Sunday, April 19, 2009

Educated Person is...

ရေးချင်နေတဲ့ အကြောင်းအရာက အဆုံးကို မသတ်နိုင် ဖြစ်နေပါတယ်။
ကဗျာ ရေးရတာ တော်တော် ခက်သွားပါပြီ။
စကားလုံးတွေဟာ လိုချင်တဲ့ ပုံစံကို ရောက်ကို မလာပါဘူး။
အကြောင်းအရာလေး တစ်ခုကို နှစ်နဲ့ချီပြီး ၀င်စားနေခဲ့တာတောင် အပြီးသတ် မရေးနိုင်ဘူး။

ဒီတော့ကာ...

မြန်မာပြည် ပြန်တုန်းက သယ်လာတဲ့ Note Book အဟောင်းတွေထဲက စိတ်ဝင်စားစရာ အကြောင်းအရာလေး တစ်ခု ပြန်တင်ပေးချင်ပါတယ်။

1999 September လထုတ် စတိုင်သစ် မဂ္ဂဇင်းမှာ ပါတဲ့ "ဆရာ ကိုတာ" ရဲ့ အင်တာဗျူး တပိုင်းတစလေးပါ။
ကိုတာ့ စကားလုံးတွေ ကြိုက်လွန်းလို့ ကူးရေးထားခဲ့တာ။
ဖတ်ပြီးတဲ့ သူတွေလည်း ရှိနိုင်ကောင်းပါတယ်။

____________________________________________________________

"Educated Person is the one who has learnt how to learn."

ပညာတတ် ဆိုသည်မှာ ဘယ်လို (ဘယ်ကဲ့သို့) သင်ယူရမယ် ဆိုတာကို သင်ယူ တတ်မြောက်ပြီးသူ ဖြစ်တယ်။
အချက်အလက်တွေ၊ ဗဟုသုတတွေဟာ အမြဲ တိုးပွားနေတယ်။ တချို့ ဘာသာရပ်တွေမှာ ပညာဟာ နှစ်နှစ်အတွင်း နှစ်ဆ တိုးလာတယ်။ မနေ့က အချက်အလက်တွေက ဒီနေ့ မှားချင်မှားနေမယ်။

ဒါ့ကြောင့် သူဟာ အမြဲ သင်ယူ နေရမယ်။ (Learn)

မှားနေလျှင် (သို့မဟုတ်) "စိုးစဉ်း ချွတ်ယွင်း ခေတ်နှင့် မလျဉ်းလျှင်" အဲဒီ အချက်အလက် အယူအဆ အမှားကိုလည်း အန်ထုတ်ပစ်နိုင်ရမယ်။ ဖယ်ရှားပစ်နိုင်ရမယ်။ (Unlearn)

ထို့နောက် ဆက်လက်ပြီး သင်ယူရမယ်။ (Relearn)

...

ပညာမတတ်သူတွေ အတော် များရင် ငြိမ်းချမ်းဖို့၊ သာယာဝပြော စည်ပင်ဖို့ မဖြစ်နိုင်ဘူး ထင်တာပါပဲ။ တည်ငြိမ်မှု ဆိုတာက နလပိန်းတုံးတွေ နေသော အရပ်မှာ ရှိကောင်း ရှိနိုင်မလား မသိပါ။ တည်ငြိမ်တဲ့ နလပိန်းတုံးတွေကိုတော့ ကျွန်တော် မကြိုက်ပါ။

_______________________________________________________________

အင်တာဗျူး အစ အဆုံး မဟုတ်ပါဘူး။ ကျွန်မ ကြိုက်တဲ့ နေရာလေးပဲ ကူးထားတာပါ။
နောက်ဆုံး အပိုဒ်က အကြိုက်ဆုံးပဲ။

ဘာမှ မဆိုင်ဘူးလို့တော့ ထင်ရပေမယ့် ဘလော့ဂ်တောမှာ နေရင်း မကြာမကြာ သတိရမိတတ်ပါတယ်။
ကျွန်မ တစ်ယောက်တည်း သဘောနဲ့ ပြောရရင် အသည်းနှလုံး ဆိုတဲ့ ကလီစာ သက်သက် ခံစားမှုကြီးနဲ့ မဟုတ်ဘဲ ဦးနှောက် အတွေးအခေါ်နဲ့ ချက်ကျလက်ကျ fight တတ်တဲ့ fighter တွေ လိုတယ်လို့ မြင်ပါတယ်။

တည်ငြိမ်မှု ဆိုတာ အထက်မှာ ကိုတာ ပြောသလို ရေငုံနှုတ်ပိတ် နေလို့ ရလာတာမျိုး ဆိုရင် မကောင်းဘူးလို့ တွေးမိလို့ပါ။
ငြိမ်းချမ်းတာကတော့ အမြင်မတူလည်း လေးစားမှုနဲ့ ငြိမ်းချမ်းလို့ ရပါတယ်။

ဒါက ဒီလို ရှိပါတယ်လို့ ပြောတာကို လက်မခံချင်ရင် နေလို့ ရပါတယ်။ ဒီနည်းနဲ့ ငြိမ်းချမ်းနိုင်ပါတယ်။
ဒါက ဒီလို မဟုတ်ပါဘူးလို့ ငြင်းချင်လည်း ငြင်းနိုင်ပါတယ်။ ဒါပေမယ့် ဒီလို မဟုတ်ဘူးလို့ အကျိုးနဲ့ အကြောင်းနဲ့ မငြင်းဘဲ ဒီလို ပြောခွင့် မရှိဘူးလို့ အကြောင်းမဲ့ ပြောတာဟာ လေးစားမှု ပါတယ်လို့ ကျွန်မတော့ မထင်ပါဘူး။

အဲဒီအခါမျိုးမှာ မြို့မေတ္တာခံယူမယ့် fighter တွေရဲ့ အခန်းကဏ္ဍ လိုလာတာပေါ့။
(ကျွန်မပြောတဲ့ fighter ဆိုတာ အထိမခံ ရွှေပန်းကန်၊ အကျိုးသင့် အကြောင်းသင့် မရှိဘဲ ကတ်ကတ်လန်အောင် စွာတတ်တာကို ပြောတာမဟုတ်ပါ။)

ဘာမှတော့ မဆိုင်ပါဘူးလေ။ ကျွန်မကိုက ဘာမှ မဆိုင်တာတွေကို လိုက်ဆက်စပ် နေတတ်လို့ပါ။
ကိုတာရဲ့ အင်တာဗျူးက "ပညာတတ်" တွေ အကြောင်းပါ။
အဲဒီတော့ ပညာတတ်တွေ အကြောင်းလို့သာ မှတ်လိုက်ကြပါတော့။

အဲဒီစာကို ကူးရေးခဲ့တဲ့ အချိန်ကတော့ အပေါ်က စာကြောင်းတွေကို ပိုကြိုက်ရင် ကြိုက်ခဲ့နိုင်ပါတယ်။ မမှတ်မိတော့ဘူး။ ဒါပေမယ့် ခုအချိန်မှာတော့ အောက်ဆုံးက bold & italic လုပ်ထားတာကပဲ အာရုံထဲ ရောက်နေပါတယ်။
______________________________________________________________
အင်း... Addy သိရင်တော့ ပြောဦးမယ်။ "ဒေါ်ရီတာ ဒီ မာတုဂါမကို စမ်းချောင်းနားမှာ မထားခဲ့နိုင်ဘူးလား" လို့။ (comment မှာ အဲဒီအတိုင်း လာရေးနေမှာ စိုးလို့ ကြိုကန်ထားတာ။)

ကိုတာရဲ့ စာနဲ့ ဆက်စပ်ပြီး ဖတ်စေချင်တာက side bar မှာ တင်ထားတဲ့ Win / Win ဆိုတဲ့ စာပိုဒ်လေးပါ။
အို ရှုပ်ပါတယ်။ copy & paste လုပ်ပေးလိုက်ပါမယ်။


Win/ Win Thinking !

Maturity (Win/ Win) စဉ်းစားသော သူတို့သည် ရင့်ကျက်ကြရ၏။ ရင့်ကျက်ခြင်း ဆိုသည်မှာ...မိမိ သဘောထားကို ဖော်ပြရဲသလို ထိုသဘောထားအတွက် ခံရဲသော သတ္တိလည်း ရှိ၍ တပြိုင်နက် တဖက်သား၏ ခံစားမှု၊ တွေးမြင်ပုံတို့ကိုလည်း လေးလေးစားစား နားထောင်ချင့်ချိန် နိုင်ခြင်းပင် ဖြစ်သည်။

တနည်းဆိုသော် သတ္တိနှင့် တဖက်သားအပေါ် စဉ်းစား ချင့်ချိန်နိုင်စွမ်းတို့ ဟန်ချက်ညီနေခြင်းပင် ဖြစ်သည်။

(သင့်ဘ၀ မဂ္ဂဇင်း အဟောင်းပါ... တောင်အာဖရိကမှ မင်ဒဲလား ခေတ် ရွေးကောက်ပွဲ အကြောင်း မျက်နှာဖုံးဆောင်းပါးမှ)

7 comments:

  1. Yes, you're right..
    in Business mgt, we prefer win-win situation.... but somtimes mst need to take risks too

    ReplyDelete
  2. ရီတာရေ..

    Fighter တွေ လိုအပ်တယ် ဆိုတာတော့ လက်ခံပါတယ်..

    အဓိပ္ပါယ်မရှိဘဲ လူကြီးတွေ ကလေးဆန်ဆန် ရန်ဖြစ်နေတဲ့ နေရာမျိုးမှာတော့ ၀င်မပါချင်ဘူး...

    ReplyDelete
  3. ဒီဆောင်းပါးလေးကို ကြိုက်တယ်။ ကျနော်လည်း ကိုတာရဲ့ အမြင်ကို သဘောကျတယ်။

    သိပ္ပံပညာမှာဆိုရင် အယူအဆတွေဟာ တခုနဲ့တခုအမြဲ ပြိုင်နေကြတယ်။ သီအိုရီတခုဟာ သူ့ကို ချေဖျက်နိုင်တဲ့ ကျိုးကြောင်းခိုင်လုံတဲ့ နောက်ထပ်သီအိုရီအသစ်တခု ပေါ်မလာမီအထိသာ တည်ရှိနိုင်တယ်လို့ ဆိုတယ်။ ဒီအကြောင်းတွေကို စတီဖင်ဟော့ကင်းရေးတဲ့ အချိန်ရဲ့ သမိုင်းအကျဉ်းချုပ်ထဲမှာ ထင်ပါရဲ့ ဖတ်ခဲ့ရဖူးတယ်။

    ကျနော်လည်း ကိုတာရဲ့ အယူအဆနဲ့ အတွေးအခေါ်တွေကို နှစ်သက်မိတယ်။

    “ပြတင်းပေါက်မှ ကြည့်သူ၏ စိတ်ကူးများ” ဆိုတဲ့ စာအုပ် ကျနော့်ဆီမှာ ရှိတယ်။ တော်တော်များများကို နှစ်သက်ပါတယ်။

    “မောင်တာ၏ ကန့်လန့်အတွေးများ” ဟူသော ဆောင်းပါးမှ စာပိုဒ်အချို့ကို ထုတ်နှုတ်ရေးပြလိုက်ပါတယ်။

    “အဟောင်းမှ အသစ်ပြောင်းသောအခါ လမ်းရိုးဟောင်းတွင် ဆင့်ကာထွင်ခြင်းလည်း ရှိပါသည်။ တဖြောင်တည်းဖြစ်သော လမ်းများတွင် (Linear and continuous) အဟောင်းပေါ်မှ တဆင့်တဆင့် ထွင်ခြင်းများ လုပ်ရန် ဖြစ်သော်လည်း တဖြောင့်တည်းမဖြစ်ဘဲ တဆက်တည်းမဟုတ်သော ပြောင်းလဲမှုများတွင် အရာရာတိုင်းကို လမ်းအသစ်ဖြင့် ကြည့်ဖို့ လိုလျှင်လိုပါမည်။ ထိုသို့ ပြောင်းပြန်ဇောက်ထိုးကြည့်ခြင်း ( Upside-down thinking) ကို တဆက်တည်းကြည့်သူများနှင့် နေမြဲနေလိုသူများက လက်သင့်ခံရန် ၀န်လေးလေ့ရှိကြပါသည်။ ကိုပါးနီးကပ်စ်နှင့် ဂလီလီယိုမှာ ပြောင်းပြန်စဉ်းစားသူများ ဖြစ်ပါသည်။ မက်စ်နှင့် အိုင်းစတိုင်းတို့သည်လည်း ထိုနည်း၎င်းပါပဲ။”

    “အတိတ်က ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးစံ၊ အတွေးအခေါ်များနှင့် ခင်ဗျား ဆက်စပ်နေပါသည်။ သို့သော် အနာဂတ်ကတော့ ၀င်းလက်နေရပါမည်။ အနာဂတ်က သင့်အိပ်မက်တွင် အတိတ်ထက် ပို၍ နေရာယူရမည်ဟု ထင်ပါသည်။ အနာဂတ်က ပို၍ ကြီးကျယ်သင့်ပါသည်။ အတိတ်နှင့် အဆက်ဖြတ်ရမည်ဟု မဆိုလိုပါ၊ အတိတ်ကို နေရာပေးရမည်ဖြစ်သော်လည်း ထိုနေရာမှာ သိပ်အရေးမပါသော နေရာသာ ဖြစ်သင့်ပါသည်။ “အနာဂတ်ကို မမြင်ရသော နေရာဒေသမှာတော့ အတိတ်ကိုပဲ ပြောတတ်ကြသတဲ့။ ရွှေထီးဆောင်းတာကိုပဲ တမ်းတမ်းတတ ဖြစ်ကြသတဲ့။ အကောင်းအမွန်မှန်သမျှက ဖြစ်ပြီးခဲ့ပြီ။ ကုန်လွန်ပြီးပြီတဲ့။” ကျနော်တို့က ဘာလို့ အနာဂတ်အကြောင်း မပြောရမှာလဲ။ အနာဂါတ်....အရှေ့....နောက်နှစ်များ...နှစ်ဆယ့်တစ်ရာစု....။ ကျွန်တော်တို့ ဘာလို့ မပြောသလဲ။
    တိုးတက်မှုသီဝရီတစ်ခုက ပြောသောစကားတစ်ခု ရှိပါသည်။ တက်ကြွနိုးကြားမှုနှင့် တီထွင်ဖန်တီးမှုများသည် တစ်ယောက်၏အတွေးနှင့် အခြားတစ်ယောက်၏ အတွေးများ၊ တစ်ယောက်၏အယူအဆနှင့် အခြားအယူအဆများ ဒွန်တွဲလွန်ဆွဲကြ၊ အတုန့်အပြန် ပြုကြသောအခ္စါ ထွက်ပေါ်လာကြသည်ဟု မှတ်သားထားပါသည်။ ကျွန်တော့်အတွေးများနှင့် ရှိပြီးအတွေးများ ကန့်လန့်ဖြစ်သောအခါ၊ တိုက်မိ ခိုက်မိသောအခါ ကျွန်တော်အား ကိုးလို့ကန့်လန့် နိုင်သည်ဟု သတ်မှတ်ကြပါသည်။ အကျိုးအကြောင်းတော့ ရှိပါသည်ဟု ခင်ဗျားတို့ လက်ခံကြမလား။ ကျွန်တော့်သူငယ်ချင်း မောင်တိုး ပြောသကဲ့သို့ ငါ့ခမျာသနားစရာပါပဲကွာ ဟူ၍ ကျွန်တော်ကတော့ မပြောပါ။

    ReplyDelete
  4. သဟသ..မှန်ပေ၏

    ReplyDelete
  5. အစကတည်းက သိတယ် ဆိုရင် လဲ မပြောတော့ ဘူး
    သယ်သာထားတော့အေ
    အဲဒီမာတုဂါမ ကို
    လက်ဝတ်တက်တယ် အနည်းဆုံးတော့ ဟိဟိ

    ReplyDelete
  6. ကျွန်မမှာ အကျင့်တခုက ဘ၀င်မကျနိုင်တာလေး တစ်ခုရှိရင် ဘာကိုပဲ တွေးတွေး ဘာကိုပဲ ပြောပြော အဲဒါနဲ့ ဆက်စပ် ပတ်သတ်ပြီး မြင်နေမိတတ်တယ်။

    ခုလဲ ဘ၀င်မကျနိုင်စရာ တစ်ခုက စနစ်တစ်ခုကို မကြိုက်ပါဘူးလို့ ဆန့်ကျင်ဘက်ပြုနေတဲ့ သူတွေကိုယ်တိုင် အဲဒီ စနစ်ထဲက အဲဒီ အဖွဲ့အစည်းထဲက ပုံစံအတိုင်း တွေးခေါ် ပြောဆို ပြုမူ နေတာကို တွေ့ရတာက စ, တာပါပဲ။

    နိုင်ငံနဲ့ ပတ်သတ်လို့ ထားကို မထားတဲ့ မျှော်လင့်ချက်တွေက အဲဒါမျိုးတွေ မြင်ရ ကြားရရင် မရှိတဲ့ မျှော်လင့်ချက်တွေ ပျောက်ပျောက်သွားတယ်။ "ကျား ကျောက်လို့ ရှင်ကြီးကိုးလဲ ရှင်ကြီး ကျားထက်ဆိုးဦးမှာပဲ"။ ဘာထူးသလဲ သဘောတရားတွေက။

    တကယ်တော့ ကျွန်မတင်တဲ့ ကိုတာ့ အင်တာဗျူး အပိုင်းကလေးက "ပညာ" အကြောင်း သက်သက်ပါပဲ။ အင်တာဗျူး တစ်ခုလုံးရဲ့ Theme ဟာလဲ "ပညာ နဲ့ ပညာတတ်" အကြောင်းပါပဲ။

    ဒါပေမယ့် ကျွန်မရဲ့ ဗီိဇကြောင့် ဆွဲယူ ဆက်စပ်တွေးမိပြီး ဒီ post ဖြစ်လာတာပါ။

    Sandakuu<<< အမြင်လေးကို ဆွေးနွေးပေးတာ ကျေးဇူးပါ။

    သဟသ & strike<<< ကိုယ်လဲ လက်ခံပါတယ်။

    ကိုပေါ<<< ကိုပေါကိုတော့ ကျေးဇူးအများကြီးတင်ပါတယ်။ ကိုတာ့ကို ကျောင်းမပြီးခင်ကတည်းက ကျွန်မ ဖတ်ဖြစ်ခဲ့ပါတယ်။ ကျွန်မ လေးစားရတဲ့ ပုဂ္ဂိုလ်ပါ။ ကိုတာ့စာတွေ တကူးတက ဝေမျှပေးတာအတွက် ကျေးဇူး တကယ် တင်တာပါ။

    Addy<<< ကိုယ်ကတော့ ကိုတာ့ စကားလုံးလေး ယူသုံးလိုက်ဦးမယ်။ "ငါ့ခမျာ သနားစရာပါပဲကွာ" လို့ ကိုယ်ကတော့ မထင်ပါ။
    ဒါပေမယ့် Addy ကတော့ မာတုဂါမကို လွှတ်မချနိုင်သေးတဲ့ "Rita ခမျာ သနားစရာပါ" လို့များတွေးနေမလားမသိ။
    မသနားပါနဲ့။ ဘာဖြစ်လို့ဆိုတော့ လွှတ်မချနိုင်တာချင်း တူပေမယ့် သဘောတရားချင်းတော့ မတူလို့ပါ။

    ReplyDelete
  7. စာတစ်လုံးချင်းစီကို သေသေချာချာ ဖတ်လိုက်ရတယ် ... မူရင်းစာရေးသူရဲ့တွေးမြင်မှုကို ဒုတိယ စာဖတ်သူရဲ့ ခံစားမှု ပေါင်းစပ်ထားတာဆိုတော့ ကျွန်တော့်လို တတိယ ခံစားသူတစ်ယောက် အနေနဲ့ ဖတ်ဖတ်ချင်း ဆိုလိုရင်းကို သဘောမပေါက်ဘူး ... ဒီနေရာမှာ ကျွန်တော်ခံစားမိတာလေး တစ်ခုကတော့ " တည်ငြိမ်တဲ့ နလပိန်းတုံးတွေကိုတော့ ကျွန်တော် မကြိုက်ပါ။ " ဆိုတဲ့ စကားလုံးထက် " တည်ငြိမ်သယောင် ဖြစ်နေတာကို အောင်မြင်နေပါတယ်လို့ ထင်မှတ်နေကြတဲ့ တွေးခေါ်တတ် သူတွေကို ကျွန်တော် သဘောမကျတာပါ " ထားပါတော့လေ ... Educated person ဆိုတာ တကယ်ကို လိုပါတယ်။ အရှိကို အရှိအတိုင်း မြင်တတ်တဲ့ ... သဘာဝကျမယ့် ကိုယ့်အမြင်ကို တစ်ခြားသူ နားလည် လက်ခံနိုင်အောင် တင်ပြတတ်တဲ့၊ တင်ပြရဲတဲ့၊ တင်ပြနိုင်စွမ်းရှိတဲ့ အမြင်ကျယ်တဲ့ ပညာတတ်တော်တော်များများ လိုအပ်နေပါတယ်။ တစ်ခုတော့ ရှိသေးတယ်ဗျ .... အဲဒီ့ ပညာတတ်တွေအတွက် သင့်တော်မယ့် နေရာ ပေးတတ်တဲ့ သူတွေလည်း လိုသေးတာပေါ့လေ ...

    ReplyDelete