Thursday, October 29, 2009
... ဖတ်ဖို့
ကိုယ် ငယ်ငယ်လေးတည်းက စာအုပ်တွေကို စွဲလမ်းတယ်။
စာမဖတ်တတ်ခင်က လူကြီးတွေကို "ပုံပြောပြ" ဆိုပြီး အလုပ်ပေး၊ အိမ်မှာရှိတဲ့ ပေဖူးလွှာ၊ ရှုမဝ မဂ္ဂဇင်းဟောင်းတွေ ဆွဲယူလာ၊ ကာတွန်းပါတဲ့ စာမျက်နှာတွေ လှန်ပြီး "စာဖတ်ပြ" ဆိုပြီး အလုပ်ပေးတတ်တယ်။ မိဘတွေ၊ အဘိုးအဘွားတွေ၊ ဦးလေးအဒေါ်တွေ၊ အိမ်မှာနေရင်း ကျောင်းလာတက်တဲ့ ဆွေမျိုးနီးစပ် အစ်မတွေ ဘယ်သူမှ မကျန်ဘူး။
အဲဒီ မဂ္ဂဇင်းတွေထဲက ကာတွန်းအောင်ရှိန်ရဲ့ စံပ၊ မယ်ခ နှစ်မျက်နှာ ကာတွန်းတစ်ခုကိုဆို ကြိုက်လွန်းလို့ အထပ်ထပ် ဖတ်ပြခိုင်းရာကနေ အလွတ်ပါ ရသွားရော။ အိမ်ကို ဧည့်သည်လာရင် (လူကြီးတွေကလည်း မြှောက်ပေးတော့) အဲဒီ စာအုပ်ကို ကိုင်ပြီး စာပဲဖတ်တတ်သလိုလိုနဲ့ အလွတ်ရွတ်ပြီး ကြွားရတာ အမော။ (ဒါတွေကတော့ ကိုယ့်မှတ်ဉာဏ်နဲ့ မမှတ်မိတော့ပါဘူး။ လူကြီးတွေ အပြောနဲ့သာ မှတ်မိရတော့တာ။)
အဲဒီအချိန်တည်းက ဖေဖေက ကိုယ့်အတွက် စာအုပ်တွေ ဝယ်ပေးနေခဲ့ပြီ။ စာပေဗိမာန်ကထုတ်တဲ့ တေဇ၊ ရွှေသွေး ပေါင်းချုပ်တွေ အမြဲဝယ်ပေးနေခဲ့တယ်။
(ကြုံလို့ ပြောရရင် '88 မတိုင်ခင်ထိ ကိုယ်တို့မြို့မှာ သတင်းစာ နေ့ချင်းရနေတာ သတိရမိတယ်။ အဲဒီကိစ္စ လူကြီးတွေကို မေးမယ် မေးမယ်နဲ့ သေချာလဲ မမေးဖြစ်ပါဘူး။ စိတ်ထင်တော့ အဲဒီတုန်းက ပခုက္ကူလေယာဉ်ကွင်းကြောင့်လို့ ထင်တာပဲ။)
အော်... အဲဒီတုန်းကတော့ ညကျ "ကြောင်နဲ့ ကြွက်" ကာတွန်းကား လာမယ်တဲ့ ဆိုလည်းပျော်၊ "သစ်တောက်ငှက်ကလေး ဝူဒီ" လာမယ်ဆိုလည်းပျော်၊ "ပရေရီမြက်ခင်းပေါ်က အိမ်ကလေး" လာမယ် ဆိုလည်းပျော်၊ ပျော်စရာတွေ တယ်ပေါတာပဲ။ (အဲဒါကတော့ နည်းနည်းကြီးတဲ့ အရွယ်ပေါ့လေ။) ခုတော့လည်း ဟက်ဟက်ပက်ပက် ပျော်တယ်ဆိုတာ မရှိတော့ပါဘူး။ ထီ ဆုကြီး ပေါက်ရင်တောင် ငယ်ငယ်က ကာတွန်းကား ကြည့်ရတာလောက် ပျော်မယ်မဟုတ်ဘူး ထင်တယ်။
ထားပါတော့။ အဲလို စာအုပ်တွေ ဖေဖေ ဝယ်ပေးရင်လည်း သိပ်ပျော်တာပဲ။
ဖတ်ပြရမယ့် လူကြီးတွေကတော့ ပါးစပ်က အမြှုပ်ထွက်အောင် ဖတ်ပြရတော့မှာကို သိတော့
ပျော်ချင်မှ ပျော်မယ်။
ဖေဖေဆိုရင်လည်း စာဖတ်ပြရတာတင် မကဘူး။ ပုံပြင်ကို အမျိုးမျိုး တီထွင်ပြီးပြောရတာ။
သူ့ဘိုးဘိုးရဲ့ မြင်းကြီးကို ခိုးစီးပြီး (အဲဒီထဲမှာ မြင်းကလည်း အလိုတူ အလိုပါရယ်) မနက်အစောကြီး အလည်လျှောက်သွားတဲ့ "ယုန်ကလေး ဖိုးခွေး" တို့၊ လူကြီးတွေ စကားကို နားမထောင်ဘဲ တစ်ယောက်တည်း လျှောက်သွားလို့ စုန်းမကြီးဆီ ရောက်သွားတဲ့ "ရွှေလိပ်ပြာလေး မရှပ်တေး" တို့ ဆိုတာ တကယ့် စာစောင်လေးတွေထဲက ဇာတ်လမ်းလိုပဲ။ ဖေဖေက အဲဒါမျိုးတွေ ပြောရတာ သိပ်ဝါသနာပါတယ်။ ရီလဲ ရီရတယ်။
နောက် ထူးခြားတာ... ကိုယ် ခုချိန်ထိ မှတ်မိနေမိတာ တစ်ခုက ဝယ်လာပေးတဲ့ စာအုပ်တွေ
ရှေ့ဆုံး စာမျက်နှာမှာ "သမီး .... (ပြီးတော့ ကိုယ့်ရဲ့ အိမ်နာမည်) ဖတ်ဖို့" လို့ ဖေဖေက အမြဲရေးတယ်။ အဲဒီ ရှေ့ဆုံး စာမျက်နှာက "သမီး .... ဖတ်ဖို့" ဆိုတာကို မေမေဖတ်ပြတော့ ကိုယ်က မေးမိတယ်။ "ဖတ်ဖို့ လို့ ဘာဖြစ်လို့ ရေးတာလဲ မေမေ" လို့။ မေမေက "ဖေဖေက သမီးကို ချစ်လို့ပေါ့" လို့ ပြန်ဖြေတယ်။
ထူးဆန်းတယ်။ မေမေ အဲလို ပြောတော့ (ချစ်လို့ ဖတ်စေချင်တာ။ ချစ်လို့ ဝယ်ပေးတာ ဆိုတဲ့ အဓိပ္ပါယ်နဲ့ မတွေးမိဘဲ) ကလေးအတွေးနဲ့ ကိုယ် ဘာတွေးမိလဲ ဆိုတော့ ဖတ်ဖို့ ဆိုတဲ့ စကားလုံးမှာ ချစ်တယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးလဲ ရှိတယ်လို့ တွေးမိသွားခဲ့တယ်။
အသက် တော်တော်ကြီးလို့ အဲဒီ စကားလုံးနှစ်လုံးရဲ့ ဆိုလိုရင်းကို သေချာသိတဲ့ထိ "ဖတ်ဖို့" ဆိုတဲ့ စကားလုံးမှာ ချစ်တယ် ဆိုတဲ့ အဓိပ္ပါယ်ပါ တွဲပြီးပါတယ် လို့ ခံစားနေရတုန်းပဲ။
စာအုပ်ဆိုင်တွေမှာ "သမီးဖတ်ဖို့" "သားဖတ်ဖို့" "ချစ်သူ ဖတ်ဖို့" ဆိုတဲ့ ခေါင်းစဉ်မျိုးတွေနဲ့ စာအုပ်တွေကို တွေ့တိုင်း "...ဖတ်ဖို့" ဆိုတာ ချစ်တယ် လို့ ပြောတာ ဆိုတဲ့ အတွေးမျိုးကို ဖျတ်ခနဲ တွေးမိနေတုန်းပဲ။
***
16 comments:
  1. ဘေဘီလေးတွေတွေးတဲ့ အတွေးလေးပဲ....
    ချစ်စရာ...
    ဟုတ်တယ် ကိုယ်လဲ စာအုပ်လေးတွေမှာ dedication မပါရင် မကြိုက်ချင်ဘူး...
    ကိုယ်တိုင်ဝယ်တဲ့ စာအုပ်တွေဆိုရင်တော့ ချက်ချင်းလက်မှတ်ထိုးပစ်လိုက်တာပဲ....
    ReplyDelete
  2. Right! You got a lot of knowledge and wise by reading books.
    As you know Knowledge is power.
    "...ဖတ်ဖို့" ဆိုတာ ချစ်တယ် လို့ ပြောတာ ဆိုတဲ့ အတွေးမျိုးကို ဖျတ်ခနဲ တွေးမိနေတုန်းပဲ။
    Good sense.
    BINO
    ReplyDelete
  3. Right! You got a lot of knowledge and wise by reading books.
    As you know Knowledge is power.
    "...ဖတ်ဖို့" ဆိုတာ ချစ်တယ် လို့ ပြောတာ ဆိုတဲ့ အတွေးမျိုးကို ဖျတ်ခနဲ တွေးမိနေတုန်းပဲ။
    Good sense.
    BINO
    ReplyDelete
  4. အဲဒီဖတ်ဖို့ဆိုတာထဲမှာ နွေးထွေးမှုနဲ့ချစ်ခင်မှုတွေပါတယ်လို့ခံစားရတယ်...တို့လည်းစာအုပ်ကြိုက်တယ်..။ငယ်ငယ်ကတည်းက ဖတ်ဖို့စာအုပ်ရပြီဆိုရင် လူကြီးတွေမြင်ရင် ခေါ်ခိုင်းနေမှာစိုးလို့ တံခါးရွက်နဲ့နံရံကြားထဲဝင်ပုန်းပြီးတော့ကိုဖတ်တာ... ပြောစမှတ်ကိုဖြစ်ရော.. :)))
    ReplyDelete
  5. ဖြိုးအောင်October 29, 2009 at 5:33 PM
    ကျွန်တော်လဲ ညီအကို မောင်နှမ အနီးအနားမရှိဘဲ အိမ်မှာ အဖေအမေနဲ့ စာအုပ်တွေကြား ကြီးပျင်းခဲ့ရ
    တော့ စာအုပ်မြင်ရင်အလိုလို
    ငယ်ဖော်လိုပဲ၊ ငယ်ငယ်ကဆို
    စာအုပ်တအုပ်ဖြစ်ဖြစ်၊ စာစောင်တခုဖြစ်ဖြစ် အသစ်ရရင် တမြတ်တနိုး အားရပါးရ နမ်းရှုံ့ပြီးမှ ဖတ်လေ့ရှိတယ်(ကျောင်းစာအုပ်မပါ)
    ReplyDelete
  6. အမငယ်ငယ်ကလဲ အဲလိုပဲ လူကြီးဖတ်ပြထားတာတွေ မှတ်မိအလွတ်ရပြီး ကိုယ်ပဲ ဖတ်တတ်သလိုနဲ့ သေချာ ဖတ်ပြတတ်တယ်တဲ့။ စာရွက်လှန်တာတောင် အတိအကျဆိုပဲ .. လူကြီးတွေ ပြန်ပြောပြတာပါ.. အမလဲ စာအုပ်သရဲ။ စာအုပ်ဖတ်နေရင် ကိုယ့်အနားဘာလာပြောပြော မကြားတော့ဘူး။ နောက် မဂ္ဂဇင်းတွေ ငှားဖတ်တုန်းကဆို တရွက်မကျန်ကို ဖတ်တာ...
    ReplyDelete
  7. အရီးတောင်း မြေးမ အရီးတား
    ...ဖတ်ဖို့
    အဲ သူလူပ်တာနဲ့ ကိုယ်တောင် ရင်ထဲမှာ ဘာညာဘာညာ ဖြစ်သွားပြီ
    အဲ့လို....ဖတ်ဖို့ ဆိုတာ ပြောတော့
    ငယ်ငယ်က အော်တိုရေးတာလေးတွေသတိရမိသေးတော့တယ်
    အတန်းထဲမှာလေ
    ဖလမ်းဖလမ်း ဖြစ်တဲ့ ဆယ်ကျော်သက် အရွယ်တွေပေါ့
    ကိုယ်ကတော့ ငယ်ငယ်ကတည်းက ဘိုမ ဆိုတော့ ဘိုလိုပဲရေးတယ် (ဖိုးသူတော် တဖြစ်လဲ ကိုတုတ်ကြီးတွေ့သွားရင် လာပြောနေအုံးမယ် ဘိုလမ်းနီးတယ်လို့)
    ထားပါတော့
    ကိုယ်ရေးလေ့ရှိတာက ဒီလိုမျိုးလေးတွေပါ
    downn to the vally
    covered with rocks
    three little words
    "forget me not"
    ဘာညာဘာညာ ပေါ့
    ပျော်စရာလေးနော်
    ငယ်ငယ်က မီးမွားစ်တွေမှာ ပျော်စရာတွေရှိရင် ကလေးဘဝက အချစ်ကို ကောင်းကောင်းရခဲ့လို့တဲ့ ကြားဖူး ဖတ်ဖူးတယ်
    ကိုတုတ်ကြီး သနားပါတယ်
    ReplyDelete
  8. woooo nice essay, fantastic feeling
    ReplyDelete
  9. ခပ်တည်တည်ရုပ်နဲ့ စာရွက်တွေ တရွက်ပြီး တရွက် လှန်ဖတ်နေမယ့် ပုံ မြင်ယောင်သွားတယ်... ချစ်စရာလေး နေမှာ... တို့လည်း ငယ်ငယ်က သူများအိမ်သွားလည်ရင်တောင် ဖတ်လက်စ စာအုပ် မပြီး ရင် မထချင်ဘူး... မှတ်မှတ်ရရ အဖေက ခါးပတ်နဲ့တောင် ဆော်ဖူးတယ် ဂျီကျလို့လေ
    ReplyDelete
  10. ကိုယ်လည်း စာဖတ်နေရရင် ထမင်းမေ့ဟင်းမေ့ဘဲ...
    ReplyDelete
  11. ဟုတ်သားပဲလေ။ ချစ်တယ် ဆိုတဲ့ စေတနာလေး ပါနေတယ် ထင်တာပဲ။
    ReplyDelete
  12. "...ဖတ်ဖို့" ဆိုတာ ချစ်တယ် လို့ ပြောတာ ဆိုတဲ့ အတွေးမျိုးကို ဖျတ်ခနဲ တွေးမိနေတုန်းပဲ။
    hote tae...
    momiji
    ReplyDelete
  13. ရီတာဖေဖေက ပုံပြင်လေးတွေ ထွင်ပြောတယ်လား…
    အမလဲ အခုအဲလိုဖြစ်နေတယ်သိလား…
    သားဆီမှာ ကိုယ်ပြုပြင်စေချင်တဲ့ အမူအရာတခုတွေ့ ရင် ဒီတိုင်း မလုပ်နဲ့ လို့  ဆုံးမတာထက် ပုံပြင်လေးနဲ့ ပြောပြတာ သားက နားပိုဝင်သလိုပဲ…
    သားကို ပြောပြတဲ့ လက်ဖြစ်ပုံပြင်လေးတွေကို ပို့ စ်တခုတောင်ရေးမလို့ စဉ်းစားနေတာ…
    ရီတာ… “ဖတ်ဖို့ ” လေ…
    ReplyDelete
  14. ငယ်ငယ်က အမေနဲ့ အဒေါ်က ဖတ်ဖို့ စာအုပ်တွေ ရွေးပေးခဲ့တယ်။ သူတို့ အကျင့်လုပ်ပေးလို့ ခုတော့ စာအုပ်တွေကို ချစ်မြတ်နိုးလာခဲ့တယ်...
    ReplyDelete
  15. အတွေးလေးကတော့ လန်းမှလန်းပဲ...
    ဒါဆို ချစ်သူတွေ ချစ်တယ်လို့ပြောရင်တောင်...
    "ကို မင်းကို... ဖတ်ဖို့..." ပြောကြမယ်ထင်တယ်...
    ဒါဆို ကောင်မလေး ပြန်ပြောနိုင်တာက...
    "ဟင်.. ဘာကြီးတုန်း" ဆိုတာမျိုးပေါ့...
းဝ)
    ReplyDelete
  16. ခေါင်းစဉ်လေး ကြည့်ပြီး အော် တစုံတဦး...ဖတ်ဖို့ ရေးထားတာနေမှာလို့ တွေးထင်လိုက်တာ...
    တကယ်လာဖတ်တော့မှ
    ...ဖတ်ဖို့ က မသီတာ အတွက်ကိုး
    ...ဖတ်ဖို့ က အားလုံး အတွက်ကိုးးး
    ReplyDelete