Sunday, September 27, 2009
When I was 4...
(ကိုကိုနဲ့ မူကြိုမှာ)
ကိုကိုဆိုတာ အစ်ကိုတစ်ဝမ်းကွဲကို ပြောတာ။
သူက ကိုယ့်ထက် အသက်တစ်နှစ်ကြီးတယ်။
သူ မူကြိုတက်တော့ ကိုယ်လဲ သူနဲ့တူတူ လိုက်တက်တာပေါ့။
ဒါ ကျောင်းကပွဲမှာ ဖြစ်လိမ့်မယ်။
ရက်စွဲအရ ကိုယ် ၄ နှစ် မပြည့်သေးဘူး။
(ကလေးများနေ့၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)
အဲဒီ အချိန်အခါက လူတွေ သိပ် မကြပ်တည်းတဲ့ ကာလလို့ ပြောရမယ်။
ကိုယ်တို့ရဲ့ မြို့သေးသေးလေးက မူကြိုကျောင်းကလေးမှာတောင် ပွဲတွေဘာတွေ လုပ်လို့။
ပြီးတော့ နေ့တိုင်းလိုလို နေ့ခင်းအိပ်ပြီး၊ နိုးတဲ့အချိန်မှာ အစားအသောက်တွေ ကောင်းကောင်းကျွေးတာ မှတ်မိတယ်။
ကျောင်းနဲ့ အိမ်က နီးနီးလေး။
ကိုကို့ရဲ့ တဖက်က တ၀မ်းကွဲ အစ်မ (ကိုယ်နဲ့ဆို ဟိုဘက်ဒီဘက် အမျိုးပေါ့) လည်း ရှိတယ်။
သူတို့ကတော့ ရွယ်တူပေါ့။
ပန်းချီတွေ ဘာတွေလည်း ဆွဲရတယ် ဆရာ။
ကိုယ်က ပန်းပင်နဲ့ ပန်းအိုးတွေပဲ ဆွဲနေခဲ့တာတော့ မှတ်မိတယ်။ တတ်မှ မတတ်တာ။
crayon နဲ့ ပုံဆွဲစက္ကူ ထူထူဝါ၀ါတွေနဲ့ အကျပဲ။
ကစားစရာတွေလဲ တော်တော်ရှိတယ်။
ခုတော့ အခြေအနေ ဘယ်လိုလဲ မသိတော့ပါဘူး။
အဲဒီအချိန်က အကြောင်းတွေ သိပ်မမှတ်မိတော့ဘူး။
တချို့ဟာတွေလည်း တော်တော် မှတ်မိတယ်။ အများအားဖြင့်တော့ blur ဖြစ်နေတယ်။
ဖေဖေတို့ မေမေတို့ ပြန်ပြောတာတော့ မူကြိုစတက်တဲ့နေ့က သူတို့ ပြန်တဲ့အချိန် အော်ငိုတယ် ဆိုတာပဲ။
အဲဒီ အရွယ်လောက်ပဲနေမှာ...
ဆွမ်းတော်ပွဲ အကျတွေ
အိမ်မှာ လာလာယူတဲ့ ကိုယ်ဝန်ဆောင် မိန်းမတစ်ယောက်ရှိတယ်။
တစ်နေ့ မေမေက အိမ်ရှေ့ထွက်ပေးရင်း ဘယ်တော့ မီးဖွားမှာလဲ ဘာလဲတွေမေးနေတာ ကိုယ်ကြားတယ်။
မေမေအိမ်ထဲဝင်လာတော့ ကိုယ်မေးမိတယ်။
"အဲဒါ မေမေ့ သူငယ်ချင်းလား" လို့...
မေမေက...
"အော် ဒီကောင်မလေး ဘယ်က မေမေ့သူငယ်ချင်းရမှာလဲ" တဲ့။
ဟားဟားဟား
ဘာလို့များ အဲလို တွေးမိသွားတာပါလိမ့်နော်။
ကိုယ်တကယ်ပဲ မေမေ့သူငယ်ချင်းမို့ မေးနေတာလို့ ထင်ခဲ့တာ။
ငယ်ငယ်တည်းက ကိုယ်ပိုင်အတွေးခေါ်နဲ့ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင် သုံးသပ်ချက်နဲ့... (တလွဲတွေပြောပါတယ်)။
***
21 comments:
  1. ငယ်ဘဝအကြောင်း ပြန်တွေး ရတာ ချိုမြိန်တာများတယ်။
    ReplyDelete
  2. ကိုကိုက မိန်းကလေးနဲကတူ၊ ညီမလေးက ယောက်ျားလေးနဲ့တူ...
    sdl
    ReplyDelete
  3. hi,
    thanks for your sharing about win/win thinking.
    I copy and use as my custom message.
    ReplyDelete
  4. ဟိုနေ့ကမှစက်ဘီးလေးနဲ့တွေ့လိုက်သေး...
    ခု....မူကြိုကျောင်းသူဖြစ်လာပြီ.....:D
    ReplyDelete
  5. ကျနော်မွေးဖို့ ရက် ပိုင်းအလို ကာလပဲ အစ်မရ ..... ငယ်ငယ်က မေမေတို့ ရုံးနားက ရန်ကင်း မူကြိုမှာ တက်ခဲ့ရတဲ့ ခပ်ဝါးဝါး အရိပ်တွေ ကို သတိရမိတယ် .... သူငယ်ချင်းတော့ ရှိတယ် ယောက်ျားလေးလား မိန်းကလေး လားတောင် မကွဲတော့ဘူး ... မှတ်ဥာဏ်ကအဲလောက် ... ရွတ်ခဲ့တဲ့ ကဗျာတို ကဗျာစလေးတွေ ပါးစပ်ဖျား ပေါ်လာမိတယ် .... အစ်မက ကျွန်တော့်ညီမလေး ငယ်ငယ်က နဲ့ သိပ်တူတာပဲဗျ ..... အဲဒီအချိန်ကလို ဖြူစင်ချင်တယ် အစ်မရယ် .... :))
    လေးစားလျှက်
    ရန်ကုန်သား :))
    ReplyDelete
  6. ငယ်ငယ်က မူကြို တတ်တာသွားသတိရသွားပြီ။
    ReplyDelete
  7. တားတားက..
    နှစ်နှစ်ပဲ ရှိသေးတယ်.. အဲဒီအချိန်မှာ
    ReplyDelete
  8. အမလဲ သတိရတယ်..
    ReplyDelete
  9. ငါ့သယ်ချင်းကတော့ လိမ္မာသား..မူကြိုနေဖော်ရလို့။ငါနဲ့များကွာပါ့ :D
    ဟိုတစ်ခါကစက်ဘီးလေးစီးလို့
    ခုတော့မူကြိုတက်ပြီ
    နောက်တော့သူငယ်တန်း
    နောက်တော့ ပထမတန်း..........စသည်..နောက်ဆုံးတော့ အင်ဂျင်နှီယာမကြီးပေါ့ကွယ်။
    ငယ်ဘ၀....လွမ်းစရာနော်
    ဖြစ်နိုင်ရင် ငယ်ဘ၀လေးပြန်ရချင်တယ်။။ဒါပေမယ့်
    စာကျက်ရမယ့်အချိန်တွေကိုမုန်းလွန်းလို့လဲ
    ပြန်မရချင်ဘူး။လွန်ဆွဲနေတဲ့လူ့စိတ်သဘာဝရယ်ပေါ့လေ။ငယ်တုန်းက၀တုတ်လေးနော်
    ReplyDelete
  10. ငယ်ငယ်တုန်းကပုံလေး ချစ်ဖို့ကောင်းလိုက်တာ... အခုတော့ ချောနေတယ်ဟုတ်
    ReplyDelete
  11. ငယ်ငယ်က ဝဝလေးနော် ချစ်စရာ
    ယောက်ျားလေးနဲ့တူ လိုက်တာ
    ReplyDelete
  12. တို့များတော့ သတိမရပေါင်။
    သတိရတဲ့ ကောင်မလေးတွေတော့ ရှိပ။ ကြွားတယ်ထင်မှာစိုးလို့ မပြောတော့ဘူး။ ဟိဟိ။
    ReplyDelete
  13. This post reminds me of my old time at 'Yankin Day Care Center'. You looked very very cute, Rita and still do. :) Take care.
    ReplyDelete
  14. တနေ့က စက်ဘီးပို့စ်မှာ ရေးသွားတဲ့ ကော့မန့်ကို အခုမှပဲ သဘောပေါက်တော့တယ်။ ခပ်ထူထူ ခပ်အအ ခပ်နန ငါ့နှယ်နော်.....
    ReplyDelete
  15. ၈၄ ခုနှစ်.. ဟားဟား.. ညီညီက အဲ့တုန်းက နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေဖြူလို့ ဆေးတံကြီးခဲပြီး တုန်ချိတုန်ချိနဲ့ပေါ့.. ဒါမယ့် အဲ့တုန်းကတည်းက စာအကြောင်း ပေအကြောင်းတွေ သိပ်ပြောတာ.. ဟိဟိဟ... ၈၇ ခုနှစ်ကျတော့ သေရော.. သေပြီး လျှောက်သွားနေသေးတယ်.. ပြီးမှ နွေရာသီကြီး အပြင်မှာ ပူလွန်းလို့ အမေ့ဗိုက်ထဲဝင်လိုက်တာ.. အဲ့ကျတော့မှ နန်းညီ ဖြစ်လာကရော.. :P
    (ဗလွှတ်ရွှတ်တ ဝင်နောက်သွားပါသည်)
    ReplyDelete
  16. ဟိုက် အမက အင်း .. 1980 မှာမွေးတာလား ..
    ဒါဆို ကျွန်တော်နဲ့တူတူပဲ .. အဲ့ဘယ့်နှယ်ခေါ်ရမတုန်း .. စာရေးတော့ ကိုယ့်ထက်ကို စာရေးတာတွေ .. အတွေးအခေါ်တွေကြီးနေတော့ အမပဲထင်တာပေါ့ဗျ .. တိန် ...
    ReplyDelete
  17. ရီတာ...
    မောင်၊ကိုကိုနှင့် မရီတာကို ဆက်ရေးပါအုန်။မျှော်နေရတာ ကြာပြီ။ ဒီဝတ္ထုကို စောင့်ဖတ်နေတဲ့စာဖတ်သူတွေကိုငဲ့တဲ့သဘောနဲ့ စာကို ဆက်တင်စေချင်တယ်။
    ခင်မင်စွာဖြင့်
    ရီတာရဲ့ စာဖတ်သူတဦး
    ReplyDelete
  18. ငယ်ငယ်တည်းက ကိုယ်ပိုင်အတွေးခေါ်နဲ့ ကိုယ်ပိုင်အမြင်နဲ့ ကိုယ်ပိုင် သုံးသပ်ချက်နဲ့...
    Gr8. You are big big girl.
    I still remember my child hood, not yet blur.
    Please carry on.
    Bino
    ReplyDelete
  19. ၁၉၈၀မှာ ၄နှစ်ဆိုတော့ တို့ထက်တစ်နှစ်ပဲငယ်တာပေါ့။ တို့က ရီတာ နှစ်နှစ်လောက်ငယ်မယ်ထင်တာ။
    ReplyDelete