဘေးမှာသာရှိရင်
    တကယ်ကို ကျေးဇူးပြောဖြစ်မယ်

    ReplyDelete
  3. အလွမ်းတွေက အဖျားတက်သလို တဂစ်ဂစ်တဲ့ (အဲ..မှားလို့) တငွေ့ငွေ့တက်နေတာကို မြင်ယောင်ပြီး သနားတောင်သွားတယ်...

းဝ)

    ReplyDelete
  4. လွမ်းတယ်ဆိုတာ လှိုင်းတွေလိုပဲ…
    တဖြည်းဖြည်းနဲ့ လူကို တိုက်စားသွားတာ…

    လွမ်းတယ် ဆိုတာ…
    ကိုယ်လွမ်းနေတဲ့သူကို ကိုယ့်အနီးနားမှာ ရှိနေစေချင်တဲ့…
    မျက်စေ့အောက်မှာ အမြဲ မြင်တွေ့နေချင်တဲ့ ဆန္ဒကိုခေါ်တာပဲ…

    တကယ်တော့ လွမ်းတယ်ဆိုတာ…
    ကိုယ် ချစ်ခင် တွယ်တာတဲ့သူနဲ့ စိတ်ဝိဉာဉ်ချင်း နီးစပ်နေချင်တဲ့ ဆန္ဒ ပါပဲ…

    အသည်းနှလုံး နဲ့ ဦးနှောက်က နီးနီးလေးပါပဲ…
    ရင်ထဲမှာ ရှိတဲ့ အရာတွေက အတွေးထဲကို လွယ်လွယ်နဲ့ ရောက်သွားတတ်တာပဲ…

    သံသယတွေနဲ့ မေးတယ်လို့ သံသယဝင်နေဦးမယ် ဆိုရင်… ကိုယ့်အလွမ်းတွေ ညစ်ထေးကုန်ပါ့မယ်။

    မင်း ရှိမနေတဲ့ အခါ အရာရာဟာ လွမ်းစရာပဲ…
    မင်း ဘယ်တုန်းကမှ ရှိမနေခဲ့ဖူးတဲ့ နေရာတွေကတောင် ကိုယ့်အတွက် လွမ်းစရာပဲ…

    မင်းရဲ့ နှလုံးသားမှာ ချည်တိုင် တစ်ခုရှိနေတယ်...
    အဲဒီ ချည်တိုင်မှာ ကြိုးတစ်စ ရှိတယ်…
    အဲဒီ ကြိုးရဲ့ အဆုံးမှာတော့… ကိုယ့် အသည်းနှလုံး ရှိပါတယ်…

    အလွမ်းတွေက အဖျားတက်သလို တငွေ့ငွေ့ တက်လာတယ်…
    မတွေ့ဘူးဆိုတာ သိရက်နဲ့လဲ ဆက်စောင့်နေမိတယ်…

    After read your post I remained alone and got feeling.
    I never understood when we can stay close together.
    Nobody knows.

    BINO

    ReplyDelete
  5. ဝက်ဝံလေးNovember 8, 2009 at 7:19 PM

    ကိုယ့်မှာ လွမ်းစရာမရှိပေမယ့် ဒီစာလေး ဖတ်ပြီး ရင်ထဲမှာ နင့်သွားပါတယ် ကိုယ်ပဲ စိတ်ထိခိုက်လွယ်သလား မသိပါဘူး

    မမန့်ပေမယ့် ဖတ်ဖြစ်ပါတယ် ဒီစာလေးကိုတော့ စိတ်ထဲ မန့်ချင်လာလို့ပါ

    ReplyDelete
  6. နဂိုက ရှိပြီးသား အလွမ်းအဆွေးဓါတ်ကို
    မီးရှို့လိုက်သလိုပဲ ... ( ကိုစိုင်းထီးဆိုင်ရဲ့ သီချင်းမှ )

    ReplyDelete
  7. ဟင့်
    တိုက်ဆိုင်လိုက်တာများကွာ
    နိုဝင်ဘာ ၈ ရက်
    ကိုယ်ကလဲ လွမ်းနေတာ
    ဒီအချိန်မှာ မှ ဒီလိုပိုစ့်တင်ရလား
    မိရီတာ
    နင်လုပ်ရက်တယ်

    ReplyDelete
  8. ဒါဖတ်ပြီး.. အယ်နောင်းသီချင်းကို သွားသတိရမိတယ်..

    ♫♪ ကိုယ်ရယ်မင်းရယ် နှလုံးသားသိနားလည်.. ကံကြမ္မာကို အပြစ်မမြင် နာကျင်သူ ကိုယ်ပဲဖြစ်ချင်.. မင်းနားလည်မှုနဲ့ ကိုယ့်ရဲ့အိပ်မက် အပြင်ကို.. သွားပါကွယ်.. သူ.. ပျော်နေပါစေလေ.. ကိုယ်.. နာကျင်နေလည်းပဲ.. သူ.. ပျော်နေပါစေ.. ♫♪

    ReplyDelete
  9. What a delicate way to express your sadness! What would you answer if my question is .... ' Is sadness contagious?' :)

    ReplyDelete
  10. ရီတာ
    အလွမ်းတွေရေးထားတာ လာဖတ်သွားတယ်
    *အလွမ်းပြေ ဆိုတာ မှန်သမျှဟာ ပိုပြီး လွမ်းဖို့တွေချည်းပါပဲ* ဒီစာကြောင်းလေးသဘောကျတယ်

    ခင်မင်စွာဖြင့်
    တင်ဇာ

    ReplyDelete
  11. ကိုယ်ကမလွမ်းတတ်ဘူး။

    ReplyDelete