Sunday, October 4, 2009

နွမ်းလျအိမ်ပြန်

"လူ့ဘ၀ဆိုတာ အဓိပ္ပါယ် ကင်းမဲ့တယ်လို့ အလ်ဒတ်စ် ဟတ်စလေ ပြောဖူးတယ်။ အဲဒါကို တင်မေ သိပ်ယုံတာပဲ။ ပြီးတော့ ကလေးတွေကို ဘယ်လို အယူအဆ အတွေးအခေါ်တွေ ရှိလာအောင် သင်ပေးမလဲ ဟင်။ တခြားကလေးတွေ နေတဲ့ကျောင်းကို ပို့ပြီး အသက်ကြီးလာတော့ တခြားလူတွေ နေသလို နေခိုင်းမလား။"

"တင်မေ့ သဘောကျ မွေးပေါ့ကွယ်"

"အဲဒီတော့လည်း တင်မေလို ဖြစ်လာပြီး လူတွေနဲ့ မတူသလို ဖြစ်နေမှာ စိုးတယ်။"

"တော်ပါတော့ မေရယ်။ မင်းဟာက အတွေး တ၀က်ပြတ်ကြီးပဲ။ ဘယ်တော့မှ အဆုံးမှ မသတ်ပဲ။"

"တင်မေ့ဘ၀ဟာလည်း တ၀က်ပြတ်ပါပဲ။"

***
ကိုင်းထိပ်ဖူးမှာ
ပွင့်ဦးအသစ် ယခုလှစ်သည့်
ရွှေရစ်ပန်းပြာ ခပ်မာမာလေး။


လှမ်းမီပေမယ့်

မောနေပါ့မယ် ခူးမလွယ်ဘူး

မြေ၀ယ်လျောင်းစင်း မောင့်ခြေရင်းက

သက်ဆင်းကြွေလွင့် ခရေပွင့်လေ...


အလွယ်လိုက်ပြီး
အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

***

ဆရာက မောလျသည့် လေသံကလေးဖြင့် "ကြွေပွင့်ဆိုတာ ဘယ်သူလဲကွယ်" ဟု မေးလေရာ...

"ကိုကျော်နဲ့ ပေးစားမယ် ဆိုတဲ့ မိန်းကလေးလေ။"

တင်မေသည် ပေါ့ပေါ့ ပြောလိုက်သလောက်ပင် စိတ်ထဲကလည်း ပေါ့ပေါ့ပင် ရှိ၏။
အချစ်သည် သေခြင်းလို ပြင်းထန်ပြီး၊ သ၀န်ကြောင်စိတ်သည် မြှုပ်သည့် ကျင်းပမာ ကြမ်းကြုတ်သည် ဆိုသည့် ကဗျာလေးသာ မှန်သောသစ္စာတရား ဖြစ်လျှင်တော့ တင်မေသည် ကိုကျော်ကို ချစ်လည်းမချစ်၊ သူ့ကောင်မလေးကိုလည်း သ၀န်မကြောင်ဟု ဆိုရပေတော့မည်။

ကိုယ့်ဘာသာလည်း ၀န်ခံ၊ ဖွင့်ပြီးလည်း ပြောမိသေးသည်မှာ...
"ဒီကောင်မလေးဟာ ကိုကျော့်အဖို့ တင်မေ့ထက် ပိုပြီး သင့်တော်တာပဲ။"

သူ့ကောင်မလေး၏ ထင်ရှားသည့် ဂုဏ်မှာ အိမ်ရှင်မကောင်း ဖြစ်နိုင်ခြင်းပင်။
မိခင်၏ ကြင်နာခြင်းမျိုးနှင့် သူနာပြုဆရာမ၏ အပြုစုမျိုးကို မိန်းမ၏ အချစ်အပြင် ရရှိပေဦးမည်။
ဘယ်လောက်တော်သည့် ယောက်ျားမျိုးပဲ ဖြစ်ဖြစ်၊ အချစ်သက်သက်ထက် အချော့ကို မက်မောသည်ဟု ထင်မိလေသည်။

ပြီးတော့ ကိုယ့်မယားသည် သိပ်ပြီး မသိတတ်ရ။ လင်သည်၏ အကြွင်းမဲ့ တပည့် ဖြစ်ရပေမည်။
ယောက်ျားမှာ စိတ်ကူး အဆန်းအသစ် ရလာသည်ဆိုလျှင် လွယ်လွယ်လိုက်ပြီး ထောက်ခံတာထက် ကိုယ့်ကိုယ်ကိုယ် အညံ့စားထားပြီး ကြမ်းကြမ်းကြီးလည်း မဟုတ်ဘဲ ပါးနပ်စွာ ခံငြင်းပေးရမည် ထင်သည်။ သည်တော့မှ ယောက်ျား၏မာနသည် ဖွံ့ဖြိုးပြီး သူ့ကိုယ်သူ ကျေနပ်စိတ် ပေါ်လာစေနိုင်လိမ့်မည်။

(ကြည်အေး - နွမ်းလျအိမ်ပြန် မှ)

(စာကြွင်း။ ။ အဲဒီ Theory ကို ခုထိ နားကို မလည်နိုင်သေးဘူး။
ဘာကို ပြောချင်မှန်းကို မသိတာ။)

***

ဖတ်စရာ ရှိတာ၊ ကြည့်စရာ ရှိတာ၊ လုပ်စရာ ရှိတာတွေ ပစ်ပြီး ခုတလော "နွမ်းလျအိမ်ပြန်" ကို ရောက်တဲ့နေရာက ကြုံသလို အပြန်ပြန် ဖတ်နေမိတယ်။

***
ဟိုအဝေးမှာ

မင်း...


ရှိသလား ... ချစ်သူရယ်...


တလက်လက် လင်းတဲ့ ကြယ်ကလေး ဆီမှာလေ...

(Rita - လွင့်ပါးပျောက်ရှ မှ)

***
Update :

အိမ်ထောင်ရေးကိစ္စကို သူပြောသွားတာ ဟောင်းနေတဲ့ အကြောင်းပေါ် အခြေခံပြီး ပြောတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့အတွေးအခေါ်(တင်မေ)ကတော့ အဲဒီခေတ်ရဲ့ ရှေ့ကို အနှစ် ၄၀ လောက်မက ကြိုပြီး ပြေးနေတာလို့ ခံစားရတယ်။

'64 ခုနှစ်ဆီက အရေးအသားလေ။
(တကယ်ရေးခဲ့တဲ့ အချိန်က 1945 ၀န်းကျင်လောက်မှာ ဖြစ်နိုင်ပါတယ်... 1964 က 1st publication လုပ်တဲ့အချိန်)
ဂျူးတောင်မှ '86 လောက်ရောက်မှ "အမှတ်တရ" ကို ရေးတာ မဟုတ်လား။

တင်မေက '64 ခုနှစ်တည်းက living together လုပ်နေပြီ။
:)

(မှတ်ချက်။ ။ အဲဒီဝတ္ထုနှစ်ခုလုံးမှာ living together ကို အသားပေး ရေးထားတယ်လို့ ကိုယ်လုံးဝ မခံစားရပါ)

တင်မေ ပြောသွားတဲ့ အကြောင်းအရာတချို့က အဲဒီခေတ်က မြန်မာမှုစနစ် အိမ်ထောင်ရေးကို ထင်ဟပ်ထားပေးမဲ့ သူ့ character က လုံးဝကို အဲဒီထဲက ခွဲထွက်ထားတယ်။

ကြည်အေး ၀တ္ထုတွေ ဖတ်ရတဲ့အခါ အဲဒီ taste မျိုး အမြဲတမ်းရတယ်။ ကိုယ်ကတော့ စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်တတ်တဲ့သူမျိုးဖြစ်တော့ သူရေးတဲ့ အကြောင်းအရာတွေ၊ character တွေနဲ့ ခေတ်ကာလကို ယှဉ်ကြည့်ရင် မအံ့သြဘဲကို မနေနိုင်ဘူး။

***

17 comments:

  1. လံကြုတ်ဆို.. အောက်က ဘာလို့ မောင်က ပါရတာလဲ၊

    ReplyDelete
  2. I think it is Kyi Aye's out-dated idea based on ancient culture mixed with a piece of sexism. Basically, positive arguments are helpful in many occasions in my opinion. But I must admit I don't understand properly what Kyi Aye meant

    ReplyDelete
  3. ကိုယ်ပြောချင်တာကလဲ ကြည်အေး ဘာပြောချင်လဲ ဆိုတာ ကိုယ်မသိဘူးလို့ ပြောချင်တာပါပဲ။

    ReplyDelete
  4. ဒါပေမဲ့ အဲဒီဝတ္ထုကို မကြိုက်ချင်ဘဲ ကြိုက်နေမိတယ်။ ဘာကြောင့်မှန်း မသိဘူး။

    ReplyDelete
  5. မေ.. ငြိမ်ငြိမ်နေလေ.. တို့တောင် မမေးဘူး...။

    ReplyDelete
  6. Rita said...

    ဒါပေမဲ့ အဲဒီဝတ္ထုကို မကြိုက်ချင်ဘဲ ကြိုက်နေမိတယ်။ ဘာကြောင့်မှန်း မသိဘူး။

    because you are also out-dated enjoying an ancient rusty culture.Not surprising :)

    ReplyDelete
  7. အသစ်က ဘယ်လောက် ကောင်းကောင်း
    တစ်ခါတစ်လေ အဟောင်းလောက် မကောင်းဘူး ဒါမှမဟုတ် အံခွင်ဝင်ကျ မဖြစ်ဘူး ခံစားမိတာပဲ

    တစ်ခါတစ်လေ အတွက်ပြောတာပါ။

    အနော်လည်း စာအုပ်ဆို ဘိုးဘွားဦးလေး ခေတ်လောက်ကဟာပဲ တစ်အုပ်စ နှစ်အုပ်စ ဖတ်ဖူးတာပါ။

    ReplyDelete
  8. အိမ်ထောင်ရေးကိစ္စကို သူပြောသွားတာ ဟောင်းနေတဲ့ အကြောင်းပေါ် အခြေခံပြီး ပြောတာတော့ မှန်တယ်။ ဒါပေမဲ့ သူ့အတွေးအခေါ်(တင်မေ)ကတော့ အဲဒီခေတ်ရဲ့ ရှေ့ကို အနှစ် ၄၀ လောက်မက ကြိုပြီး ပြေးနေတာလို့ ခံစားရတယ်။

    '64 ခုနှစ်ဆီက အရေးအသားလေ။
    ဂျူးတောင်မှ '86 လောက်ရောက်မှ "အမှတ်တရ" ကို ရေးတာ မဟုတ်လား။

    တင်မေက '64 ခုနှစ်တည်းက living together လုပ်နေပြီ။
    :)

    (မှတ်ချက်။ ။ အဲဒီဝတ္ထုနှစ်ခုလုံးမှာ living together ကို အသားပေး ရေးထားတယ်လို့ ကိုယ်လုံးဝ မခံစားရပါ)

    တင်မေ ပြောသွားတဲ့ အကြောင်းအရာတချို့က အဲဒီခေတ်က မြန်မာမှုစနစ် အိမ်ထောင်ရေးကို ထင်ဟပ်ထားပေးမဲ့ သူ့ character က လုံးဝကို အဲဒီထဲက ခွဲထွက်ထားတယ်။

    ကြည်အေး ၀တ္ထုတွေ ဖတ်ရတဲ့အခါ အဲဒီ taste မျိုး အမြဲတမ်းရတယ်။ ကိုယ်ကတော့ စာဖတ်ရင် ပုံနှိပ်မှတ်တမ်းက စလို့ ဖတ်တတ်တဲ့သူမျိုးဖြစ်တော့ သူရေးတဲ့ အကြောင်းအရာတွေ၊ character တွေနဲ့ ခေတ်ကာလကို ယှဉ်ကြည့်ရင် မအံ့သြဘဲကို မနေနိုင်ဘူး။

    ReplyDelete
  9. Do you think Kyi Aye took some idea from English or American fictions? That is what I suspect.

    ReplyDelete
  10. This comment has been removed by the author.

    ReplyDelete
  11. အစ်မရေ စာလာဖတ်တယ် အိမ်ထောင်မှု ဘဝ တစေ့တစောင်းလေး စိတ်ဝင်စားဖို့ ကောင်း ပါတယ် ....

    ReplyDelete
  12. ဘယ်လိုပဲပြောပြော အဲ့မိန်းမတွေ (တင်မေ.. မီ.. ဂျူးရဲ့ ရတနာ.. ) သူတို့တွေကို သဘောကျသဗျ..

    ReplyDelete
  13. အမ ရေ ကျနော်သိသလောက်က နွမ်းလျအိမ်ပြန် က မြန်မာ့ပထမဆုံး existentialism ၀တ္တု..
    ကိုယ့်ဘ၀အပေါ်အလေးမထားတဲ့ ပုံစံပေါ့နော်.. ကျနော်ဖတ်တုံးက LT ဆိုတာကြီးကိုမခံစားမိဘူး။

    ReplyDelete
  14. တစ်ချို့ ဟာတွေကိုယ်နားလည်တယ် ..
    ကိုယ်ကကြည်အေးကို အရမ်းကြိုက်တာ ..ငယ်ငယ်တည်းကပါ ..သူပြောတာတွေနားလည်လို့ ရလို့ ကြိုက်တယ် .. ကိုယ်အကြိုက်ဆုံးစာတွေဆို အခေါက် ၂၀ မကဘူးပြန်ဖတ်တယ် ..မေတ္တာမီးအိမ် ဆို ၂၀ မကဘူးထင်တယ် ..
    ” ပြီးတော့ ကိုယ့်မယားသည် သိပ်ပြီး မသိတတ်ရ။ လင်သည်၏ အကြွင်းမဲ့ တပည့် ဖြစ်ရပေမည်။
    ယောက်ျားမှာ စိတ်ကူး အဆန်းအသစ် ရလာသည်ဆိုလျှင် လွယ်လွယ်လိုက်ပြီး ထောက်ခံတာထက် ကိုယ့်ကိုယ်ကိုယ် အညံ့စားထားပြီး ကြမ်းကြမ်းကြီးလည်း မဟုတ်ဘဲ ပါးနပ်စွာ ခံငြင်းပေးရမည် ထင်သည်။ သည်တော့မှ ယောက်ျား၏မာနသည် ဖွံ့ဖြိုးပြီး သူ့ကိုယ်သူ ကျေနပ်စိတ် ပေါ်လာစေနိုင်လိမ့်မည်။ ”
    ဒီဟာကို ကိုယ်နားလည်တယ်ထင်ပါတယ်..
    ကိုယ်ချစ်တဲ့လူကိုစိတ်ချမ်းသာအောင်ကျေနပ်အောင်လုပ်ပေးတာမျိုးပဲ။ ဒါမျိုးကို Pearl S. Buck ရဲ့ short story တစ်ခုမှာလည်း ဂျပန်မလေးအကြောင်းမှာ ခပ်ဆင်ဆင်တွေ့ နိုင်ပါတယ် ။ ဒါပေမယ့်လူတိုင်းလုပ်နိုင်ကြပ မလားလို့ ....

    ReplyDelete
  15. တခုရှိသေးတယ်ကွ။
    လင်သည်၏ အကြွင်းမဲ့ တပည့်ဖြစ်ရမည် ဆိုတာ... အကြွင်းမဲ့သာ တပည့် သွားလုပ်လိုက်လို့ကတော့ ကိုင်ဆောင့်လိုက်လို့ ခုလောက်ဆို အမှုန့်ဖြစ်နေလောက်ပြီ။ ခုတောင်မှ တော်တော်တုံးသေးတယ် ထင်နေတာ။

    ReplyDelete
  16. Some of Kyi Aye's articles and poets are fictions, but most are realism.

    အလွယ်လိုက်ပြီး
    အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့်
    ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်။

    Full meaning.
    BINO.

    ReplyDelete
  17. ဆရာမကြီးရဲ့ စာတွေဖတ်ရတာ အော် ရေးတက်လိုက်တာနော် လို့ လေးစားရတယ်။ တစ်ခါတလေတော့လည်း ခေတ်ရှေ့တော်တော်ပြေးတာပါလားရယ်လို့ အံသြရတယ်ဗျာ..

    အခုတလော အလုပ်မအားလို့ စာမဖတ်နိုင်ဘူးဗျ။ ဖတ်မယ်လို့ ပြောပြီး ငှားထားတဲ့ ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ် စာအုပ်လဲ နောက်ဆုံးသုံးလေးပုဒ်ပဲ ပြီးသေးတယ်။ ကျတော်က ဝတ္ထုတိုတွေဆို နောက်ဆုံးအပုဒ်က စာဖတ်တယ်။

    ReplyDelete