Thursday, April 9, 2009

ပါရမီတော်

Photo from "Here"

ပါရမီတော်
(တေးဆို။ မေရှင်) (တေးရေး။ မြို့မငြိမ်း)

ရင်၌ဖြစ်သောသားလို မဟာကရုဏာပွား သနားတော်မူသည်။

သြဃာ ၀ဲသံသရာ ကျင်လည်ကြရှာ ဝေနေယျ ဘ၀ကြာရှည်
အမြိုက်ရေအေးတိုက်ကာ လူ နတ် ဗြဟ္မာအား တရားပြကယ်မည်။


ဗောဓိသတ် အလောင်းအလျာ ပါရမီ သင်္ချေများစွာ ကမ္ဘာက ဖြည့်ရှာသည်။
အလွန်အမင်း စွန့်ခြင်းငါးလီ ပဉ္စမဟာပရိစ္စာဂီ
လောကတ္ထ
... ဉာတတ္ထ ... ဗုဒ္ဓတတ္ထ
စရိယာ ကျင့်ရှာခဲ့သည်။


လောကသုံးပါးတို့၏ စီးပွားကို များအောင် ဆောင်မည်။

မျိုးတော် ဆွေတော် ရွေတော် အပေါင်း၏ ကောင်းကျိုးသာ မျှော်ကိုးရည်။

သဗ္ဗညုဉာဏ်ကို ရှေးရှု သမ္ဗောဓိ ဆုပန်သည်။


ဆည်းပူးခဲ့ရရှာသည် သုံးဆယ်အပြား ဘုရား ပါရမီ။

သဒ္ဓါသန်သည်

ဘုံနန်းဗိမာန် အိုးအိမ် စည်းစိမ် မယား ရင်ဝယ်သားလဲ မခင်ပြီ။

မဟာပထ၀ီ

နှစ်သိန်းလေးသောင်း ထုလို အသားတော်စု ဘယ်လိုပြုပြု လှူမည်။


အသွေးထုတ်ဝေ သမုဒ်ရေ အမျှညီ

ဘိသိတ်တော်ခံ မကိုဋ်ဆောင်းခေါင်းဖြတ်
ဒါန အလှူ ဘယ်သူမမီ။

စာမရီသားမျိုး ကျင့်ရိုးမှန်သည်။

မြီးဆံ တစ်မျှင်အတွက် အသက်သေပေစီ။
ထိုထုံးနှလုံးပြုကာ ကျင့်ရှာသည်
သီလ ပါရမီ။

စွန့်ခွာလေသည်
စကြ၀တေး စည်းစိမ် မခံလိုပြီ
ဆိပ်ငြိမ်ရာ၌ ခိုမှီ တော မြိုင်ရပ်ဆီ

ညွန့်ဖြာဝေစည်
တကမ္ဘာလုံး လင်းအောင် ကြံဆောင်မည်
ထို ပညာ မီးရောင်ခြည် ၀င်း ပေတော့သည်

ယောက်ျား ပီပီ လက်ရုံးရည်
ဘယ်ဆီ သောင်ကမ်း လမ်း မမြင်နိုင်သည်
သမုဒ္ဒရာ ခုနှစ်ရက်တောင် ကူးလျက် အောင်မြင်သည်
ဝီရိယ စွန်းထုတ် ကြိုးကုတ် ပါရမီ လောင်းမြတ် အာဇာနည်

အလျှံပြောင်ပြောင် လှံ ဓါး ထက်စွာများနှင့် လက် ခြေ အသား သူဖြတ်ညားလဲ မဖြုံပြီ

ရန်သူသည်
ကိုယ့်ထီးနန်းကို လုတောင် မေတ္တာ ပွား ကိုယ်ကျင့်တရားမြတ် ခန္တီ
တောသုံးတောင် မီးလောင် ပတ်လည်
မိန့်တော်မူသည်
မှန်သော စကားဖြင့် ထိုမီးကို ရှောင်စေပြီ။

ကိုယ်တော်ကို အမှုံ့ကြိတ် ရွှေစိတ် မတုန်သည်။

အဓိဋ္ဌာန် တော်ချက် မပြတ်တည်ကြည်
ချစ် မုန်းခြင်း ကင်းတဲ့
ဥပေက္ခာ တရား ပါရမီ။

____________________________________________


ပါရမီတော် (၁၀) ပါး


၁) ဒါန ပါရမီ

၂) သီလ ပါရမီ

၃) နေက္ခမ္မ ပါရမီ
၎) ပညာ ပါရမီ
၅) ၀ီရိယ ပါရမီ

၆) ခန္တီ ပါရမီ

ရ) သစ္စာ ပါရမီ
၈) မေတ္တာ ပါရမီ

၉) အဓိဋ္ဌာန် ပါရမီ
၁၀) ဥပေက္ခာ ပါရမီ


ဖြည့်ကျင့်နည်း (၃) နည်း

၁။ ရိုးရိုး ပါရမီ= ကိုယ်ခန္ခာမှအပဖြစ်သော အရာများအတွက် မငဲ့ကွက်မှု။

၂။ ဥပ ပါရမီ= ကိုယ်အင်္ဂါ အစိတ်အပိုင်းကို မငဲ့ကွက်မှု။
၃။ ပရမတ္ထ ပါရမီ= ကိုယ်အသက်ကိုပင် မငဲ့ကွက်မှု။

ပါရမီ (၁၀) ပါး အပြား (၃၀) ဆိုသည်မှာ- အထက်ပါ ပါရမီတော် (၁၀) ပါးကို ဖြည့်ကျင့်နည်း (၃) နည်းစီ ဖြည့်ကျင့်ရတာကြောင့် မြှောက်လျှင် ပါရမီတော် (၃၀) ရပါသည်။

Ref:
http://www.lknt.org/2008/04/blog-post_14.html
http://ywetwar.blogspot.com/2008/10/blog-post_04.html

လောကတ္ထ ... ဉာတတ္ထ ... ဗုဒ္ဓတတ္ထ စရိယာ
များအကြောင်းနှင့် ပါဠိ စာလုံးပေါင်း အမှားများကို gtalk မှ ရှင်းပြ ပြင်ပေးခဲ့သော ဆရာတော် ဦးဝိသုတ အား ကျေးဇူး အထူးတင်ပါသည်။
________________________________________


ကျွန်မ တော်တော်ကြိုက်နှစ်သက်မိတဲ့ သီချင်းပါ။
TV မှာ ရီရီသန့် ဆိုတာကို စ နားထောင်ဖူးတာပါ။
စောင်း မောင်နေ၀ါ လည်း ပါပါတယ်။
တော်တော်ကို နားထောင်လို့ ကောင်းပါတယ်။
ကြည်ညို သဒ္ဓါ တဖွားဖွား ပွားလာစေတယ် လို့ ခံစားရပါတယ်။

နောက် version တမျိုးကို တင်တင်မြ ဆိုပါသေးတယ်။
နောက်မှ နားထောင်ရတာဖြစ်တာရော၊ တင်တင်မြ version က လေးလွန်းတာရောကြောင့် သိပ် မကြိုက်လှပါဘူး။

ခု မေရှင် ဆိုတဲ့ version က ရီရီသန့် version နဲ့ တော်တော် တူပါတယ်။
သီချင်းပို့ပေးတဲ့ သူငယ်ချင်း နိုင်ဝင်း ကို ကျေးဇူး သိပ်တင်ပါတယ်။ (ရှာရှာဖွေဖွေ ဘယ်က ရလဲ မသိဘူး)

တေးရေး ဘယ်သူလဲ ကူပြီး စဉ်းစားပေးလို့ ရမလား။
ကျွန်မတော့ "ရွှေတိုင်ညွန့်" များလား ထင်မိတယ်။
"သပသ" များသိလေမလား။

It can be downloaded & listened "Here"

တေးရေး မြို့မငြိမ်း ဖြစ်ကြောင်းပြောပေးတဲ့ "ဖိုးစိန်" နှင့် "ညီလင်း"ကို ကျေးဇူးတင်ပါတယ်။

8 comments:

  1. တခြားကမ္ဘာထဲရောက်ရောက်လာသလိုပဲ...ဟ ဟ

    ReplyDelete
  2. မမရီတာရေ....
    ပါရမီတော်သီချင်းက
    အလကာင်္ကျော်စွာ ဆရာမြို့မငြိမ်း ရေးသားခဲ့တဲ့သီချင်းလေးပါဗျာ...
    ကျနော်လဲကြိုက်တယ်..
    ကျနော်ကမေရှင်ဆိုတာကိုကြိုက်တယ်..
    မေရှင်ကကျနော့်အသည်းကျော်မင်းသမီး..း)
    အရမ်းချစ်တယ်..အမေ မေရှင်ကို

    ReplyDelete
  3. ဟုတ်ပ.. မေရှင်ရဲ့ ကရုဏာသံလေးနဲ့ ဆိုထားတာ အရမ်းနားထောင်လို့ ကောင်းတယ်

    ReplyDelete
  4. နားထောင်းလိုကောင်းပါတယ် မေရှင်ဆိုတာကိုပြောတာပါ။ ဘုရားရှင်တော်မြတ်ရဲ့ ပါရမီတော်တွေကို (ကျတော် ဘယ်လိုပြောရမလဲ..) ကြည်ညို သွားတယ်ဗျာ...ဒေါင်းသွားတယ် အမြဲတမ်း ကြည်ညိုနေဖို့လေ..

    ReplyDelete
  5. စိတ်ဝင်တစား နားထောင်ပြီး ကြည်ညိုစိတ်ပွားနေကြတယ် ဆိုလို့ ၀မ်းသာ ကျေးဇူးတင်မိပါတယ်။
    (strike မပါ)

    ReplyDelete
  6. ရက်စက်လိုက်တာ...ရက်စက်လိုက်တာ...(ဇတ်မင်းသားငိုချင်းချသံဖြင့်ဖတ်ပါ)

    ReplyDelete
  7.ှဗုဒ္ဓဘာသာတစ်ယောက်ဆိုပေမယ့် ကျွန်တော် တစ်ချို့ ဗုဒ္ဓဘာသာ စကားလုံးတွေကို တကယ်မသိဘူး ... ပါရမီ ၁၀ ပါး အပြား ၃၀ ဆိုတာမျိုးပေါ့ .. ကြားဖူးတာတော့ ကြာပါပြီ ... ဒါပေမယ့် တကယ်ကို အပြား ၃၀ ဆိုတာ ဘာမှန်း မသိတာ ... ဒီနေ့တော့ မရီတာ ဆီ လာရင်း အသစ်မတွေ့တာနဲ့ အဟောင်းဖတ်ဖို့ ဒီ ပို့စ်ကိုရွေးလိုက်တယ် .. တော်တော် အကျိုးရှိသွားတယ်ဗျာ .. သီချင်းလေးလည်း ယူသွားပါတယ် .. ဝေမျှပေးတာ ကျေးဇူးပါ ..
    နေဒေးသစ်။

    ReplyDelete