Monday, April 6, 2009

I came for...



ကိုယ် လာခဲ့တယ်

ဟိုး ... ခပ်ဝေးဝေး သိပ်မလင်းတဲ့ ကြယ်ကလေးဆီက

ကိုယ် လာခဲ့တယ်

ပူပြင်းတဲ့ နွေရာသီ တစ်ခုမှာ
နီးစပ်ထိတွေ့သမျှကို ကြည်လင်အေးမြစေဖို့

ကိုယ် လာခဲ့တယ်
အမှောင်တွေသာ ခင်းကျင်းတဲ့ ညယံထဲ
အလင်းတွေ သက်ဆင်းလာသလိုမျိုးနဲ့

ကိုယ် လာခဲ့တယ်
ဘာကိုယူလို့ ဘာကိုပြန်ပေးရမှန်း မသိတဲ့ လောကထဲ
ဘာမှလဲ နားမလည်ဘဲနဲ့

ကိုယ် လာခဲ့တယ်
ပူပူကျဲကျဲ အရိပ်နည်းပါးတဲ့ ကွင်းပြင်ထဲမှာ

သူရိန်နေမင်းရဲ့ ရှုသဘင် ခံယူရင်း

ကိုယ် လာခဲ့တယ်
လရိပ်ပင်လယ်ထဲက
နဂါးငွေ့တန်း လှိုင်းလုံးတွေကြား
ကြယ်စင်ငါးကလေးများနဲ့ ဆော့ကစားဖို့

ကိုယ် လာခဲ့တယ်
ဂုဏ်ယူစရာ နည်းနည်းပါးပါးထဲမှာ
မတန်တဆ ၀င့်ကြွား ပြသဖို့

ကိုယ် လာခဲ့တယ်
ဒီကမ္ဘာကြီးတစ်ခုလုံးကို လက်ဖ၀ါးထဲထည့်
သေချာစေ့စေ့ ကြည့်ချင်ခဲ့လို့။


*****

ကိုယ် လာခဲ့တယ်
လျှပ်ပြက်သလို သူ တစ်ချက် အပြုံးမှာ
တခဲနက် အရှုံးပေးချင်လို့။

(6th April 2009)

7 comments:

  1. ဒါလေးက ဒေါ်ရီတာရဲ့ ကိုယ်တိုင်ရေးမို့လို့လားတော့ မသိ ကိုယ်က ပိုကြိုက်တယ်
    ခံစားချက်တွေမြင်ရလို့
    အစ်မရတော့လဲ ရတာနဲ့ကြည့်တာ ခိခိ
    ပြီးတော့ မွေးနေ့ဆုတောင်းက ဘယ်သူ့အတွက်လဲ

    ReplyDelete
  2. ကိုယ်လာခဲ့တယ်
    မင်းရဲ့ ကဗျာလေးကိုဖတ်ပြီး
    မန့်ဖို့

    ကိုယ်လာခဲ့တယ်
    မင်းရဲ့ကဗျာလေးကိုကောင်းကြောင်း
    ပြောချင်လို့

    ကိုယ်ပြန်တော့မယ်
    အလုပ်ကပြန်လာပြီး ပင်ပန်းလို့နော်
    တနင်္ဂနွေသမီးရေ....။

    ReplyDelete
  3. Addy<<< ကိုယ်လာခဲ့ပါတယ် ဆိုမှ မွေးနေ့က ဘယ်သူ့အတွက် ဖြစ်ရဦးမှာလဲ

    ဖိုးစိန်<<< ဟုတ်ပ ပူပါတယ်ဆိုမှ နွေမှာမွေးပြီး "Sun"day born ကဖြစ်သေးတယ်။ ဗမာလိုပြန်တော့လဲ တနင်္ဂ"နွေ" တဲ့။ ကိုယ့်ဟာကိုယ်တောင် မနိုင်တော့ဘူး။

    (အလဲ့ တယ်ဟုတ်ပါလား။ တခါမှ အဲလို မစဉ်းစားဖူးဘူး)

    ReplyDelete
  4. ဟာဟ
    နွေမ နဲ့ တွေ့နေပြီပဲ။

    Good luck.

    ReplyDelete
  5. ဟီဟိ... တကယ်ပဲ အရှူံပေးတော့ မလို့လား

    ReplyDelete
  6. တိုက်ဆိုင်မှုအတွက် ကြည်နူးမိတယ်ညီမရေ… ညီမက အမထက်ဆယ်နှစ်လောက်ငယ်မယ်ထင်တယ်… ဒါပေမယ့် အဲဒီ April 6 မှာပဲ ကိုယ်လာခဲ့တယ်လေ… Happy Birthday ညီမရေ…

    ReplyDelete
  7. ကဗျာတွေ တော်တော်များများ ဖတ်တယ် ၊ ကိုယ်တိုင် မရေးနိုင်ပေမယ့် သူများရေးတာတွေဆို သဘောကျတယ် ... အထူးသဖြင့်တော့ အဓိပ္ပါယ်ကျစ်လျစ်ပြီး စကားလုံးဖွဲ့စည်းမှု အားကောင်းတဲ့ ကဗျာတွေကို ပိုသဘောကျတယ် " I came for .. " လိုမျိုးပေါ့ ...

    ReplyDelete