Wednesday, June 24, 2009

Linkage


ဒါန နဲ့ နတ်ပြည်


ကိုယ်ဒီကို ရောက်ပြီး တော်တော်ကြာတဲ့ထိ အလုပ်က မရ။ မေမေနဲ့ အဒေါ်က ထုံးစံအတိုင်း ဗေဒင်မေး၊ ယတြာချေနဲ့ ပြာယာခတ်အောင် လုပ်ကြပါတယ်။ ကိုယ်ကတော့ ဘုရားမှန်မှန် ရှိခိုးပါတယ်။ ဒီ့ထက်တော့ ဘာမှ မလုပ်ပါဘူး။ ဟိုကနေ ဘာလုပ်ပါ ညာလုပ်ပါ ညွှန်ကြားချက်တွေ လာရင် ဘာသာရေးနဲ့ ပတ်သတ်နေရင်တော့ လုပ်မိပါတယ်။

(ဒီရောက်တော့မှ မေမေ့စကားကို တခွန်းဆို တခွန်း နားထောင်ပါတယ်။ ဒါက စကားချပ် ပါ။ ဥပမာ- တသက်လုံးက သောက်လာတဲ့ coffee ကို လျှော့သောက်ပါလို့ ပြောလို့ ချက်ချင်းပဲ နေ့လည်တခွက်ကို လျှော့လိုက်ပါတယ်။ ကြားရက်တွေမှာ တနေ့လုံးမှ မနက်ခင်း တခွက်ပဲ သောက်တော့တယ်။ စနေ၊ တနင်္ဂနွေ ကတော့မပါ။

နောက် ဘုရားသောက်တော်ရေ မှန်မှန် ကပ်ပါ ပြောလို့ ပြောတဲ့နေ့ကတည်းက မပျက်မကွက် ကပ်ပါတယ်။

သွားတော့ မပြောကြပါနဲ့။
တော်ကြာ နားမထောင်နိုင်တာတွေ လာခိုင်းနေမှာ စိုးလို့။ နားမထောင်နိုင်တာ တစ်ခုရှိတယ်။

ဒီရောက်တော့မှ လို့ စကားခံရတာက ဟိုမှာတုန်းက နားမထောင်တာက များနေလို့ပါ)

ဆက်ပြောရရင် မြန်မာပြည်ကနေ လုပ်ခိုင်းတဲ့ထဲမှာ ရေလှူဖို့လဲပါတယ်။ နောက်တစ်ခုက သွားရင်းလာရင်း အသက်ကြီးတဲ့ လူတွေကို လမ်းစရိတ်ပေးတာ၊ နေရာပေးတာ လုပ်ပါတဲ့။ မြန်မာပြည်က ယတြာကိုး။ ဒီမှာ
စပယ်ယာက လိုက်ကောက်တာမှ မဟုတ်တာ ဘယ်လို လမ်းစရိတ် လှူမလဲ။

ယတြာဆိုတာထက် မေမေတို့ အဒေါ်တို့ လုပ်စေချင်တာကို လုပ်ပေးချင်မိပါတယ်။ ဒါက ဒီရောက်တော့မှ ဖြစ်လာတဲ့ စိတ်ပါပဲ။ ဒါပေမယ့် လမ်းစရိတ်လှူတဲ့ ကိစ္စကတော့ မလုပ်နိုင်ခဲ့၊ မလုပ်ဖြစ်ခဲ့ဘူးပေါ့။ နေရာပေးတာကတော့
လူကြီးတွေ ကိုယ့်ရှေ့မှာ လာရပ်တာ သတိပြုမိတာနဲ့ ထပေးပါတယ်။

အဲဒီမှာ တစ်ခု စဉ်းစားမိတယ်။ နတ်ပြည်မှာ ဒါနပြုလို့ မရဘူးဆိုတာ...
အားလုံး ပြည့်စုံ လိုအပ်ချက်ရယ်လို့ မရှိတဲ့နေရာမှာ ဘယ်သူက ဘယ်သူ့ကို ဘာဖြည့်ဆည်းစရာ လိုတော့မလဲ။

သံဃာ့ဂုဏ်တော်ထဲမှာ ပါတဲ့
အနုတ္တရံ ပုညက္ခေတ္တံ လောကဿ (ကုသိုလ်ကောင်းမှုမျိုးစေ့ ကြဲရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူသော) ဆိုတာလည်း တွေးမိပါတယ်။ "ရဟန်းစားရသော ဆွမ်းတစ်နပ်" ထဲမှာ ဇော်လင်း ထပ်ခါထပ်ခါ အာရုံပြုသွားတဲ့ တစ်ချက်ပေါ့။

နတ်ပြည်မှာတော့ သံဃာလည်း မရှိဘူးလေ။
လူ့ပြည် နတ်ပြည်မပြောနဲ့။
မြန်မာပြည်နဲ့ စင်ကာပူရားမှာတောင် ကုသိုလ်ပြုခွင့် ကွာခြားနေတာတွေ ရှိနေပါရောလား။

*****
ဒီလိုဆိုတော့လည်း ငါ့တိုင်းပြည်လေးမှာပဲ မျှစ်ကြော် စားနေရတာကောင်းသား။
:)

10 comments:

  1. လမ်းစရိတ်အကြွေ အလှူခံတဲ့ နိုင်ငံခြားသားတွေ အောချတ်လမ်းပေါ်မှာ ရှိတတ်တယ်..
    ကြုံရင်တော့ (အကြွေရှိရင်)ပေးလိုက်ဖြစ်ပါတယ်..

    ReplyDelete
  2. ကုသိုလ်ဒါန နိုင်သလောက်လေး ပြုပေးနေတာ ကောင်းပါတယ် ...
    မိဘစကားကို နိုင်သရွှေ့ ဖြည့်ဆည်းပေးတာလည်း မင်္ဂလာတစ်ပါးပါ မရီတာရေ ...
    အကျင့်ကောင်း အပြုအမူကောင်းလေးတွေ အတွက်
    ဂုဏ်ယူမိပါတယ် ...
    နေဒေးသစ်။

    ReplyDelete
  3. ကုသိုလ်ပြုလို့ ရသမျှနေရာမှာ ပြုပေါ့ ဒေါ်ရီတာရဲ့
    ဒီမှာလည်း ဘုန်းကြီးကျောင်းတွေရှိတာပဲ

    ငါ့တိုင်းပြည်လေးမှာ မျှစ်ကြော်စားချင်တာလား

    :)

    ခင်မင်စွာဖြင့်
    သီဟသစ်

    ReplyDelete
  4. လမ်းစရိတ်လှူချင်တာများ စောစောမပြောဘူး
    တို့ကဒ်ထဲ ထည့်ပေးရပါတယ် မမရီတာ။

    ကျောင်းသားကဒ်နဲ့ တစ်လ ၆၀ ဆို တစ်နေ့
    အမ်အာတီ ၄ ခေါက်စီးခွင့်ရတယ်
    ကုသိုလ်ကို လေး နဲ့ပဲ မြှောက်ကြည့်ပါ...။

    ရဟန်း တို့ ဘုန်းကြီးတို့ကို လှူတာလောက်
    မမြတ်ပေမယ့် လိုအပ်နေတဲ့လူကို လှူတာ သဒ္ဒါတရား မြောက်ပါတယ်

    ဟုတ်မဟုတ်တော့မသိဘူး တို့လို့တန်းလန်း
    မှတ်မိတာတွေနဲ့ လျှောက်ပြောကြည့်တာ။

    မြသန်းတင့် ဖတ်ချင်ရင် စာအုပ် ရှိတယ်။
    လေရူးသုန်သုန် နဲ့ ရွှေပြည်တော် မျှော်တိုင်းဝေး
    မဂ္ဂဇင်းဆိုဒ်နဲ့ အထူကြီးပဲ။
    ကိုယ်တိုင်တော့ ရှေ့လေးမျက်နှာ ကြိုးစားပြီး
    ဖတ်ဖြစ်တယ် နောက်တော့လည်း
    သော်တာဆွေ နဲ့ တွတ်ပီ ဘက်ပဲ ပြန်ရောက်သွားတယ်။ O.o

    ReplyDelete
  5. မမရီတာ
    ကျွန်တော်လည်း အလှူခံတယ်နော်... ဒါနမြောက်အေင် ကူညီပေးမယ်
    အဟိ

    ReplyDelete
  6. ခေါက်ဆွဲမစားသရွေ့တော့ အပါယ်တံခါးပိတ်တယ် ညီမ...

းဝ)

    ReplyDelete
  7. ဗမာပြည်မှာ သမာအာဇီဝနဲ့ အသက်မွေးရတာ ခက်ခဲတယ်၊ မလိမ်ချင်ဘဲနဲ့ လိမ်ညာပြောနေရတယ် စသဖြင့် ငြီးတွားကြတယ်။ စင်္ကာပူမှာ သမာအာဇီဝနဲ့တော့ အသက်မွေးရပါရဲ့။ ဒါပေမယ့် ဗမာပြည်မှာတုန်းကနဲ့စာရင် လောဘ၊ ဒေါသ၊ ဣဿာ၊ မစ္ဆေရိယ၊ ကုက္ကစ္စ (စာလုံးပေါင်းမှန်လား) ဆိုတဲ့ အကုသိုလ်စေတသိက်တွေ ပိုမိုဖြစ်ပေါ်လာသလားလို့ စဉ်းစားမိတယ်။

    ReplyDelete
  8. နွေးနေခြည်June 26, 2009 at 12:30 PM

    အလှူလုပ်ချင်ရင် မြန်မာပြည်ကိုပဲ ငွေပြန်ပို့ဖြစ်တာများတယ်။ ဟိုမှာက ပိုလိုအပ်တယ်လေ...

    ReplyDelete
  9. ဒါနပြုချင်လို့လား။ ကျွန်တော် အလှူခံချင်လို့ပါ။ "Nikon 70-200mm f/2.8 VR" မှန်ဘီလူးလေး ၀ယ်ပေးပါလား ဟင်... မျှစ်ကြော် မစားချင်နဲ့အုံး။ ;P

    အဲဒါ ၀ယ်ပေးပြီးရင် မျှစ်ကြော် စားရမှာ သေချာနေလို့ပါ။

    ReplyDelete