Wednesday, December 31, 2008

2008 Review!

အရင်နှစ်တွေလိုပဲ ဘာမှ ပြောစရာ မယ်မယ်ရရ မရှိလိုက်ဘဲ ကုန်ဆုံးသွားတဲ့ နှစ်ပါပဲ။
ခါတိုင်းနှစ်နဲ့ မတူတာဆိုလို့ တစ်နှစ်လုံးနီးပါး သူများတိုင်းပြည်မှာ ရောက်နေတာတစ်ခုပဲ။
အတက်အကျ အပြောင်းအလဲတွေ ခဏခဏ ကြုံလာရတဲ့ ကိုယ့်အတွက် ပိုပြီး တက်ကျ ပြောင်းလဲခဲ့တဲ့ နှစ်။

ပြီးတော့ 2008 ရဲ့ နောက်ဆုံး ဒီဇင်ဘာလဟာ ကိုယ့်အတွက် ပူပင်စရာတွေ ယူလာတဲ့ လလည်း ဖြစ်နေပြန်တယ်။
ကောင်းမလိုလိုနဲ့ ဆိုးတဲ့လ။

ပိတ်ရက်များတဲ့လ ဖြစ်ပေမယ့်လည်း အိပ်ရေးပျက်တာများတဲ့ လလည်းဖြစ်တယ်။
Blog အရေးဖြစ်ဆုံး လလည်း ဖြစ်တာကိုး။

ဖေဖေ့ ကျန်းမာရေး ကိစ္စ စိတ်ပူရတဲ့လ...
ကိုယ်ရေးကိုယ်တာတွေ သိပ် အဆင်မပြေတဲ့လ...
နေသားကျရာ နေရာဟောင်းကနေ ရုံးနဲ့ နီးနီး နေရာသစ်ကို ပြောင်းရမယ့်လ...
ခင်မင်ပြီးသား လူတွေနဲ့ ခွဲရတော့မယ့်လ...
"၀မ်းမနည်းတတ်ဘူး ... အဆင်များ မပြေရင် ဒေါသကပဲ အရင်လာတာ" လို့ တသက်လုံးက ကြွေးကြော်လာတဲ့သူ ဖြစ်ပေမယ့် ဒီလက ခဏခဏ ၀မ်းနည်းရတဲ့လ...
ပွဲလမ်းသဘင် အသွားများ သလောက် သံဝေဂ တော်တော်ရတဲ့လ...
ခြေရှည်လို့ MRT ခ တော်တော် ဖြည့်လိုက်ရတဲ့လ...
ရုံးမှာ ခဏခဏ ချာလပတ်ယမ်းတဲ့လ...

(အင်း... အရေမရ အဖတ်မရတွေ များနေလို့ ချရေးတာတောင် လွန်လှပြီ)

သူငယ်ချင်းရဲ့ ကျေးဇူးနဲ့ လိုချင်တာ တစ်ခုတော့ ရခဲ့တဲ့လ...
(ကိုယ့်ဘာသာဆို နောက်နှစ်တောင် ၀ယ်ဖြစ်ဖို့ မသေချာသေးတဲ့ အရာ... ဒါလေးတစ်ခုပဲ ဒီဇင်ဘာမှာ ကောင်းတာရှိတယ်)

သူများတွေ ပြန်တော့ ကိုယ်လဲ ပြန်ချင်တဲ့လ...
(ရုံးက စီနီယာတောင် နောက်လ ခွင့်နဲ့ ပြန်တော့မယ် ပြောတယ်)

စီနီယာဆိုလို့ သတိရမိတယ်...
ကိုယ် အလုပ်ဝင်တော့ 30th April... May လ ပါ
ပဲ... အဲဒီ အချိန်မှာ စီနီယာက အလုပ်ဝင်တာ ၉ လရှိပြီ... ဆရာကြီးပေါ့... ကိုယ့်ကိုလဲ သူပဲ အားလုံး သင်ပေးခဲ့တာ... ဗမာချင်းဆိုတော့ ရုံးက လူကြီးတွေကစ တစ်ခုခု ခိုင်းပြီဆို ... "မသိရင် စီနီယာကို မေး" လို့ပဲ ပြောကြတယ်... ဒီလိုနဲ့ပဲ တလွဲတွေ လုပ်လိုက် ... အမှားတွေ လုပ်လိုက်... စီနီယာက ပြင်ပေးလိုက်နဲ့ (အင်း ... ခုထိလဲ လွဲတုန်း မှားတုန်း)

2008 ကို ပြန်ကြည့်တော့မှ အလုပ်ဝင်တာလဲ ဘာလိုလိုနဲ့ ၈ လပြည့်နေပါရောလား...

ဒါနဲ့ ကိုယ်ရောက်စတုန်းက စီနီယာ အလုပ်ဝင်တာ ၉ လနဲ့ ယှဉ်ပြီး စဉ်းစားမိတယ်... သူ လုပ်သက် ၉ လမှာ အားလုံး တာဝန်ယူနိုင်လို့ အသစ်ရောက်လာတဲ့ (ဘာမှ မတတ်တဲ့ နလပိန်းတုံး) ဂျူနီယာလေးကိုတောင် ပြန်သင်ပေးနိုင်ပြီ... ကိုယ့်အလှည့်ကျတော့ စီနီယာ ခွင့်သွားရင် ရုံးမှာ တစ်ယောက်ထဲ ငါးပါး, ဆယ်ပါး မက မှောက်ကုန်တော့မှာပဲ လို့ တွေးပူနေရတဲ့ အဖြစ်... လုပ်သက် အတူတူမှာ သူက အားလုံး တာဝန်ယူနိုင်တဲ့သူ ဖြစ်ခဲ့ပြီး ကိုယ်က သူ့ခြေရာ တ၀က်တောင် လိုက်မနင်းနိုင်သေးဘူး...
(ဒါလည်း ရှက်ရကောင်းသည် မအောက်မေ့ဘူး)

ထားပါတော့လေ... ပြီးတာတွေလည်း ပြီးပါစေတော့...

လာမယ့် နှစ်သစ်မှာတော့ ဒီ့ထက် ပို၍ စွမ်းဆောင် အောင်မြင် လေ့လာ တတ်သိ ကျယ်ပြန့် နှံ့စပ်ဖို့ (ခါတိုင်းနှစ်တွေလိုပဲ) ကိုယ့်ကိုကိုယ် ဆန္ဒပြုရင်း...

Good Bye 2008 ! And then ...


Welcome 2009 !


Sunday, December 28, 2008

Christmas in S'pore


(ခရစ်တော် ဖွားမြင်ပြီ)



(Peninsula Plaza က Christmas Tree)



(Raffles City Tower ရှေ့က Christmas Tree)



(Orchard ည - ၁)



(Orchard ည - ၂)



(Orchard ည - ၃)



(Orchard ည - ၄)


(Orchard ည - ၅)


(Orchard ည - ၆)


(နောဧ ရဲ့ လှေလား မသိ)



(Funan DigitaLife Mall)



(NTUC- FairPrice က Christmas အကြို အပြင်အဆင်)



(မှောင်ထဲက ကွင်း ... ဟားဟား ...Orchard MRT ထဲကနေ Orchard Boulevard ဘက် အထွက်မှာ )

***
ဓါတ်ပုံတွေ တင်ရင်းနဲ့ ရွာသားလေး ဘလော့ဂ် ကို သွားဖြစ်တယ် ... အဲဒီမှာ ဒီကဗျာလေးကို တွေ့ပါတယ်...
(ဦး)တင်မိုး ရဲ့ ကဗျာပါ...
သူ့ Cbox မှာ ကဗျာ ယူတင်လိုက်မယ်လို့ သတင်းပေးရုံပေးပြီး လှည့်ထွက်လာခဲ့တယ်... အကြောင်းပြန်တာကိုတောင် မစောင့်ခဲ့တော့ဘူး ...
နက်ဖန် ရုံးတက်ရဦးမှာလေ...
မနေ့ညကလဲ လင်းခါနီးမှ အိပ်ဖြစ်တော့ အိပ်ရေးမ၀ဘူး...
__________________________________________________________________
(ဦး)တင်မိုးရဲ့ ကဗျာ

ကိုယ့်နေရာ သာယာသည် ဖြစ်စေ

နုံချာသည် ဖြစ်စေ
ကိုယ့်ရွာ ကိုယ့်ရပ် မိခင်မြတ်တည့်။

မည်မျှ ကြီးမြင့်
မည်မျှ တင့်လည်း
မပွင့် နေခြည်
အုံ့မှိုင်းသည်သို့ မကြည်မွေ့ချေ
သူ့ရပ်မြေတည့်။

သူတို့ စကား
သူတို့ကြား၌ ပျားသို့ မချို
မှိုသို့ မလန်း
ပန်းသို့ မရွှင် ကိုယ့်မိခင်ကို
တမြင်မြင်တမ်း
အစဉ်လွမ်းခဲ့။

ရေချမ်းစင်က
ရေကြည်မြကို သောက်ရပေဖူး
သူ့ကျေးဇူးကို အထူးသိလည်း
ဇာတိလွမ်းနာ
မဖြေသာခဲ့။

သူ့မြေမှာမူ သာယာဘိခြင်း
သင်းပါဘိတောင်း
ကောင်းပါဘိတကား

အသိသားပင်
တရားလက်ကိုင်
ဆင်ခြင်နိုင်လည်း
မခိုင်စိတ်ဝမ်း

နေ့တိုင်းလွမ်းသည်
မြစမ်းမျက်ရည် စိမ့်စိမ့်တည်း။

ဆရာကြီးဦးတင်မိုး
(၁၁၊ ၅၊ ၂၀၀၁)
ကျွန်မ သဘောအကျဆုံး ကဗျာ အပိုဒ်လေးကို Italic နဲ့ Bold လုပ်ထားပါတယ်
(ဒီကဗျာကို ဒီ post နဲ့ တွဲတင်ချင်လို့ပါ)


***
ကြွားတယ် မထင်ရင်တော့ ပြောရဦးမယ်...
(ဦး)တင်မိုးက ကျွန်မနဲ့ တမြို့တည်းသားဖြစ်ပါတယ်
ကြွားတယ် မထင်ရင်တော့ ထပ်ပြီး ကြွားရဦးမယ်
...(ဦး)တင်မိုး ရဲ့ ကဗျာတွေကို မူကြို မရောက်ခင် ကတည်းက ရ...နေ...တာ။
("ထီးကလေးနဲ့ မနီ" ပြောတာပါ။ ကျွန်မ အမှတ်မမှားရင်တော့
ကဗျာ စာအုပ်က"ပေါ်ဦးသက်" ရဲ့ သရုပ်ဖော် ပန်းချီပုံတွေနဲ့ ...အမှတ်မှားရင်တော့ "တဂိုးမျိုး" ရဲ့ ပန်းချီ ဖြစ်လိမ့်မယ်)

***

အဖြူရောင်များ ... သို့မဟုတ် အချစ်အကြောင်း အက်ဆေး (၁)


(snoedel.punt.nl/upload/05/white-rose.jpg)


မြောက်မြားလှစွာသော အရောင်များအနက် ကျွန်မအတွက် နှစ်သက်မက်မောဖွယ် အကောင်းဆုံးမှာ အဖြူရောင်သာ ဖြစ်ပါသည်။


အဖြူရောင်သည် လူတစ်ယောက်၏ အသွင်အပြင်ကို ပိုမို လင်းလက် တောက်ပစေသည်… ရိုးစင်းမှု၊ သန့်စင်မှု၊ ပကတိဖြစ်မှု၊ အိနြေ္ဒကြီးမှု စသည်တို့ကို အဖြူရောင် အတွင်း၌ ထွင်းဖောက် မြင်နိုင်သည်ကပင်လျှင် အလွန် နှစ်သက်ဖွယ် ကောင်းနေပြီ ဖြစ်သည်…


ထိုကဲ့သို့ ဂုဏ်သတ္တိများဖြင့် အဖြူရောင်သည် လူတစ်ယောက်၏ အသရေကို အရောင်တင်ပေးနိုင်သည်ဟု ကျွန်မ ယူဆပါသည်။ ထို့ထက်ပို၍ ဆန်းကြယ်သည်ကား အဖြူရောင်ကို ၀တ်ဆင်ထားချိန်၌ ခံစားရသည့် ခံစားမှုပင် ဖြစ်ပါသည်…


စွန်းထင်း ညစ်ပေလွယ်သော ထိုအရောင်ကို အနည်းငယ်မျှပင် အစွန်းအထင်း မဖြစ်စေလိုသောစိတ်…

မသိမသာကလေး ညစ်ထေး ပေရေသွားမှာကိုပင် စိုးရိမ်နေမိသော စိတ်တို့ဖြင့် တယုတယ တသသ ဂရုတစိုက် နေရသည့် ခံစားမှု …


အမြတ်တနိုး အရိပ်တကြည့်ကြည့် ထိန်းသိမ်း စောင့်စည်းကာ နေထိုင်ရသည့် ခံစားမှု…


…ထိုကဲ့သို့သော ခံစားမှုများလောက် နူးညံ့ သိမ်မွေ့ ဆန်းပြားသော အရာကို အခြား မည်သည့် အရောင်ကမျှ ပေးစွမ်းနိုင်ခြင်း ရှိသည် မထင်ပါ…


အဖြူရောင်ကို ၀တ်ဆင်ထားချိန်၌ ဖြစ်လေ့ရှိသည့် တစုံတရာကို မြတ်မြတ်နိုးနိုး ယုယုယယ အရိပ်ကြည့် ဂရုစိုက်နေရသည့် ခံစားမှုမျိုးကို ကျွန်မ အလွန်နှစ်သက် မက်မောပါသည်… ဖော်ပြပါ ခံစားမှုများကို ကျေနပ်စွာ ခံစားနေချင်ခြင်းသည်ပင်လျှင် အဖြူရောင်ကို ကျွန်မ စွဲလမ်းရသည့် အကြောင်းရင်းဖြစ်၏…


အဖြူရောင်က ကျွန်မ၏ ပင်ကို ဗီဇစိတ်အချို့ကိုပင် ပြောင်းလဲ သွားစေနိုင်စွမ်းပါသည်..

တဆိတ် ကျေးဇူးပြုပြီး သံသယ မ၀င်စေလိုပါ…


ယခင်က ကျွန်မသည် မိမိသာလျှင် ဂရုစိုက်ခံလို အယုယခံလိုပြီး ကိုယ့်ကိုများ ကိုယ့် ပတ်ဝန်းကျင်က အရိပ်တကြည့်ကြည့် ရှိနေကြမည် ဆိုလျှင် လောက၌ အရာခပ်သိမ်း ပြီးပြည့်စုံပြီဟု ထင်မှတ်ခဲ့သူဖြစ်၏…

*

(အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ တိုက်ခိုက်

ခူးယူခဲ့ပြီး ပြန်တော့ မစိုက်မိဘူး)

*

သို့သော် ကိုယ်ကချည်း ရယူနေရခြင်း ၊ ရရှိနေရခြင်း နှင့် ရချင်နေရခြင်းတို့ များသည်ထက် များပြားလာသောအခါ အလွန်ပင် ငြီးငွေ့ စိတ်ပျက် ပင်ပန်းလာပါသည်…


ထိုအချိန်မှ စ၍ အဖြူရောင်မှ ပေးစွမ်းနိုင်သော ခံစားမှုများကို စတင် ငြိတွယ် စွဲလမ်းလာခြင်းဖြစ်ပြီး ထိုသို့ စွဲလမ်းလာချိန်မှ စ၍ ကျွန်မ၏ အဇ္ဈတ္တတို့ တဖြည်းဖြည်း ပြောင်းလဲ လာပါသည်…

*

ကျွန်မကပင် စတင်၍ တစုံတရာ အပေါ်မှာ ငြိတွယ်နေချင်သည်…

ဂရုစိုက် အရိပ်ကြည့်နေချင်သည်…

လိုအပ်တာ မှန်သမျှ ဖြည့်ဆည်းပေးရင်း ကျေနပ် နှစ်သိမ့်နေချင်သည်…


အဖြူရောင်ကို ၀တ်ဆင်ရင်းမှ အမြတ်တနိုး ဂရုစိုက်နေရသည့် အတွေ့အကြုံကို သဘောတကျ နှစ်ခြိုက်မိသောအခါ အတ္တဆိုသည်များကို ငြီးငွေ့လာခဲ့တော့သည်…


လောကမှာ ကိုယ်က တဖန် ပြန်လည်၍ ဖြည့်ဆည်း ပေးဆပ်နေရခြင်းက ပို၍ စိတ်ကြည်နူး ချမ်းမြေ့စရာ ကောင်းသည်ဟု ကျွန်မ ခံယူလာခဲ့ပါသည်

*

ထို့နောက်တွင်တော့ အဖြူရောင်ဆန်သော လူသားတစ်ယောက်ကို ကျွန်မ စွဲလမ်းမြတ်နိုးလာခဲ့မိပါသည်။

(to be continued)

Christmas Night on Orchard Rd

video

အဲဒီညက လမ်းမပေါ်မှာ လူတွေ ကြိတ်ကြိတ်တိုး...
Orchard လမ်းမကြီးကို ပိတ်ပြီး အဖွဲ့လိုက် ကနေကြတယ်
ကျွန်မတို့တော့ video ထဲက နေရာမှာ အကြာကြီး ရပ်ကြည့်မိခဲ့...

ကျွန်မရဲ့ အာရုံကို ဖမ်းစားနိုင်ဆုံးကတော့ ဂါဝန်ဝတ် အမျိုးသမီးရဲ့ဘေးက three-quarter pant နဲ့ အင်္ကျီ အကြားနဲ့ လန်းဆန်း ကြွရွ နေတဲ့ အန်တီကြီးပဲ
အန်တီကြီးလို့ ရေးတော့ စာဖတ်တဲ့သူက ယုံချင်မှတောင် ယုံမယ်
သူ့ဟန်ပန် သူ့ အသွင်အပြင် နဲ့ ကျွန်မရဲ့ ဖုန်းက resolution သိပ်မကောင်းတာနဲ့ အသက် ၃၀ အောက် အမျိုးသမီးလေး တစ်ယောက်လိုလို
သူ့အသက်က မရှိဘူးဆို အနည်းဆုံး ၆၅ နှစ်လောက်ရှိပြီ
*

တကယ်တော့ အဲဒါ ဘိုးဘိုး ဘွားဘွားတွေရဲ့ ပွဲ
တော်တော်များများသော လူကြီးတွေမှာ ကနေရပေမယ့် လူကြီးဆိုတဲ့ ဟန်တွေကို အထင်းသားမြင်နေရတယ်
လှုပ်ရှားမှုတွေ လေးလံနေတာ... စတိုင် သိပ်မကျလှတာ

ကျွန်မရဲ့ အန်တီကြီးကတော့ Height ကလဲကောင်း၊ Structure ကလဲမိုက်၊ ပြီးတော့ သူက ဒီအကတွေနဲ့ used to ဖြစ်ပြီးသားပုံစံ

ကျွန်မတို့ သူ့ကိုပဲ တချိန်လုံး အာရုံစိုက်နေတာကိုလဲ သိပုံရတယ် :)
*

ခုတလော စိတ်တွေ တော်တော်လေး မစုစည်းနိုင်ဘူး ... (ကိုယ်ရေးကိုယ်တာ ပန်းနုရောင်တွေကလဲ စိတ်နှလုံးကို လေးလံ ထိုင်းမှိုင်းစေ...)
Stage Show သွားတော့လဲ မပျော်လှဘူး
ဒီလို လူရှုပ်ရှုပ် နေရာကို ပျော်မလားလို့ သွားတော့လဲ စိတ်က တခြားရောက်

သူငယ်ချင်းတစ်ယောက်က မြန်မာပြည် အလည် ခဏပြန်ပြီး တောင်ကြီးတက်တယ်
သူနဲ့ online မှာတွေ့လို့ ပျော်လား မေးတော့ သိပ်လဲ မပျော်လှပါဘူးတဲ့

ဒါနဲ့ ကျွန်မက "I think the root cause is AGE" လို့ ပြောတော့ သူက ပြန်ပြောပါတယ်
မှတ်သားလောက်စရာပါ
" မဆိုင်ဘူး
မဆိုင်ဘူး... အသက်ကြီးလို့ မပျော်တာ မဟုတ်ဘူး ... မပျော်လို့ အသက်ကြီးသွားတာတဲ့ "
*

Orchard Rd က အပြန်မှာတော့ အသက်ကို ဘယ်လို ကြီးသွားရမလဲဆိုတာ (အသက်ကြီးရင် ဘ၀ကို ဘယ်လို lifestyle နဲ့ စခန်းဆက် သွားမလဲဆိုတာ) စဉ်းစားဖို့ သတိရလိုက်မိတယ်။
(ခုမှ စဉ်းစားဖို့ လုပ်တုန်း...ပြင်ဆင်ဖို့အတွက် ပြင်ဆင်နေပါတယ် ဆိုတာလို ဖြစ်နေပြီ)
*

(အင်း အကလေးတော့ သွားသင်ထားဦးမှပါ)
*

My Current Status !


:) :) :)

Saturday, December 20, 2008

တတိယ ဆောင်း

(http://northshorehomeowners.com)

ဆုံဆည်းပေးတာနဲ့

ခွဲခွာလိုက်တာကလွဲပြီး

ဘာမှ ပြောင်းလဲမသွားဘူး…

+


ပထမဆောင်းမှာတော့

ဆန်းကြယ်စွာ တံခါးခေါက်ခဲ့တယ်

အဖြူရောင်နှင်းပေါက်တွေနဲ့ပေါ့…

+


အခုဆောင်းမှာတော့

ခြောက်သွေ့စွာ မီးတင်ရှို့ခဲ့တယ်

ကိုယ့်ရဲ့ မျှော်လင့်ချက် မြို့ပျက်ကြီးကိုပေါ့…

+


ချစ်သူရယ်…


ရင်ထဲမှာ နှင်းတွေကျနေတယ်…

+


တိတ်ဆိတ် ရင့်ရော်ပြီး

ပျင်းရိတဲ့ ဆောင်းက

နှင်းခဲတွေနဲ့ မီးမြှိုက်ပြီး

ပတ်ဝန်းကျင် တစ်ခုလုံးကို

မီးလောင်တိုက်သွင်းနေသလိုပဲ…

+


ရွက်ခြောက်တွေ ကျဆင်းတဲ့

ပင်စည်ခြေရင်းမှာ

အလွမ်းနှင်းတွေနဲ့ ကိုယ်…


မင်းကို လွမ်းလိုက်တာ…

+


ကျွမ်းမြေ့တဲ့ လွမ်းဆွတ်ခြင်းနဲ့ အကြည့်မှာ

ဒီဆောင်းဟာ

အရာရာကို ဖျက်ဆီးပြီး

ဥပေက္ခာနဲ့ စောင်းတီးနေသလိုပဲ…

+


ချစ်သူ…

မင်းမျက်ဝန်းတွေကို ရင်ခုန်ခွင့် မရမှတော့…


ကိုယ့်အတွက်…

နှင်းကျတာတောင် ကဗျာမဆန်တော့ပါဘူး…

+


(အမြင်အရ)

ဘာမှ မပြောင်းလဲပေမယ့်

မင်းကို ချစ်သွားတဲ့ ကံကြမ္မာနဲ့

မင်းကြောင့် ဖြစ်ပွားတဲ့ ဒဏ်ရာတွေနဲ့

မင်းနဲ့ မဝေးချင်တဲ့ ဝေဒနာတွေနဲ့


ကိုယ့်နှလုံးသားထဲကဆောင်း

ဒါပဲ ပြောင်းလဲသွားတာပါ…

+


မင်းနဲ့ တွေ့တဲ့ဆောင်း

မင်းနဲ့ ဝေးမယ့်ဆောင်း

တကယ်တော့

ဘာမှ မပြောင်းလဲပါဘူး…

+


(***ဆောင်းတွင်းပေါင်းများစွာ... ကြုံဖူးခဲ့ပေမယ့်... သူနဲ့စတွေ့တဲ့ဆောင်းကမှ… ကိုယ့်အတွက်…ပထမဆောင်းပါ…)
(ဒီကဗျာလေးကို 2000 ခုနှစ် Nov လောက်မှာ ရေးခဲ့တယ်... အဲဒီနှစ်က ဆောင်းစောစောဝင်တယ်... အိမ်နောက်က ဒညင်းပင်ကြီးအောက်မှာ စာမေးပွဲ အတွက် စာဖတ်ဖို့ ပြင်ရင်း ရေးခဲ့တာ)


December without Snow or Floating December !



(25th Nov ကတည်းက ရုံးခန်းဝမှာ ချိတ်ထားတဲ့ board လေး)

IC Show မှာ ခံစားလို့ မရဆုံး သီချင်းကို ပြောပါဆိုရင် ပွဲသိမ်း ဆိုခဲ့တဲ့ အငဲ ရဲ့ "ဒီဇင်ဘာ" သီချင်းပဲ။
စဉ်းစား ကြည့်ပါရှင်

မိုးမှောင်တွေ ကျလို့
မိုးက တစွတ်စွတ်ရွာလို့
မွေးကတည်းက ကြုံလာတဲ့ ဒီဇင်ဘာကို မှတ်တောင်မမှတ်မိ

အဲဒီ အချိန်မှာ "အချစ်ရယ် နှင်းတွေ တဖွဲဖွဲကျ..." ဆိုတော့

*
အညာမှာမွေးပြီး အောက်ပြည်အောက်ရွာမှာ ကြီးပြင်းခဲ့ရလို့လား မသိဘူး
ကျွန်မမှာ အညာသူနဲ့ တူတာဆိုလို့ အောက်အရပ်က မိုးတွင်းကို စိတ်ပျက်တတ်တာပဲ ရှိတော့တယ်

အသက် ၁၀ နှစ်မှာ ပဲခူးတိုင်းကို စရောက်တယ်ထား...ဒီကို မရောက်ခင်ထိ အနှစ် ၂၀ နီးပါး အောက်အရပ်က မိုးတွင်းကို ကြုံခဲ့ရလည်း ကျွန်မကတော့ စိတ်ထဲမှာ ရင်းနှီးလှတယ် မထင်မိဘူး။

မိုးတွင်းတိုင်းဟာ ကိုယ့်ကိုကိုယ် အညာသူပါလားလို့ ပြန်ပြန် သတိရမိစေတဲ့ အချိန်တွေပဲ
မိုးရွာရင် အပြင်မထွက်ဘဲ နေချင်တဲ့ အဲဒီ ဗီဇစိတ်ကလေးကြောင့်သာ 8th May 2005 တုန်းက မသေမပျောက်ခဲ့ မထိမခိုက်ခဲ့ ၊ အနည်းဆုံးတော့ အနိဋ္ဌာရုံတွေ မတွေ့ခဲ့ရတာ
*
ဒါပေမယ့် မိုးတွင်းကို ဘယ်လောက် မနှစ်သက်လည်းပဲ အချိန်တန်တော့ ကုန်ဆုံးသွားတာပဲ
နိုဝင်ဘာလလယ်လောက် ဆိုရင် ဆောင်းတွင်းရဲ့ အငွေ့အသက်ကို စ, ရပြီ
တိုက်လာတတ်တဲ့ မြောက်လေမှာ ခြောက်သွေ့သွေ့ အေးစိမ့်စိမ့် အရသာလေးပါလာပြီ
အိမ်နောက်က ဒညင်းပင်ကြီး အရွက်တွေ ကြွေပြီ

မကွေးတိုင်းက ဆောင်း
ပဲခူးတိုင်းက ဆောင်း
ဧရာတိုင်းက ဆောင်း
ရန်ကုန် ဆောင်း

အအေး ဒီဂရီပဲ ကွာမယ်
ဆောင်း ရဲ့ အနှစ်သာရကတော့ ကျွန်မ အတွက် တူတူပါပဲ
*
ခုတော့ ...
အင်း ခုတော့ Singapore က ဆောင်း ပေါ့ လို့ ပြောရမလား
Singapore က ဒီဇင်ဘာ မိုးတွင်း လို့ပဲ ပြောရမလား

နေ့တိုင်း နီးပါး မိုး တစွတ်စွတ်နဲ့
ဒီဇင်ဘာလည်း မမှတ်မိ
ဆောင်းတွင်းလည်း မသိရှိ
Christmas လည်း မခံစားမိတော့

*
တံခွန်မရှိတဲ့ ဘုရား
အလံမရှိတဲ့ ရထား
ခင်ပွန်းမရှိတဲ့ မိန်းမ

*
သြော.... နှင်းမပါတဲ့ ဒီဇင်ဘာကြီးပါလားနော်


Tuesday, December 16, 2008

Birthday Song for My Dear Friend, Nyan Htun!




ချစ်သူငယ်ချင်း ဉာဏ်ထွန်းရဲ့ မွေးနေ့ အတွက် အမှတ်တရ


Happy Birthday My Friend!!!

Sweet 28!
Sweet December!

16th December 2008 (Tuesday)


စကားလုံးတွေ သိပ်မရှိပါဘူး
လခတွေ ခုထက် ပိုပို ကောင်းပါစေသောဝ်
ကြွေနေတဲ့ ကောင်မလေးလည်း မြန်မြန်ရစေသော​ဝ်
________________________________________________________________

16th Dec က ကြားရက်ကြီးမို့ ဒီ post ကို တနင်္ဂနွေ အားတုန်း နှစ်ရက် ကြို ရိုက်ရတယ်
ကျွန်မက post ရေးပေမယ့် သူက ဖတ်ချင်မှ ဖတ်နိုင်မှာ
ဒီနေ့ပဲ မနက်စောစော လေယာဉ်နဲ့ ပြည်တော်ဝင် သွားလေရဲ့
၁ လခွဲတောင် ပြန်နှပ်နေမယ် ဆိုပဲ

နက်ဖန် ရုံးတက်ရမယ်
ခု 11:48 PM

ဒါပေမယ့်
*အခက်အခဲတွေ ကူညီခဲ့

*စိတ်ညစ်ရင် အားပေးခဲ့

*မသိနားမလည်သမျှ ရှင်းပြခဲ့

*ပြဿနာတွေ (ကြားဝင်လို့ မရခဲ့လည်း) ပြေရာပြေကြောင်း ပြောပေးခဲ့

(အခွင့်အရေးရတုန်း ငါ့ကိုပဲ ဖိ အပြစ်တင်ပြီး သာသာနဲ့ နာနာနှက်ခဲ့တာတွေတော့ တမင် ချန်ထားလိုက်တယ်...ဟင်းဟင်း<< အဲဒီ ဟင်းဟင်း ဆိုတာကို သိတယ်မို့လား)

အဲဒီလို သူငယ်ချင်းအတွက် တရက်တလေ အိပ်ရေးပျက်လည်း ပျက်ပါစေတော့လေ

နင်တင်စေချင်တဲ့ post ကို နောက်တပတ် တင်ပေးမယ်

ကတိ ကတိ

Saturday, December 13, 2008

Related Post to Previous One !

ဓါတ်ပုံတွေ တင်ပြီးမှ ဓါတ်ပုံတွေနဲ့ ပတ်သတ်တဲ့ feeling ကို စာရေးချင်စိတ်ပေါက်လာလို့...

Junction 8 နဲ့တော့ ရေစက်ပါပဲ
8th May 2005 မှာတောင် ရေစက်တော့မလို့ နဲနဲပဲ ကပ်လွဲသွားတာကို အမှတ်ရမိတယ်

စင်ကာပူ ညခင်းကို ရိုက်တော့ သူများတွေလို စင်ကာပူမှာနေရတာ လျှပ်စစ်မီးဒုက္ခ မရှိဘူး လို့ ၀မ်းသာချင်မိတယ်
ဒါပေမယ့် လူဆိုတာ သူ့ကံနဲ့ သူရှင်... မြန်မာပြည်မှာ ၂၈ နှစ်လုံးလုံး နေလာခဲ့လည်း 88 ကာလလေး တစ်ဝိုက်ပဲ မီးမမှန်တာ ကြုံဖူးတယ်...
ဆိုတော့ စင်ကာပူမှာ မီးတွေမှန်မှန်လာလည်း ကျွန်မ အတွက်တော့ မထူးဆန်းတော့ပါ ဖြစ်နေတာပေါ့
သူများတကာ အတွက် ထူးခြားဝမ်းသာစရာ ဖြစ်တဲ့ကိစ္စ ကိုယ့်အတွက် ၀မ်းသာစရာ မဖြစ်တာလဲ ကိုယ့် ကံနဲ့ကိုယ်ပါပဲ။

IC Show ကတော့ ကြည့်မယ် မကြည့်ဘူးငြင်းကြရင်းနဲ့ ကြည့်ဖြစ်သွားတဲ့ ပွဲပါ။
Show ကြည့်ရင်းက ထူးဆန်းတာတစ်ခုက တော်တော် စိတ်အားထက်သန်စွာ ကြည့်ချင်ခဲ့ရတာ ဖြစ်ပေမယ့်
ပွဲချိန်မှာ လူက ပွဲထဲမှာ ရှိပေမယ့် စိတ်က ပွဲရဲ့ အပြင်ဘက်ကို ရောက်ရောက်သွားတယ်...သိပ်လည်း မပျော်လှဘူး...
မဆီမဆိုင် အဂ္ဂသာဝက အလောင်းအလျာ နှစ်ပါး ဒီလို Show ပွဲ ကြည့်ရင်း သံဝေဂရ သွားကြတာပေါ့ ...လို့တွေးလိုက်မိသေး
ကျွန်မကတော့ ပါရမီဓါတ်ခံ အဲလောက် မရင့်သန်လေတော့ သံဝေဂရတာ ဟုတ်ပုံမရပါဘူး။
အသက်က စကားပြောလာတာပဲ ဖြစ်မှာပါ
(အိမ်လွမ်းသူ သီချင်းကို ဆိုပေးအပြီးမှာ
"ကျွန်တော်တို့လည်း ခင်ဗျားတို့လိုပါပဲဗျာ။ အိမ်ကို ပြန်မရောက်ပါဘူး။ ဒီလိုပဲ လျှောက်သွားနေရတာ" ဆိုတဲ့ စကားလေး ပြောပေးခဲ့တဲ့ "၀ိုင်ဝိုင်း" နဲ့
"ကိုယ့် အနားရှိစေချင်" ကို ဆိုပေးခဲ့တဲ့ "R ဇာနည်" ကို ဒီနေရာကနေ မှတ်တမ်းတင် လိုက်ပါတယ်)

အဲဒီပွဲမှာ လေးဖြူ မပါဘူး။

***
အင်း ဒီလောက်ပါပဲ

Sunday, December 7, 2008

Who know what will happen tomorrow?

တကယ်တော့ ဒီ post ကို "Current Situation in My Workplace" ထက် အရင် ရေးခဲ့ရမှာ။ ဘာဖြစ်လို့လဲ ဆိုတော့...ကိုယ်နဲ့ ပတ်သတ်တဲ့ လူတွေ စိတ်ပူနေကြလို့ပါ

Crisis သတင်းကြားကြရပြီးတဲ့ နောက်ပိုင်း ဒီရောက်နေတဲ့ လူတွေရော ဟိုမှာ ရှိနေတဲ့ လူတွေရော
ဘယ်လောက်တောင် ပူပင်ခဲ့ကြပြီးပြီလဲ

ဒီအကြောင်းတွေ ပြောလဲ မပြောချင်ဘူး
ပြောရုံနဲ့ ဘာမှ ဖြစ်မလာ
ပြောရုံနဲ့တင် ဘာမှ ပြောင်းမသွားနိုင်တာတွေ အတွက် ဘာမှကို ပြောမနေချင်တော့ပါ

ကံ အကြောင်းတိုက်ဆိုင်လို့ ရတဲ့ ဘွဲ့ တစ်ခု နဲ့ မိဘဆွေမျိုးတွေရဲ့ အဆက်အသွယ်ကောင်းမှုကြောင့် နိုင်ငံခြားကို ထွက်လာနိုင်ခဲ့လဲ ကျွန်မက နိုင်ငံရေး စီးပွားရေး အမြင်ကျယ် အလှမ်းမီ ဗဟုသုတ နဲ့ ပြည့်စုံလှသူမဟုတ်
(သိချင် စူးစမ်းချင် ၀င်ပါချင် စိတ်ကလေးတော့ ရှိတာ အမှန်ပေါ့။ ဒါကလဲ တကယ်တော့ မိန်းမ ဗီဇ မျှသာ)

Crisis စ စချင်း ကျွန်မ အပူကပ်နေကျ သူငယ်ချင်းကို Stock Market အကြောင်း Stupid တစ်ယောက် သိအောင် ရှင်းပြ စမ်းပါ လို့ လှမ်းမေးခဲ့တယ်

ဒင်းကလဲ သူငယ်ချင်းကောင်းဆိုတော့ ဘာဆိုတာ တိုက်ရိုက်မပြောဘဲ ၀က်ဘ်ဆိုဒ် လိပ်စာ တစ်ခုသာ ပို့ခဲ့တယ်။
သူပို့ပေးတဲ့ လိပ်စာ
http://simulator.investopedia.com/home.aspx

1st Nov က သူ ပို့ထားတာ .. ခုထိကို ၀င်မကြည့်မိသေးဘူး။ မအားလို့။

Crisis နဲ့ ပတ်သတ်လို့ ပူပင်ကြရတာ ရေးပြလို့ မရဘူး။ ဒါတွေကို တကယ်ခံစားရသူတွေပဲ သိတယ်

Crisis ကာလကြောင့် မဟုတ်ပါဘူးလေ... သူများနိုင်ငံ သူများ ပတ်ဝန်းကျင်မှာ ဒုတိယတန်းစား အဖြစ် လာနေရတဲ့ သူတွေနဲ့ သူတို့နဲ့ သက်ဆိုင် ပတ်သတ်သူတွေ ပူုပင်ကြောင့်ကြ ကြရတာ အချိန်ပြည့်နီးပါပဲ
ဒါပေမယ့် ဘယ်သူ ဘာတတ်နိုင်သလဲ
လုပ်ခွင့်ရှိသရွေ့တော့ လုပ်နေကြရမှာ ဖြစ်ပြီး
လုပ်ခွင့်မရှိရင်တော့ ပြန်ကြရုံပါပဲ
ဘယ်သူ ဘာတတ်နိုင်သလဲ

မေမေနဲ့ ဖုန်းပြောဖြစ်တော့ မေမေ စိတ်ပူနေတယ် အဆင်ပြေရဲ့လားတဲ့။
ခုထိတော့ အဆင်ပြေနေတုန်းပဲမေမေ ဆိုတော့...
နောက်ရော ဘယ်လိုနေမလဲတဲ့။ နောက် ဘာဖြစ်မလဲ ဘယ်သိမလဲ မေမေရဲ့ လို့။

အရင်က အမှတ်တမဲ့ ရှိခဲ့တဲ့ အကြောင်းအရာလေး တစ်ခု ခေါင်းထဲရောက်လာလို့ ပြောချင်ပါသေးတယ်

မြန်မာပြည်က သရုပ်ဆောင်တစ်ယောက်ရဲ့ အင်တာဗျူးတစ်ခုမှာပေါ့... (နာမည်ထွက်ပြီး
အကယ်ဒမီ မရခဲ့တဲ့ တစ်နှစ်က) သူပြောထားတာ
"ကျွန်တော့် အစ်ကိုရော အိမ်ကလူတွေ အကုန် ငိုကြတယ်" "ကျွန်တော့်အနေနဲ့ ဘာမှ မခံစားရပေမယ့် သူတို့ဒီလို ဖြစ်တော့ ကျွန်တော် စိတ်ထိခိုက်တယ်" တဲ့။ (စကားလုံး အတိအကျ မဟုတ်ပါ)။

လူဆိုတာ မျှော်လင့်ထားတဲ့ အရာ (သို့) လက်ထဲမှာ ဆုပ်ကိုင်မိပြီးသား အရာ ကို လက်လွှတ်ရတော့မယ် ဆိုရင် ဘယ်သူမဆို ပူပင် လောင်မြိုက်ကြမှာပဲ။
တခါတခါကျ အဲဒီ သရုပ်ဆောင် ပြောသလို ကိုယ့်အတွက်က ဘာမှ မဟုတ်ဘူးရယ်လို့ စိတ်လျှော့ ထားလို့ ရပေမယ့် ကိုယ်နဲ့ပတ်သတ်တဲ့ လူတွေ ကိုယ့်အတွက် ခံစားပူပင်နေကြတာကို မြင်ရတဲ့အခါ ထိခိုက်ရတဲ့ နာကျင်မှုဟာ ဘာနဲ့မှ မတူဘူး။

သူထပ်ပြောထားသေးတယ်။
အကယ်ဒမီပွဲတွေ လူထုကို ပြတော့ သရုပ်ဆောင်တွေ အနေနဲ့ ခံစားမှုကို ထိန်းသိမ်း ချုပ်တီးထားရမလို ဖြစ်တာပေါ့ ဆိုတာ... သူ့သဘော အရဆိုရင်တော့ မပြစေချင်ပါဘူး တဲ့...

ဖတ်ခဲ့တုန်းကတော့ အမှတ်တမဲ့ပါ...ဖတ်ထားတာလဲ ကြာလှပြီ... ဒါပေမယ့် အကြောင်းတိုက်ဆိုင်တော့ ပြန်ပေါ်လာတယ်...ပြီးတော့ အဲဒီ သရုပ်ဆောင်က မြန်မာပြည်မှာ (ကျွန်မ စိတ်ထဲ) အဆင်ပြေပြေရှိတဲ့ ရှားရှားပါးပါး စာရင်းဝင်မို့လဲ ဖြစ်နိုင်ပါတယ်...

သူပြောတာ မှန်တယ်...
ဘာကြောင့်လဲ ဆိုတော့ ဘယ်သူမဆိုလေ ကိုယ့် ဘ၀ တခြမ်းကို လွတ်လွတ်လပ်လပ် အမှောင်ချထားချင်ကြမှာပဲ... တခြမ်းတိတိ မဟုတ်ရင်တောင် ကိုယ်ကလွဲလို့ ဘယ်သူ့ကိုမှ ဖွင့်မပြချင်တဲ့ အပိုင်းတွေ ရှိမှာပဲ...

ဖွင့်မပြချင်တဲ့ အပိုင်း ဆိုတာ မသိစေချင်တဲ့ အပိုင်းမဟုတ်ဘူး
သိချင် သိပစေ... ကိုယ်ကိုယ်၌က မကြေငြာလိုတဲ့ အပိုင်း...
(ပြောရုံနဲ့ ဘာမှ ဖြစ်မလာ ပြောရုံနဲ့ ဘာမှ ပြောင်းမသွားနိုင်တာတွေ အတွက် မကြေငြာ လိုတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့လေ)

ကျွန်မ နိုင်ငံခြားထွက်တာ တကယ်တော့ ထွက်ပြေးလာတာပဲ
ဒါပေမယ့် တခါမှတော့ ကိုယ်လွတ်ရုန်းတယ် လို့ define မလုပ်မိခဲ့ဘူး
နိုင်ငံခြားက ပေးတဲ့ ဒဏ်ရာတွေ ဘယ်သူသိသလဲ

ခုလို Crisis period မှာ လူတိုင်းကြုံကြရမယ့် ခံစားမှုကို ရေးပြစရာ မလိုပါဘူး။
ဘာဆက်ဖြစ်မလဲ ဆိုတာလဲ ဉာဏ်မမီလို့ ရေးမပြနိုင်ပါဘူး။ ကျွန်မ သိတာ လောလောဆယ် ကျွန်မ လုပ်ငန်းခွင်က အခြေအနေလေးပဲလေ။
ဒါပေမယ့် ကံဆိုး ကံကောင်းဟာ တစ်ချိန်ကလေးပဲ ကွက်ကြည့်လို့ မရဘူး။

ကျွန်မတင်တဲ့ "Current Situation in My Workplace" ဖတ်ပြီး ဒီလို အချိန်မျိုးမှာ ဒီလောက် အလုပ်တွေ ရှုပ်နေတာ ခိုင်တာပေါ့ လို့လဲ တွေးလို့ မရပါဘူး။ ကံဆိုးချင်လို့ ရှုပ်နေတာလဲ ဖြစ်နေနိုင်တာပဲ။

ဝန်ခံစရာတစ်ခုက အဲဒီ post ကို ဆန့်ကျင်ဘက် စိတ်နှစ်မျိုးနဲ့ ရေးခဲ့တယ် ဆိုတာ...
တစ်မျိုးက ကျွန်မ အတွက် တကယ် ပူပင်ကြရသူတွေ အတွက်... "ပန်းပန်လျက်ပဲ" လို့ နှစ်သိမ့် ချင်စိတ်နဲ့ ရေးမိတာ။

နောက်
တစ်မျိုးက ကျွန်မ အခြေအနေ ဘယ်လို ရှိသလဲ ထောက်လှမ်းစပ်စု ချင်ကြတဲ့ ပြိုင်ဘက်တွေ အတွက် ..."ငါ မသေဘူး ... ရေကူးတတ်တယ်" ဆိုတဲ့ မာန်မာန နဲ့ ရေးမိတာ။

ပူပင်ခဲ့ရတာတွေ များလွန်းလို့ ရှေ့ဆက်ပြီး မပူပင် ချင်တော့လောက်အောင်
ပူပင်စရာ မရှိတော့ လောက်အောင်ဖြစ်ခဲ့တာမို့
ကျွန်မ ခေါင်းထဲမှာ Crisis နဲ့ ပတ်သတ်တာ
Retrenchment နဲ့ ပတ်သတ်တာ ဘာမှ မရှိဘူး
မျက်ကန်းမို့ တစ္ဆေ မကြောက်တာပေမယ့် ကျွန်မ နဲ့ ပတ်သတ်ဆက်နွယ်သူများ ပူပင်ကြတဲ့ အခါမှာတော့ စိတ်ထိခိုက် ရတယ်

ခုလဲ ဒီ post
ကို မနေ့ညက ကျွန်မကို ပူပင်ခဲ့သူ တစ်ယောက်အတွက် ရေးပါတယ်။

ပူပင်နေလဲ ဖြစ်စရာရှိတာတွေ ဖြစ်လာမှာပဲ

လောလောဆယ် တတ်နိုင်တာ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ပဲ

မဖြစ်ချင်တာတွေ ဖြစ်လာခဲ့ရင်လဲ လက်ခံရုံပဲ

မနက်ဖန် ဘာဖြစ်မလဲ ဘယ်သူသိနိုင်သလဲ။

(P.S ဒီနေ့ညနေတော့ Chinese Garden မှာ လုပ်မယ့် IC Show သွားကြည့် လိုက်ဦးမယ်)

Wednesday, December 3, 2008

View from my bed-room window!






ရုံးပြေးတဲ့နေ့ အမှတ်တရ ရိုက်ထားတဲ့ ပုံလေးတွေ..

၅ထပ် အိပ်ခန်းပြတင်းကနေ ကြည့်ရင် မြင်ရတဲ့ မြင်ကွင်းလေးတွေပေါ့
ပ-ပုံက အလယ်တန်းကျောင်း ရှိတဲ့ လက်ယာဘက်
ဒု-ပုံက ITE ကျောင်း ရှိတဲ့ လက်ဝဲဘက်

Bishan ကနေ ဒီလကုန် ပြောင်းဖို့ သေချာသလောက်ရှိနေတော့ အမှတ်တရပေါ့

S'pore ကို ရောက်တာ ကံကောင်းလို့ ရောက်တာလို့ မထင်ပေမယ့်
နေခဲ့ရတဲ့ နှစ်နေရာစလုံးနဲ့ ..အဲဒီ နှစ်နေရာစလုံးမှာ တွေ့ခဲ့ရတဲ့ လူတွေ အားလုံး အင်မတန် အဆင်ပြေပြေ ရှိခဲ့တာမို့ ကံကောင်းလိုက်တာ လို့ ထင်မိပါတယ်..ကျေးဇူးလည်း တင်မိတယ်

Ang Mo Kio ရော Bishan ရော ပြောင်းခါနီးမှာ မပြောင်းချင်အောင် ဆွဲဆောင်ထားနိုင်တယ်

Me & My Old Citizen !



ယနေ့ နေသာ၏

ရာသီဥတု ပူသည်


မနက်စောစော နှိုးစက်မမြည်ပါ

၈ နာရီကျော်မှ အိပ်ရာက နိုးပါသည်


စီနီယာဆီ မက်ဆေ့ခ်ျ ပို့ပြီး တခေါက် ပြန်အိပ်၏

အလွန် ဇိမ်ရှိပါသည်


ရုံးက ခွင့်ယူ၍

ယခု အိမ်မှာ အနားယူနေသည်


(မနက်က ဓါတ်ခဲ အားကုန်ပြီး မအော်ခဲ့တဲ့ နာရီ အစုတ်ပလုတ်ပုံကို တင်လိုက်ပါတယ်။

မအော်ချင်ဦး )