Friday, April 24, 2009

ပိုက်ကွန်ယက်ချိန်



ဒီလိုနဲ့ပဲ သူ့ကြောင့် နေ့၊ ရက်၊ အချိန်၊ နာရီ တို့က ကိုယ့်အတွက် ချိုမြ လှိုက်လဲ လာကြသည်။

သူ ဆိုသော အသိဖြင့် လောကထဲ တိုးဝင် ရှင်သန်ရသည်က ဘယ်တုန်းကနှင့်မှ မတူသလို...


သူ နှစ်သက်သည် ဆိုသည့် သီချင်း တစ်ပုဒ်ကပင်လျှင် ရင်ခွင်ထဲ အသည်းနှလုံးကို မိမိရရ လှုပ်ခါနိုင်စွမ်းသည်။
သူ ဖတ်နေသည့် စာအုပ် တစ်အုပ်ကပင်လျှင် အာရုံတွေကို လွှမ်းမိုးချုပ်ကိုင် နိုင်စွမ်းသည်။
သူ့ အမှတ်တမဲ့ လေချွန်သံ သဲ့သဲ့လေး ကြားလျှင်တောင် ဖမ်းဆုပ် သိမ်းဆည်း ချင်မိပြီ။


ဘေးဘီကိုမှ သတိမထားမိလေဟန် မြောက်ကြွ ပေါ့ပါးစွာဖြင့် သူ လျှောက်လှမ်းလာတာ မြင်ရချိန်တိုင်း ကိုယ့် နှလုံးသားရဲ့ ဟိုးအတွင်းပိုင်းမှာ သံစဉ် တမျိုးစီ ရှိတဲ့ ဆည်းလည်းလေးတွေက နူးညံ့စွာ တချက်ချင်း တချက်ချင်း...လွင့် ပါး က ခုန် လာကြသည်။

အဲဒီ အသံလေးတွေက တိုးတိတ်သော်ငြား ဝေစည် ပျံ့လွင့် လို့နေတတ်သည်။


သူ လှမ်းလျှောက်လာရင်း လေတိုက်လို့ ဆံပင်ကလေးတွေ နဖူးပေါ်က လွင့်နေတာကို မြင်ရတဲ့အခါ ကိုယ်သာ သပ်တင်ပေးချင်စိတ်နဲ့ တိုက်တဲ့လေကို ရန်လိုမိတတ်သည်။


ကျောပိုးအိတ်ကို ပုခုံးပေါ် ခပ်ကြမ်းကြမ်း ပစ်တင်လွယ်ပစ်ပြီး ဘေးနားက သူငယ်ချင်း တစ်ယောက်ယောက်ကို စကားလှမ်းပြောရင်း သူ ခပ်ဟားဟား ရယ်မောလိုက်လျှင် "အချစ် ဆိုတာ သူ့ဆီမှာပဲ ရှိတာပါ" ဟု တွေးတော မိတတ်သည်။

သူ အမှတ်တမဲ့ လှမ်းကြည့်လိုက်လျှင်ပဲ တစ်နေ့လုံးစာ အသက်ရှူလို့ မ၀ ဖြစ်တတ်သည်။

မလှပတဲ့ လက်ရေးစောင်းကလေးတွေပါတဲ့ သူ့ စာအုပ်ကလေးကို ခပ်ဖွဖွ ပွတ်သတ် ထိကိုင် ကြည့်ချင်မိသည်။
သူ့အင်္ကျီလက်ဖျားလေးကို ခေါက်တင်ပေးချင်မိသည်။
သူ တပိုင်းတစ ညည်းဆိုတတ်တဲ့ သီချင်းမှန်သမျှ ချက်ချင်း ပြန်ရှာ နားထောင်မိတတ်သည်။

သူ့ အိပ်မက်တွေကိုကအစ ရုပ်ရှင်တစ်ကားလို ခံစားကြည့်ချင်လှသည်။

သူ့ wallet လေးထဲမှာ ရှိနေတယ် ဆိုတဲ့ ကောလဟလ ကြားရတဲ့ ကိုယ့် ဓါတ်ပုံ ခပ်ဝါးဝါးလေးကို သူ ဘယ်တုန်းက ရိုက်ယူခဲ့သလဲ မေးကြည့်ချင်လှပြီ။


ကိုယ့် နောက်နားကနေ စကားတခွန်း မဆိုဘဲ သူငယ်ချင်းတစ်ယောက်နဲ့အတူ လျှောက်လိုက်လာတတ်တဲ့အခါ သူ့မျက်နှာပေါ်မှာ ဘယ်လို အရိပ်အရောင်လေးတွေ ရှိနေမလဲ နောက်ပြန် မလှည့်ဘဲ ကြည့်မြင်ချင်လှသည်။

ကိုယ် မရှိခိုက် မမြင်လိုက်ရဘဲ သူ ပြုံးလိုက်မယ့် အပြုံးတွေ၊ ရယ်မော စကား ဆိုသံတွေ၊ သူ့ လှုပ်ရှားမှုတွေ အကုန်လုံးကို နှမျောတသ မဆုံးပြီ။

သူ့ အပြုံးထဲမှာ ကိုယ့် အပြုံး၊
သူ့ ရယ်မောသံထဲမှာ ကိုယ့် အပြုံး၊
သူ့ စကားသံထဲမှာ ကိုယ့် အပြုံး၊
သူ့ လှုပ်ရှားမှုတွေထဲမှာ ကိုယ့် အပြုံး၊

"အချစ်" ဆိုတာကိုက ရင်ထဲကနေ
နှစ်သိမ့်စွာနဲ့ စီးဆင်းလာတဲ့ "အပြုံးတစ်ပွင့်" ဖြစ်လိမ့်မည်။

***
(မောင့်ကို ဘာဖြစ်လို့ ချစ်ခဲ့တာလဲ လို့ တစ်ယောက်ယောက်ကများ မေးလာမည် ဆိုလျှင် ဘာမှ ပြန်မဖြေဘဲ ပြုံး၍သာ နေမိမည်။)
_______________________________________________________
(နုစဉ် အခါက စာတွေပါလေ။)

10 comments:

  1. တိဝူး တိဝူး မေးမှာပဲ...မောင့်ကို ဘာဖြစ်လို့ ချစ်ခဲ့တာလဲ ဟင်

    ReplyDelete
  2. နုစဉ်က ရေးတာတောင် ဒီလောက်ကောင်းနေတာ၊ ရင့်ပြီဆိုရင် ဘယ်လိုများနေမလဲ။
    မောင်ရော သိပါလေစ..

    ReplyDelete
  3. အော်ရင့်သွားရှာပြီကိုး.......................
    မျှစ်လားဟင်
    ???

    ReplyDelete
  4. အရေးအသားကောင်းလေး လာဖတ်ပါတယ်

    ReplyDelete
  5. ဖတ်ရတာရင်မောလိုက်တာနော်။ တကယ်ပါဘဲ

    ReplyDelete
  6. ဖတ်ရတာရင်မောလိုက်တာနော်။ တကယ်ပါဘဲ

    ReplyDelete
  7. ဟင် နှစ်ခါနှိပ်မိပီ

    ReplyDelete
  8. Strike<<< :)

    မမချို<<< နုစဉ်ကဟာမို့ ဖတ်လို့ အဆင်ပြေတာ မမရယ်။ ခုလိုချိန်မှာ ရေးရင် ဘယ်သူမှ blog လာဖတ်ကြတော့မှာ မဟုတ်ဘူး။ (အရင်တုန်းက စာတွေ အကုန် အလွတ်ရတယ်တော့ ပြောတာပဲ :D)

    Addy<<< မျှစ်အကြောင်းပြောရင် အမြစ် အကြောင်းပါ ပါမှာနော်။ ပြီးမှ ဒီ မာတုဂါမကို... ဆိုတာ မလာနဲ့။

    ရှင်ရဲထွတ်<<< ကျေးဇူးတင်ပါတယ်။ ငယ်ငယ်က စာတွေမို့ အဆင်ပြေနေတာပါ။

    Steve<<< ဟုတ်တယ်။ Steve အဲလို ပြောတော့ ကိုယ် ထောက်ခံ နေမိတယ်။ ဘာလို့ဆိုတော့ အဲဒီ စာကို ရေးတုန်းက ပေါ့ပေါ့ပါးပါး ရေးခဲ့တာပဲ။ ဒါပေမယ့် ခု ပြန်ဖတ်တော့ မောစရာကြီး လို့ မြင်နေတာ တော်တော် ဆန်းတယ်။ ခုချိန်မှာ ဒါမျိုးရေးဖို့ မပြောနဲ့... ရေးပြီးသား ပြန်ကူးထည့်တာတောင် ပင်ပန်းတယ်လို့ ခံစားရတာ ထူးဆန်းတယ်။ ငယ်ငယ်က စာတွေ အမှတ်တရ ပြန်တင်ချင်လို့သာ...

    တကယ်တော့ အသက်တွေက စကားပြောလာတာ နေမှာပါလေ။ :)

    ReplyDelete
  9. ပို့စ် ခေါင်းစဉ်လေးနဲ့ ရေးထားတဲ့ အကြောင်းအရာလေးရဲ့ ဆပ်စပ်တွေးခေါ်နိုင်စွမ်းလေး သဘောကျသွားပါတယ် ... ပထမဆုံးပေးဖြစ်တဲ့ ကောမန့်ပါ .. ပို့စ်အစကနေ အဆုံး အချစ်ကို အေးအေးငြိမ့်ငြိမ့်လေး ခံစားသွားရလို့ အတိုင်းမသိ ကြည်နူးမိပါတယ် အစ်မရေ ...

    ReplyDelete
  10. ကျေးဇူးတင်ပါတယ် ကိုနေဒေးသစ်။
    ဖတ်ပြီး ကြည်နူးမိတယ် ဆိုလို့ ၀မ်းသာမိပါတယ်။
    (ဒါဖြင့် Steve လို မအိုသေးဘူးပေါ့။ အသက် ၂၀ အောက် ဖြစ်လိမ့်မယ် :D )

    ပိုက်ကွန်ယက်ချိန် လို့ပေးမိတာက ဂျူးရဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားသတိရမိလို့ အဲဒါနဲ့ ဆက်စပ်တဲ့ ခေါင်းစဉ်ကို ပေးမိတာပါ။

    ReplyDelete