Wednesday, October 29, 2008

She, falls into LOVE



She, falls into LOVE


As a light feather,

Just whirling around of the lovely breeze

She'll rise and sour upwards...


As a withered-yellow leaf in the autumn,

Just a zephyr blows whispering and touches her

She'll fall and slip out quietly...


As a lace curtain at the window,

Just a soft cool wind slowly passes by

She'll flew and tremble...


Oh! so to say......

As a little dew hanging at the fringe of a leaf,

Just the SUNshine kiss gently her

She'll be blown shyly away and disappear

Then her 'Existence' must be terminated right away.


(The one can make me feel the same as when I wrote it for the very first time...)

AMMK
(About in May 2000)

Sunday, October 26, 2008

My Beloved Friend, Su

စု

ငါ ဒီပုံကို ပြန်ကြည့်မိတိုင်း Singapore လာခါနီး feeling ကို ပြန်ခံစားရတယ်
တသက်လုံး မက်လာတဲ့ အိပ်မက်တွေကို သွန်ချပစ်ခဲ့ရတော့မယ့် feeling လေ
ဒီကို ရောက်ခါစက အဲဒီ ပုံလေးတွေကို ပြန်မကြည့်ရဲဘူး

ငါတို့ အလုပ်ဝင်ကြပြီး နောက်ပိုင်း တကူးတက ချိန်းမှပဲ တွေ့ဖြစ်ကြတာ (အိမ်ချင်းကပ်နေပြီးတော့)
ဒါပေမယ့် ငါသွားခါနီးတော့ မကြာခဏ တွေ့ဖြစ်ကြသားနော်
နင် ငါနဲ့တူတူ ဈေးဝယ် လိုက်ပေးတာ .. Embassy မှာ စောင့်ပေးတာ .. နောက်ဆုံး ငါ့ luggage ကို ပြင်ပေးတာ အဆုံးပေါ့... သိပ်ကျေးဇူးတင်တာပဲ လို့ မပြောချင်ပါဘူး.. အဲဒါ တစိမ်းတွေမှ ပြောရတာ

နင် လာတဲ့ အလှည့်ကျ ငါဘာမှ လုပ်မပေးရဘူး
လေယာဉ်ကွင်းတောင် လာမကြိုခဲ့ဘူး

ဒါပေမယ့် နင် ဒီကို ရောက်တဲ့ 5th Oct ဟာ S'pore မှာ နေခဲ့ရတဲ့ (၈) လ အတွင်း အပျော်ဆုံးနေ့ ဆိုတာ ငါမပြောလဲ နင်သိမှာပါ..
နင် ရောက်လာတဲ့ အတွက် ငါပျော်လည်းပျော်သလို စိတ်လည်း မကောင်းဘူး
ပျော်တယ်ဆိုတာက ... ငါ့ ရဲ့ အချစ်ဆုံးသူငယ်ချင်း ငါ့နားကိုရောက်လာခဲ့လို့
စိတ်မကောင်းဘူးဆိုတာက... S'pore မှာ အလုပ်မရမချင်း ငါ ခံစားရသလို နင်ခံစားရမှာကို တွေးမိလို့.. နောက်ပြီး ငါ့လိုပဲ နင်လည်း အိပ်မက်တွေကို သွန်ချပစ်ခဲ့ရတာကို သိနေလို့...

ဒါပေမယ့် ... ငါတို့မှာ ရွေးစရာလမ်း ဘာများရှိလို့လဲ...
(အဲဒီအတွက် တို့ကိုယ်တိုင်ကလည်း ညံ့လို့ပါ လို့ စွပ်စွဲလာမယ် ဆိုရင်လဲ ငြင်းစရာ မရှိပါဘူးလေ)

ခုကိုပဲ stress တွေက စ နေပြီ
ငါကိုယ်ချင်းစာပါတယ်... ဒါပေမယ့် ထိုင်ကြည့်နေရုံပဲ...(ငါ အဲဒီ အနေအထားကို မုန်းတယ်)
ငါ့ မျက်စိရှေ့မှာ ငါချစ်ခင်ရတဲ့ လူတစ်ယောက် ပူပင်သောက ရောက်နေတာကို ဘာမှ ထိထိရောက်ရောက် မကူညီနိုင်တဲ့ အနေအထားကို မုန်းတယ်

ဒါပေမယ့် ငါကိုယ်တိုင်က ခုချိန်ထိ ဘာကောင်မှ မဟုတ်သေးဘူးလေ
တနေ့နေ့မှာတော့ ငါတို့ ဒီအနေအထားကို ကျော်လွှားနိုင်ရမယ် လို့ ငါဆုံးဖြတ်တယ်

ငါ ဘာကောင်မှ မဖြစ်ချင်ပါဘူး
ငါ ချစ်ခင်တဲ့သူတွေ... ငါ့ မိသားစုနဲ့ ..နောက် ငါ့ ပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်စွမ်း ရှိတဲ့ သူပဲ ဖြစ်ချင်တာပါ...

" ငါမှ မတတ်နိုင်တာလေ .. သတ္တ၀ါတစ်ခု ကံ တစ်ခုပေါ့ " ဆိုတဲ့ ဥပေက္ခာယောင်ဆောင်ထားတဲ့ လျစ်လျူရှုမှုမျိုးနဲ့ နေစိမ့်တဲ့သူ မဖြစ်ချင်ဘူး...

နင့်သောကတွေကို မလျော့ပါးစေနိုင်တဲ့ အခါ ငါ နှစ်ထပ်ကွမ်း ရင်နာရတယ်
တစ်ထပ်က သောကရောက်နေတဲ့ နင့်အတွက်...
တစ်ထပ်က ဘာမှ မတတ်နိုင်တဲ့ ငါ့ အတွက်...

ဒီလို ပြောလို့ နင် စိတ်မကောင်း မဖြစ်ပါနဲ့...

ဦးသုခ ရေးတဲ့ ' မေတ္တသုတ် ' မှာ ပါသားပဲ...ကိုယ့်မှာ ပေါပေါများများရှိမှ သူများကို ပွားများဝေမျှနိုင်တယ် ဆိုတာ...

ငါတို့ အများကြီး ကြိုးစားရဦးမယ်...
ခရီးတာက အရှည်ကြီးပဲ... အချိန်တွေက အများကြီးကုန်ခဲ့ပြီ...

လောလောဆယ်တော့ ငါ အများကြီး မတတ်နိုင်သေးဘူး...
ငါနဲ့ အနီးဆုံးမှာ ရှိတဲ့ နင့်ကိုပဲ အတတ်နိုင်ဆုံး ကူညီရမယ်...

နင်ဝမ်းနည်းရင် ငါဝမ်းနည်းတယ်
နင်ညစ်ရင် ငါညစ်တယ်

နင်သွားရင် ငါသွားမယ်
နင်ရှိရင် ငါရှိမယ်

နင်ပျော်ရင် ငါပျော်တယ်
နင်ဝမ်းသာရင် ငါဝမ်းသာတယ်...

(ဟိဟိ)
နောက်ချင်လာပြီ...

နင် ပြတင်းပေါက်က ခုန်ချရင်...

ငါ ပိုပြီး ၀မ်းသာမယ်... :P

ဒါပဲဟာ ... နင် အလုပ်ကောင်းကောင်း မြန်မြန်ရပြီး မြဲပါစေ...



Thursday, October 23, 2008

It's me! ...on 'Vogue'

'Vogue' က အတင်းလာ ၀ယ်သွားလို့ $ 1.5 သန်း နဲ့ ရောင်းလိုက်တဲ့ ဓါတ်ပုံပေါ့
မရောင်းနိုင်ပါဘူး ဆိုတာ မရဘူး။

"မျက်လုံးဝိုင်းဝိုင်း နှာခေါင်းချွန်ချွန် နှုတ်ခမ်းပါးပါး မျက်နှာသွယ်သွယ်နဲ့ မြန်မာမလေးတစ်ယောက်ကို မျက်နှာဖုံး တင်ချင်တာကြာပြီ" ဆိုပြီး အပျော့ဆွဲဆွဲပြီး လာဝယ်နေလို့... ၃ နာရီလောက် အခြေအတင် စကားပြောပြီးမှ သနားလို့ ရောင်းလိုက်တာ...

ငြင်းလို့ကိုမရဘူး ... ဇွတ်

Sunday, October 19, 2008

Green!

အဲဒါ ထင်းရူးပင်တွေပါ (ဟုတ်တယ် မဟုတ်လားဟင် :P)
(ကျွန်မက သစ်ပင်ဆို အုန်းပင်နဲ့ ထန်းပင်တောင် အသီးကြည့်ပြီး ခွဲရတာမို့ မှားမှာစိုးလို့)

ရုံးက computer ရဲ့ desktop မှာ တင်ဖို့ Google ကနေ ပုံတွေရှာရင်း တွေ့ခဲ့တာ...
ဂျူး ရဲ့ ကျေးဇူးကြောင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာကို ကြားဖူးနားဝ ရှိထားလေတော့ အဲဒီပုံကို ရှာဖို့ Google Search Box ထဲကို ရိုက်ထည့်လိုက်တဲ့ စကားလုံးက Green တဲ့...

အဲဒီ ပုံကိုမြင်တော့ ထင်းရူးပင်ဆိုလို့ တစ်ပင်မှ မရှိတဲ့ ကျွန်မရဲ့ မြို့ကလေးကို သတိရမိတယ်
တိုက်ဆိုင်မှုရှိမှ သတိရတယ် ဆိုတာ မြန်မာပြည်ထဲမှာ ရှိနေတုန်းကတော့ မှန်ကောင်းမှန်နိုင်ပေမယ့် ခုတော့ ဘာတစ်ခုမှ မတိုက်ဆိုင်လဲ သတိရတယ်။

ငယ်ငယ်တုန်းက ခဏခဏရောက်ခဲ့တဲ့ မြို့အနောက်ဖျားက ဘုန်းကြီးကျောင်းကို အာရုံထဲမှာ ထင်ထင်ရှားရှား လွမ်းမိတယ်။ (အော် ဘယ်တုန်းကများ ဒီလို လွမ်းတတ်သွားရတာပါလဲ)

မှတ်ဉာဏ်နည်းလွန်းတော့ အဲဒီ ဘုန်းကြီးကျောင်းတိုက် နာမည်ကို ခု ဘယ်လိုမှ ဖော်လို့မရတော့ ထည့်မရေးနိုင်တော့ဘူး ... (ဦးချင်း ကျောင်းတိုက်တော့ မဟုတ်တာ သေချာတယ်)

အဲဒီ ကျောင်းတိုက်ထဲမှာ အပင်တွေ သိပ်သိပ်သည်းသည်းရှိပြီး အေးအေးမြမြ ခံစားရတတ်တာကိုတော့ မှတ်မိနေတယ်။ (အဲဒီ ခံစားမှုကို ခုတောင် မျက်စေ့မှိတ်လိုက်ရုံနဲ့ ပြန်ခံစားလို့ရနေတယ်) ပူပြင်းတဲ့ အညာမှာ အဲဒီလို သစ်ပင်တွေဟာ ဘယ်လောက် တန်ဖိုးကြီးသလဲဆိုတာ ...

အခု အဲဒီလို အပင်တွေ ရှိသေးရဲ့လား
(အလည်ပြန်တိုင်းမှာ) အသက်ကြီးလာမှ ဘုန်းကြီးကျောင်းဆိုတာလဲ သွားရကောင်းသည် မအောက်မေ့တော့တာမို့ မသိတော့ဘူး...

အပူပိုင်းဒေသမှာ မြေတလင်းပြင်တွေဟာ အောက်အရပ်လို မဟုတ်ဘဲ မာမာပြောင်ပြောင်နဲ့ အဲဒီ အပေါ်မှာ ဖိနပ်မပါဘဲ လမ်းလျှောက်ရတဲ့ အရသာကိုလည်း လက်တွေ့ ပြန်ခံစားချင်တယ်
နေပျောက်မထိုးတဲ့ သစ်ရိပ်အောက်က အေးစိမ့်စိမ့် မြေတလင်းပြင်မှာ စိတ်အေးလက်အေး ဘာအကြောင်းမှ မတွေးဘဲ...

ထားပါတော့လေ...

Nargis အပြီး ရန်ကုန်မြို့ကြီးမှာရော သစ်ပင်တွေ အခြေအနေ ဘယ်လိုရှိပါလဲ...နဂိုကမှ နည်းပါးရတဲ့ထဲ...

ဒီမှာတော့ သစ်ပင်တွေ သိပ်ပေါတာပဲ...
ဒီကို ရောက်ရောက်ချင်း Changi ကနေ Ang Mo Kio အသွား လမ်းမှာ လာကြိုတဲ့ ဖေဖေ့ ဆရာက " ရန်ကုန် နဲ့ ဒီနဲ့ ဘာကွာသလဲ " မေးတော့ " ဒီမှာ သစ်ပင်တွေ ပိုများတယ် " လို့သဘောတကျ ဖြေခဲ့တယ်

MRT နဲ့ခရီးသွားတိုင်း Red Line ပေါ်ကနေ Jurong East ဘက်ကို သွားရတဲ့ ခရီးစဉ်တွေကို ကျွန်မ ပိုပြီး နှစ်နှစ်သက်သက် ရှိတတ်တယ် ... သစ်တောတွေ အများကြီး မြင်ရလို့ပါ ... တကယ်တော့ အဲဒီဘက်က ဘူတာစဉ်တွေ တစ်ခုနဲ့ တစ်ခု ပိုဝေးပြီး ရထားကလဲ အဲဒီဘက်ရောက်လေ ပိုနှေးလေပဲ...

ဒါပေမယ့် ပတ်ဝန်းကျင်ကို ခံစားချင်တဲ့ ကျွန်မ အတွက် အဲဒီ လမ်းကြောင်းက ခရီးသွားရတာ အချိန်ကုန်လို့ ကုန်မှန်းမသိသာဘူး...
ရောက်တာ တစ်နှစ်မပြည့်သေးတော့ ရာသီဥတုကိုလည်း တပတ်လည်အောင် မကြုံရသေးပါဘူး...ဒါပေမယ့် ရန်ကုန်မှာလို ပေါင်းအိုးထဲ ထည့်ပြုတ်ခံရတဲ့ ခံစားမှုမျိုး မခံစားရဘူး..အဲဒါ သစ်ပင်တွေကြောင့် ဖြစ်လိမ့်မယ်..

ကျွန်မ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြောင်းလဲ သိပ်စိတ်မ၀င်စားလှပါဘူး... ဂေဟဗေဒ ... ပိုတောင်ဝေးသေး...
ဒါပေမယ့် သစ်ပင်တွေ သစ်တောတွေ နေရာအနှံ့မှာ ပေါပေါများများတွေ့ချင်မိပါတယ်...


"သစ်တောနဲ့ သစ်ပင်

ချစ်ခင်တဲ့ လူမျိုး


သစ်ပင်ကို နှစ်စဉ်စိုက်လို့

ရွှေတိုက်ကိုစိုး"

Love is...


အချစ် ဆိုတာ ထွန်းညှိလိုက်တာပဲ


လင်းပ လာမယ်
ပူလောင် လိမ့်မယ်
တစိမ့်စိမ့် အရည်ပျော်ပြီး
ကျွမ်းမြေ့ သွားမယ်

လေတိုက်ရုံနဲ့ ငြိမ်းလွယ်တယ်

(မှတ်ချက်။ ။ ကဗျာ မဟုတ်ပါ)

We, women are...






သူငယ်ချင်းရဲ့ email ပါပဲ မိန်းမတွေကို နှက်ထားမှန်းသိပေမယ့် Idea ကို သဘောကျလွန်းလို့ တင်ပေးလိုက်ပါတယ်...

သင်္ချာ equation တွေရော ... electronic circuit လိုလို ပုံတွေရော ... Characteristics Graph တွေရော ရောမွှေပြီး "မိန်းမ" ဆိုတာကို definition ဖွင့်သွားပုံများ ... ဘာမှ ပြောမနေနဲ့ ... အဲဒါ ယောက်ျားတစ်ယောက်ထွင်လိုက်တာ ဆိုတာ သေကို သေချာတယ်...

ဘာဖြစ်လို့ဆိုတော့ ဘယ်မိန်းမမှ ယောက်ျားတွေကို equation ထုတ်ဖို့ စိတ်မင်စားဘူး... မိန်းမချင်း...ပိုတောင် စိတ်မ၀င်စားသေး...

Wednesday, October 15, 2008

သီတင်းကျွတ် လပြည့်


မနေ့က သီတင်းကျွတ်လပြည့်နေ့

မတိုင်ခင် တရက်ကတော့ Gtalk မှာ blogger အစ်ကိုတစ်ယောက်နဲ့ တွေ့တော့ သတိပေးလိုက်မိသေးတယ်
ဒါပေမယ့် သူက သတိရပြီးသားပါ..သူ့ မန္တလေးကိုတောင် လွမ်းတယ် ပြောလိုက်သေးတယ်..

ဒါနဲ့ပဲ လပြည့်မနက်ရောက်တော့ ထုံးစံအတိုင်း အိပ်ရာထ..ရုံးသွားဖို့ ပြင်ဆင်..ညကပဲ သူများကို သတိပေးထားမိပေမယ့် မနက်ရောက်တော့ ကိုယ့်ဟာကိုယ်တောင် သတိမရမိတော့ဘူး..အိမ်က မထွက်ခင်လေးတင် သူငယ်ချင်းတစ်ယောက်ဆီက သီတင်းကျွတ် ဆုတောင်း SMS လေး စပြီးရတယ်..
အဲဒါကိုပဲ တခြား သူငယ်ချင်းတွေဆီ ထပ်ပြီး Fwd လုပ်လိုက်တယ်..

ရုံးကို မရောက်ခင်မှာပဲ ကျွန်မဆီကို နောက်ထပ် ဆင်တူ SMS သုံးခု ရောက်ပြီးသား ဖြစ်သွားပါရော..
အော်... Singapore!

အခါကြီးရက်ကြီး ဆိုပေမယ့် holiday မဟုတ်တော့ ဥပုသ် လဲမစောင့်ဖြစ်ပါဘူးရှင်

ရုံးဆင်းလို့ အိမ်ပြန်လာတော့ အိမ်ရှေ့ ITE ကျောင်း ခေါင်မိုးရဲ့ ခေါင်းတိုင်နှစ်ခုထိပ်မှာ လပြည့်လ ကိုမြင်ရတယ်

အိမ်က ညီမလေးတစ်ယောက်က အစ်မ ဒီနေ့ သီတင်းကျွတ်လေ .. အိမ်ကို ဖုန်းမဆက်ဘူးလား လို့မေးတယ်..
သူကတော့ ဖုန်းဆက်ပြီး လှမ်း ကန်တော့လေရဲ့ ..ပါးစပ်နဲ့ :)
(ကျွန်မဟာ ကလေးလောက်တောင် မသိတတ်ပါလား)

အဲဒီညက သူများ blog တွေမှာ သီတင်းကျွတ်အကြောင်း တင်ထားတဲ့ Post တွေ လိုက်ဖတ်တယ်..
ကိုယ့်ဟာကိုယ်တော့ Post တောင် မတင်ဖြစ်လိုက်ဘူး..
ညီလင်းဆက် ရဲ့ post တစ်ခုထဲက "
ပိုက်ဆံဆိုတာ အရင်းအနှီးများစွာနဲ့ ရှာယူရတယ်" ဆိုတာကိုပဲ အထပ်ထပ် သတိရနေမိတယ်..
(ကိုယ့်ဟာကိုယ် ရွေးထားတဲ့ လမ်းပဲ.. ဆက်လျှောက်
ဆက်လျှောက် )

ပြောရရင်တော့ သီတင်းကျွတ် လပြည့်ရက်ဟာ ကျွန်မ အတွက် ဘာမှ ထူးထုးခြားခြား မရှိလှဘဲ ကုန်ဆုံးသွားပါတယ်..

Friday, October 10, 2008

အချစ်ရှိတဲ့...သူ (၂)



လှိုင်းကြမ်းတဲ့ ပင်လယ်ထဲက

ရေခဲ ကျောက်ဆောင်တစ်ခုလို

အပေါ်ယံငြိမ်သက်တည်တံ့နေရပေမယ့်

အတွင်းဘက်မှာသေမလောက်လဲ တိုက်စားခံရမယ်…

*

ပစ်ကွင်းထဲက ပစ်မှတ်တစ်ခုလို

အဝေးမှာ မတ်မတ်ရပ်နေရပေမယ့်

မြောက်မြားစွာသော မီးပွင့်တွေရဲ့

ထိခတ် တိုက်ခိုက်မှုကိုလဲ ခံရမယ်…

*

ရစ်ပတ်ချည်နှောင်တတ်တဲ့

အစဉ်အလာဟောင်းတွေရဲ့ တဖက်မှာ

ကြိုးကွင်းတွေ အထပ်ထပ်ကို

ရုန်းထွက်ဖို့လဲကြိုးစားရလိမ့်မယ်…

*

ဒါပေမယ့်…တောက်လောင်နေတဲ့ မီးလျှံတစ်ခုလို

ပြင်းထန် ပြတ်သားတဲ့ ချစ်ခြင်းတရားတွေနဲ့

အရာရာကို လောင်ကျွမ်း ပျက်သုဉ်းစေပြီး

အဆုံးသတ်မှာ… သူအနိုင်ယူလိမ့်မယ်…

Thursday, October 9, 2008

အချစ်ရှိတဲ့...သူ




ပေါ့လွင့်တဲ့ ငှက်တောင်မွေးကလေးလို


လေညင်းလေး တချက် ဝှေ့လိုက်ရုံနဲ့တင်


မြင့်တက် မြောက်ကြွ သွားတော့မယ်...


*

ဆောင်းဦးရာသီရဲ့ ရော်ရွက်ဝါကလေးလို

လေပြည်လေး တချက် ထိခတ်လိုက်
ရုံနဲ့တင်

ကြွေကျ သက်ဆင်း သွားနိုင်တယ်...


*

ပြတင်းတံခါးက ဇာခန်းဆီးကလေးလို


လေအေးအေး တချက် ဖြတ်တိုက်လိုက်
ရုံနဲ့တင်

တလွင့်လွင့် လှုပ်ရှား သွားတော့မယ်...


*

အို......နောက်ဆုံးတော့ကွယ်...


သစ်ရွက်ဖျားမှာ ခိုတွဲနေတဲ့ နှင်းပေါက်ကလေးလို


နေရောင်ခြည်က ညင်သာသာ ရှိုက်နမ်းရုံနဲ့တင်


ရှက်အမ်းစွာ လွင့်ပါးပျောက်ကွယ်...
...


သူမရဲ့ ဖြစ်တည်မှုတွေ ရပ်စဲရလိမ့်မယ်...

*
(May 2000)

(ပြန်ဖတ်မိတိုင်းမှာ ရေးနေစဉ် အချိန်က ခံစားမှုတွေကို အဲဒီအချိန်ကအတိုင်း ပြန်ခံစားနိုင်တဲ့ တစ်ပုဒ်တည်းသော ကဗျာ)

Sunday, October 5, 2008

ကျွန်မ ရှာဖွေနေသော မြန်မာ ဂန္ထ၀င် သီချင်းများ

မနေ့က "That & This (Not This & That)" ပို့စ် လေးကို တင်တော့ ဒေါ်မေရှင်ရဲ့ "ရွှေအင်းဝ" သီချင်းကို တငြိမ့်ငြိမ့် နားထောင်ရင်း တင်ခဲ့တာပေါ့.. အဲဒီ သီချင်းလေးကို မကြာပီ... ရဲ့ blog က မြန်မာ ဂန္ထ၀င် သီချင်းများ ရှိတဲ့ link ကနေ ရခဲ့တာပါ... ယုန်ထောင် ကြောင်မိတယ် ပြောရမလား
ကျွန်မသွားရှာတာ "ကသစ်ပန်း" သီချင်းရှင့်... " သခွပ်ဖြူပင်မင်း ငွေအဆင်း ပွင့်ချိန်မှာ.." ဆိုတဲ့ သီချင်းလေ...

ဒါပေမယ့် "ရွှေအင်းဝ" သီချင်းကို တွေ့တော့ ၀မ်းသာအားရပဲ download လုပ်မိတယ်.. ကံကောင်းချင်တော့ ဒေါ်မေရှင်ဆိုတဲ့ version ဖြစ်နေပါတယ်.. လိုချင်သူများ အထက်က လင့်ခ် မှာ သွားရှာနိုင်ပါတယ်

"စန္ဒကိန္နရီ" ကို နားထောင်မိတော့ မေမေ့ကို သတိရမိတယ်... "သုဝဏ္ဏသာမ" တို့
"စန္ဒကိန္နရီ" တို့ ကျွန်မ ငယ်ငယ်တုန်းက မေမေ ဆိုလေ့ရှိတတ်တာ အမှတ်ရမိတယ်... (မေမေ့ဆီတောင် ဖုန်းမဆက်ဖြစ်တာ ၄ ပတ်လောက်ရှိပြီ .. မဟုတ်တာတွေနဲ့သာ အချိန်ကုန်နေတယ်...ဒီညတော့ ဆက်ဖြစ်အောင်ဆက်ရမယ်)

အင်း .. ပေါက်ကရတွေးတတ်တဲ့ ဦးနှောက်က တကယ့် Classic သီချင်းကို နားထောင်ရင်းတောင်
" ချစ်လင်ကလွဲ ဖွဲ ဆန်ကွဲ ထင်တာ.." ဆိုတဲ့ အပိုဒ်ရောက်တော့ ဒါဆို ချစ်လင်ကလွဲ အကုန် တန်ဖိုးကြီးနေမှာပေါ့ လို့ တွေးမိသေးတယ်... :P
(ဒါပေမယ့်လည်း အေးပေါ့လေ ကိုယ့်လူကိုယ်တော့ ပုသိမ်ပေါ်ဆန်းမွှေး ချည်းပဲ ထင်ကြမှာပါ)

၁၀ တန်းအောင်ပြီးတဲ့ အချိန်မှာ ကျွန်မ မြန်မာသံတွေကို တော်တော် အာရုံဝင်စားလာခဲ့ပါတယ်... ဒီ့အရင်ကတော့ ထူးအိမ်သင် ၊ လေးဖြူ ၊ ဇော်ဝင်းထွဋ်...စတာတွေပါပဲ... အသက် ၁၈နှစ်နောက်ပိုင်းမှာကျတော့ ကျွန်မ စိတ်ဝင်စားမှုတွေက ပြောင်းလဲသွားတာ မဟုတ်ဘဲ ဖြန့်ကျက်လာတယ် လို့ပြောရမယ် ထင်ပါရဲ့... :)

ခုလဲ ကျွန်မ "ပါရမီတော်" သီချင်းနဲ့ "သခွပ်ပန်း" သီချင်းကို တော်တော် လိုချင်မိတယ်... ကျောင်းပြီးကာစက အဲဒီ သီချင်းနှစ်ပုဒ်ကို TV မှာလာတုန်း Video Tape နဲ့ ဖမ်းကူးထားလိုက်တာရှိတယ်...နောက် အလုပ်ရပြီး မေ့မေ့ ပျောက်ပျောက်နဲ့ ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး ... ခုတလော အဲဒီ သီချင်းတွေကို တော်တော် ပြန်နားထောင်ချင်လာမှ ဘယ်မှာ ရှာရမှန်း မသိတော့ဘူး... အင်တာနက်က မကျွမ်း... အချိန်ကမရှိနဲ့...

ဒေါ်မေရှင်ရဲ့ ရွှေအင်းဝ သီချင်းလေးလဲ စိတ်ဝင်စားကြရင် နားထောင်ကြည့်ကြပါလို့ တိုက်တွန်းပါရစေ...
ခြေဆင်း အပြီးမှာ စလာတဲ့ "...ဧရာဝတီ စမုံ ဒုဋ္ဌ၀တီ ဇော်ဂျီ ပန်းလောင်... " ဆိုတဲ့ စာသားလေး စကြားလိုက်ရပြီ ဆိုရင်ပဲ ရင်ထဲမှာ တငြိမ့်ငြိမ့်နဲ့ နှစ်သက် ပီတိဖြစ်မိတော့တာပါပဲရှင်...
ဒီသီချင်းမှာတော့ နှစ်ခွထွက်တဲ့ အဓိပ္ပါယ်နဲ့ ပေါက်ကရ လျှောက်တွေးစရာ မတွေ့မိဘူး..

အဲ...

"မြန်မာမင်းတို့ ဘုန်းပန်းပွင့်လို့ အဆင့်ဆင့်လာခဲ့ပြီ..
တန်ခိုးလဲအဖြာဖြာ မညှိုးတဲ့ သာသနာ တိုးတက်ပြောင်လင်းကြည်...
အလွန်ပင်စည်ကားသည်...
ဟိုစဉ်အခါကအတည်...နောင်လာနောင်သား မှတ်ဖို့စာစီ" ဆိုတာလေးကတော့ ရှယ်ပဲ။

ဂီတ ဆိုတာ အဲလိုမှ... သံစဉ် နိမ့်မြင့် တက်ကျ... စာသား ထိထိမိမိ.. ရင်ထဲကို တိုက်ရိုက် hit ဖြစ်တယ်

မြန်မာပြည်ကို သတိရလိုက်တာ..

Saturday, October 4, 2008

That & This (Not This & That)

မနေ့ကတော့ ရုံးအပြန် ဈေးဝင်ဖြစ်တယ်
အရင်တရက်တုန်းကလဲ ၀င်တာပါပဲ
နှစ်ရက်ဆက်တိုက်ပေါ့.. ၀ယ်ရမှာတွေက heavy တွေ ဖြစ်နေတာနဲ့ နှစ်ရက်ခွဲပြီး ၀ယ်ရတာ

Sunkist သီး (ကျွန်မတို့ အညာမှာတော့ ကမ္ဗလာသီး ခေါ်တယ်) အထုပ်တွေကို အပြန်ပြန် အလှန်လှန် ကြည့်နေမိတော့ သူငယ်ချင်းက "နင် ဘာကို ကြည့်နေတာလဲ" တဲ့..
သူမေးမှပဲ သတိထားမိတော့တယ်.. ကိုယ့်ဟာကိုယ် ဘာကို ကြည့်မိမှန်းကို မသိဘူး.. ဒါနဲ့ "ဘာရယ်မဟုတ်ဘူး လူရှိန်အောင်လို့ ကြည့်နေတာ " လို့ တိုးတိုးပြောပြတော့ ဆဲပါလေရော..
(ဟားဟားဟား ... ဈေးဝယ် ကျွမ်းကျင် အဆင့် ၁ ဆိုတဲ့ အထာမျိုးနဲ့လေ... လောကမှာ ဟန် က အရေးအကြီးဆုံးပဲ... မဟုတ်ဘူးလား)

နောက် ဆွမ်းတော်တင်ဖို့ ပန်းသီးကို မမေ့မလျော့ ၀ယ်ရတယ်.. ဆွမ်းတော်တောင် မတင်ဖြစ်တာ ကြာပါပကော...မနက်ပြန် ညပြန် ရေချမ်းသာ ကပ်ဖြစ်နေတော့တယ် (ဒါတောင် မေမေက ဖုန်းပြောတိုင်း လှမ်းလှမ်း သတိပေးလို့)
အဲဒါနဲ့တင် ဈေးခြင်းက တော်တော်လေးသွားပြီ...ပြီးတော့ Sunkist Juice တစ်ဗူးက 2 lit ဆိုတော့... စဉ်းစားသာ ကြည့်ကြပါတော့ရှင်.. နွားနို့တွေကလည်း ခုတလော ခပ်လှုပ်လှုပ်...မ၀ယ်သေးဘူး မ၀ယ်သေးဘူး...

ဟိုဟို ဒီဒီ လျှောက်ကြည့်ရင်း ဆားဝယ်ရဦးမှာ သတိရတာနဲ့ ဆားတို့ အချိုမှုန့်တို့ဘက်ကို ခြင်းလေးလေးကြီး ဆွဲပြီး လာခဲ့ရတယ်...ဆား ကတော့ တော်တော် ဈေးပေါသား... 250 gm တစ်ထုပ်မှ cent 0.20 ပဲ...
အမယ်လေး ဒါတောင် အစားစားရှိသေးတာ... ကျွန်မကတော့ ဈေးအပေါဆုံးပဲ ၀ယ်တယ်..
ဆား ဆိုတာ ငံဖို့ အဓိကပဲ။
အဲဒီမှာ ထူးထူးဆန်းဆန်း super salt ဆိုတာ တွေ့ခဲ့သေးတယ်... ဈေးလဲ ပိုတယ်...Super salt ဆိုတော့ ပိုပြီးများ ငံသလားမသိ...နောက်မှ စမ်းကြည့် စမ်းမယ်...

ဟင်းချက်စရာတော့ မ၀ယ်ခဲ့တော့ဘူး...ဟို အရင်တပတ်ကတည်းက ၀ယ်ထားတဲ့ဟာတွေကိုပဲ ခုထိ မချက်ဖြစ်သေးဘူး :(
1st Oct (holiday) တုန်းကလဲ ဆံပင်ညှပ်ဆိုင်မှာနဲ့ အပြင်မှာ အချိန်ကုန်ပြီး ည ၁၁ နာရီထိုးခါနီးမှ အိမ်ပြန်ရောက်တော့ ဘယ်ချိန်သွားချက်မလဲရှင်

ကြားရက်ကတော့ ချက်ဖို့ ဆိုတာ စဉ်းကိုမစားနဲ့ပဲ... online မှာတောင် ကောင်းကောင်း မချက်နိုင်ဘူး..
ဒီတပတ်ကတော့ Bread Talk နဲ့ Myojo ခေါက်ဆွဲ ကုမ္ပဏီကို ကျေးဇူးပြုပြီး နေခဲ့တဲ့ သီတင်းပတ်ပေါ့.. :)

ဒီဝဋ်ကလဲ ဘယ်တော့မှ လွတ်ပါ့မယ် မသိ..